Chapter 160
စုန်းမျိုးနွယ်၀င်များ
ကောင်းကင်က မှောင်လာတော့မည်။ဤမြူခိုးများပါ ထပ်ပေါင်းလာပါက ဘာမျှမြင်ရတော့မည်မဟုတ်ချေ။
ယွီရွေ့က အနည်းငယ် ကြောက်ရွံ့သွားသဖြင့် ဖူဟွားထံတိုးပြီးမှီလိုက်ကာ မေးလိုက်သည်။
"မမ ဖူဟွား..ဒီမှာ တကယ်ကြီး မိစ္ဆာတွေမရှိဘူးမလား"
ဖူဟွားက ပြန်ဖြေ၏။
"မိစ္ဆာတွေကို မကြောက်ပါနဲ့..ကြည့်လေ ချီယွီကလည်း မိစ္ဆာပဲမဟုတ်လား..သူက အရမ်းချစ်ဖို့ကောင်းတယ်လေ.."
ယွီရွေ့ကအသံတိုးတိုးလေးဖြင့်"မမ မှန်တယ်"
နှစ်ဦးသား တိတ်ဆိတ်သွားကြကာ သူတို့အရှေ့မှမီးပုံလေး၏ တကျွတ်ကျွတ်မြည်သံလေးသာ ထွက်နေ၏။ယွီရွေ့က သမ်းဝေလိုက်ကာ အနည်းငယ်အိပ်ချင်နေသော်လည်း မကြာမီ ပုခုံးပုတ်ခံလိုက်ရသည်။သူမက ဖူဟွားက သူမအား သတိပေးနေသည်ဟုထင်၍ မျက်လုံးများပွတ်ကာ ပြောလိုက်သည်။
"မမ ဖူဟွား ..ပုခုံးမပုတ်နဲ့နော် ..ညီမကြောက်တယ်"
သူမက သရဲပုံပြင်များအား အမှတ်ရလာ၏။
ဖူဟွားက စိတ်ရှုပ်ထွေးစွာ ခေါင်းလှည့်လာပြီး ပြန်ဖြေလိုက်သည်။
"ဟမ်..ငါနင့်ကို မပုတ်ဘူးလေ..အာ..."
ယွီရွေ့က အေးခဲသွားကာ:"ဒါဖြင့်....."
သူမစကားများထွက်ကျလာသည့်ခဏ သူမပုခုံးက ထပ်မံအပုတ်ခံလိုက်ရပြီး ယခုအကြိမ်တွင်ဖြင့် ဖူဟွား၏လက်နှစ်ဖက်ကလည်း သူမအရှေ့တွင်ငြိမ်သက်စွာရှိနေသဖြင့် ပုတ်သည့်သူမှာ သူမ မဖြစ်နိုင်။ယွီရွေ့ကိုယ်က ချက်ချင်း အေးခဲလာပြီး သူမမျက်နှာသည်လည်း စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့လာ၏။
ဖူဟွားက ယွီရွေ့၏ပြောင်းလဲမှုများအား မြင်လိုက်ကာ ချက်ချင်းသဘောပေါက်သွားလေ၏။
သူမက လေးလံစွာ တွံတွေးမြိုချလိုက်ပြီး မေးလိုက်သည်။
"တစ်ယောက်ယောက်...တစ်ယောက်ယောက်က တကယ်ကြီး နင့်ကိုပုတ်လိုက်တာလား"
ယွီရွေ့က တောင့်တောင့်ကြီး ခေါင်းညိမ့်ပြလာသည်။
“ကြည့် ..ကြည့်ရအောင်"
ဖူဟွားက ဖြေးဖြေးချင်း ခေါင်းလှည့်ကြည့်လိုက်သော်ငြား ဘာမျှမတွေ့ချ။သူမတို့နောက်တွင်ဖြင့် အဆုံးအမရှိအခိုးအငွေ့များနှင့် အမှောင်ထုကြီး။အလင်းနှင့် အပူဓါတ်အား စုပ်ယူထားသည့် ရေဝဲကယက်ကြီးကဲ့သို့ပင်။
“ဘာမှမရှိပါဘူး မိစ္ဆာလည်းမရှိဘူး...လူလည်းမရှိဘူး"
ယွီရွေ့က ရှိုက်ကာငိုတော့သည်။သူမက တစ်ယောက်ယောက်က ပခုံးအားထပ်မံ၍ပုတ်လိုက်သည်ကို ခံစားရပြန်သည်။နှစ်ချက်မျှငိုလိုက်ပြီးသည်နှင့် သူမ သခင်ငယ်လေးရဲ့ ရယ်သံစွက်နေသည့်အသံထွက်လာသည်။
"မင်း ကြောက်နေတာလား..ဟ...ဟ..."
