အပိုင်း ၁၉၂
Viewers 37k

Chapter 192
အချပ်ပို-၃။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၃] 

____


တောက်ဓမ္မကိုယ်တော်ချန်က ရွှမ်ချင်း၏လုပ်ဆောင်ချက်အား မြင်လိုက်လျှင် ထိတ်လန့်သွားရကာ သူ့မျက်နှာထက် တုန်လှုပ်နေသည့်အကြည့်နှင်အတူ လှည့်ပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ:''ခင်ဗျား..ဘာလုပ်တော့မလို့လဲ" 

ရွှမ်ချင်းက ဓါးကိုင်ထားရင်း အပြုံးလေးနှင့်ပြန်ဖြေလာ၏။

"ကိုယ်တော်က အကြီးဆုံးမင်းသားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိလို့ သူ့အကြောင်းကောင်းကောင်းသိတယ်..ဘာပဲနေနေ ဒီအခန်းထဲမှာ မိစ္ဆာအရိပ်အရောင်ရှိနေတာ..တကယ်ကို ထူးဆန်းလှတယ်" 

တောက်ဓမ္မကိုယ်တော်ချန်က ဒေါသထွက်လာရကာ:''အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ..ကျုပ်က ဘယ်လိုလုပ် မိစ္ဆာတစ်ကောင်ဖြစ်နိုင်ရမှာလဲ"

ထိုသို့ပြောလိုက်သော်ငြား သူ့စကားလုံးများက လုံးဝခိုင်မာချက်ရှိမနေဘဲ ခြေလှမ်းအနည်းငယ်ပင် ပိုဆုတ်သွားလေ၏။ယခုတွင်မူ သူ့ဘေးတွင် အကြီးဆုံးမင်းသားက မြေပြင်ပေါ်၌ တိတ်ဆိတ်စွာဒူးထောက်နေသည်။အကြီးဆုံးမင်းသား၏ပုံစံက မြေပြင်တွင်ဒူးထောက်နေရ၍ အလွန်လေးစားဖွယ်ကောင်းသော်ငြား တောက်ဓမ္မကိုယ်တော်က သူ့ဘေးသို့ဆုတ်လာသည်နှင့် သူက ရုတ်တရက်ထရပ်လိုက်ချေ၏။ရွှမ်ချင်းကဲ့သို့ပင် သူလည်း ဓါးထုတ်လာပြီး တောက်ဓမ္မကိုယ်တော်၏လည်ပင်းအား ခုတ်လိုက်ချေသည်။ 

တောက်ဓမ္မကိုယ်တော်၏စိတ်အာရုံက ရွှမ်ချင်းအပေါ်တွင်ရှိနေ၍ သူက အကြီးဆုံးမင်းသားလှုပ်ရှားလာသည်အား မမျှော်လင့်ထားချေ။အဆုံးတွင်ဖြင့် သူက လျစ်လျူရှူထားမိ၍ အဖြတ်ခံလိုက်ရချေပြီ။အကြီးဆုံးမင်းသားလက်ထဲက ချွန်ထက်လှသောဓားသွားက သူ့ခေါင်းအားအလွယ်လေးဖြတ်လိုက်နိုင်ကာ အခန်းတစ်ခုလုံး သွေးနီနီများပက်ဖြန်းသွားလေ၏။အခန်းထဲရှိလူတိုင်းက ဤမြင်ကွင်းကြောင့် သတိလစ်မတတ်ဖြစ်သွားသော်လည်း သူတို့တုန့်ပြန်မလိုက်မီ ပိုပြီးကြောက်မက်ဖွယ်ကောင်းသည့်အရာအား တွေ့လိုက်ကြရသည်..တောက်ဓမ္မကိုယ်တော် မြေပြင်ပေါ်သို့ လဲကျသွားသည့်တစ်ခဏ သူ့ခန္ဓာကိုယ်မှ အမည်းရောင်မီးခိုးထူထူများထွက်လာပြီးပျယ်သွားချိန်၌ တောက်ဓမ္မကိုယ်တော်ချန်၏ခန္ဓာကိုယ်က အမှန်ပင် မိစ္ဆာတစ်ကောင်ပုံစံပြောင်းသွားလေသည်။ 

“ကျင့်လွင်..."

