အပိုင်း ၁၈၁
Viewers 37k

Chapter 181
 ဘ၀အသစ်

───────

သို့သော်လည်း ထို့ထက်အပြင် အခြားတုန့်ပြန်လာခြင်းမရှိချေ။လင်းရုဖေးကိုယ်ထဲကျန်နေသည့် ဓားသွားအာရုံစူးစိုက်မှုအနည်းငယ်က ခြေကုန်လက်ပန်းကျသွားပေတော့မည်။သူ၏မျှော်တလင့်လင့်အကြည့်လေးက တဖြည်းဖြည်း ညှိုးငယ်လာပြီး နှုတ်ခမ်းထက်၌ စိတ်ပျက်သွားသည့် ခါးသက်သက်အပြုံးတစ်ခုသာတည်တော့၏။သို့သော်ငြား ထိုခဏ၌ ကျောက်ခေါင်းတလားထဲမှ မီးလုံးသေးသေးလေးက မြင့်တက်လာပြီး သေးငယ်လင့်ကစား လင်းရုဖေး၏မျက်လုံးများအား တောက်ပသွားစေသည်။

မီးတောက်သေးသေးလေးက ဖြေးဖြေးချင်း မြင့်တက်လာပြီး တညဆောက်ပုံထံမှ ဆွဲညို့ခံလိုက်ရကာ ကုယွီ၏ဓါးအိမ်ထိပ်သို့ ကျသွားလေ၏။နှစ်ခုထိတွေ့လိုက်မိသည်နှင့် တကျွတ်ကျွတ်မြည်သံထွက်လာကာ တည်ဆောက်ပုံကလည်း မှေးမှိန်သွားသည်။လင်းရုဖေးသည်လည်း မြေပေါ်သို့ကျသွားကာ အားအင်ကုန်ခန်းသွားသည့်နှယ် အဆုတ်ထွက်မတတ် စပြီးချောင်းဆိုးတော့သည်။  

သူက ဤရင်းနှီးနေသောအသံအား ကြားလိုက်၍ အပြင်ဘက်တွင် မတ်တပ်ရပ်ရင်းစောင့်နေသည့် လင်းပျန့်ယွီက ရောက်ရှိလာရာ သနားစဖွယ်လင်းရုဖေးအား တွေ့လိုက်ရသည်။

လင်းရုဖေးဘက်ပေါ်ရှိ ဒဏ်ရာများအား သတိပြုမိသွားပြီးနောက် သူ့မျက်လုံးထက် အထိတ်တလန့်ဖြစ်သွားကာ:"ရှောင်ကျို့..."  

သူက ဓါးသွားအား ညွှန်ပြလိုက်သည်နှင့် လင်းရုဖေး၏ပုခုံးများက လှုပ်ခါလာ၏။ 

လင်းပျန့်ယွီက မေးလိုက်သည်။

"မင်း အဲ့ဒီဓါးကို လိုချင်တာလား"

သူက ခြေလှမ်းအနည်းငယ်ယူလိုက်ပြီး လင်းရုဖေးအားကူပြီး ဓါးသွားအားဆွဲထုတ်ပေးလိုက်ကာ လင်းရုဖေးလက်ထဲသို့ သေချာထည့်ပေးလိုက်ပြီး:"ဒီဟာလား" 

လင်းရုဖေးက တွန့်ဆုတ်စွာပြုံးလိုက်မိသည်။သူက လင်းပျန့်ယွီလက်ထဲမှ ကုယွီအား ယူလိုက်ပြီး ဓားအိမ်ထဲသို့ သေသေချာချာ ထည့်လိုက်ပြီး လက်မောင်းထဲတွင် တင်းတင်းကျပ်ကျပ်ပွေ့ပိုက်ထားမိသည်။ 

