အပိုင်း ၁၆၁
Viewers 37k

Chapter 161


Chapter 161
စုန်းမျိုးနွယ်၀င်များ


လင်းရုဖေးက သူ့လက်အား ဖမ်းကိုင်ထားပြီး သူ့အား စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။မျက်နှာက အတုဖြစ်နိုင်သည်ဟု ဆိုရသော်လည်း ပုံရိပ်မှာ အတုဟုပြောရန်ခက်ခဲလွန်းလှသည်။သူ့အရှေ့ရှိလူက ဖူဟွားနှင့်ယွီရွေ့တို့ဖြင့်အတော်လေးတူ၏။သူသာ နည်းနည်းလောက်ပုပါက အရွယ်မရောက်တရောက်ကလေးနှင့်ပိုတူပေလိမ့်မည်။

"မင်းဘာလို့ လူတွေကို ဒီလိုမျိုးခြောက်နေရတာလဲ" 

ရှာတွေ့ခံလိုက်ရသည်နှင့် ထိုလူက သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ့မျက်နှာသွင်ပြင်များကလည်း မျက်နှာထက်ပြန်ပေါ်လာ၏..ယခုအကြိမ်တွင်မူ ဖူဟွားနှင့်ယွီရွေ့တို့နှင့် မတူတော့ချေ။ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်လေး၏မျက်နှာဖြစ်ပြီး မျက်လုံးနက်နက်များက လင်းရုဖေးအား အကူအညီမဲ့နေဟန်ဖြင့်ကြည့်နေသည်။

"ခင်..ခင်ဗျားက မကြောက်ဘူးလား" 

လင်းရုဖေးက စိတ်သဘောထားကြီးစွာ ပြန်ဖြေပေးသည်။

"မကြောက်ဘူး" 

ထိုလူ:"........" 

“မင်းနာမည်က ဘာလဲ"လင်းရုဖေးက မေး၏။

“ငါမင်းကို မပြောဘူး"

ထိုလူက ဤသို့ပြောလိုက်သည်နှင့် ခါးထက်ရှိလက်နက်အား ဆွဲချကာ လင်းရုဖေးအား တိုက်ခိုက်လာ၏။လင်းရုဖေးသည်ကား ပြင်ဆင်နှင့်ပြီးဖြစ်လေ၏။သူက လက်တစ်ဖက်နှင့် သူ့အားထိန်းကိုင်ထားရင်း ကျန်လက်တစ်ဖက်နှင့် ဓါးအိမ်မှကုယွီအား ဆွဲထုတ်လိုက်သည်။သူက ဓါးသွားအား ထိုလူ့လည်ပင်းထက် တည့်တည့်ချိန်ထားကာ အားဖွဖွလေးနှင့် သွေးစီးကြောင်းပေါ်လာသည်ထိ လည်ပင်းအား ဖြတ်လိုက်လေ၏။  

“အမှုမဲ့အမှတ်မဲ့လေးတောင် မရွေ့လိုက်နဲ့နော်..ငါ့ဓါးစွမ်းရည်က အကောင်းကြီးမဟုတ်ဘူး"လင်းရုဖေးက မခိုးမခန့်အပြုံးလေးဖြင့် ဆက်၍ဆိုသည်။

"ငါက ခွန်အားကိုမထိန်းချုပ်နိုင်ဘူး..ရိုးရိုးလေးသတိမထားမိတာနဲ့ မင်းခေါင်းပြတ်သွားမယ်..အဲ့ဒါဆိုရင် မင်းတကယ်ကြီး သရဲတစ်ကောင်ဖြစ်လာပြီးတော့ ထပ်ပြီးငြင်းဆန်နေဖို့ နေရာတောင်ရှိမှာမဟုတ်တော့ဘူး" 

ထိုလူက နေရာမှာတင် ချက်ချင်းတောင့်ခဲသွားတော့သည်။ 

“မင်းနာမည်က ဘာလဲ"လင်းရုဖေးက သူ့အား မေးလိုက်သည်။ 

“ဝူရှင်း[1]"

သူ့ဘဝလေးက အန္တရာယ်တောထဲကျနေပြီဖြစ်၍ လင်းရုဖေးမေးခွန်းအား ဖြေရန်သာ ရွေးချယ်လိုက်ရသည်။ 