ဧကရာဇ်က ပိုင်ကျင့်လွင်၏လုပ်ဆောင်မှုကြောင့် ဒေါသတကြီးလှုပ်ခါနေသော်ငြား တောက်ဓမ္မကိုယ်တော်၏အလောင်းအား မြင်သွားသော် တိတ်ဆိတ်သွားလေ၏။ 

ခန္ဓာကိုယ်နှင့်လက်များတွင် သွေးများစွန်းနေသည့် ပိုင်ကျင့်လွင်က တည်ငြိမ်နေပုံရသည်။သူက လက်ထဲရှိဓါးအား ဘေးသို့လွှင့်ပစ်လိုက်ရင်း ဧကရာဇ်ထံဒူးထောက်လိုက်ကာ:"ခမည်းတော်...သားတော်ကိုခွင့်လွှတ်တော်မူပါ"  

ဧကရာဇ်က မြေပြင်ပေါ်ရှိအလောင်းအား အချိန်အတော်ကြာလေ့လာသုံးသပ်နေပြီးမှ စိတ်မကောင်းဖြစ်စွာပြောလာ၏။

"သူက မိစ္ဆာတစ်ကောင်မှန်း မင်းဘယ်လိုသိနေခဲ့တာလဲ"  

“သားတော် မသိကြောင်းပါ"

ပိုင်ကျင့်လွင်က ပြန်လျှောက်တင်လိုက်သည်။

"ဆရာတော်ရွှမ်ချင်းရဲ့စကားတွေကို နားထောင်ပြီးတော့မှ သားတော်တစ်ခုခုခန့်မှန်းမိပြီး အဆုံးသတ်လိုက်ရတာပါ" 

ဧကရာဇ်က ရေရွတ်လိုက်သည်။ "အို..." 

ပိုင်ကျင့်လွင်က ဆက်ပြောလာ၏။

"သားတော်ချစ်ရသူက မိစ္ဆာတစ်ကောင်မဟုတ်မှန်းသိပါတယ်..ဒါပေမယ့် ဆရာတော်ရွှမ်ချင်းက မိစ္ဆာနံ့ရတယ်လို့ပြောတော့ မိစ္ဆာတစ်ကောင်ကောင်ရှိရမယ်လို့လေ...အဲဒါက အလိမ်ကြီးလိမ်ခဲ့တဲ့ တောက်ဓမ္မကိုယ်တော်ဖြစ်နေတာပဲ"

သူ၏ပါးထက် သွေးရောင်စွန်းနေဆဲဖြစ်ကာ မျက်နှာထက်တွင်လည်း မည်သည့်ခံစားချက်မျှရှိမနေချေ။သူက ပုံမှန်နှင့်ယှဥ်သော် ကြီးကြီးမားမားထူးခြားသွားသည့်ဟန်။

"ဒီတောက်ဓမ္မကိုယ်တော်က အရှင်မင်းကြီးကို လှည့်စားရဲတယ်..သေချာပေါက် သေသင့်တဲ့အပြစ်ဒဏ်ပဲ...သားတော်က ခမည်းတော်အတွက် ဒီမိစ္ဆာကိုရှင်းပစ်ဖို့ သတ္တိမွေးလိုက်တာပါ" 

ဧကရာဇ်က သူ့သားတော်အား တစ်ခဏမျှကြည့်လိုက်ပြီးနောက် သူ၏ချစ်ခြင်းမေတ္တာက ထူးဆန်းသည်ဟုခံစားရသော်လည်း သူက ဤပိုင်ကျင့်လွင်မျိုးကို မမုန်းတီးမိ၍ အပြုံးလေးနှင့်ဆိုလာ၏။

"ဒါပေမယ့် မင်းချစ်သူက ယုန်အဖြစ်ပြောင်းသွားပြီလေ" 

“လောကမှာ လူကိုတစ်ခြားအရာအဖြစ်ပြောင်းလိုက်ဖို့ နည်းလမ်းတွေရှိပါတယ်"

ပိုင်ကျင့်လွင်က ပြန်လည်ဖြေကြားလိုက်သည်။

"သားတော်က ဒီအကြောင်းတွေကိုသိပ်မသိပေမယ့် အခုဆရာတော်ရွှမ်ချင်းက ရောက်နေပြီဆိုတော့ ဖြေရှင်းဖို့နည်းလမ်းတစ်ခုမဟုတ်တစ်ခုတော့ရှိလာမှာပါ" 

