Chapter 154
ကုသခြင်း
ရှန်ဝူချွေ့မှာ မကြာမီ အသယ်ခံလိုက်ရပြီး သူ၏မျက်နှာမှာ ငရဲကဲ့သို့ နာကြင်မှုကြောင့်ရှုံ့တွသွားသော်လည်း သတိတရားက စင်ကြယ်နေသေးသည်။
သူက တည်ဆောက်ပုံအား မြင်သော် မျက်မှောင်ကြုတ်လိုက်ရင်း အသက်အောင့်ကာ မေးလာ၏။
"ဒါက အဆိပ်ဖြေဆေးလား..ဒါကြီးက...ဘာလို့ထူး..ဆန်းနေပုံပေါ်......"
လင်းဝေရွေ့က သက်ပြင်းချလိုက်ကာ ဆိုလာသည်။
"ဘာပဲနေနေ..အဆိပ်ဖြေလို့ ရနေတယ်လေ..ဒါဖြင့် နင်ဘာလို့ ထူးဆန်းလား မဆန်းလား ဂရုစိုက်နေမှာလဲ"
သူမက ဤသည်အား ပြောလိုက်ရင်း လက်အောက်ငယ်သားများအား ရှန်ဝူချွေ့ကို တည်ဆောက်ပုံအလယ်တည့်တည့်သို့ ခေါ်သွားရန် လက်ယမ်းပြလိုက်၏။သူမက အကြာကြီးပြင်ဆင်ထားရသည့် ကြက်ပေါက်အရှင်လေးအား မလိုက်ကာ ရှန်ဝူချွေ့ဘေးသို့ လျှောက်လာသည်။
ပတ်လည်ရှိလေထုက ကျပ်သည်းနေပြီး ရှန်မိသားစုခေါင်းဆောင်သည်လည်း အသက်မရှူရဲချေ။သူတို့အားလုံးနီးပါးက လင်းဝေရွေ့၏လုပ်ဆောင်ချက်အား အသက်အောင့်ကာ စိုက်ကြည့်နေကြလေ၏။
လင်းဝေရွေ့မှာ ရှန်ဝူချွေ့အား စနောက်နေသော်လည်း ဓါးကိုင်ထားသည့် သူမလက်က စိတ်ချောက်ချားနေမှုအား ပြသည့်ဟန် တုန်ယင်နေ၏။
ရှန်ဝူချွေ့က မေးမြန်းလာ၏။
"ဝေရွေ့..မင်းဘာလုပ်နေတာလဲ"
“အဆိပ်ဖြေဖို့.."
လင်းဝေရွေက အသက်ပြင်းပြင်းရှူလိုက်ကာ ပိုပြီး တောက်တောက်ပပပြုံးပြလိုက်ပြီး:"ဒါက အဆိပ်ဖြေဖို့ တည်ဆောက်ပုံလေ..အသက်ဝင်လာရင် နင့်ကိုယ်ထဲက အလောင်းကောင်အဆိပ်ကို ဖယ်လို့ရသွားပြီ"
သူမက ဤသည်အား ပြောပြီးနောက် လက်မြောက်လိုက်ကာ ကြက်ပေါက်အရှင်လေး၏လည်တိုင်အား ဖြတ်ပစ်လိုက်တော့သည်။သွေးနီပူပူများက ပွင့်ထွက်လာသော်လည်း မြေကြီးပေါ်ကျမသွားချေ။မမြင်နိုင်သည့် တွန်းအားမှ ယင်းက တည်ဆောက်ပုံထောင့်တိုင်းဆီသို့ ဖြေးဖြေးချင်း အဆွဲခံနေရသည်။သွေးက တည်ဆောက်ပုံထဲဝင်သွားသော် အနီရောင်အလင်းတန်းက ပွင့်ထွက်လာပြီး တည်ဆောက်ပုံအလယ်တွင်ရှိသည့် လင်းဝေရွေ့နှင့် ရှန်ဝူချွေ့တို့ပတ်လည်တွင် ရစ်သိုင်းလာ၏။လင်းရုဖေးက အထဲရှိမြင်ကွင်းအား မမြင်ရ၍ အနည်းငယ် စိုးရိမ်စပြုလာသည်။
ဤမြင်ကွင်းက ကြာကြာမခံလိုက်ချေ..မကြာမီ တည်ဆောက်ပုံ၏အလယ်တည့်တည့်ရှိ လူနှစ်ဦးကြားက အနီရောင်အလင်းတန်းက တဖြေးဖြေး မှုန်လာလေသည်။
မူလက နေရာတွင်ရပ်နေသည့် လင်းဝေရွေ့က မြေပြင်တွင် ဒူးတစ်ဝက်ထောက်နေပြီး မျက်နှာရဲရဲလေးက ဖျော့တော့နေ၏။တခြားတစ်ဖက်မှ ရှန်ဝူချွေ့သည်လည်း သိသိသာသာ ဖြူဖျော့နေသည်။သို့သော်ငြား သူ့အသက်ရှူသံက လင်းရုဖေး သူ့အားတွေ့ခဲ့သည့်အရင်ရက်များထက် ပိုမိုချောမွေ့လာကာ သူ၏ပါးရောင်သည်လည်း ပိုတောက်လာပေ၏။
“အမ်..."