“ဝူရှင်းလား...မင်းတကယ်ပဲ စုန်းမျိုးနွယ်စုကလား"

လင်းရုဖေးက ရေရွတ်လိုက်သည်။

"မင်းဘာလို့ ဒီနေရာမှာ လူတွေကို ခြောက်လှန့်နေရတာလဲ" 

လင်းရုဖေးလက်ထဲရှိဓားအား တင်းတင်းဖိချလိုက်သည်အထိ ဝူရှင်းမှာ ပြောပြရန်ငြင်းဆန်နေပြီး အဆုံးတွင်မကျေမနပ်ဖြစ်နေသည့် အမူအရာနှင့် ပြန်ဖြေလာ၏။

"ဘာလို့ဆို အရမ်းပျင်းလွန်းလို့လေ"  

လင်းရုဖေး : "......." 

“ကျွန်တော့အမေက အပြင်ထွက်ဖို့တားမြစ်ထားတာ...သူမပြောတာက အပြင်ဘက်မှာ လူဆိုးတွေရှိတယ်တဲ့ တိုင်းတစ်ပါးသားတစ်ယောက် လာလည်ပြီးကျွန်တော်သာ ခြောက်မလွှတ်လိုက်ရင် အများကြီးဆုံးရှုံးသွားမှာပေါ့" ဝူရှင်းက သူ့ခံယူချက်နှင့် ငြင်းခုန်လာ၏။  

လင်းရုဖေးက ရေရွတ်လိုက်သည်။

"မင်းက ပျင်းနေတာလား" 

“အဲ့ဒါဆို ပြောပြစမ်းပါဦး..."

ဝူရှင်းက သက်ပြင်းချလိုက်ပြီး"သူတို့က အထဲကိုဝင်ဖို့ကြောက်ကြတယ်..ရှင်းရှင်းပြောရရင် အထဲကိုမလာရဲဘူး..ကျွန်တော့်မှာသာ ကစားဖော်မရှိရင် ပိုပြီးတောင် ပျင်းစရာကောင်းဦးမယ်လေ" 

လင်းရုဖေးက သက်ပြင်းချလိုက်ပြီး"သူတို့ဘာလို့ အထဲဝင်လာဖို့ကြောက်ကြမှန်း မတွေးမိဖူးလား" 

ဝူရှင်းက ခေါင်းခါပြလာ၏။ 

လင်းရုဖေးက သူ့အားဖြေပေးလာသည်။

"ဒါတွေအားလုံးက မင်းသူတို့ကိုခြောက်လွှတ်လိုက်လို့လေ" 

ဝူရှင်းက တောင့်ခဲသွားရပြီး နားမလည်ဟန်ပြလာ၏။

"အို့...အဲ့ဒါက အလုပ်ဖြစ်သွားတဲ့ပုံပဲ" 

လင်းရုဖေး၏မျက်နှာမှာ ကုရွှမ်းတုက စုန်းမျိုးနွယ်စုအကြောင်းကောင်းကောင်းသိပါသလားဟု တွေးမိကာ ကူကယ်ရာမဲ့သွားဟန်ဖြင့်အဆုံးသတ်သွားလေ၏။ဤမျိုးနွယ်စုဝင်များက အပြင်လောကအကြောင်း အတွေ့အကြုံမရှိပုံပေါ်ပြီး သူတို့ရှေ့ကလူသည်ဖြင့် ယင်း၏အပြီးပြည့်စုံဆုံး ဥပမာဖြစ်လေသည်။  

လင်းရုဖေးက ဤအခြေအနေအား ချင့်ချိန်စဥ်းစားလိုက်ပြီးနောက် ဆိုလိုက်သည်။

"ငါက မင်းကိုဆွဲထားမှာမဟုတ်ဘူး..ဒါပေမယ့် မင်းဆက်မပြေးသင့်ဘူး..ငါက မင်းကိုမေးခွန်းလေးနည်းနည်းမေးချင်ရုံပဲ"