ဧကရာဇ်က ရွှမ်ချင်းအားကြည့်လာသဖြင့် ပြုံးပြီးခေါင်းညိမ့်ပြလိုက်သည်။

"သူမက အဆောင်ကြောင့်ယုန်အဖြစ်ပြောင်းသွားရလို့ ဘာမှလုပ်စရာမလိုပါဘူး...ရက်အနည်းငယ်အတွင်းပြန်ကောင်းလာပါလိမ့်မယ်" 

ဧကရာဇ်က ခေါင်းတစ်ချက်ငြိမ့်ပြကာ ရွှမ်ချင်းရှင်းပြလာသည်အား လက်ခံလိုက်လေသည်။ 

ရုတ်တရက်သေသွားသည့် တောက်ဓမ္မကိုယ်တော်၏အလောင်းသည်ကား အခန်းထဲတွင်ရှိဆဲဖြစ်၏။ဧကရာဇ်က အစောင့်များအား အထဲသို့ခေါ်လိုက်ကာ အလောင်းအား သယ်ထုတ်သွားရန် မိန့်လိုက်သည်။သူက ပြုံးလိုက်ပြီနောက် စားသောက်ပွဲကြီးပြင်ထားနှင့်၍ ရွှမ်ချင်းအား လာပေးရန်ဖိတ်ခေါ်လိုက်သည်က နှိုင်းယှဥ်မရစွာ ရက်စက်လှသည့်သူ့သဘောထားက လူတွေအားထင်ယောင်ထင်မှားဖြစ်နေသည့်နှယ်။

ပိုင်ထျန်းရွေ့ကလည်း စားသောက်ပွဲဆီသို့ လိုက်ပါလာသော်ငြား သွေးများနှင့်ပိုင်ကျင့်လွင်က သနားစဖွယ်သူ၏ယုန်ငယ်လေးအားကိုင်ထားရင်း သူ၏အဆောင်ဆီသို့ ပြန်ပြီးအနားယူရန်ထွက်သွားတော့သည်။ 

သေရည်နှင့်စားသောက်ဖွယ်ရာများသုံးဆောင်ပြီးနောက် ရွှမ်ချင်းက နှုတ်ဆက်ရန်ထလိုက်ကာ နန်းတော်မှထွက်ခွာရန် ပိုင်ထျန်းရွေ့နှင့်ရထားလုံးတစ်ခုတည်းထဲသို့ ဝင်သွားလေ၏။ 

ရထားလုံးက နန်းတော်ပြင်သို့ မောင်းနှင်လာပြီးသည်တွင် မျက်လုံးများမှိတ်ထားပြီးရထားလုံးထဲတွင် အနားယူရန်လှဲနေသည့် ပိုင်ထျန်းရွေ့က ရုတ်တရက်ပြန်ဖွင့်လာပြီး"သူတို့ပြောကြတာက ဘုန်းကြီးတွေက မလှည့်စားဘူးတဲ့...ရွှမ်ချင်း ကျုပ်ကတော့ .ခင်ဗျားကလည်း တကယ်တမ်းတည်ငြိမ်ရိုးသားတဲ့ဘုန်းကြီးတစ်ယောက်မဟုတ်ဘူးလို့ ထင်တယ်" 

ဖြူဖြူစင်စင်မျက်နှာလေးနှင့် ရွှမ်ချင်းက မေးလိုက်သည်။

"အရှင်မင်းသားက ဘာလို့ အဲ့ဒီလိုပြောရတာပါလဲ" 

ပိုင်ထျန်းရွေ့က မေးလိုက်သည်။

"ကျုပ်အစ်ကိုကြိုက်တဲ့မိန်းကလေး သူမက တကယ်ကြီး မိစ္ဆာတစ်ကောင်မဟုတ်ဘူးလား" 

ရွှမ်ချင်းက ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် အစကအဆုံးထိ ကိုယ်တော်က သူမက မိစ္ဆာတစ်ကောင်မဟုတ်ဘူးလို့ မပြောခဲ့ဘူးလေ" 

