Chapter 156
စုန်းမျိုးနွယ်စု
───────
သို့စေကာမူ အဆုံးတွင်ဖြင့် ဤသည်က လူငယ်လေးနှစ်ယောက်ကြားက အချစ်ကိစ္စဖြစ်၍ လင်းရုဖေးက မေးခွန်းများဆက်မေးရန် သင့်လျော်သည်ဟု မခံစားမိချေ။
လင်းရုဖေး၏တည်ဆောက်ပုံအား သုံးပြီးသည်တွင် ရှန်ဝူချွေ့၏ဒဏ်ရာသည်လည်း တဖြေးဖြေး ပျောက်ကင်းလာကာ သူ့ကိုယ်မှလည်း သေခါနီးမသက်မသာအနံ့အား ဆက်ပြီးထုတ်မလာတော့ချေ။ဆိုးသည်က သူကသာ ဒဏ်ရာအား ပြီးပြည့်စုံစွာပျောက်ကင်းချင်လျှင် ရက်အနည်းငယ်ကြာမည်ဖြစ်ပြီး လင်းဝေရွေ့အတွက်လည်း အတူတူဖြစ်သွားပေမည်။ကံကောင်းစွာနှင့် လင်းရုဖေးက ဤဖိတ်ကြားစာအား ပို့ပေးနိုင်လေ၏။သူက ကျန်းဟူတွင် ရက်ပေါင်းများစွာနေဖူးလေပြီး ခရီးစဥ်တိုင်းနီးနီးတွင်လည်း သူ့လက်ထဲရှိဖိတ်ကြားစာက အားလူးပူပူတစ်လုံးကဲ့သို့ တစ်ခုခုမဖြစ်ဘဲမနေနိုင်ချေ။လင်းရုဖေးက ကူကယ်ရာမဲ့ခံစားနေရသော်လည်း အခြားလမ်းမရှိတော့ပေ။သူ မရောက်ခင် ရှန်ဝူချွေ့က အရင်ဆုံးဓားအထိုးခံရမည်ဟု မည်သူကတွေးထားလိမ့်မည်နည်း။
ယခင်နှစ်များထက် ပို၍ကြာသော နွေရာသီက နောက်ဆုံးတွင် ကုန်သွားချေပြီ။ဆောင်းဦးပထမရက်ကုန်ပြီးသည့်နောက် အကြိမ်အနည်းငယ်မိုးရွာပြီး ရာသီဥတုသည်လည်း အအေးဘက်ကူးလာ၏။
လင်းရုဖေးမှာ လင်းဝေရွေ့ဒဏ်ရာ ပျောက်ကင်းလုနီးနီးဖြစ်နေသည်အား မြင်ပြီးနောက် ထွက်သွားရန်အစီအစဥ်မဆွဲမီ ရှန်မိသားစုတွင် ရက်အချို့နေခဲ့သည်။
လင်းဝေရွေ့က လင်းရုဖေးအား သူတို့အစ်ကိုကြီးအား ရှန်အိမ်တော်တွင် ဖြစ်ခဲ့သည်များအား မပြောပြရန် အကြိမ်ပေါင်းထောင်ချီပြောနေ၏။သူမက ဤကိစ္စအား သူသာသိသွားပါက ဒဏ်ရာလတ်လတ်ဆတ်ဆတ်အသစ်တွေထပ်ရလာလိမ့်မည်ဟု ပြောနေသည်။
လင်းရုဖေးက ပြုံးလိုက်ရင်း:"မမ မပြန်တာကြာပြီလေ ရှန်မိသားစုကိစ္စကလည်း တအားပြင်းထန်တော့ အစ်ကိုကြီးက ဘယ်လိုလုပ်မသိဘဲနေမလဲ"
“ဒါဖြင့် ဘာလုပ်နိုင်မှာတဲ့လဲ"
လင်းဝေရွေ့က လင်းမင်ကျစ်အား အကြောက်ဆုံးဖြစ်ကာ စိတ်ပူနေသည့် မျက်နှာလေးနှင့် မေးလာ၏။
“ကိစ္စကြီးမဟုတ်ပါဘူး"
လင်းရုဖေးက သူ့အစ်မအား စနောက်လိုက်ကာ:"အများဆုံးအနေနဲ့ ကြိမ်ဒဏ်လေးပဲလေ..သိတယ်မို့လား အစ်ကိုကြီးက စူးရှတဲ့ပါးစပ်ရှိပေမယ့် နှလုံးသားနူးညံ့တယ်ဆိုတာ..တအားကြီးမရိုက်လောက်ပါဘူး"
