အပိုင်း ၁၈၀
Viewers 37k

Chapter 180
 ဘ၀အသစ်

───────


လူတွေပြောကြသည်က အမြဲတစေသနားစရာကောင်းသည့်လူများက သည်းမခံနိုင်သည့် ဘက်ခြမ်းရှိသည်ဟုပင်။ဝူအောင်းအတွက် ဤစာကြောင်းက အလွန်သင့်တော်ပေ၏။ 

လေဟာနယ်ထဲ၌ နှစ်ယောက်သားက တိုက်ပွဲအထွတ်အထိပ်ရောက်နေကုန်၏။အဆုံးတွင်ဖြင့် လင်းပျန့်ယွီတွင် သာလွန်သည့်အရည်အသွေးများ ရှိလေသည်။သူ့လက်ထဲရှိ ထျန်းရှောင်အားတစ်ချက်လွှဲလိုက်သည်နှင့် မော့ချန်းရှန်၏ဓါးက ထက်ပိုင်းကျိုးသွားလေ၏။ဓါးသမားလက်ထဲရှိဓါးက ကျိုးသွားပြီဖြစ်၍ အောင်နိုင်သူအား သေချာပေါက် ဆုံးဖြတ်ပြီးပြီဖြစ်ရာ ထျန်းရှောင်၏အသွားက မော့ချန်းရှန်၏လည်တိုင်ထက် ကျရောက်သွားလေသည်။နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက်ကြည့်နေပြီး လေထုသည်လည်း တောင့်ခဲလာရပုံပေါ်သည်။  

လင်းပျန့်ယွီက မျက်နှာချင်းဆိုင်ရှိလူအား စိုက်ကြည့်လိုက်ကာ သူ့မျက်လုံးများက မယုံကြည်နိုင်မှုအပြည့်နှင့်ပင်။သူက ဤလူမှာ သူ၏ဆယ်ကျော်သက်ဘဝက ပြိုင်ဘက်ဖြစ်သူ မော့ချန်းရှန်ဖြစ်ကြောင်း သိသွားလေ၏။သို့သော်လည်း မော့ချန်းရှန်က ထိုနှစ်တွင် သေသွားပြီဖြစ်ပြီး ယခုကဲ့သို့ ရုတ်တရက်ပြန်ပေါ်လာသည်က သူသေချာပေါက် အံ့အားသင့်သွားခြင်းပင်။  

ခွန်းလွန်ဂိုဏ်းက မဟာတည်ဆောက်ပုံအား အစောင့်အကြပ်ပေးရန်မှာထားခံရခြင်းက ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ယခုတွင်မူ ဂိုဏ်းခေါင်းဆောင်က အနားယူနေ၍ ဤကိစ္စက သေချာပေါက် လင်းပျန့်ယွီခေါင်းပေါ်ကျလာ၏။ ဤည၌ လင်းပျန့်ယွီက အသံကြားပြီးမြင်ကွင်းရှိရာရောက်လာစဥ် သူက ကျောက်တံခါးမှာ ပွင့်နေကြောင်း သတိထားမိသွားသည်။သူက အလျင်အမြန်ဝင်လိုက်ရာ သူ့အချစ်ရဆုံးညီငယ်လေးက သွေးနီရောင်တည်ဆောက်ပုံ၏အလယ်တွင် တိတ်တဆိတ်လှဲလျောင်းနေပြီး ဘေးရှိတစ်စုံတစ်ယောက်က ဂါထာမန်းမှုတ်နေသည်အား တွေ့လိုက်ရသည်။လင်းပျန့်ယွီက ဤမြင်ကွင်းအား တွေ့ကြုံရသော် သူသတိအနေအထားဖြစ်သွားပြီး ချက်ချင်းပင် ဓါးထုတ်ကာဦးတည်သွားလေ၏။သို့သော်လည်း လမ်းတစ်ဝက်တွင် အမဲရောင်ဝတ်ဆုံနှင့်ဓားသမားတစ်ယောက်က ရုတ်တရက်ပေါ်လာကာ သူ့အားအတင်းအဓမ္မတားဆီးလာသည်။ 