ပိုင်ထျန်းရွေ့၏ အပြုံးမှာတောင့်ခဲသွားရသည်။သူက ရွှမ်ချင်းနန်းတော်ထဲသို့ဝင်ပြီးနောက်ပြောခဲ့ဖူးသည်အား သေချာစဥ်းစားကြည့်ပြီးမှ သူ့ရှေ့က ဘုန်းကြီး၏စကားလုံးများက အစမှအဆုံးထိ ရှင်းရှင်းလင်းလင်းဖြစ်နေမှန်း ချက်ချင်းနားလည်သွားလေ၏။သူက မိစ္ဆာအရိပ်အရောင်ရှိနေသည်ဟု ပြောခဲ့သော်လည်း မည်သူ့ဆီမှလာမှန်း မပြောခဲ့ချေ။ 

ပိုင်ထျန်းရွေ့မှာ ပြောစရာစကားမရှိဖြစ်သွားရသည်။ 

ရွှမ်ချင်းတွင် နူးညံ့သိမ်မွေ့သည့်ကိုယ်ဟန်လေးရှိနေဆဲဖြစ်ကာ ယခုလေးတင် ဓါးဆွဲထုတ်လိုက်သည့်အရင်ဆုံးလူက သူမဟုတ်သလိုပင်။ပိုင်ထျန်းရွေ့က သူ၏" ကရုဏာတရားကြီးမားသော်ငြား အမှန်ပင် နှလုံးသားမဲ့သည့်"ပုံစံအား မကြိုက်ဆုံးပင်။သူ၏မျက်လုံးများက အနည်းငယ် မှောင်မိုက်သွားကာ နှုတ်ခမ်းကိုတင်းတင်းစိထားရင်း တိတ်ဆိတ်နေမိ၏။ 

ရွှမ်ချင်းက ပိုင်ထျန်းရွေ့သက်သက်သာသာမရှိဖြစ်နေသည်အား လုံးဝနားလည်ပုံမပေါ်ချေ။သူက မျက်လုံးစုံချကာ သိမ်မွေ့သည့်မျက်ခုံးများနှင့်လက်အုပ်ချီလိုက်သည်

ရထားလုံးက ရပ်တန့်သွားပြီး ရွှမ်ချင်းက လှည့်ပြီးဆင်းတော့မည်ပြင်လိုက်ရာ သူ့နောက်မှနေ ပိုင်ထျန်းရွေ့က သူ့အားဖက်လာ၏။ရွှမ်ချင်းက အံ့သြတကြီးဖြင့်ကြည့်၍ မေးလိုက်မိသည်။

"အရှင်မင်းသား" 

ပိုင်ထျန်းရွေ့က သူယခုလေးတင် ဆုပ်ကိုင်လိုက်မိသည့် ရွှမ်ချင်း၏ခါးလေးအား စိုက်ကြည့်လိုက်ကာ ရုတ်တရက် ကိုယ်တွင်းမီးတို့လောင်ကျွမ်းလာသလို ခံစားလိုက်ရသည်။သူက အမြန်ပင် လက်အားလွှတ်လိုက်ကာ ပြောလိုက်လေ၏။

"ဘာမှမဟုတ်ဘူး"  

ရွှမ်ချင်းက ပဟေဠိဖြစ်သွားပုံပေါ်သည်။ 

နှစ်ဦးသား ရထားလုံးမှဆင်းလာကြပြီး အိမ်တော်ထဲသို့ ဝင်သွားလေ၏။ 

ပိုင်ကျင့်လွင်က အိမ်တော်ထဲတွင် စောင့်နှင့်နေပြီးဖြစ်သည်။သူက သွေးစွန်းအဝတ်အစားများအား လဲထားပြီးဖြစ်ကာ တုန်လှုပ်နေသည့်ယုန်ဝိဥာဥ်လေးအား ပိုက်ထားရင်း စာကြည့်ဆောင်ထဲတွင် ထိုင်နေ၏။ 

ပိုင်ကျင့်လွင်လက်ထဲရှိ ယုန်ဝိဥာဥ်လေးက သနားစဖွယ်ပုံစံလေးနှင့် ကြောက်နေရှာသည်။သူမအား ကြည့်လိုက်သည့်လူတိုင်း စိတ်ပျော့သွားမည်ပင်။  

ရွှမ်ချင်းက ရယ်မောလိုက်ကာ"ကြောက်နေတာလား" 