“ဝူး..ဝူး..ဝူး..သခင်လေး ကျွန်မတို့ကို ထပ်မစပါနဲ့တော့"
ယွီရွေ့က ငိုနေရင်းမှ စူးစူးဝါးဝါးအော်လိုက်ကာ:"သခင်လေးက တစ်ယောက်ယောက်ကို သေအောင်ခြောက်နေတာပဲ..သိလား"
မြူနှင်းများအလယ် သူမ၏သခင်ငယ်လေးပုံရိပ်က ဘွားခနဲပေါ်လာကာ သူ့အသံကလည်း အနည်းငယ် ရယ်သံစွက်နေပြီး:"တကယ်လား"
ဖူဟွားမှာ ရုတ်တရက် တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။သူမက ယွီရွေ့အား ကိုင်ထားရင်း ခေါင်းခါပြလာ၏။ထို့နောက် သူမက ရထားလုံးအား မေးထိုးပြလိုက်သည်။ရထားလုံးမှာ သူတို့နှင့် အလွန်နီးကပ်နေကာ လိုက်ကာများလည်း မချထား၍ တစ်ချက်ကြည့်ရုံနှင့် အထဲတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် လင်းရုဖေးအား တွေ့နိုင်၏။
ဆိုရလျှင် လင်းရုဖေးသာ အိပ်ပျော်နေပါက ယခုအချိန်တွင် သူတို့နောက်တွင် ရပ်နေပြီး ပြုံးပြနေသည်က ...
အတိအကျ..ဘယ်သူ..များပါလဲ...။
ဖူဟွားနှင့် ယွီရွေ့တို့ကတစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြပြီး နှစ်ဦးသားမျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အရောင်တို့အား မြင်နေရသည်။သူတို့က လည်ပင်းကြောများထောင်၍ ရထားလုံးထဲတွင်အိပ်နေသည့်သူအား တစ်ချက်ကြည့်ပြီးနောက် မြူခိုးထဲရှိမှုန်ပျပျပုံရိပ်အား ကြည့်ရန် ဖြေးဖြေးချင်းခေါင်းလှည့်လိုက်၏။
အစေခံမလေးများက အမှန်တရားအားနားလည်သွားကြပုံရသည်နှင့် မြူခိုးထဲရှိပုံရိပ်သည်လည်း နောက်တစ်လှမ်းဆုတ်သွားကာ အမှောင်ထုထဲဝယ် ကွယ်ပျောက်သွားတော့သည်။
“အူး ဝါး....."
ကြောက်ရွံ့မှုကြီးက ယွီရွေ့အား ကျယ်ကျယ်လောင်လောင်အော်ငိုသွားစေ၏။သူမက ဖူဟွားလက်အားဆုပ်ကိုင်လိုက်ပြီး အနိုင်ကျင့်ခံရသည့် ကလေးတစ်ယောက်နှယ် အသက်ရှူရပ်မတတ်ငိုနေတော့သည်။
"မမဖူဟွား..အဲ့ဒီဟာကြီးက ဘာကြီးလဲ..ညီမလေးတကယ်ကြောက်လာပြီ..."