လင်းဝေရွေ့က သူ့အား တည့်တည့်စိုက်ကြည့်လိုက်ရင်း ဆိုလာ၏။
"ရှောင်ကျို့..နင် အတော် ဆိုးလာပြီနော်"
“တကယ်တမ်း အရိုက်မခံချင်လည်း ဒါလည်း ကောင်းပါတယ်"
လင်းရုဖေးက ဆိုလိုက်သည်။
"အချိန်ကျလာရင် အစ်ကိုကြီးကို ခါးနဲ့ ဝမ်းဗိုက်က ဒဏ်ရာတွေကို ပြလိုက်ပေါ့ အစ်ကိုကြီးက မမကိုရိုက်ဖို့ အသည်းကြေမတတ်ဖြစ်သွားမယ်ဆိုတာ အာမခံတယ်"
လင်းဝေရွေ့က ဆိုလာ၏။
"မပြဘူး..မပြဘူး..အစ်ကိုကြီးသာ မြင်သွားရင် ပိုစိတ်ဆိုးသွားလိမ့်မယ် ..သူက ငါ့ကိုထပ်မရိုက်နိုင်တော့ပေမယ့် ငါ့ကို ဆယ်ရက်ကနေ လက်ဝက်လောက်အထိ စကားပြောတော့မှာမဟုတ်ဘူး....."
လင်းရုဖေးက လက်ဖြန့်ကာ အကူအညီမဲ့နေပုံ လုပ်ပြလိုက်ပြိး:"ဒါဆို ကျွန်တော်လည်း မသိတော့ဘူး"
လင်းဝေရွေ့က သက်ပြင်းရှည်ချလိုက်ရင်း ခေါင်းကုတ်ကာ စိတ်ပျက်သွားသည့်ပုံလေးပင် အပိုလုပ်ပြလာ၏။လင်းရုဖေးက ဘေးမှစောင့်ကြည့်ကာ ပြုံးနေရင်း ရှန်မိသားစုကနေ ရက်အနည်းငယ်အတွင်း ထွက်သွားတော့မည်ဖြစ်ကြောင်း ဆိုလာ၏။သူ့အစ်မ၏ဒဏ်ရာက ပိုသက်သာလာပါက စောစောပြန်ဖို့သတိရသင့်ကြောင်းနှင့် သူတို့အစ်ကိုများကိုလည်း ထပ်ပြီးစိတ်ပူခွင့်မပေးသင့်တော့ကြောင်းဆိုလိုက်သည်။
“နင်က ဒီလိုမျိုး ထွက်သွားတော့မလို့လား"
လင်းဝေရွေ့က အနည်းငယ် တွန့်ဆုတ်ဆုတ်ဖြစ်နေကာ "ရှောင်ကျို့ကို အချို့ရက်တွေမှာ မမြင်ရဘူးလေ..မြန်မြန်လေး မမက အာဘွားပေးပါရစေဦး"
သူမက ဤသို့ဆိုပြီးသည်နှင့် လက်မောင်းများ ဆန့်တန်းလာလေ၏။
လင်းရုဖေးက လင်းဝေရွေ့၏တောင်းဆိုချက်အား မညာမတာငြင်းပယ်လိုက်ပြီး ရှန်ကုန်းဇီကို သွားနမ်းသည်က ပိုကောင်းမည်ဟု ပြောချလိုက်သည်။
လင်းဝေရွေ့က ခေါင်းခါပြကာ သက်ပြင်းချလိုက်ရင်း:"မောင်လေးက ကြီးလာပြီဆိုတော့ အစ်မကို အာဘွားထပ်မပေးလာတော့ဘူးပေါ့"
လင်းရုဖေးက ရှင်းရှင်းပင် မကြားသလိုဟန်ဆောင်နေလိုက်၏။
သူက ဤရက်များ၌ ဘာဖြစ်နေသည်အား မသိသော်လည်း အမြဲတမ်း ငြိမ်သက်နေသည့် ချီယွီက ယခုတွင် အတော်လေးလှုပ်ရွနေ၏။သူက လုံးဝပင် နားနားနေနေမနေဘဲ ပေါက်စလေးအား ချီထားသည့် အခါတိုင်း ပြတင်းပေါက်တွင်ရပ်ကာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။လင်းရုဖေးက သူ့အား ဘာဖြစ်နေလို့လဲဟု မေးသော် အသံနက်နက်ကြီးနှင့် ပြန်ဖြေမလာခင် လင်းရုဖေးအား ကြည့်လာသည်။