“ဟုတ်တယ်..သူမ အတော်လေး ကြောက်နေတာ"ပိုင်ကျင့်လွင်က အေးစက်စက်ပြန်ဖြေလာ၏။ 

“အစ်ကိုတော်"

ပိုင်ထျန်းရွေ့က ပြုံးလိုက်ပြီး သူ့ဘေးသို့အတူသွားထိုင်လိုက်ကာ"အစ်ကိုတော်ကတော့ လေကိုဆွဲဆောင်နေတဲ့ သစ်ပင်ကြီးတစ်ပင်ပဲ[1]ကျွန်တော်တို့အားလုံးက အစ်ကိုတော် အဲ့ဒီနေရာမှာမရှိချင်မှန်းသိပေမယ့် တခြားလူတွေကတော့ သေချာပေါက်သိမှာမဟုတ်ဘူး" 

မည်သူကများ အခြားသူများ၏အထက်တွင်ရှိလာမည့်သူ မဖြစ်ချင်ရမည်နည်း။ထိုသို့ဖျားယောင်းသွေးဆောင်မှုကြီးကြီးအား ရင်ဆိုင်ရပြီးနောက် လူဘယ်လောက်များများက အရှုံးပေးလက်လျှော့လိုက်နိုင်မည်နည်း။

ထို့ကြောင့် လူအနည်းစုကသာ ဂုဏ်ရှိန်မြင့်မားပြီး အကြီးဆုံးသားတော်လည်းဖြစ်ကာ ပုလ္လင်အား စိတ်မဝင်စားသည့် ပိုင်ကျင့်လွင်အား ယုံကြည်ကြပေလိမ့်မည်။ 

ပိုင်ကျင့်လွင်က သက်ပြင်းချအသာရင်းဆိုလိုက်မိသည်။

"မင်းမှန်တယ်" 

ပိုင်ထျန်းရွေ့က ဆက်ပြောလာသည်။

"ကြည့်လေ..အစ်ကိုတော်သာမတိုက်ခိုက်လိုက်ရင် သူမ စွပ်စွဲခံရတော့မှာ.. သာမန်လူတွေကတောင် သူမကို မိစ္ဆာတစ်ကောင်လို့ ခေါ်လို့ရတယ်"  

ပိုင်ကျင့်လွင်၏မျက်နှာက တဖြေးဖြေးအေးစက်လာ၏။ 

“အဲ့ဒါအပြင် ခမည်းတော်က တောက်ဓမ္မကိုယ်တော်မှာ ပြဿနာရှိတာကို မမြင်ခဲ့ဘူးလို့တကယ်ကြီးထင်နေတာလား"

သူ့အစ်ကိုရင်းအရှေ့တွင်မူ ပိုင်ထျန်းရွေ့ကား ကန့်သတ်ချက်များကင်းမဲ့သည့်အတိုင်းသွားလေကာ ယခုအကြိမ်တွင်လည်း အတူတူပင်။သူက ပိုင်ကျင့်လွင်နှင့်မတူချေ။သူက ဆယ်ကျော်သက်တစ်ယောက်ဖြစ်နစေကာမူ ဓါးရေးတွင် အလွန်ထူးချွန်ပေ၏။သူက သိုင်းလောကရှိသာမန်ကိစ္စများကြောင့် အနှောင့်ယှက်မခံဘဲ မည်သူမျှလည်း သူ့အားဆန့်ကျင်ပြီးမကြံစည်ရဲချေ။

"ကျွန်တော်ထင်တာ ခမည်းတော်က ဒီအခွင့်ရေးကိုသုံးပြီး အစ်ကိုတော်ကိုအလှဲထိုးလိုက်ချင်ရုံပဲလို့ထင်တယ်...ငြိမ်းချမ်းရေးအတွက် သစ်ပင်တွေက ကြာရှည်ပေမယ့် လေကတော့ ဘယ်တော့မှရပ်သွားမှာမဟုတ်ဘူး[2]"

ပိုင်ကျင့်လွင်က စကားစဖြတ်လိုက်လေ၏။

"ငါသိတယ်" 