ဖူဟွားမှာလည်း ဖျော့တော့နေသော်ငြား ကံကောင်းစွာနှင့် သူမ၏စိတ်ခံစားချက်တို့အား ထိန်းချုပ်လိုက်နိုင်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မအော်လိုက်နဲ့ ..သခင်လေးကို မနိုးစေနဲ့လေ"
ယွီရွေ့က ငိုရင်းပြောလာ၏။
"အဲ့ဒါက တကယ်ကြီး သခင်လေးလား..သခင်လေးက မိစ္ဆာတွေဆီ အဖမ်းခံလိုက်ရပြီးပြီလား"
သူမ၏သနားစဖွယ်မျက်နှာအား မြင်ပြီးနောက် ဖူဟွားမှာ အမှန်ပင် စိတ်ညစ်သွားရကာ တစ်ချိန်တည်းမှာပင် ရယ်ချင်လာရသည်။
သူမက အံတင်းတင်းကြိတ်လိုက်၍ဆိုလိုက်သည်။
"မ..မကြောက်ပါနဲ့ အဲ့ဒီဇာတ်လမ်းတွေက တမင်သက်သက် လူတွေကိုခြောက်ဖို့သုံးထားတာ..အဲ့ဒာကြီး အနားကိုမကပ်လာရဲတာ မမြင်ဖူးလား"
သူမအသံသာ တုန်ယင်မနေပါက ဖူဟွားစကားများက ပို၍ယုံကြည်စိတ်ချချင်စရာကောင်းပေမည်။
ယွီရွေ့မှာ ငိုသာငိုနေပြီး ခေါင်းညိမ့်ပြရုံသာတတ်နိုင်လေ၏။
လင်းရုဖေးမှာ အိပ်ပျော်နေသော်ငြား နိုးနေပြီးဖြစ်သည်။ သူက အအိတ်ဆတ်သူတစ်ဦးဖြစ်ကာ ဆူညံသံညင်းညင်းလေးကပင် သူ့အားနိုးစေ၍ သူ့အစေခံမလေးများ၏ စူးစူးဝါးဝါးအော်သံများဆိုပါက ပြောစရာပင်မလိုတော့ချေ။သူက ထလိုက်သည်နှင့် လင်းရုဖေးမှာ မိုက်ခနဲဖြစ်သွားပြီးပြန်လည်ကောင်းမွန်နိုင်ရန် တစ်ခဏမျှအချိန်ယူလိုက်ရကာ သူ့ဘေးရှိကုရွှမ်းတုအား အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
ကုရွှမ်းတုက လင်းရုဖေးအား ဖြစ်ခဲ့သည်များကို ရယ်သံစွက်၍ ပြောလာသည်။
“အဲ့ဒါကြီးက ဘာလဲ"
လင်းရုဖေးက ယင်းအားကြားသည်နှင့် ချက်ချင်းပင်အသက်ဝင်လန်ဆန်းလာ၏။
ကုရွှမ်းတုက ရယ်ချင်နေတာကိုအတင်းတင်းကြိတ်မှိတ်ထားပြီး "ကိုယ့်အထင် စုန်းမျိုးနွယ်ထဲက တစ်ယောက်ယောက်နေမှာ"
လင်းရုဖေးက ယင်းအား အတော်ကြီး စဥ်းစားချင့်ချိန်နေမိသည်။သူက ပြန်မအိပ်ရန် ဆုံးဖြတ်လိုက်ပြီး ရထားလုံးအပြင်ဘက်သို့ ခုန်ဆင်းလိုက်သည်။
ဖူဟွားနှင့် ယွီရွေ့တို့က လင်းရုဖေးနိုးနေသည်အား မြင်သော် အနားသို့မကပ်လာရဲကြပေ။တုန်တုန်ယင်ယင်နှင့်ပင် သူတို့သခင်လေးအား ဘာလို့မအိပ်တော့တာလဲဟု မေးလာ၏။
လင်းရုဖေးက ပြုံးလိုက်ပြီး"ဆက်အိပ်ရမှာလား....ငါသာ ဆက်အိပ်နေရင် မင်းတို့တွေကြောက်လွန်းလို့ လိပ်ပြာလွင့်မတတ်ဖြစ်ကုန်ကြလိမ့်မယ်..ရထားလုံးထဲဝင်သွားတော့...ငါဆက်ပြီးစောင့်လိုက်မယ်"