"တစ်လနီးနီးရှိပြီ"
“တစ်လ.." လင်းရုဖေးမှာ တုန့်ပြန်မလာနိုင်ဆဲပင်။
ချီယွီက လင်းရုဖေးလက်ချောင်းကို ပျော်ပျော်ကြီး စုပ်နေသည့် လင်းရုဖေးလက်မောင်းထဲရှိ ကြောင်ပေါက်လေးအား ထိုးပြလိုက်ကာမှ လင်းရုဖေးမှာ "အို့"ခနဲအသံထွက်လိုက်ပြီး"မြန်လွန်းလိုက်တာ"ဟုပြောလိုက်တော့သည်။
ကြောင်ပေါက်လေးမှာ အကြီးမြန်လေ၏။သူ့ကိုယ်က ဝတုတ်လာရုံမကဘဲ ပါးစပ်ထဲရှိသွားကလည်း ပေါက်လာလေပြီ။သူက လင်းရုဖေးလက်ချောင်းအား စုပ်ရသည်အား ကြိုက်သော်လည်း လင်းရုဖေးအသားကိုတော့ ကိုက်လာခြင်းမရှိချေ..ထို့ကြောင့် လင်းရုဖေးက သူကျေနပ်သလို လုပ်ခွင့်ပေးထားလေ၏။
ချီယွီက မျက်လုံးများ မှေးကျင်းလိုက်ရင်း ဆိုလာသည်။
"မျှော်လင့်ထားသလိုပဲ သူက ပိုပြီး သစ်လွင်လာမှာလေ"
ပြီးတွင်တော့ လင်းရုဖေးအား သူ့အဖေအဖြစ်မှတ်ထားသည်အား ရပ်လိုက်ရန်ဖြစ်သည်။တစ်လသားလေး ယဲ့မော့က စိတ်သစ်ကိုယ်သစ်ဖြစ်လာကာ လူသားအသွင်လည်း ပြောင်းလာနိုင်လိမ့်မည်။
လူသားအသွင်ပြောင်းမယ်...ဤသည်အား ကြားပြီးသည်တွင် လင်းရုဖေးက အတော်လေး သိချင်လာရသည်။
သို့သော်ငြား ချီယွီက သိသိသာသာပင် သူ့အား မြင်စေချင်ဟန်မရှိ။သူက အစာကျွေးပြီးသွားသည်နှင့် ကြောင်ပေါက်လေးအား ဝေးဝေးသို့ အမြန်သယ်သွားသောကြောင့် လင်းရုဖေးမှာ ဝမ်းနည်းသွားပုံလေးသာပြလိုက်နိုင်သည်။
ထွက်သွားရန် ဆုံးဖြတ်ပြီးနောက် ဖူဟွားက သူတို့အိတ်များအား ထုတ်ပိုးနေကာ ရက်အနည်းငယ်အတွင်း လမ်းခရီးအား အစီအစဥ်ဆွဲနေ၏။ရာသီဥတုက ပိုပိုအေးလာ၍ လင်းရုဖေးသည်လည်း ဆောင်းဦးအဝတ်အစားများအား ကြိုပြောင်းထားနှင့်ပြီး ရထားလုံးထဲရှိ အဆောင်အယောင်တို့ကိုလည်း ပြောင်းထားလိုက်သည်။
လင်းရုဖေးက သူနှင့်ချီယွီတို့ ထပ်မဆုံရတော့ပြီဟု တွေးနေမိသည်။သို့သော်လည်း ရက်အနည်းငယ်အတွင်း ချီယွီမှာ လင်းရုဖေး၏တံခါးလှေကားထစ်နား၌ ဒေါသတကြီးအကြည့်နှင့်ပေါ်လာကာ ဤတစ်ကြိမ်တွင်ဖြင့် လက်ထဲတွင် လူသားပုံစံနှင့်အရုပ်သေးသေးလေးထံမှ နို့နံ့ဖျော့ဖျော့ထွက်နေ၏။အရုပ်ကလေးမှာ ဝဝကစ်ကစ်မျက်နှာလေးနှင့် မျက်ဝန်းရွဲကြီးတစ်စုံရှိကာ ထိုမျက်၀န်းတစ်စုံတွင်မျက်ရည်ငွေ့တို့ ရစ်သိုင်းနေသည်။