သူ၏မျက်နှာက ပိုပြီးပိုပြီးမည်းမှောင်လာသော်ငြား လက်ထဲရှိ ယုန်ဖြူဝိဥာဥ်လေးအား ငုံ့ကြည့်လိုက်သော် သူ့မျက်နှာက ပို၍နူးညံ့လာသည်က သူ့အရှေ့ရှိ ချစ်စရာယုန်လေးက သူ့ရင်ထဲက အကြင်နာတရားတို့အား နှိုးထပေးလိုက်နိုင်လိုက်သလိုပင်။  

ယုန်လေးက အမှန်ပင် ချစ်စရာကောင်းလှသော်ငြား သားကောင်ဖြစ်ရန် မွေးဖွားလာခဲ့သည်။စိုးရိမ်လာရင်တောင်မှ အများဆုံးအနေနှင့် တစ်ချက်သာကိုက်လာပေလိမ့်မည်။ 

ပိုင်ကျင့်လွင်က အသက်ပြင်းပြင်းရှူလိုက်ကာ"ဆရာတော်ရွှမ်ချင်း အလုပ်များစေရပြီ..သွားပြီးတော့ကောင်းကောင်းအနားယူလိုက်ပါလား...မနက်ဖြန်ကျမှ အလုပ်ဆက်ကြတာပေါ့" 

“ကောင်းပါပြီ"

ပိုင်ကျင့်လွင် စိတ်ကောင်းဝင်မနေမှန်းမြင်ပြီးနောက် ရွှမ်ချင်းလည်း သူ့အားတွန်းအားမပေးတော့ချေ။သူက သူ၏ကိုယ်ပိုင်အနားယူခန်းဆီသို့ လက်အောက်ငယ်သားလေးများနောက်လိုက်ရန် လှည့်လိုက်ပြီး ပိုင်ကျင့်လွင်နှင့်ပိုင်ထျန်းရွေ့တို့ ညီအစ်ကိုနှစ်ယောက်အား ချန်ထားခဲ့လေ၏။  

အဆုံးတွင်ဖြင့် သူတို့က သွေးသားတော်စပ်သည့် ညီအစ်ကိုများဖြစ်နေ၍ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ရုံဖြင့် တစ်ယောက်စိတ်ထဲရှိသည်အား ပြောနိုင်ပေသည်။

ပိုင်ကျင့်လွင်က ဆိုလာသည်။

"ထျန်းရွေ့...တအားကြီး မနက်ရှိုင်းသွားစေနဲ့" 

ပိုင်ထျန်းရွေ့က တစ်ခစ်ခစ်ရယ်မောလိုက်ကာ"အစ်ကိုတော်..အဲ့ဒါဘာကိုဆိုလိုတာလဲ" 

ပိုင်ကျင့်လွင်က သူ့အား နက်နက်နဲနဲကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"မင်းက ဘာကိုဆိုလိုချင်မှန်း မသိဘူးလား" 

ထိုအခါမှသာ ပိုင်ထျန်းရွေ့က အရယ်ရပ်သွားလေ၏။ 

“ဆရာတော်ရွှမ်ချင်းက မရိုးရှင်းဘူး"

ပိုင်ကျင့်လွင်က ဖြေးဖြေးချင်းဆက်ပြောသည်။

"သူဘယ်ကလာမှန်းမသိပေမယ့် မင်းနဲ့သူက မတူဘူး" 

ပိုင်ထျန်းရွေ့က အံတင်းတင်းကြိတ်ကာ:"ကျွန်တော်သိတယ်"

သူက သူနှင့်ရွှမ်ချင်းတွင် တူညီမှုမရှိမှန်းသိပါသည်။ဤဘုန်းကြီးက သိမ်မွေ့ပုံပေါ်သော်လည်း တကယ်တမ်းတွင်ဖြင့် သူ့မျက်လုံးများက မည်သူ့ကိုမှ ဆုပ်ကိုင်မထားနိုင်ချေ။သူက ဗုဒ္ဓဘုရားရှင်လောက် ကရုဏာတရားကြီးမားသော်လည်း သူက ဘဝအထိုထိုအား မြက်ပင်အနေနှင့်သာ ရှုမြင်ပေသည်။သူက ဘယ်လောက်စွမ်းအားကြီးပါစေ ပိုင်ထျန်းရွေ့သည်ကား ရွှမ်ချင်းမျက်လုံးထဲတွင် မြစ်ထဲရှိငါးတစ်ကောင်နှင့် အတူတူပင်။  