လင်းဝေရွေ့က ထရန်ကြိုးစားသော်ငြား ခြေယိုင်သွားကာ မြေပေါ်သို့ ကျသွားသည်။
လင်းရုဖေး၏နှလုံးသားလေး တင်းတင်းကျပ်ကျပ်ဖြစ်သွားကာ သူမအားထိန်းကိုင်ရန် အမြန်ရှေ့သို့သွားလိုက်ရင်း:"အခု အဆင်ပြေသွားပြီနော်..သူတို့ကို အမြန်ပြန်ခေါ်သွားလိုက်ကြ"
လင်းရုဖေးက အမိန့်ပေးလိုက်ပြီးနောက် အနားတွင်ရှိနေသည့် ရှန်မိသားစုလက်အောက်ငယ်သားများက တည်ဆောက်ပုံအား ချိုးဖျက်မိမည်စိုး၍ ရှေ့သို့မသွားရဲပဲ ရှောင်လိုက်ကြရင်း လင်းဝေရွေ့နှင် ရှန်ဝူချွေ့တို့နှစ်ဦးအား ကုလားထိုင်ပေါ်တင်ပေးလိုက်ကြသည်။သူတို့က ဂရုတစိုက်ပင် သူတို့အား အခန်းသို့ ပြန်သယ်ပေးလာကြ၏။
သူတို့က အခန်းထဲသို့ ရောက်လာသည်တွင် သမားတော်က ရှန်ဝူချွေ့၏အခြေအနေအား စစ်ဆေးရန် ရောက်လာသည်။သူ၏ခါးနှင့်ဝမ်းဗိုက်ရှိ အဝတ်အားမလိုက်သော် လင်းရုဖေးသည် လွန်ခဲ့သောရက်များက အကျည်းတန်နေခဲ့သည့် ဒဏ်ရာများမှာ ပျောက်သွားပြီဖြစ်ပြီး အရေးတကြီးအနေနှင့် သူတို့ပေါ်တွင် အသားဖုအသစ်များ ပေါ်လာသည်အား တွေ့လိုက်ရသည်။ထပ်ပြောရသော် အပုပ်နံ့မရတော့ပဲ ရှန်ဝူချွေ့၏အသက်ရှူသံသည်လည်း မြဲမြံလာပြီး ချောမွေ့လာ၏။ပြဿနာကြီးကြီးမရှိတော့သည့်ပုံပင်။ထို့ထက် လင်းဝေရွေ့၏အခြေအနေက အနည်းငယ် ပိုဆိုးနေ၏။သူမက ကူကယ်ရာမဲ့စွာ အိပ်ရာပေါ်တွင် လှဲနေသည်။
ရှန်ဝူချွေ့မှာ ပြင်းထန်သည့်အခြေအနေမရှိသည်အား ကြားမှသာ ခက်ခက်ခဲခဲပြုံးပြလာပြီး:"ကံကောင်းစွာနဲ့ အောင်မြင်သွားပြီပေါ့...မဟုတ်ရင် ငါတကယ်ကို နာလှပြီ ဘာမဟုတ်တာလေးနဲ့..."
လင်းရုဖေးက အလောတကြီး မေးလာ၏။
"ဘယ်မှာ နာနေတာလဲ"
လင်းဝေရွေ့က သူမဝမ်းဗိုက်သို့ ညွှန်ပြလာ၏။
ဤသည်အား မြင်သော် သမားတော်က အမြန်ပင် အခြားသူများအား ထွက်သွားရန်ပြောလာပြီး သင်္ကာမကင်းဖြစ်နေသည်အား ဂရုစိုက်မနေကာ လင်းဝေရွေ့အဝတ်များအား ပြန်တင်ပေးလိုက်သည်။လင်းရုဖေးမှာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်သော်လည်း လင်းဝေရွေ့၏ခါးနှင့်ဝမ်းဗိုက်တွင် ဘယ်ကပေါ်လာမှန်းမသိသည့် ဒဏ်ရာအားမြင်ပြီးနောက် ငိုချပစ်ရန် တုံ့ဆိုင်းမနေတော့ချေ။လင်းရုဖေးနှင့် လင်းဝေရွေ့မှာ အတူတူပင်။ကလေးဘဝတည်းက လင်းမိသားစု၏ပျိုးထောင်မှုကြောင့် ထိုသို့ဒဏ်ရာပြင်းပြင်းမရဖူးချေ။ဒဏ်ရာ၏နေရာနှင့် ပုံစံမှာ ရှန်ဝူချွေ့ကိုယ်ပေါ်ရှိအရာများနှင့် တစ်ထပ်တည်းပင်။သို့သော်လည်း အဆုံးတွင် လင်းဝေရွေ့မှာ မိန်းကလေးတစ်ယောက်ဖြစ်နေဆဲပင်။သူမ၏ခါးလေးက အလွန်ပါးလျ၍ ခါးရှိဒဏ်ရာက ပိုပြီးထင်းကာ အကျည်းတန်ပုံပေါ်နေသည်။
“အဲ့ဒါက အကြီးကြီးလား"
လင်းဝေရွေ့က ယင်းအားကြည့်ရန် ကိုယ်မတ်လိုက်သော်ငြား ဒဏ်ရာအား မတော်တဆထိလိုက်မိ၍ ပြန်လှဲလိုက်ရကာ စုပ်သတ်မိလေ၏။
“အဒေါ်ကြီး[1]လှုပ်နေတာ ရပ်မှဖြစ်မယ်နော်.."