နှစ်ဦးသား အချိန်တစ်ခုကြာ တိုက်ခိုက်နေကြပြီး မည်သူအသာစီးရနေမှန်းပြောရခက်လေ၏။စစချင်း၌ လင်းပျန့်ယွီက ဤဓါးသမားအား အနည်းငယ်ရင်းနှီးနေသည်ဟု တွေးမိသော်လည်း သိပ်မကြာမီ သူက သူ့အားရင်းနှီးနေရုံမက ဤအမဲရောင်ဝတ်ဓားသမားဆီမှ သေဆုံးမှုအရိပ်ရောင်ပြင်းပြင်း ထုတ်လွှတ်နေသည်အား နားလည်သွားချေ၏။ယင်းက အမှန်ပင် သူငယ်စဥ်က ဆုံခဲ့ဖူးသည့် မော့ချန်းရှန် ဖြစ်လေသည်။ 

အတိတ်တုန်းက မော့ချန်းရှန်က ဓါးရေးတွင် ပါရမီပါပြီး အနောက်ဘက်တောင်တန်းများ၏ ကြယ်မြွှာနှစ်ပွင့်ဟုလည်း သိကြလေ၏။နှစ်ခုမှာ တစ်ခုက ကျောက်စိမ်း(ယွီ)ဖြစ်ပြီး တစ်ခြားတစ်ခုက တောင်တန်း(ရှန်)ဖြစ်လေ၏။ထိုနှစ်တွေတုန်းက မော့ချန်းရှန်မှာ အလွန်နာမည်ကြီးကာ သန်မာတက်ကြွနေသော်ငြား ကံဆိုးစွာနှင့် မော့မိသားစုက မြောက်ပိုင်းတွင် ကပ်ဆိုးကြီးခံစားရကာ မော့ချန်းရှန်၏အသက်ကိုလည်း လူမသိသည့်ဓါးသမားတစ်ယောက်က ယူဆောင်သွားပေ၏။ထိုအချိန်၌ ဤမတော်တဆမှုက အလွန်ကြီးမားသည့် ကိစ္စဖြစ်ကာ လင်းပျန့်ယွီတောင်မှ ယင်းအကြောင်း တစွန်းတစ်စသာသိလေသည်။သို့သော်လည်း မော့မိသားစုက ဆုကြေးငွေပေးရန် အားများစွာစိုက်ထုတ်ထားသော်လည်း လူသတ်သမားအား ဖမ်းဆီးရန်ကျရှုံးနေဆဲပင်။ 

ကြယ်မြွှာနှစ်ယောက်ထဲမှ တစ်ယောက်အနေနှင် သူနှင့်မော့ချန်းရှန်တို့က နက်ရှိုင်းသည့် သူငယ်ချင်းဆက်ဆံရေးမရှိ၍ ဤကိစ္စက သူ့အားဝမ်းနည်းမှုဖြင့်သာ သက်ပြင်းချမိစေ၏။သူက မော့ချန်းရှန်သာမသေပါက သူ့တွင် နှစ်ဦးသားယှဥ်တိုက်နိုင်မည့် အခြားအခွင့်အရေးရှိလာမည်ဟု စဥ်းစားမိလေသည်။သို့သော်လည်း သူက ဆယ်စုနှစ်တစ်ခုကြာပြီးနောက် အသက်ရှင်နေသော မော့ချန်းရှန်အား တွေ့ရလိမ့်မည်ဟု မည်သည့်အခါမှ မျှော်လင့်ထားခြင်းမရှိချေ။  

ထို့ပြင် သေသွားသည့်မော့ချန်းရှန်က ဤနေရာသို့ ဘာကြောင့်ပေါ်လာရသနည်း။

လင်းပျန့်ယွီက သူ့နာမည်အား ခေါ်လိုက်သည်။

"မော့ချန်းရှန်..." 