“အဲ့ဒါက သင့်တော်ပါ့မလား"ယွီရွေ့က မေးသည်။
“ဘာလဲ..နောက်လာမယ့်ဟာတွေကို မကြောက်ဖူးလား..နောက်ထပ်သခင်လေးတစ်ယောက်က မင်းပုခုံးကို ထပ်ပုတ်လာရင်ရော..."လင်းရုဖေးက သူမအား စနောက်လိုက်သည်။
ယွီရွေ့က ဤသည်အားကြားသည်နှင့် သူမက ချက်ချင်းပင် တောင်းဆိုနေတာအား ရပ်တန့်လိုက်မိသည်။ထိတ်လန့်နေသော ယုန်လေးတစ်ကောင်နှယ် သူမက ရထားလုံးထဲသို့ အပြေး၀င်သွားတော့သည်။
ဖူဟွားက အသံတုန်တုန်ဖြင့်ပင်"သခင်လေး...ကျွန်မသခင်လေးနဲ့အတူတူစောင့်ပေးမယ်လေ"
“မလိုပါဘူး"
လင်းရုဖေးက သူ၏အပေါ်ဝတ်ရုံလွှာအား ခြုံလိုက်ကာ ထူးမခြားဟန်ဖြင့် လက်ယမ်းပြလိုက်၏။
"ငါ ဒါတွေကို မကြောက်ဘူး..ဒါပေမယ့် သရဲဟန်ဆောင်နေတဲ့ဟာတွေကို အတိအကျမြင်ချင်တယ်..ဖူဟွား..မင်းနဲ့ယွီရွေ့က အတူတူအိပ်လိုက်ကြ ..ရထားလုံးလိုက်ကာကို ချဖို့မမေ့နဲ့"
ဖူဟွားက တစ်ခုခုပြောချင်သေးပါသော်လည်း လင်းရုဖေး၏ခိုင်မာသည့်ပုံစံအား မြင်ပြီးနောက် အရှုံးပေးလိုက်ကာ ယွီရွေ့နည်းတူ ရထားလုံးအထဲသို့၀င်သွားလိုက်သည်။
လင်းရုဖေးက မီးပုံဘေးတွင် ထိုင်ချလိုက်ပြီး ပတ်ပတ်လည်အား စစ်ဆေးလေ့လာနေမိသည်။ဆိုရလျှင် ဤနေရာသည် ညအချိန်က နေ့အချိန်ထက်ပိုကြောက်စရာကောင်းကြောင်း သိသာစေသည့် အချက်များစွာရှိပေ၏။အမှောင်ထုများနှင့်မြူခိုးများက သူတို့အားလုံးအား လွှမ်းခြုံထားသည့် အမိုးကြီးကဲ့သို့နှယ် သူတို့အရှေ့ကသနားစဖွယ်မီးပုံလေးက အလင်းဖျော့ဖျော့လေးသာရှိတော့သည်။သူတို့အနောက်ရှိမြူခိုးများက မမြင်နိုင်သောမကောင်းဆိုးဝါးများအား ဖုန်းကွယ်ပေးထားဟန်ပေါ်ပြီး သူ့လှည့်လိုက်သည်နှင့် မှုန်ဝါးသွားပေလိမ့်မည်။
ဤသည်က ချောက်ကြီးဖြစ်၍ ညအချိန်ရှိတောင်လေများကလည်း ပြင်းထန်လှကာ လေညင်းသွဲ့သွဲ့ကလည်း ဤနေရာအား အထိတ်တလန့်ဖြစ်စေ၏။ဖူဟွားနှင့် ယွီရွေ့မပြောနှင့် မကြောက်တတ်သည့်ယောကျ်ားတစ်ယောက်ပင် တစ်ယောက်တည်းစောင့်နေပါက အနည်းငယ် ချောက်ချားစေနိုင်ပေသည်။
ကုရွှမ်းတုက မေးလာ၏။
"ရှောင်ကျို့က ကြောက်နေပြီလား"
“ကြောက်တယ်လား"
လင်းရုဖေးက ခေါင်းခါပြကာ:"ဘာကြောက်စရာရှိလို့လဲ..."