ဝူရှင်းက တစ်ခဏမျှတုန့်ဆိုင်းနေသော်ငြား လင်းရုဖေး၏တောင်းဆိုချက်အား သဘောတူချင်ဟန် ခေါင်းညိမ့်နေဆဲပင်။လင်းရုဖေးက သူ့လက်အား လွှတ်ပေးလိုက်ပြီး မီးပုံဆီသို့လှည့်သွားရာ ဝူရှင်းက သူ့နောက်ကနေမေးလာ၏။

"ခင်ဗျားက ကျွန်တော်ထွက်ပြေးသွားမှာမကြောက်ဘူးလား" 

လင်းရုဖေးက ဆိုသည်။

"အဆင်ပြေပါတယ် ..ဘာပဲဖြစ်ဖြစ် ငါက စုန်းမျိုးနွယ်စုဆီသွားမှာပဲလေ..မင်းသာထွက်ပြေးသွားရင် မင်းအိမ်ကိုသွားပြီးတိုင်ရမှာပေါ့" 

ဝူရှင်းက ဤသည်အား ပြောစရာမရှိဖြစ်သွားရသည်။သူက ထွက်ပြေးမည့်အကြောင်း ထပ်မပြောလာတော့ဘဲ လင်းရုဖေးနောက် တိတ်တိတ်လေးလိုက်လာ၏။ကလေးဆိုးတစ်ယောက်အား ထိန်းချုပ်ရန်အကောင်းဆုံးနည်းလမ်းမှာ သူတို့အိမ်ဆီသွားပြီးတိုင်တန်းရန်ဖြစ်၏။လင်းရုဖေးက ယင်းနှင့်ပတ်သတ်ပြီး ကောင်းကောင်းသိလေသည်။  

လင်းရုဖေးက မီးပုံလေးအား မီးပြန်ထွန်းလိုက်ကာ မြေပြင်ပေါ်ထိုင်ချလိုက်သည်။ဝူရှင်းက သူ့ဘေးတွင် နာနာခံခံထိုင်လာပြီး သူက သူ့အမေ၏ကြိမ်ကြာပွတ်က အလွန်နာလွန်းလှ၍ ဤအကြောင်းအား မပြောပြရန် ပြောလာပြီး လင်းရုဖေးအား ရှက်ရွံ့စွာဆွေးနွေးလာ၏။ 

လင်းရုဖေးက အတွေးတို့နစ်နေရင်း"ငါအဲဒီအကြောင်း တွေးနေတာ" 

“အဲ့ဒီအကြောင်းတွေးမနေပါနဲ့တော့...ခင်ဗျားဘာမေးချင်တာလဲ..ကျွန်တော်က စုန်းမျိုးနွယ်စုနဲ့ အတော်လေးရင်းနှီးတယ်"ဝူရှင်းက ရင်ဘတ်ကိုပုတ်ပြရင်း ပြန်ဖြေလာ၏။ 

မီးပုံလေးမှ မီးစအား ချေးယူလိုက်ရင်း လင်းရုဖေးမှာ သူ့ဘေးရှိကလေးအား နီးနီးကပ်ကပ်ကြည့်လိုက်လေသည်။သူ့အဝတ်အစားများက သူယခင်ကမြင်ဖူးသည့် ဝူအောင်းဝတ်ထားသည်နှင့် အတော်လေးဆင်တူကာ မျက်နှာအုပ်ပဝါအား ပတ်မထားသည်သာရှိလေ၏။ဝူရှင်းက ဆယ်ကျော်သက်အရွယ်လောက်ပင်ရှိလောက်မည်ဖြစ်ပြီး အဆိုးလေးများ၏အရွယ်ပင်ဖြစ်ချေ၏။သူက ဘာမျှလုပ်စရာမရှိ၍ ညလယ်ကြီး လူများအား ခြောက်လှန့်ရန်ထွက်လာခဲ့သည်က အံ့သြစရာမရှိချေ။ 

“ငါ့မိတ်ဆွေဟောင်းက ဒီနေရာမှာချန်ထားခဲ့တဲ့ တစ်ခုခုကို ပြန်လာယူတာ မင်းတို့မျိုးနွယ်စုရဲ့ စုန်းအကြီးအကဲဝူမင်ကလေ...သေသွားပြီလား" 

“စုန်းအကြီးအကဲလား"