ချီယွီ၏ ရင်အုံထက်၌ လင်းရုဖေးအား မမြင်လိုက်ခင်အထိ ငိုနေသည့် ကလေးလေးက အော်ခေါ်လာ၏။
"ဖေ...ဖေ"
လင်းရုဖေးက သူ့အား"ဖေဖေ"ခေါ်လိုက်သည်အား ကြားလိုက်ရ၍ အံ့အားသင့်သွားမိသည်။ချီယွီက လင်းရုဖေးဘေးသို့ လှမ်းလာရင်း ယဲ့မော့ပေါက်စလေးအား သူ့အပေါ်တံတွေးထွေးကာ အမှိုက်ပစ်လိုက်သကဲ့သို့ လင်းရုဖေးလက်မောင်းထဲ ပစ်ချလိုက်လေ၏။
ပေါက်စီလေးက လင်းရုဖေးလက်မောင်းထဲရောက်လာသည်နှင့် ချက်ချင်းပင် ရယ်မောပျော်ရွှင်သွားသဖြင့် ယဲ့မော့က မှောင်မိုက်စွာနှင့် ဝေဖန်လာ၏။
"ငါ့ဖင်ကိုပဲ ရယ်..ထပ်ရယ်နေ..မင်းလျှာကိုဖြတ်ပစ်လိုက်မယ်"
ပေါက်စီလေးက သူ့အဖေရင်း၏စကားအား နားလည်သွားပုံရကာ လင်းရုဖေးအား နစ်နာသွားသည့်အကြည့်နှင့် ကြည့်လာသည်။
လင်းရုဖေး : "ဒါက....."
“သူ့ကို ဆက်ပြီးစောင့်ရှောက်ထားလိုက်"
ချီယွီက လက်ပိုက်ထားလျက် အေးစက်စက်ဆိုလာ၏။
"ငါ ဘယ်လိုလုပ်ပြီး ဒီလို အရူးလေးကို မွေးခဲ့ရတာပါလိမ့်"
လင်းရုဖေးမှာ တဟားဟားရယ်မောမိတော့သည်။
မေးခွန်းအနည်းငယ် မေးပြီးနောက် ယဲ့မော့ပေါက်စလေးမှာ အမှန်ပင် အောင်အောင်မြင်မြင် အသွင်ပြောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။သို့ရာတွင်လည်း အသွင်ပြောင်းပြီးနောက်တွင်လည်း သူက အဖေရင်းချီယွီ၏ပရိတ်သတ်တစ်ယောက် မဟုတ်ဆဲပင်။ယဲ့မော့၏ခြိမ်းခြောက်မှုအောက်တွင် နောက်ဆုံးပြိုလဲမသွားမီအထိ ရက်အနည်းငယ်ခန့် အောင့်ခံထားရကာ သူ့အဖေရင်းကိုစိတ်ဆိုးအောင်လုပ်မိသည့် အကျိုးဆက်အနေနှင့် တစ်ကိုက်တည်းနှင့် အမြိုချခံရ၍ ယင်းက ငိုယိုပြီး လင်းရုဖေးအား တွေ့ချင်လာရသည်။
ရလဒ်သည်ဖြင့် ချီယွီက ယခုလင်းရုဖေးအား မြင်လိုက်ရသော် အံတင်းတင်းကြိတ်လိုက်ရင်း သူက လင်းရုဖေးအား ရိုးရိုးလေး၀ါးစားလိုက်ပြီး ကိစ္စပြတ်သွားအောင်လုပ်သင့်လားဟုပင် တွေးမိချေ၏။
လင်းရုဖေးက ချီယွီ၏ခြိမ်းခြောက်နေသော မျက်လုံးများအား မမြင်ချင်ယောင်ဆောင်ကာ ဖူဟွားအား ယဲ့မော့အကြိုက်ဆုံးအစားအစာအား ယူလာရန် ဆင့်ခေါ်လိုက်သည်။သူက ယဲ့မော့ပေါက်စလေးအား နာမည်ပေးပြီးပြီလားဟု မေးလိုက်၏။
“သူ့ကို အရူးလေးလို့ ခေါ်မယ်" ယဲ့မော့က ပြန်ဖြေလာ၏။
လင်းရုဖေး"......."