ပိုင်ကျင့်လွင်က သူ့ညီလေးအား တစ်ခုခုထပ်ပြောချင်ပါသော်လည်း ပိုင်ထျန်းရွေ့က ထပ်ပြီးနားမထောင်ချင်တော့ပေ။သူက ထရပ်ကာထွက်သွားချိန်တွင် သူ့ပုံရိပ်လေးက အနည်းငယ်အထီးကျန်နေသည့်ပုံစံလေးအား ပြနေ၏။ပိုင်ကျင့်လွင်လည်း သက်ပြင်းဖွဖွချကာ သူ့လက်ထဲရှိ သိပ်ကောင်းသေးပုံမရသည့် ယုန်လေးအား ကြည့်ကာ သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချမိလေ၏။ 

ညသန်းခေါင်အရောက်တွင် နောက်ထပ်မိုးတဖြောက်ဖြောက်ရွာချေသည်။

ရွှမ်ချင်းက ပြတင်းပေါက်အပြင်ဘက်ရှိ လေတိုးသံနှင့်အတူ ရောထွေးနေသည့် မိုးကျသံလေးအား နားထောင်နေရင်း အိပ်ရာပေါ်တွင် ထိုင်နေ၏...ယင်းက ချွန်ထက်သည့် လက်နက်တစ်ခုထိုးဖောက်နေသညိ့ အသံပင်။ရွှမ်ချင်းက ခေါင်းစောင်းရင်း တစ်ဝက်ဟနေသည့် ပြတင်းပေါက်ကြားလေးထဲကြည့်မိရာ သူက မိုးရေထဲတွင် လူငယ်လေးတစ်ယောက် ဓါးရေးကျင့်နေသည်အား မြင်လိုက်ရသည်။ဆယ်ကျော်သက်လေးက ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်အရွယ်လောက်ပင် ရှိသေးပြီး သူ့ခန္ဓာကိုယ်က ကောင်းစွာမဖွံ့ဖြိုးသေးသော်လည်း မဝေးတော့မည့်အနာဂတ်တွင် ရှိလာမည့် ထက်မြမှုအား တွေ့မြင်နိုင်ပေ၏။သူ့လက်ထဲရှိဓါးရှည်မှ ချီဓါးက ထိုးဖောက်သွားကာ အမှောင်ယံညအလယ် ထင်းလင်းနေ၏။မိုးရေစက်များက ဆယ်ကျော်သက်လေး၏ဆံပင်များနှင့်နှာဖူးအား စိုစွတ်သွား၍ သူ၏မျက်နှာချွန်ချွန်လေးအား အတော်လေး နူးညံ့သွားစေသည်။ရွှမ်ချင်းက တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်အား ရုတ်သိမ်းလိုက်သည်။နွေဦးညတာက ရှည်လွန်း၍ ဘယ်အချိန်မိုးတိတ်သွားမည်အား သူမသိရုံပင်။ 

နောက်တစ်နေ့မနက်၌ ရွှမ်ချင်းမှာ ပိုင်ကျင့်လွင်ကြောင့် စောစောစီးစီးထလိုက်ရသည်။ 

တည်ငြိမ်ပြီးအလျင်မလိုလှသည့် အကြီးဆုံးမင်းသားက ယခုအချိန်တွင် ယခင်က မပြခဲ့ဘူးသည့် တုန်လှုပ်မှုအား ပြနေသည။သူက ရွှမ်ချင်း၏အခန်းသို့ အမြန်ပြေးလာရင်း သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အမောတကောပြောလာ၏။

"ဆရာတော်ရွှမ်ချင်း...ဆရာတော်ရွှမ်ချင်း..." 

“ဘာဖြစ်လို့ပါလဲ"ရွှမ်ချင်းက မေးလိုက်သည်။

____

[1]ဒေသိယစကား:နာမည်ကြီးလူတစ်ယောက်က ဝေဖန်စာကို ဆွဲငင်နေတာမျိုးပါ..မင်းသာ ချမ်းသာပြီးနာမည်ကြီးရင် လူတွေက မနာလိုဖြစ်လာမယ် 


[2]ဒေသိယစကား:မင်းလိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ..ကမ္ဘာကြီးက ပြောင်းလဲသွားတယ် ↩


Translated By IQ-Team.