တံခါးအပြင်ဘက်တွင် ရပ်စောင့်နေဆဲဖြစ်သည့် မော့ချန်းရှန်က အထဲသို့လျှောက်လာပြီး လင်းပျန့်ယွီက သူ့အားမြင်လိုက်သောအခါ သတိအနေအထားဖြစ်သွားသည်။သို့သော်လည်း မော့ချန်းရှန်က သူတို့အား ကြည့်ပင်မကြည့်ကာ မြေပြင်ပေါ်တွင်လှဲနေဆဲဖြစ်သည့် တခြားသူထံသွားလိုက်လေ၏။ထိုအရာက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ခန္ဓာကိုယ်ဖြစ်သည်။မော့ချန်းရှန်က ကုန်းလိုက်ပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏ကိုယ်အား မလိုက်ချင်သည့်ဟန်ရှိသော်လည်း သူ့လက်နှင့် ကောင်းကင်ဘုံအုပ်ချုပ်သူ၏အရေပြားအား ထိလိုက်သည်နှင့် ထိုအရေပြားက သူ့လက်ထဲတွင် ဖုန်မှုန့်အဖြစ်ပြောင်းသွားသည့် ချေမှုန်းခံထားရသည့် အမှုန့်လေးတစ်ခုနှယ် လွင့်ပျောက်သွားမည်အား မည်သူသိမည်နည်း။  

မော့ချန်းရှန်က ဤအရာအားလုံးအား မျှော်လင့်ထားပုံမပေါ်၍ နေရာမှတင် အေးခဲသွားလေ၏။ 

လင်းရုဖေးက ခါးသက်သက်ပြုံးလိုက်ပြီး သူ၏လက်ကျန်ခွန်အားလေးနှင့် တိုးတိုးဖွဖွပြောလိုက်သည်။

"တည်ဆောက်ပုံအခြေတည်ပြီးကတည်းကဆို နှစ်တစ်ရာကုန်သွားပြီ..မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ကိုယ်ကို တည်ဆောက်ပုံအပြင်ဘက် ထုတ်လိုက်တာနဲ့..သေချာပေါက် အဲ့တာက ယိုယွင်းလာလိမ့်မယ်.." 

မော့ချန်းရှန်က ရပ်လိုက်ပြီး အလောတကြီးဆိုလာ၏။

"မင်း...ဘာလို့ အဲ့လိုမပြောခဲ့ရတာလဲ" 

ဤလေသံအား ကြားပြီးနောက် ယင်းက သူသည် ဝူအောင်း၏စကားလုံးများအား အစားထိုးပြောပေးနေသည်နှင့် တူ၏။  

လင်းရုဖေးက သက်ပြင်းချလိုက်ပြီး:"ငါ့မှတ်ဥာဏ်တွေပြန်မရခင်တုန်းက ငါလည်းမသိခဲ့ဘူး..ငါက ဘာလို့ ကုရွှမ်းတုက တစ်ခုမှမပြောခဲ့ရတာလဲဆိုတာ နားမလည်ခဲ့ရုံပဲ" 

မော့ချန်းရှန်၏မျက်နှာက အမူအရာကင်းမဲ့နေဆဲဖြစ်သော်ငြား သူ့အသံက အတော်လေး တုန်ယင်လှိုက်ခါနေကာ:''မင်းမှန်ပါတယ်..သူ တစ်ခုခုပြောခဲ့ရင်တောင်မှ ငါက ..ယုံခဲ့လိမ့်မှာမဟုတ်ဘူး" 

မော့ချန်းရှန်က လှည့်ထွက်သွားလေ၏။ 

သို့သော်လည်း လင်းရုဖေးက သူ့အားခေါ်လိုက်လေသည်။

"ခဏ.." 

မော့ချန်းရှန်က တုန့်ဆိုင်းသွားသည်။ 

“မင်း မော့ချန်းရှန်ကို ကြိုးကိုင်ခြယ်လှယ်နေတာ ရပ်ပေးနိုင်မလား"

လင်းရုဖေးအသံက အနည်းငယ်ခါးသီးသီးဖြစ်နေပြီး:"ဝူအောင်း...ငါ မင်း ဆိုးဆိုးဝါးဝါးခံစားနေမှန်း သိပါတယ်..အရင်ကဖြစ်ခဲ့တာတွေက မင်းကို ဖုန်းကွယ်ထားခဲ့မိတဲ့အတွက် ငါမှားသွားတယ်ဆိုတာ မှန်ပေမယ့် ..ဒီမော့ချန်းရှန်က ..ရိုးသားတယ်..သူက ..အရင်တုန်းက ကြီးမြတ်တဲ့ဓါးသမားတစ်ယောက်မို့လို့ ..ဒီလိုပုံစံမျိုးထိ မထိုးချလိုက်သင့်ဘူးလေ.."