ခင်ဗျားက တကယ်ကို ငါးဆားနူ ကြောင်မိစ္ဆာပဲ...။
ကလေးအား အစာကျွေးပြီးသည့်နောက် လင်းရုဖေးက ချီယွီထံပြန်ပေးလိုက်သည်။
ချီယွီက ထွက်သွားရန်ပြင်လိုက်ပြီးမှ လင်းရုဖေးအား ကြည့်ရန်ခေါင်းလှည့်လိုက်ကာ:"မင်း ဒီရက်တွေမှာ ပိုပြီးသတိထားသင့်တယ်"
“ဟမ်.."
လင်းရုဖေးက တောင့်ခဲသွားရပြီး "ဘာကိုလဲ"
“ရှန်ဝူချွေ့ကို ထိခိုက်အောင်လုပ်တဲ့သူက မကြာခင် ပြန်ပေါ်လာမယ့်ပုံရှိတယ်"
ချီယွီက ဆက်၍ဆိုသည်။
"သူ့ကိုယ်က အနံ့က ဖျော့လွန်းတယ်..သိပ်တော့မသေချာပေမယ့် ကြိုပြီးသတိပေးထားတာ"
လင်းရုဖေး၏မျက်နှာမှာ အလေးအနက်ဖြစ်သွားကာ "သတိပေးလို့ ကျေးဇူးတင်ပါတယ်"
ထို့သည်နှင့် ချီယွီက လက်ထဲတွင် ကလေးလေးနှင့် ထွက်သွားတော့၏။
“အဲ့ဒီလူ ပြန်လာမယ်တဲ့လား..ဘာအတွက်နဲ့ ပြန်လာမှာလဲ"
လင်းရုဖေးက စိတ်တိုလာမိသည်။
"ကျွန်တော်တို့ အဲ့ဒီလူကို အရင်ဆုံးဖမ်းသင့်တယ်မဟုတ်လား ..အဲ့တာအပြင် မော့ချန်းရှန်ကလည်း မသေသေးဘူးလေ လောကမှာ သူက ဘယ်လိုများ လူသေကို ပြန်အသက်သွင်းဖို့ စီစဥ်ခဲ့ရတာလဲ"
ကုရွှမ်းတုက ဆိုလာ၏။
"လောကမှာ လူသေကို ပြန်အသက်သွင်းတဲ့ နည်းလမ်းမရှိဘူး"
လင်းရုဖေးက မေးလိုက်မိသည်။
"မော့ချန်းရှန်ကရော"
ကုရွှမ်းတုက သူ့အား ပြန်မေးလာ၏။
"သူ အသက်ရှင်နေတယ်လို့ မင်းထင်လား"
လင်းရုဖေးက မော့ချန်းရှန်၏သွင်ပြင်အား မြင်လိုက်ရသည့် ထိုညကို အမှတ်ရသွားချေ၏။စင်စစ် ထိုလူက မော့ချန်းရှန်ဟုပြောရမည်ထက် မော့ချန်းရှန်၏ခေါင်းအားထိန်းထားသည့် လက်နက်တစ်ခုဟုပြောရမည်က ပိုမှန်လိမ့်မည်။သူက ထိုသို့သော လူသေကိုမသင့်မလျော်ဖြစ်စေရန် လုပ်နိုင်သည့် နောက်ကွယ်က ကြိုးကိုင်နေသူမျိုးအားမသိပေ။
“ကျွန်တော်သာ အခုတင်လေး ထွက်သွားလိုက်ရင် သူက ရှန်မိသားစုဆီ ထပ်လာဦးမှာလား"
လင်းရုဖေးက ထိုအကြောင်းအား တွေးနေရင်း ဤကိစ္စအား ဤသို့ချန်မထားသင့်ဟု ခံစားလိုက်ရသည်။
"အကြီးအကဲ..ကျွန်တော်တို့ သူ့ကို ရှာလို့ရနိုင်သေးလား"