မော့ချန်းရှန်မှာ လင်းပျန့်ယွီထံမှ ထိန်းချုပ်ခံနေရသော်ငြား ကြောက်ရွံ့မှုတစ်စိုးတစ်စဥ်းမှ မပြချေ။သူ၏မျက်နှာသည်ကား ကျောက်တုံးမာမာကြီးနှယ် အမူအရာကင်းမဲ့နေ၏။သူ၏အနက်ရာင်မျက်လုံးများက တိမ်မြုပ်နေကာ စိတ်ဝိဥာဥ်တစ်စိုးတစ်စဥ်းမျှမမြင်ရချေ။ယင်းက ကြိုးဆွဲရုပ်လေးနှင့်တူနေသည်။ 

လင်းပျန့်ယွီက ဖြေးဖြေးချင်းမျက်မှောင်ကြုတ်မိလေ၏။သူက မကြာမီတွင် တစ်ခုခုအား နားလည်သွားပြီး ဘေးတွင်ရပ်နေသည့်ဝူအောင်းအား ကြည့်ရန်ခေါင်းလှည့်လိုက်သည်။သူက လင်းရုဖေးမှာ အကြောင်းတစ်ချို့ကြောင့် နိုးလာပြီးဖြစ်ကာ လှိုဏ်ဂူအတွင်းမှထွက်ပြီး ဝူအောင်းနှင့်တစ်ခုခုပြောနေသည်အား သတိထားမိသွားသည်။သူက အလွန်စိတ်လှုပ်ရှားနေကာ လင်းရုဖေးအား ပြင်းပြင်းထန်ထန် တရှူးရှူးဖြစ်နေပြီး သူ့အားလှမ်းကိုင်ရန် လက်လှမ်းလာ၍ အခြေအနေမှာ အလွန်အန္တရာယ်ရှိနေပုံပေါ်သည်။ 

လင်းပျန့်ယွီက သူတို့အား ကြည့်လိုက်လေ၏။တုန့်ဆိုင်းနေခြင်းမရှိဘဲ သူက နောက်ပြန်လှည့်ကာ ဝူအောင်းဆီသို့ ပျံသွားလိုက်သည်။ 

“ကမ္ဘာကြီးမှာ ဘာလို့များ ငါက ဒီနေရာဆီကျလာခဲ့ရတာလဲ"

ဝူအောင်းက ဟိန်းဟောက်လိုက်ရင်း သူ၏ကြက်သွေးနီရောင်မျက်လုံးများက ဒေါသနှင့်စိတ်ပျက်မှုများ အပြည့်ဖြစ်နေပြီး လင်းရုဖေးအား အော်လိုက်လေ၏။

သို့သော်ငြား သူပြောလိုက်သည့်စကားလုံးများက အမှန်တကယ်ပင် သူ့နားတွက်သာဖြစ်ပုံရပြီး:"ငါက သူနဲ့အချိန်တိုင်းနေချင်ရုံလေးပဲကို...ဘာလို့...ဘာလို့များ ငါကဒီလိုတောင် မလုပ်နိုင်ရတာလဲ" 

လေဟာနယ်ထဲမှ ဓါးသွားသံထွက်ပေါ်လာသော်ငြား ဝူအောင်းသည်ဖြင့် မေ့လျော့သွားဟန်ရှိကာ လင်းပျန့်ယွီ၏ဓါးက သူ့အားထိုးဖောက်လာခွင့်ပြုထားမိသည်။ 

“ဝူးးးးး"သူထံမှ ဝမ်းနည်းဖွယ်ငိုသံထွက်လာ၏။

ဝူအောင်းက ဖြေးဖြေးချင်းခေါင်းနိမ့်လိုက်ကာ သူ၏ဝမ်းဗိုက်ဆီ အေးစက်လှသောနှင်းဖြူရောင်ဓါးသွားထိုးဖောက်လာသည်အား ကြည့်နေမိသည်။သူ့မျက်လုံးများမှ မျက်ရည်များကျလာသော်လည်း ထိခိုက်သွား၍မဟုတ်ချေ။လင်းရုဖေးက သူ့အားနှိုင်းယှဥ်၍မရနိုင်သည့် ဝမ်းနည်းဖွယ်မျက်လုံးများနှင့် ကြည့်နေ၍ဖြစ်၏။  

“ငါ တောင်းပန်ပါတယ်"

လင်းရုဖေးက ခါးသက်စွာဆိုလိုက်မိသည်။

"ဝူအောင်း...." 