ကြာရှည်လှသော တိတ်ဆိတ်မှုက စတင်လာကာ လင်းရုဖေးက ဝူအောင်းသဘောတူလာမည်မဟုတ်ဟု ထင်လိုက်မိသည်နှင့် မော့ချန်းရှန်က အသံတိုးတိုးလေးနှင့် ပြန်ဖြေလာ၏။

"ကောင်းပြီ"  

ထို့နောက် သူက အပြင်ဘက်သို့လျှောက်သွားပြီး ပြန်လှည့်မကြည့်လာတော့ချေ။ 

လင်းရုဖေးက သွေးများစွာဆုံးရှုံးထား၍ နောက်ဆုံးအသက်တစ်ရှိုက်အား ဆုပ်ကိုင်ထားရသည်။မော့ချန်းရှန်အား ပို့ပေးပြီးနောက် သူက သတိလစ်မေ့မျောကာ လင်းပျန့်ယွီလက်မောင်းထဲသို့ ကျသွားရလေ၏။သို့ဆိုရင်တောင်မှ သူ၏ဒဏ်ရာရထားသောလက်များနှင့် ကုယွီအား တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်သည်...ယင်းက သူ့ဘဝအား ဆုပ်ကိုင်ထားသည့်နှယ်။

လင်းပျန့်ယွီက အစမှအဆုံးထိ ဖြစ်ပျက်ခဲ့သည်တို့အား နားမလည်သော်ငြား ကိစ္စတစ်ခုလုံးအပြီးသတ်သွားသည်အား မြင်ပြီးနောက် သူက လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး လင်းရုဖေးအား ဂရုတစိုက်ပြန်သယ်လာပေးခဲ့သည်။  

လင်ရုဖေးက သူမည်မျှကြာကြာသတိလစ်နေမှန်းမသိသော်လည်း တစ်ကြိမ်ထပ်ပြီးထလိုက်သည်နှင့် အပြင်ဘက်ရှိလောကကြီးက အပြောင်းအလဲကြီးများနှင့်ကြုံလိုက်ရဟန်ရှိသည်။မှုန်ဝါးဝါးအကြည့်တို့ကြားတွင် သူ့အတွက်ဖြစ်နိုင်သည်က ပြတင်းပေါက်ကိုဖြတ်၍ အပြင်ဘက်သို့ ကြည့်လိုက်ရုံသာ။ခြံဝန်းထဲရှိ ပန်းပင်များနှင့်သစ်ပင်များက ခြောက်သွေ့ကာအရွက်တို့ကြွေကျနေကာ ထောင့်နားလေးတွင် ထောင်ထောင်လေးဖြစ်နေသည့် ချယ်ရီပင်ရှည်မျောမျောလေးက သနားစဖွယ်ပုံပေါ်နေ၏။  

လင်းရုဖေးက အိပ်ရာမှ ခက်ခက်ခဲခဲထထိုင်လိုက်ရပြီးသည်တွင် သူပထမဆုံးလုပ်လိုက်သည်က မျက်လုံးပင့်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်ခြင်းပင်။မကြာမီ သူရှာနေသည့်အရာအား အိပ်ရာဘေးတွင် တွေ့လိုက်ရလေ၏။ 

ကုယွီက ဘေးတွင် တိတိတိတ်လေးလှဲနေ၏။လင်းရုဖေးက လက်ဆန့်လိုက်ပြီး သူ့လက်ထဲယူလိုက်ကာ နှုတ်ခမ်းထက် အပြုံးတစ်ခုဖြစ်ထွန်းမလာမီ ယင်းအား တစ်ခဏမျှ ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။ 

အပြင်ဘက်ရှိလူက လင်းရုဖေး၏လှုပ်ရှားမှုတို့အား ကြားသွားပုံရကာ သူနိုးနေသည်လားမြင်တွေ့ရန် တံခါးအား တွန်းဖွင့်လာ၏။

ချက်ချင်းပင် သူတို့က အံ့သြတကြီးအော်ခေါ်လာ၏။

"သ ခင် လေး...." 

လင်းရုဖေးက ကြည့်ပြီး ဆိုလိုက်သည်။

"ဖူဟွား..." 