မည်သူကထင်မည်နည်း...လင်းရုဖေးစကားများကြားပြီးနောက် ကုရွှမ်းတုမျက်နှာသွင်ပြင်က အတော်လေး ထူးဆန်းသွားပုံရကာ:"ရှောင်ကျို့က သူကို့တွေ့ချင်လို့လား"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။
ကုရွှမ်းတု "ဒါဖြင့် ကိုယ်တို့ကြည့်စရာမလိုတော့ဘူးပေါ့"
သူက အိပ်ရာစွန်းတွင် ထိုင်မှီနေရင်း ပြတင်းပေါက်အပြင်ဘက်ရှိ လှိုင်းလုံးများအား ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးဆက်ပြောလာသည်။
"သူက သူကိုယ်တိုင် ကိုယ်တို့ဆီကို လာလိမ့်မယ်"
လင်းရုဖေးမှာ မေ့လဲသွားမတတ်ဖြစ်ကာ:"ခင်ဗျားပြောချင်တာ မော့ချန်းရှန်လား...သူက ဘာလို့ ကျွန်တော်တို့ကို ရှာချင်ရတာလဲ..သူက ဒီကိုလာတာ သူ့ခွေးအတွက် ကလဲ့စားချေမလို့များလား..."
ယင်းကလည်း အဓိပ္ပါယ်ရှိပုံမပေါ်။
"ဒါပေမယ့် မော့ကျောက်ချိုင်ကို သတ်လိုက်တာ ကျွန်တော်တို့ မဟုတ်ဘူးလေ...."
ကုရွှမ်းတုက ပြုံးနေသော်ငြား တိတ်ဆိတ်လျက်ပင်။သူ့စကားများနောက်ကွယ်က ဆိုလိုရင်းအား ရှင်းပြရန်မရှိသည့်ပုံ ဖြစ်နေ၏။
ချီယွီက လင်းရုဖေးအား သတိပေးသွားသော်လည်း နောက်ရက်အနည်းငယ်အတွင်းတွင် ငြိမ်ငြိမ်သက်သက်နှင့် တိတ်ဆိတ်နေကာ မတော်တဆဖြစ်ပွားသည်များလည်း မရှိချေ။လင်းရုဖေး၏ ခရီးဆောင်အိတ်က အဆင်သင့်ဖြစ်နေပြီး မထွက်သွားခင်ရက်၌ ရေချိုးပြီးသွားသော လင်းရုဖေးမှာ အိပ်ရန်စီစဥ်နေစဥ် မမျှော်လင့်ထားသော ဧည့်သည်အား တံခါးတွင် တွေ့လိုက်ရချေ၏။
ထိုလူ့မျက်နှာက ပိတ်စဖြူဖြူထူထူများနှင့် ပတ်ထားကာ မည်းမှောင်နေသော မျက်ဝန်းနက်တစ်စုံအား လှစ်ဟာပြထားပြီး ကြောက်စရာအကောင်းဆုံးအရာက သူ့လက်မောင်းတွင်ရစ်ခွေနေသည့် မြွေမည်းမည်းရှည်ရှည်ကြီးပင်။ထိုမြွေရှည်ကြီးက တရှဲရှဲမြည်နေပြီး လျှာအား တလစ်လစ်ထုတ်ပြလာ၏။ချည်းကပ်မလာမီအထိ ယင်းက အလွန်သိသိသာသာပင် အန္တာရာယ်ရှိသည့် အရှိန်အဝါတို့ ထုတ်လွှတ်နေ၏။
လင်းရုဖေးက အိပ်ရာဘေးမှီထားလျက် စာအုပ်မျိုးစုံဖတ်နေချိန်၌ ကုရွှမ်းတုက သူ့လက်ဖမိုးလေးအား ထိလာခါမှ ထိုလူက သူ့အခန်းတံခါးလှကားခုံတွင် ရပ်နေကြောင်း သိသွားလေ၏။သူက သရဲတစ်ကောင်ကဲ့သို့ တိတ်တဆိတ်ပေါ်လာကာ လင်းရုဖေးအား စိုက်ကြည့်နေသည်။