ဝူအောင်းက ခါးသက်သောအပြုံးတစ်ခု ဆင်မြန်းရင်း တုန်ယင်နေသည့် အသံနှင့်ပြောလာ၏။

"ကောင်းကင်ဘုံအုပ်ချုပ်သူ...တောင်းပန်ရမှာကျွန်တော်ပါ" 

လင်းပျန့်ယွီက လင်းရုဖေးနှင့်ဝူအောင်းကြား ဘာဖြစ်သွားခဲ့မှန်းမသိချေ။သို့သော်လည်း သူက တည်ဆောက်ပုံနှင့်သတိလစ်နေသော လင်းရုဖေးအားမြင်လိုက်၍ သူ့ရှေ့ကလူက သူ့ညီလေးအား ထိခိုက်စေတော့မည်မှန်း အလိုလိုသိလိုက်မိရာ အဆုံးတွင်ဖြင့် သူကပြန်မလှည့်တော့ချေ။ယင်းက ယောကျာ်းတစ်ယောက်၏မဖုံးကွယ် မရှောင်တိမ်းချင်သောစိတ်ဓါတ်က လင်းပျန့်ယွီအား အနည်းငယ် ဝေခွဲရခက်သွားစေ၏။သူက ဝူအောင်း၏ကျင့်ကြံခြင်းအဆင့်အား မမြင်နိုင်၍ သူကစွမ်းအားကြီးသည့်သူမျိုးဖြစ်မည်ဟု တွေးမိချေသည်။သို့သော်လည်း သူက မည်သည်ကြောင့်ရှောင်တိမ်းမသွားသည့်အပြင် ထိုအစား သူ့ဓါးကတည့်တည့်၀င်သွားရပါသနည်း။လင်းပျန့်ယွီက ဤအယူအဆအကြောင်း ချင့်ချိန်စဥ်းစားနေရင်း ဝူအောင်း၏ မကျေနပ်နေသောကလေးတစ်ယောက်နှယ် ကုန်းအော်လာသံအား ကြားလိုက်ရလေ၏။သူက မြေပေါ်သို့ ဖြေးဖြေးချင်းဒူးထောက်လိုက်ရာ သွေးနှင့်မျက်ရည်များက သူ့အောက်ခြေရှိရွှံ့မြေမည်းတို့အား စိုစွတ်သွားစေသည်။ 

လင်းရုဖေးက သူ့အား တိတ်တဆိတ်ကြည့်နေကာ သူ့အကြည့်တို့တွင်လည်း ဝမ်းနည်းမှုအပြည့်ဖြစ်နေ၏။သို့သော်လည်း သူက ဝူအောင်းအား စကားမပြောခဲ့ချေ။ထို့အစား သူကလှည့်ထွက်သွားပြီး တည်ဆောက်ပုံဆီသို့ ဖြေးညင်းစွာ လျှောက်သွားလေ၏။ 

လင်းပျန့်ယွီက သူ့အား ခေါ်လိုက်ချင်ပါသော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် သူ့နှုတ်ခမ်းဝသို့ ရောက်လာသည့် စကားလုံးတို့အား မျိုချလိုက်ရသည်။ထျန်းရှောင်ဓါးသွားမှ သွေးများ တစ်စက်စက်ကျနေဆဲဖြစ်ကာ လင်းပျန့်ယွီက သူ့ရှေ့ရှိအော်ငိုနေသောလူအား ကြည့်လိုက်မိသောအခါတွင် အတော်လေးကို့ရိုးကားယားနိုင်သည်ဟု ခံစားမိလေ၏။  

လင်းရုဖေးက တည်ဆောက်ပုံထဲသို့ ပြန်လျှောက်သွားလိုက်ရာ ကျောက်ခေါင်းတလားထဲတွင် အိပ်ပျော်နေသော ကုရွှမ်းတုအား တွေ့လိုက်ရလေ၏။ 