လင်းရုဖေးမျက်နှာထက်၌ ကြောက်ရွံ့ခြင်းတစ်စွန်းတစ်စမျှမရှိချေ။
ထို့ထက် သူက ပတ်ဝန်းကျင်အား စိတ်ဝင်တစား လှည့်ကြည့်နေပြီး"ပြောရရင် ကြောက်စရာအကောင်းဆုံးအရာက အမှောင်ထဲမှာမဟုတ်ဘူး...ကိုယ့်ရဲ့ကိုယ်ပိုင် ထင်ယောင်ထင်မှားတွေပဲ"
မသိသည့်အရာများသာ အကြောက်ဆုံးအရာများဖြစ်ချေသည်...ဆိုရသော် အကြောက်ဆုံးအရာများကိုသာ လူတွေက ပုံဖော်နေကြ၍ပင်။
ကုရွှမ်းတုက သက်ပြင်းချလိုက်ပြီး:''ရှောင်ကျို့က တော်တော်ကို သတ္တိရှိတာပဲ"
လင်းရုဖေးနှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသော်ငြား တိတ်ဆိတ်မြဲသာနေ၏။
တောင်လေများက တဖြူးဖြူးတိုက်ကာ သူ့ရှေ့ရှိမီးပုံလေးမှာလည်း ယမ်းခါနေသည်။တစ်နေ့လုံး စိတ်ထောင်းကိုယ်ကြေဖြစ်နေကြ၍ ဖူဟွားနှင့်ယွီရွေ့တို့လည်း အနည်းငယ်ပင်ပန်းနေကြသည်။သူမတို့က ရထားလုံးထဲဝင်ပြီးသွားသည်နှင့် မကြာမီနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့၏။
ကုရွှမ်းတုက မီးပုံလေးအား တုတ်ချောင်းလေးနှင့် ထိုးဆွနေသောလင်းရုဖေးနှင့်စကားပြောနေသည်။
သူက ကုရွှမ်းတု အတိတ်ကအကြောင်းအရာများအားပြောပြနေသည်အား နားထောင်နေ၏:သူပြောနေတာက ပုအယ်မှာ အလွန်စိတ်ဝင်စားစရာကာင်းသည့်နေရာဖြစ်သည်ဟုပင်။
ယင်းက မိစ္ဆာနယ်မြေဖြစ်သော်လည်း အခြားသောတိုက်ကြီးများတွင်မမြင်နိုင်သည့် အလှအပများစွာရှိလေ၏။ဥပမာအနေနှင့် အန်းထို့ဟုခေါ်သည့် ကျွန်းငယ်လေးက တစ်နှစ်ပတ်လုံး၌ တစ်ဝက်တွင် နှင်းများကျနေသောနေ့ဖြစ်ပြီး တစ်ဝက်က နေသာနေသည့်နေ့ဖြစ်နေသည်။စိတ်မကောင်းစရာက ထိုနေရာရှိမိစ္ဆာများက ကြမ်းတမ်းလွန်း၍ ပုအယ်သို့သွားနိုင်သည့် လူအချို့သာရှိလေသည်။နောက်ပိုင်းတွင် အခွင့်အရေးသာရှိပါက ထိုနေရာသို့ လင်းရုဖေးနှင့်အတူ သွားလည်ချင်သေးတယ် ဟုဆိုလာသည်။
လင်းရုဖေးက ဆွဲဆောင်ခံလိုက်ရသည့်နှယ် နားထောင်နေစဥ် လေစိမ်းတစ်ချက်တိုက်လာပြီး သူ့အရှေ့ရှိမီးပုံအား တိုက်ရိုက်ပင် ငြိမ်းသတ်လိုက်လေ၏။လင်းရုဖေးမှာ လုံး၀မှောင်မိုက်သွားချေသည်။သူက မီးပုံလေးအားမီးပြန်ညှိရန် အိတ်ကပ်ထဲမှ မီးခြစ်အား ထုတ်လိုက်သည်နှင့် သူ့နောက်မှသွေးလန့်မတတ်အော်သံနှင့်အတူ တရှုံ့ရှုံ့ငိုသံအားကြားလိုက်ရသည်။