လင်းရုဖေးက ချက်ချင်းပင် တောင့်ခနဲရပ်လိုက်ပြီး ထိုလူအား အထိတ်တလန့်ကြည့်လိုက်ပြီး"ခင်ဗျား ဘယ်သူလဲ"
ထိုလူက လင်းရုဖေးထံ ဖြေးဖြေးချင်းလျှောက်လာ၏။ထို့နောက် အတော်လေး မသက်မသာဖြစ်စေသည့် အကြည့်နှင့် လင်းရုဖေးအား စုန်ချည်ဆန်ချည်ကြည့်လေသည်။
လင်းရုဖေးက ခါးထက်ရှိ ဓါးအားဖိကိုင်လိုက်ပြီး အေးစက်စက်လေသံနှင့် မေးလိုက်သည်။
"ဒီကို မဖိတ်ဘဲလာတာ ခင်ဗျားအတွက် မသင့်လျော်သလို မဖြစ်ဘူးလား"
ထိုလူက ရုတ်တရက် ပြုံးလာလေသည်။သူ့မျက်နှာ အောက်ပိုင်းတစ်ဝက်လောက်အား ဖုံးထားသော်လည်း သူ့မျက်လုံးစွန်းများ ကွေးညွတ်နေသည်က ထိုသူစိတ်ကောင်းဝင်နေကြောင်း ပြလေ၏။သူ့စိတ်ထင်၍လားမသိ ထိုလူပြုံးလိုက်သည်နှင့် သူ့ကိုယ်ပတ်လည်၌ ဝမ်းနည်းအားငယ်နေသည့် အရိပ်အရောင်များ ပျ့နှံ့လာပြီး အနည်းငယ် ဖြူစင်နေသကဲ့သို့ပင်။
ဤလူက လင်းရုဖေးထံ အနည်းငယ်ခြေလှမ်းလာရင်း လင်းရုဖေးမတုံ့ပြန်နိုင်မီ ကုန်းလိုက်ကာ လင်းရုဖေးရှေ့ ဒူးထောက်ချလိုက်သည်။
လင်းရုဖေးက မူလက ထိုသူမှာ တိုက်ခိုက်ရန်အတွက် ဤနေရာတွင်ရှိနေသည်ဟု ထင်မိသော်လည်း သူ့လုပ်ရပ်ကြောင့် အေးခဲသွားရလေသည်။
သူက စိုက်ကြည့်လိုက်ပြီး:"ခင်ဗျား....."
“လင်းကုန်းဇီ"
သူ့အသံက အက်ကွဲနေပြီး နားထောင်ရသည်က အလွန်မသက်မသာရှိလှသည်။
"ခင်ဗျား ဘာလုပ်နေတာလဲ"
လင်းရုဖေးက နောက်ဆုတ်လိုက်ရသည်။
“ငါ မင်းကို အချိန်အကြာကြီး ရှာနေခဲ့ရတာ"
သူ့မျက်လုံးများက ကန္တာရထဲအချိန်အတော်ကြာ လမ်းလျှောက်နေခဲ့ရသည့် ခရီးသွားတစ်ယောက်ကနောက်ဆုံးမှ စိမ့်စမ်းရေကြည်အား မြင်သွားသည့်နှယ် လောဘတကြီးဖြစ်နေ၏။ထိုကဲ့သို့ပင် သူကလင်းရုဖေးထံ လက်လှမ်းလာသည်။လင်းရုဖေးကမူ သူ့ထံမှအထိအကိုင်မခံဘဲ ငြင်းဆန်လိုက်သည်။သူက အမြန်နောက်ဆုတ်လိုက်ပြီး ဆန့်ထွက်လာချင်နေသည့် လက်အား ထိန်းချုပ်ရန် ကုယွီအား သုံးလိုက်ရသည်။
“မင်း ဘာပြောချင်တာလဲ"လင်းရုဖေးက မျက်မှောင်ကြုတ်၍မေးလိုက်သည်။
သူက ဤလူ့ဦးနှောက်က အတော်လေး ချို့ယွင်းနေနိုင်သည်ဟု ခံစားမိသည်
_____
Translated By IQ-Team.