ဤသည်က လင်းရုဖေးက ကုရွှမ်းတုအိပ်ပျော်နေသည်အား မြင်ဖူးသည်ပထမဆုံးအကြိမ်ဖြစ်၏။သူက မျက်လုံးကျဥ်းကျဥ်းလေးများအား စေ့ပိတ်ထားပြီး သူ၏အစိတ်အပိုင်းတစ်ခုချင်းစီက နိုးနေစဥ်ကလောက်လှပခြင်းမရှိသော်ငြား သူကဖြူစင်မှုလှိုင်းလေးများ သယ်ဆောင်ထားပေ၏။လင်းရုဖေးက သူ့လက်ချောင်းလေးများအား ဖြေးဖြေးချင်းဆွဲဆန့်လိုက်ကာ သူ့လက်ချောင်းထိပ်လေးအား နာဖူးနှင့်ထိလိုက်ပြီး နှာရိုးတစ်လျှောက်ပွတ်ဆွဲသွားကာ မေးစေ့ထက်သို့ ဖြေးညင်းစွာ သက်ဆင်း၏။သူခေါင်းအား တိတ်ဆိတ်စွာ ဆက်ငုံ့ထားမိသည်။အဆုံးတွင်ဖြင့် သူက ဆက်ထိန်းထားမနိုင်တော့၍ မျက်ရည်တစ်စက်က ကုရွှမ်းတု၏ရင်ဘတ်ထိပ်တည့်တည့်သို့ ကျဆင်းသွား၏။ 

ဖြစ်ပျက်သွားသည်က ရုတ်တရက်ဆန်လွန်း၍ တားလိုက်ရန် ခွန်အားမဲ့လေ၏။သူက မှတ်ဥာဏ်အားလက်ခံရန်တွန်းအားပေးခံရပြီး သူကိုယ်တိုင်ပြန်ရသွားမှသာ ကုရွှမ်းတု ကျောက်ခေါင်းတလားထဲသို့ ဝင်သွားရခြင်းအား နားလည်သွားရသည်။ 

သူတို့က ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့သော်ငြား မည်သည့်အခါမျှအတူမရှိခဲ့ကြချေ။လင်းရုဖေးက ရိုးရိုးလေးပင် သူတို့၌ နှစ်ပေါင်းအများအများကြီး ရှိသေးသည်ဟု ထင်ခဲ့သော်လည်း မတော်တဆဆိုသည်ကား မနက်ဖြန်ထက်ပင် ပိုစောစောရောက်လာမည်ဟု မသိခဲ့ချေ။  

နှစ်တစ်ရာမှတ်ဥာဏ်....ယင်းက ကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်စေ တာ့ဟန်ဖြစ်စေ သူ့ရှေ့ကလူနှင့် ခွဲထား၍မရနိုင်ပေ။သူ့ဘဝအချိိန်တိုင်းက သူ့ရှေ့ကလူသာ ပိုင်ဆိုင်ထားပုံရပြီး သူ၏အိပ်ပျော်နေသည့်သွင်ပြင်လေးအား မြင်ပြီးနောက် တစ်ယောက်ယောက်က သူ့အား လည်ချောင်းထက် အသက်ရှူရခက်စေရန်လုပ်နေသကဲ့သို့ပင်။ 

“ရှောင်ကျို့..."တွန့်ဆုတ်တွန့်ဆုတ်ခေါ်သံက သူ့နောက်မှလာ၏။

အဆုံးတွင်ဖြင့် လင်းပျန့်ယွီက မသက်မသာဖြစ်နေစွာဖြင့် သူ့နောက်လိုက်ပါလာ၏။ 

လင်းရုဖေးမှာ ဆိတ်ဆိတ်သာနေနေသည်။

“ရှောင်ကျို့...ဘာဖြစ်လို့လဲ"

လင်းပျန့်ယွီမှာ စိုးရိမ်သွားရကာ လင်းရုဖေးဘေးသို့လျှောက်သွားလိုက်ရာ ကျောက်ခေါင်းတလားထဲမှလူအား သတိထားမိသွားလေ၏။