ဝူရှင်းက သံယောင်လိုက်လိုက်ပြီး"ဟုတ်တယ်လေ..သူက လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတည်းက သေသွားခဲ့ပြီ"

သူက ခေါင်းကုတ်လိုက်ရင်း"ခင်ဗျားသူ့ကို ဘာအတွက်မေးတာလဲ" 

“ငါ့မိတ်ဆွေဟောင်းရဲ့ ပစ္စည်းက သူနဲ့ချန်ထားခဲ့တာ"လင်းရုဖေးက ပြန်ဖြေလာ၏။ 

“ဟမ်..ဒါဖြင့် ခင်ဗျားအဲ့ဒါကို ပြန်မတောင်းနိုင်တော့ဘူး"

ဝူရှင်းက အသံကိုနိမ့်လိုက်ရင်း သူက တစ်ခုခုအား ထိတ်လန့်နေပုံရကာ:"သူသေသွားပြီးတော့ သူနဲ့ပတ်သတ်တဲ့အရာအားလုံး ဖျက်ဆီးခံလိုက်ရတယ်...ပုံတူပန်းချီလေးတောင်မချန်ခဲ့ဘူး" 

လင်းရုဖေးက တောင့်ခဲသွားရကာ:"ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

နှစ်ပေါင်းရာချီကြာသွားပြီဆိုသော်ငြား စုန်းအကြီးအကဲဝူမင်၏ ဂုဏ်သတင်းမှာ ကျော်ကြားနေဆဲပင်။ သမိုင်းဝင်ပစ္စည်းများထဲ၌ သူ့အရိပ်အား မြင်နိုင်ပေ၏။မူလက သူ့သေဆုံးမှုက ဝမ်းနည်းဖွယ်ကောင်းသည့်အရာဖြစ်သော်လည်း ဝူရှင်း၏ပြောပြချက်အား နားထောင်ကြည့်ရသလောက် သိသိသာသာပင် နောက်ကွယ်တွင် တစ်ခုခုရှိပေလိမ့်မည်။ 

ဝူရှင်းက ဆက်ပြောလာ၏။

"ဟင်း..လည်သူစားစတမ်းပေါ့ ဘယ်လောက်ပဲစွမ်းအားကြီးကြီး အဲ့ဒါက အရင်အချိန်ကပဲလေ...သူကရှုံးသွားပြီဆိုတော့ အရာအားလုံးပြီးသွားပြီလေ"

သူက လက်ယမ်းပြလိုက်ပြီး"ကျွန်တော်လည်း ဘာဖြစ်ခဲ့တာမှန်း တိတိကျကျမသိပေမယ့် ဝူမင်နဲ့ဆိုင်တဲ့ ကျွန်တော်တို့မျိုးနွယ်စုသမိုင်းဝင်ပစ္စည်းတွေ အကုန်မီးလောင်သွားပြီ..ကျွန်တော်တို့တောင် ခင်ဗျားတို့လိုအပြင်လူတွေသိသလောက် သူ့ကိုမသိကြဘူး..ကျွန်တော်ကြီးလာကတည်းက ကျွန်တော့အမေဆီကနေ သူ့နာမည်ကို အကြိမ်အနည်းငယ်လောက်ပဲကြားဖူးတာ..ခင်ဗျားတို့သူ့ကိုရှာချင်ရင် စိတ်ပျက်သွားရမှာပဲ"  

လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး"အဲ့ဒီနှစ်က စုန်းမျိုးနွယ်စုမှာ ဘာဖြစ်ခဲ့တာလဲ"

သမိုင်းက ပြောထားခဲ့သည်မှာ စုန်းအကြီးအကဲက အာဏာအတွက်တိုက်ခိုက်ခဲ့သည်ဆိုသော်ငြား လင်းရုဖေးက အကယ်၍များ အာဏာတစ်ခုတည်းအတွက်သာတိုက်သည်ဆိုပါက ဘာကြောင့်များ ဤပမာဏအထိဖြစ်လာရသလဲဟု ခံစားရလေသည်။ 

ဝူရှင်း "ကျွန်တော်လည်း သိချင်မိတယ်..ဒါပေမယ့် မှတ်တမ်းတွေကပျက်သွားတာကြောင့် လူအနည်းစုလောက်ပဲ သိကြတာ"

သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အနားကပ်ပြောလာ၏။

"ကုန်းဇီ..ဝူမင်ဆီဘာချန်ထားခဲ့တာလဲ" 

လင်းရုဖေးက ပြန်ဖြေလိုက်၏။

"ငါ့မိတ်ဆွေရဲ့နှလုံးသား" 

ဝူရှင်းက လက်ခုပ်လက်ဝါးတီးပြီး ပြုံးတုံ့တုံ့အမူအရာဖြင့်ဆိုလာည်။

"ဒါဆို အဲ့တာက အချစ်ကြွေးပဲ" 

ကုရွှမ်းတုက ဘေးဘက်မှ စိုက်ကြည့်လိုက်နေရင်းသု့မျက်နှာကလည်း "ရှောင်ကျို့..ဒါမျိုးကမနောက်ကောင်းဘူး "ဆိုပြီး စူးစူးဝါးဝါးအော်ဟစ်တော့မည့်နှယ်ရှိနေ၍ လင်းရုဖေးမှာ မရယ်ဘဲမနေနိုင်ပေ။ 

ဝူရှင်းက ကုန်းဇီဘာလို့ရယ်နေတာလဲဟု မေးလာ၏။ 

လင်းရုဖေးက မျက်လုံးထောင့်များ ကွေးညွတ်သွားကာ"ငါက မင်းနောက်မှာရပ်နေတဲ့သူကို ရယ်ပြနေတာပါ" 

ဝူရှင်းက ထိုအရာအား မယုံကြည်ချေ။ထူးမခြားနားဖြစ်နေသည့် အမူအရာနှင့် သူကဆိုသည်။

"ကျွန်တော့်ကို လာလိမ်မနေနဲ့..ကျွန်တော်အဲ့ဒါတွေကို မကြောက်ဘူး"

သို့သော်လည်း တစ်ခဏအကြာ၌ သူ့ပုခုံးမှာအပုတ်ခံလိုက်ရကာ မျက်နှာထက်ရှိ တောက်တောက်ပပအပြုံးသည်လည်း ရုတ်တရက် တောင့်ခဲသွားတော့သည်။သူက ခေါင်းအား ဖြေးဖြေးချင်းလှည့်ကြည့်လိုက်သည်။လူအရိပ်မဆိုထားနှင့် သရဲတေစ္ဆအရိပ်အရောင်ပင် မမြင်ရချေ။ 

ဝူရှင်း၏မျက်ဆံများက ကျုံ့သွားရကာ တုန်တုန်ယင်ယင်အသံနှင့်မေးလာ၏။

"ဘယ်...ဘယ်သူက ကျွန်တော့ပုခုံးကို ပုတ်နေတာလဲ"

လင်းရုဖေးက သူ့မျက်နှာချင်းဆိုင်တည့်တည့်တွင် ထိုင်နေကာ ကြောက်တတ်သည့်အစေခံမလေးနှစ်ယောက်မှာလည်း သေချာပေါက်ထိုသို့သတ္တိရှိမည်မဟုတ်ချေ။

အနီးအနားတွင်လည်း ဘယ်သူမှမရှိ၍ ..ဘယ်သူများပါလဲ... 

လင်းရုဖေးက ပြုံးလိုက်ပြီး"သေချာပေါက် သရဲပဲနေမှာ..ခုတစ်ကြိမ်က ငါမင်းကို မလိမ်ဘူး" 

ဝူရှင်းက အီလည်လည်ဖြစ်သွားသည်။သူက မတ်မတ်ရပ်ကာ ပြေးလိုက်ချင်သော်ငြား လင်းရုဖေးထံမှ အချိန်ကိုက်အတားခံလိုက်ရသည်။လင်းရုဖေးက ပြုံးလိုက်ပြီး စနေတာပါဟု ပြောလိုက်ရသည်။ဝူရှင်းပုခုံးပေါ်ယခုတွင် ဖိလိုက်သည်က အဆောင်တစ်ခုသာဖြစ်လေ၏။သူက ဝူရှင်းအား ထပ်ပြီးမကြောက်သွားစေရန် ပြောလိုက်ရသည်။လူတစ်ယောက်သာ သတ္တိရှိပါက အဆင်ပြေနေဆဲပင်။သို့သော်လည်း ခံနိုင်ရည်မရှိသည့်သူဆိုပါက သေလောက်အောင်အခြောက်ခံရပါက သေပင်သေသွားနိုင်ချေသည်။ 