ဖူဟွားက အံ့သြတကြီး ဆိုလာ၏။

"သခင်လေး..နောက်ဆုံးတော့ နိုးလာပြီပေါ့"

သူမက အတော်လေး မျက်တွင်းတို့ချောင်ကျနေပုံရကာ လင်းရုဖေးအကြောင်း အမြဲစိုးရိမ်နေခဲ့၍ဖြစ်နိုင်၏။ 

“ငါ ရက်ဘယ်လောက်လောက် အိပ်ပျော်နေခဲ့တာလဲ"လင်းရုဖေးက မေးလိုက်၏။ 

"ရက်အတော်ကြာသွားပြီ"

ဤအကြောင်းအရာအကြောင်းပြောနေရင်း ဖူဟွားက သူမမျက်ရည်များကို မထိန်းချုပ်နိုင်တော့ကာ:"သမားတော်ဝမ်ယောင်ပြောတာ သခင်လေးက သွေးအများကြီးဆုံးရှုံးထားပြီး ရိုးတွင်းခြင်ဆီထိ ထိခိုက်ထားတာတဲ့...အဲလိုသွေးအများကြီးနဲ့ဆို သွေးအားပြည့်ဖို့ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှမသိဘူး..." 

လင်းရုဖေးက ရယ်မောလိုက်ပြီး:"ဟုတ်ပါပြီ ဟုတ်ပါပြီ...ထပ်မငိုနဲ့တော့လေ..ငါအခုနိုးနေပြီမဟုတ်လား" 

ဖူဟွားက စိတ်ငြိမ်မသွားမီအထိ တစ်ခဏမျှအော်ငိုလိုက်ပြီးမှ လင်းရုဖေးအား တစ်ခုခုစားချင်ပါသလားဟု မေးလာ၏။  

လင်းရုဖေးက သူဆာလောင်နေသည်အား နားလည်မိသွားသည်နှင့် ဆန်ပြုတ်တစ်ပန်းကန် [1]တောင်းလိုက်သည်။  

ဖူဟွားက လှည့်ထွက်သွားကာ လင်းရုဖေးအတွက် ဆန်ပြုတ်ကျဲကျဲလေးတစ်ခွက်နှင့် အရန်ဟင်းပွဲလေးများ ပြန်ယူလာခဲ့သည်။သူမက ဒုတိယသခင်လေးကိုလည်း သတင်းပို့ထားပြီးဖြစ်ကြောင်း ပြောလာကာ သူတို့က သတင်းကြားပြီးနောက် ချက်ချင်းပင် လမ်းတွင်ရောက်နေပြီဖြစ်ကြောင်း ဆိုလာ၏။ 

လင်းရုဖေးက ပြုံးလိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။သူက ဖြေးဖြေးချင်းထရပ်လိုက်ပြီး တစ်ခွက်မျှမသောက်လိုက်မီ ဆေးကြောသန့်စင်လိုက်သည်။ရက်ပေါင်းများစွာအိပ်ရာထက်လှဲနေပြီးနောက် သူ့ခန္ဓာကိုယ်က အတော်အတန် တက်ကြွလာပြီး ညလက်ပေါ်ရှိ ပြတ်ရှရာများကိုလည်း ဂရုတစိုက် ပတ်တီးစီးထား၍ လင်းရုဖေးက ဘယ်လက်နှင့် ဇွန်းခပ်လိုက်ပြီး ပန်းကန်လုံးထဲမှခပ်ယူလိုက်ကာ ပါးစပ်ထဲအရောက်ပို့လိုက်လေ၏။ဆန်ပြုတ်အရသာက အလွန်ပေါ့သော်ငြား အရသာပေါ်ရုံလေးသာ ဖြစ်သည်။

လင်းပျန့်ယွီနှင့် အခြားသူများက အမြန်ရောက်လာကြပြီး လင်းဝေရွေ့နှင့် လင်းမင်ကျစ်တို့လည်းပါ၏။သုံးယောက်သားအခန်းထဲသို့ ဝင်လိုက်ကြသည်နှင့် လင်းဝေရွေ့မှာ လင်းရုဖေးဘေးသို့အရင်ဆုံးပြေးသွားကာ သူ့အားကုန်းအော်ပြီးဖက်ထားလေသည်။