“သခင်လေး..သခင်လေး...ဘယ်မှာပါလဲ"
“သခင်လေး...ကျွန်မတို့အရမ်းကြောက်တာပဲ"
ယင်းက ဖူဟွားနှင့်ယွီရွေ့တို့၏အသံများပင်။
ပုံမှန်လူသာဆိုပါက ယခုတွင် သေလောက်အောင် ကြောက်သွားပေလိမ့်မည်။ကုရွှမ်းတုက လင်းရုဖေးအား တစ်ချက်ကြည့်လိုက်လေ၏။သူက သူ့မျက်နှာထက်၌ ကြောက်ရွံ့ခြင်းအရောင်တစ်ချို့အား မြင်ချက်ပါသော်လည်း သူ့ကုန်းဇီလေးက ကြောက်ရွံ့မှုတစ်စိုးတစ်စဥ်းမှမရှိနေသည်အား မည်သူကထင်မည်နည်း။
ထို့အစား သူက သိချင်စိတ်အပြည့်နှင့် မတ်မတ်ရပ်လိုက်ပြီး:"ဘယ်သူခြောက်နေတာလဲ"
သူ့လက်ထဲတွင် ကုယွီအားကိုင်လိုက်ရင်း အသံလာရာသို့ ဦးတည်လိုက်လေ၏။ယင်းက အမှောင်ထဲတွင်ဖြစ်သော်လည်း ဦးတည်ချက်က ရှင်းရှင်းလင်းလင်းဖြစ်နေကာ အသံတည်နေရာကလည်း သူတို့ရထားလုံးရှိနေသည့် နေရာတွင် ဟုတ်မနေချေ။လင်းရုဖေးက ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည့်အခါ အသံ ပို၍ပို၍ကြည်လင်လာသော်ငြား ပို၍ပို၍ လျှို့ဝှက်လာ၏။
လင်းရုဖေးက မေးလိုက်သည်။
"မင်းဘယ်မှာလဲ"
“သခင်လေး...သခင်လေး....."
သူ့အစေခံမလေး၏အသံက တစ်စတစ်စနီးကပ်လာ၏။ရုတ်တရက် လင်းရုဖေးမာ သူ့ခြေထောက်အား တစ်ခုခုကဆွဲထားလေကြောင်း ခံစားလိုက်ရသည်။သူက ခေါင်းကိုနိမ့်လိုက်ရင်း သူ့ခြေကျင်းဝတ်အား ဆုပ်ကိုင်ထားသည့် ပျက်စီးနေသည့် လက်ဖြူဖြူကြီးအား တွေ့လိုက်ရသည်။ထိုလက်က ဘယ်ကထွက်လာသည်မသိ ယင်းအားမြင်လိုက်ရသည့်မည်သူမဆို အရေခွံကျုံ့သွားပေလိမ့်မည်။သို့ရာတွင် လင်းရုဖေးက ပြုံးဖြဲဖြဲဖြင့် ကုန်းကာ လက်ဖြူဖြူအား ဆုပ်ကိုင်လိုက်ပြီး နွေးနွေးထွေးထွေးလေသံဖြင့်ပြောလိုက်သည်။
"မင်းကို မိပြီ"
စိတ်ပျက်ဖွယ်ကောင်းသည့်ငိုသံက ချက်ချင်းပျောက်ကွယ်သွားပြီး တိုးတိတ်သောအသံအဖြစ်ပြောင်းလဲသွားသည်။