ဝူရှင်းက တွန့်ဆုတ်စွာနှင့် ခေါင်းညိမ့်ပြလိုက်ပြီး အနာဂတ်တွင် လူတွေကို မခြောက်လှန့်တော့ဘူးဟု ပြောလာ၏။ထို့ပြင် သူက အဲ့ဒါက တကယ်ပဲ အဆောင်တစ်ခုလားဟု ထပ်မေးလာသည်။

လင်းရုဖေးက အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်လေ" 

“အဆောင်...ကိုယ်က အဆောင်တစ်ခုသာသာပဲပေါ့လေ"

ကုရွှမ်းတုက လင်းရုဖေး ပုခုံးအပေါ်မေးတင်ပြီးဆိုလာသည်။လင်းရုဖေး၏ ကျောက်စိမ်းဖြူရောင် နားဖုလေးအား ကြည့်လိုက်ပြီး ဖွဖွလေးမကိုက်လိုက်ရဘဲ မနေနိုင်ကာ"ရှောင်ကျို့က ဒီလိုပြောမှတော့ ကိုယ်သိပ်မပျော်တော့ဘူးကွာ" 

လင်းရုဖေးက ကုရွှမ်းတုထံမှအကိုက်ခံလိုက်ရသည်ကို တစ်ခုမှပြောမလာခဲ့သော်လည်း တခြားအကြောင်းကိုသာ တိုးတိုးလေးပြောလိုက်၏။

"အကြီးအကဲ...အကွက်တွေလုပ်နေတာရပ်လိုက်ပါတော့"  

ကုရွှမ်းတုက ပြန်ဖြေသည်။

"ကိုယ်အကွက်တစ်ခုလုပ်ချင်သေးတယ်"

သူက ဤသို့ပြောလိုက်ပြီးသည်နှင့် မပျော်မရွှင်ဖြင့်နောက်ထပ်တစ်ကိုက်ကိုက်လိုက်လေ၏။  

ဤသို့ကြောက်လန့်တကြားဖြစ်ပြီးနောက် ဝူရှင်းလည်း ပိုပြီးရိုးသားလာသည်။သူက စုန်းမျိုးနွယ်စုနှင့်ပတ်သတ်သည့် မေးခွန်းများမေးရန် ဤအခွင့်အရေးအား အမိအရဆုပ်ကိုင်ထားသည့် လင်းရုဖေးဘေးတွင် နာနာခံခံထိုင်နေသည်။သူက စုန်းမျိုးနွယ်စုသည်ကား လက်ရှိဝူမင်၏အကြီးဆုံးတပည့်လက်ထဲတွင် ရှိနေပြီး စုန်းမျိုးနွယ်စုရှိလူများကလည်း သာမန်လူများနှင့် အတော်လေးဆင်တူမနေချေ။သူတို့၏ကျင့်ကြံခြင်းအဆင့်များက မမြင့်ကြသော်လည်း ဘဝသက်တမ်းရှည်ကြလေသည်။ဝူမင်၏အကြီးဆုံးတပည့် ဝူယင်သည်ကား ကျင့်ကြံခြင်းအဆင့်မြင့်ရုံသာမက နှစ်ရာပေါင်းများစွာလည်း နေဖူးချေ၏။ 

“ခင်ဗျားသာ ဝူမင်နေရာမှာထားတဲ့ တစ်ခုခုကိုရှာချင်ရင် သူ့ကို နှောင့်ယှက်ရလိမ့်မယ်"

ဝူရှင်းက ဆက်ပြောလာသည်။



.....

1] ဝူရှင်း:ဝူက "စုန်း"လို့အဓိပ္ပါယ်ရပြီး ရှင်းက "နှိပ်စက်ညှင်းပမ်းတာ..အပြစ်ဒဏ်..အပြစ်"လို့အဓိပ္ပါယ်ရပါတယ်