သူမမျက်ရည်များက မျက်နှာပြင်တစ်လျှောက် စီးကျလာကာ ငိုရှိုက်နေရင်းမှ:" ရှောင်ကျို့..မင်းအစ်မကို သေအောင်ခြောက်ရသလား...အဆိုးလေး မင်းက သတိကိုမထားဘူး..ဘယ်လိုလုပ်ပြီး မင်းက ငါတို့နဲ့မဆွေးနွေးနိုင်ရတာလဲ..လင်းပျန့်ယွီသာ နည်းနည်းနောက်ကျသွားရင် ငါတို့အကုန်လုံး မင်းရဲ့နောက်ဆုံးချိန်ကို တွေ့ရတော့မလို့.." 

လင်းရုဖေးက လင်းဝေရွေ့ဖက်လိုက်၍ အသက်မရှူနိုင်ဖြစ်သွားရသော်ငြား သူကအားနည်းနေဆဲဖြစ်ကာ တွန်းလည်းမတွန်းနိုင်၍ လင်းဝေရွေ့တတွတ်တွတ် ညည်းတွားနေသည်အား ခွင့်ပြုထားရသည်။ 

လင်းမင်ကျစ်က လင်းဝေရွေ့အား တစ်ခဏမျှငိုခွင့်ပေးထားပြီးနောက် သူက လက်ဆန့်ကာ သူမအား ခေါ်ထုတ်မသွားခင်အထိသာ။

မျက်မှောင်ကြုတ်ရင်း သူက ဆိုလာ၏။

"ဟုတ်ပြီ...ရှောင်ကျို့က အခုလေးတင်နိုးလာတာ သူ့ကိုမခြောက်လှန့်စေနဲ့" 

“ငါက စိုးရိမ်နေရုံလေးပါ"

လင်းဝေရွေ့၏နှာခေါင်းလေးက နီရဲလာကာ သူမက နှုတ်ခမ်းကိုက်လိုက်ပြီး:"ကလေးက ကြီးလာပြီ..သူ့မှာ အခုသူ့ကိုယ်ပိုင်အကြံဥာဏ်တွေ ရှိလာတော့ သူ့စိတ်ထဲဘာပဲရှိရှိ ငါတို့ကို ထပ်ပြီးပြောပြဖို့ ဆန္ဒရှိမှာမဟုတ်ဘူး"  

လင်းရုဖေးက ခါးသက်သက်ပြုံးလိုက်ကာ:"မမ...ကျွန်တော်က နှစ်ဆယ်နဲ့ နှစ်တစ်ချို့တောင်ကျော်ပြီလေ" 

“နင့်ဟာနင် နှစ်ဆယ်နဲ့ ဘယ်နှနှစ်ဖြစ်ဖြစ် ငါ့မောင်လေးဖြစ်နေတုန်းပဲလေ"

လင်းဝေရွေ့က တဗျစ်တောက်တောက်ပြောလာကာ :"နင့်ကိုကြည့်လိုက်စမ်း...နင့်လက်တွေက ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ နင်ကတကယ်တော့ အဲ့တာကိုကိုယ်တိုင်လုပ်ခဲ့တဲ့သူပဲ..နင်..အာ"

လင်းရုဖေးက ပြောခွင့်မသာသည့်အဖြစ်ရောက်နေ၍ ခေါင်းငုံ့ကာ နှုတ်ဆိတ်နေမိသည်။  

လင်းပျန့်ယွီက သက်ပြင်းချလိုက်ပြီး လင်းဝေရွေ့အား ပြောနေခြင်းအား ရပ်ခိုင်းလိုက်လေ၏။သူက လင်းရုဖေးဘေးတွင် ထိုင်လိုက်ပြီး သူသက်သက်သာသာမရှိဖြစ်နေတုန်းပါလားဟု နွေးနွေးထွေးထွေးလေသံနှင့် မေးလာသည်။ 

လင်းရုဖေးက ခေါင်းခါပြလိုက်ကာ သူသက်သက်သာသာရှိပြီး အနည်းငယ်အားနည်းနေခြင်းသာ ဖြစ်ကြောင်းပြောလိုက်၏။


___


Translated By IQ-Team.