လင်းရုဖေးထံမှ အဆုပ်ကိုင်ခံလိုက်ရသည့် လက်ကလေးက တစ်ခဏမျှတောင့်ခဲသွားလေ၏။ယင်းက တုန့်ပြန်ချင်ပါသော်လည်း လင်းရုဖေးက ထိုသို့လုပ်ခွင့်မပေးချေ။အားစိုက်ထုတ်လိုက်ရင်း မြူခိုးထဲရှိပုံရိပ်အား ဖမ်းဆွဲထားလိုက်သည်။သို့သော်လည်း မည်သူကထင်မည်နည်း လက်ပိုင်ရှင်က ဖူဟွားနှင့်အတော်တူကာ သူမမျက်နှာသည်ကား စာရွက်တစ်ခုနှယ် ဖြူဆုတ်နေပြီး သက်ရှိလူတစ်ယောက်နှင့် လုံးဝတူမနေချေ။သာမန်လူများသာ ဤအခြေအနေအား မြင်လိုက်ရပါက ထိုလက်အား ကြောက်လန့်တကြားလွှတ်လိုက်မည်ဖြစ်သည်။သို့သော်လည်း လင်းရုဖေးက ခေါင်းစောင်းလိုက်ပြီး သူ့ပုံစံကအဖြေရှာမရသည့်ပုံဖြစ်နေသည်။
သူက လက်မြောက်ကာ ထိုလူ့မျက်နှာအား ပွတ်သတ်လိုက်ရပြီး"ဟေး..ဟန်ဆောင်ထားတာလည်းမဟုတ်ပဲနဲ့ ဘာလို့ငါ့ရဲ့အစေခံမလေးတွေနဲ့ အရမ်းကိုတူနေရတာလဲ"
“သခင်လေး.."
လင်းရုဖေးထံမှအဖမ်းခံလိုက်ရသည့် ထိုလူက တိတ်တဆိတ်သက်ပြင်းချလိုက်ရင်း ဆိုလာ၏။
"သခင်လေး...ကျွန်မမျက်နှာကို မကြည့်နဲ့နော်"
“ဟမ်"
လင်းရုဖေးက မျက်ခုံးအား ပင့်လိုက်ပြီး :"ငါကြည့်လိုက်ရင် ဘာဖြစ်မှာလဲ"
ထိုလူက ချက်ချင်းပင် ရယ်မောလာခဲ့သည်။သူမပိုပြီးရယ်လာလေလေ သူမသဏ္ဌာန်က ရှုံ့တွလာကာ နောက်ဆုံး သူမမျက်လုံး နားရွက် ပါးစပ်နှင့် နှာခေါင်းတို့မှာ ဖယောင်းပျော့သဖွယ် အတူတကွပေါင်းစည်းသွားကြကာ ဘာမျှမရှိသည့် ဗလာမျက်နှာဖြူဖြူကြီးအဖြစ်ပြောင်းသွားလေ၏။
ဤမြင်ကွင်းက အတော်လေးကြောက်စရာကောင်းလှ၍ လင်းရုဖေးကိုတောင်မှ တောင့်ခဲသွားစေသည်။သူက အထိတ်တလန့်ဖြစ်နေသော်ငြား သူ့လက်အားလွှတ်လိုက်လိုစိတ်မရှိပေ။ထို့အစား သူက ပို၍ပင် တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။ထိုလူက ရုန်းကန်လာသော်ငြား လင်းရုဖေးဖမ်းထားသည်အား မချိုးဖျက်နိုင်သဖြင့် သူတို့မျက်နှာချင်းဆိုင်ပုံစံက လေထုကို အတော်လေး ကိုးရိုးကားယားနိုင်လာစေ၏။
လင်းရုဖေးက မေးလိုက်သည်။
"ထပ်မရှိတော့ဘူးလား"
ထိုလူ : "........"
လင်းရုဖေးက အကဲဖြတ်လိုက်၏။
"မဟုတ်တောင် အတော်လေး ကြောက်စရာကောင်းနေတုန်းပါပဲ"
ထိုလူ : "....."
သူ့တွင် သူ့မျက်နှာအစိတ်အပိုင်းတို့ရှိနေသေးပါက ယခုအချိန်တွင် ရှုံ့တွနေပေလိမ့်မည်။
လင်းရုဖေးက သူ၏မျက်နှာဖြူဖြူထက် ကူပယ်ရာမဲ့ဖြစ်နေသည်အား တွေ့နိုင်ပေ၏။
“မင်းက စုန်းမျိုးနွယ်စုကမို့လား"
___
Translated By IQ-Team.