လင်းရုဖေးမှာ ခေါင်းခါပြလာပြီး အားတင်းပြုံးလိုက်ရင်း:"ကျွန်....ကျွန်တော် အဆင်ပြေပါတယ်..အစ်ကို ကျွန်တော် အစ်ကို့ကိုလေ အပြင်သွားပြီးဝူအောင်းကို စောင့်ကြည့်ထားဖို့ ဒုက္ခပေးလို့ရနိုင်မလား" 

လင်းပျန့်ယွီက မေးလာ၏။

"အဲ့ဒီအပြင်ကလူက ဝူအောင်းလို့ခေါ်တယ်လား" 

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။ 

လင်းပျန့်ယွီက ဆိုလိုက်သည်။

"ဟုတ်ပြီ..ငါအခုသွားလိုက်မယ်"

သို့သော်လည်း သူက အတော်လေး မလွယ်မကူဖြစ်နေဆဲဖြစ်ကာ "ဒီလူက ဘယ်သူလဲ..သူက မင်းမိတ်ဆွေလား...မင်း....အဆင်ပြေရဲ့လား" 

လင်းရုဖေးက နောက်ထပ်အားတင်းပြုံးလိုက်ကာ:"ကျွန်တော် အဆင်ပြေပါတယ်" 

သို့သော်လည်း သူ၏ပင်ပန်းနွမ်းနယ်နေသည့် ပုံလေးအားကြည့်မိသည်နှင့် သူအဆင်ပြေနေပုံပေါ်မနေချေ။လင်းပျန့်ယွီက စိုးရိမ်ကြောင့်ကြလျက်ရှိသော်ငြား သူဘာပြောရမှန်းမသိချေ။အဆုံးတွင်ဖြင့် သူက သူ့အားမစိုးရိမ်ရန်တိုးတိုးလေးပြောလိုက်ရုံသာတတ်နိုင်ပြီး လင်းရုဖေးမှာသာ ပြောစရာတစ်ခုခုရှိသည်နှင့် သူ့အားပြောရမည်ဖြစ်ပြီး သူ(LBY)က သေချာပေါက်ဖြေရှင်းပေလိမ့်မည်ပင်။သို့သော်လည်း လင်းရုဖေးက ခေါင်းသာခါပြလာရင်း ဘာမှမပြောလာသည်က လင်းပျန့်ယွီကိုကူကယ်ရာမဲ့ဖြစ်သွားစေပြီး ယင်းက လှည့်ထွက်သွားကာ အပြင်ဘက်သို့လျှောက်သွားသည်အထိဖြစ်၏။ 

“ခဏ"လင်းရုဖေးက ရုတ်တရက်အော်ခေါ်လိုက်သည်။ 

လင်းပျန့်ယွီက အံ့အားတသင့်ဖြစ်သွားပြီး လှည့်ကြည့်လိုက်ရာ လင်းရုဖေးက တစ်ခုခုအားနားလည်သွားကာ သူ့အား စကားဆိုလာတော့မည်ဟု ထင်လိုက်မိသည်။သို့သော်လည်း လင်းရုဖေးက လင်းပျန့်ယွီအား ဝူအောင်း၏ဒဏ်ရာများအား ကုသပေးရန်နှင့် သူ့အားသေခွင့်မပေးလိုက်ရန် ဆိုလာမည်အား မည်သူသိမည်နည်း။ 

လင်းပျန့်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး "ဒါပေမယ့် ရှောင်ကျို့ သူကလူကောင်းတစ်ယောက်မဟုတ်ဘူးလေ" 

လင်းရုဖေးက ခါးသက်သက်ပြုံးလိုက်ကာ:"ကျွန်တော် သိပါတယ်" 

လင်းပျန့်ယွီက နှုတ်ခမ်းအား တင်းတင်းစေ့မိချေ၏။သူက လင်းရုဖေး၏အခက်ကြုံသွားရသည့် မျက်နှာအားသတိထားမိသွားသည်နှင့် သူမေးစရာများအား ရုတ်သိမ်းလိုက်လေသည်။သူက ဘာကြောင့်မှန်းမသိသော်လည်း သူက ဝူအောင်းမှာ လူကောင်းမဟုတ်ဟုဆိုလိုက်သည်တွင် လင်းရုဖေးမျက်နှာ၌ ရှက်ရွံ့မှုအချို့လွှမ်းခြုံသွားသည်ကိုမြင်လိုက်ရလေ၏။ယင်းက ဝူအောင်းအား အမှန်တကယ် သူသင်ကြားပေးခဲ့ရသည့်နှယ်။သ်ို့သော်ငြား လင်းပျန့်ယွီအပြင်ထွက်သွားသည်နှင့် သူ(WA)က သွေးစအချို့သာချန်ထားကာ ပျောက်ကွယ်သွားပြီးဖြစ်ပြီး မော့ချန်းရှန်က ဘေးတွင်တိတ်တဆိတ်ရပ်နေ၏။ 

သူက မော့ချန်းရှန်အား တွေ့ရာတွင် အနည်းငယ်ကိုယ်ကိုအကာအကွယ်ဟန် လုပ်ထားသော်ငြား မော့ချန်းရှန်က ဓါးထုတ်လာမည့်ပုံမရှိသည်အား သတိထားမိသွားသော် သူ့ထံလျှောက်သွားလိုက်ရင်း မေးလိုက်သည်။

"မင်းက မော့ချန်းရှန်မို့လား...ဘာလို့ဒီရောက်နေတာလဲ ..အဲ့ဒီလူက မင်းကိုဘာလုပ်ထားတာလဲ" 

မော့ချန်းရှန်က လင်းပျန့်ယွီအား ကြည့်သာကြည့်နေပြီး ပြန်ဖြေမလာခဲ့ချေ။ 

လင်းပျန့်ယွီက မေးလိုက်သည်။

"မင်း အဆင်ပြေရဲ့လား"

သူက မဝံ့မရဲစွာနှင့် လက်ဆန့်လိုက်ပြီး မော့ချန်းရှန်ပုခုံးအား ပုတ်လိုက်သော်လည်း မော့ချန်းရှန်က ပြန်ဖြေမလာခဲ့ချေ။ထိုပြင် သူက တစ်ခါတစ်ရံလောက် မျက်တောင်မခတ်လိုက်မိပါက မည်သူမှသူ့အား အသက်ရှိလူဟုယူဆကြမည်မဟုတ်။လင်းပျန့်ယွီက မော့ချန်းရှန်၏ပုံစံက သေချာပေါက် ဝူအောင်းဆိုသည့်လူနှင့်ဆက်စပ်နေရမည်ဟု သူ့ရင်ထဲတွင် သိလေ၏။သူက သွေးစီးကြောင်းနောက်လိုက်နိုင်ပါသော်လည်း လင်းရုဖေးအား အထဲတွင် တစ်ယောက်တည်းမထားခဲ့နိုင်၍ နေရာတစ်နေရာရှာလိုက်ပြီး ထိုင်စောင့်နေရသည်။  

လင်းရုဖေးက သူ့မျက်ရည်များအား တဖြေးဖြေးခြောက်အောင် လုပ်လိုက်ရင်း အသက်ပြင်းပြင်းရှူလိုက်လေ၏။သူ့တွင်သာ ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်သာမရှိပါက သူ့ရှေ့တွင်လှဲလျောင်းနေသော ကုရွှမ်းတုအား စိုက်ကြည့်ရင်း ကပ်ဆိုက်နေဟန်မျက်နှာထက်၌ အကူအညီမဲ့နေမည်ဖြစ်သည်။ကံကောင်းစွာနှင့် ကောင်းကင်ဘုံအုပ်ချုပ်သူမှတ်ဥာဏ်ထဲတွင် ဖြေရှင်းနည်းရှိသော်လည်း ဤနည်းက လည်း နောက်ဆက်တွဲအကျိုးဆက်များနှင့် ရှိချေ၏။ 

လင်းရုဖေးက သူ့ကိုယ်ထဲ၌ ဓါးဆန္ဒကကုန်ခန်းနေပြီဖြစ်ကာ ကုရွှမ်းတု၏ဝိဥာဥ်အား ကာကွယ်ရန် ဂါထာတည်ဆောက်ပုံတစ်ခု အောင်အောင်မြင်မြင်အခြေချနိုင်ပါ့မလား မသိချေ။ 

စဥ်းစားနေရင်းမှ သူ့လက်ပေါ်အစင်းရာတစ်ခု ဖြတ်လိုက်ပြီး ခေါင်းနိမ့်လိုက်ကာ တည်ဆောက်ပုံအားသုံးရန် သွေးစသုံးလိုက်လေ၏။ပုံမှန်တည်ဆောက်ပုံတစ်ခုအား ကျောက်နီတုံးတစ်ခုသုံး၍ရသော်လည်း ဤတစ်ခုသည်ကား အားကောင်းလွန်း၍ သွေးနှင့်သာ အစပျိုးပေးရလေ၏။ 

သို့သော်လည်း လင်းရုဖေးမှာ အခြားအရာများအား တွေးရင်းအလုပ်ရှုပ်နေ၍ သူ့လက်ပေါ်ရှိဒဏ်ရာအား မခံစားနိုင်ချေ။သူ့ခန္ဓာကိုယ်က အနည်းငယ်အေးလာသည်ဟု ခံစားရသော်လည်း သူ၏သွေးမဲ့မျက်နှာက ဖြူဖျော့လာမှန်း မသိခဲ့ပေ။ 

ဤတည်ဆောက်ပုံက အတော်လေးရှုပ်ထွေးသော်လည်း လင်းရုဖေးမရပ်လိုက်ရဲသည်က ကုရွှမ်းတုကျောက်ခေါင်းတလားထဲ ဝင်သွားသည်နှင့် သူ့ဝိဥာဥ်က ကိုယ်မှထွက်သွားလိမ့်မည်ပင်။ပြန်ရရန် စောစောလေး မလုပ်ထားပါက အလွန်မြန်စွာ လွင့်ပျယ်သွားပေလိမ့်မည်။ လင်းရုဖေးက ခေါင်းနိမ့်လိုက်ရင်း တည်ဆောက်ပုံအနားထောင့်လေးများအား နည်းနည်းချင်းစီဖြည့်လိုက်ရင်း ရေးဆွဲထားသည်က အပြည့်ပြီးသွားသည်နှင့်

သူ့လက်များသည်လည်း ဒဏ်ရာဗလပွဖုံးသွားလေ၏။ 

“အဟွတ်..အဟွတ်..အဟွတ်..."

အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီးနောက် လင်းရုဖေးက သက်တောင့်သက်တာမရှိသည်အား အားတင်းလိုက်ပြီး နောက်ဆုံးသော စုတ်ချက်အား အပြီးသတ်ရန် ရုန်းကန်လိုက်ရသည်။နောက်ဆုံး၌ သူက ခါးထက်ရှိကုယွီအား ဆွဲထုတ်လိုက်ကာ အားနှင့်တည်ဆောက်ပုံ၏အလယ်ထဲသို့ ထည့်စိုက်လိုက်လေသည်။ဤသည်က ကုရွှမ်းတုက သူ့အားဓါးထဲသို့ပြန်ခေါ်ရန် သုံးသည့်နည်းလမ်း ဖြစ်လေ၏။သူက ကုရွှမ်းတု၏ကိုယ်ပေါ်တွင် အသုံးချလိုက်ပါက အလုပ်ဖြစ်ပါ့မလားတော့ မသိချေ။ 

လင်းရုဖေးက စိုးရိမ်ပူပန်နေသော်လည်း အံကြိတ်ထားဆဲဖြစ်ပြီး သူ၏ဓါးသွားအာရုံစူးစိုက်မှုအား တည်ဆောက်ပုံတစ်ခုလုံးပေါ်သို့ အပြည့်ထည့်လိုက်လေ၏။တည်ဆောက်ပုံက အလင်းဖျော့ဖျော့လေးစထွက်လာကာ အလင်းတန်းကလည်း တဖြေးဖြေးနှင့် ကုယွီအပေါ်စုဆုံသွားလေ၏။မကြာမီ ကုယွီက ပြန်လည်တုန့်ပြန်လာသည့်နှယ် တကျည်ကျည်မြည်လာလေသည်။ 

_____


Translated By IQ-Team.