လင်းရုဖေးက ကြည့်နေရင်းမှ ရင်နာလာရကာ သူမအား မြန်မြန်ဖိချလိုက်ပြီး:"ဂရုစိုက်ဦး..မဟုတ်ရင် ဒဏ်ရာတွေ ပိုဆိုးကုန်လိမ့်မယ်"
လင်းဝေရွေ့က ရုန်းထွက်လိုက်ကာ:"ရှောင်ကျို့..ငါ့ကို မြန်မြန်လေး စစ်ပေးစမ်းပါ..အမာရွတ်ကျန်လာမှာလား ..အမလေး ဒါတွေသာမြင်ရရင် ဘယ်လောက်တောင် ရုပ်ဆိုးလိုက်မလဲလို့..."
သူမက တွတ်တွတ်ပြောနေပြီး ဤကိစ္စကိုသာ ပိုစိုးရိမ်နေ၏။
လင်းရုဖေးမှာ သူမကြောင့် အထိတ်တလန့်ဖြစ်သွားရသည်။သူက သူတို့၏အသက်စွမ်းအားကို မျှဝေထားကြောင်း သိသော်လည်း လင်းဝေရွေ့ကိုယ်ပေါ်တွင် ဒဏ်ရာများပေါ်လာမည်အား မမျှော်လင့်ထားချေ။သူက ခေါင်းကိုက်လာရကာ နောက်ဆုံးတွင်သူ၏မွေးချင်းများက သူ့အပေါ် အမြဲကူကယ်မဲ့ဖြစ်သွားခဲ့ရသည့်ခံစားချက်အား လင်းဝေရွေ့နှင့်မှ ကြုံဖူးလိုက်ရသည်။
“အဆင်ပြေသွားပါပြီ...အဆင်ပြေသွားပြီ"
လင်းရုဖေးက ဆိုလိုက်ရင်း:"ဒဏ်ရာကို ကုပြီးရင် ဝမ်ယောင်ကို အကောင်းဆုံးအမာရွတ်ပျောက်ဆေး ရှာခိုင်းလိုက်..အဲ့တာမှ ဘာမှမကျန်တော့မှာ...."
လင်းဝေရွေ့က ခြေချလိုက်သည်နှင့် ရှန်ဝူချွေ့အခြေအနေအကြောင်း မေးကာ သူကောင်းသွားပြီဖြစ်ကြောင်း သိလိုက်ပြီးမှသာ အေးအေးချမ်းချမ်းနှင့် မျက်လုံးပိတ်လိုက်လေ၏။ရှန်မိသားစုသမားတော်က လင်းဝေရွေ့အား ဂရုတစိုက် ဆေးစာရေးပေးလိုက်ကာ လင်းရုဖေးနောက်လိုက်ပြီး အခန်းပြင်မထွက်မီ သူမဒဏ်ရာအား ပတ်တီးစီးပေးသွားလေ၏။
လင်းရုဖေးက လင်းဝေရွေ့၏ဒဏ်ရာများအကြောင်း မေးလိုက်ရာ သမားတော်က ပြင်ပဒဏ်ရာလေးသာဖြစ်ကြောင်းနှင့် ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာမည်ဖြစ်ကြောင်း ဆိုမှသာ စိတ်သက်သာရာ ရသွားလေသည်။
ရှန်ဝူချွေ့၏အသက်ကား နောက်ဆုံး ကယ်တင်ပြီးသွားချေပြီ။ရှန်ဝူချွေ့၏မိခင်က လှိုက်လှဲဝမ်းသာမှုနှင့် မျက်ရည်ကျအောင် အော်ငိုလာရင်း လင်းရုဖေးအား ကျေးဇူးတင်နေ၍ သူ့အား ကျေးဇူးတင်ရန်မလိုအပ်ကာ သူ့အစ်မကိုသာ တင်ရန်လိုကြောင်း ခါးသက်သက်ပြုံးကာ ပြောလိုက်လေသည်။
ရှန်ဝူချွေ့၏မိခင်က မျက်ရည်များအား သုတ်လိုက်ရင်း ရှန်ဝူချွေ့နေပြန်ကောင်းလာပါက လက်ထပ်ခွင့်တောင်းရန် ခွန်းလွန်သို့ သူ့အားလွှတ်လိုက်မည်ဖြစ်ကြောင်း ဆိုလာ၏။ကလေးနှစ်ယောက်စလုံးမှာ သက်တူရွယ်တူဖြစ်ကာ ထပ်ပြီးနှောင့်နှေးနေသည်က အရုပ်ဆိုးလာပေတော့မည်။သို့သော်လည်း သူမက ရှန်ဝူချွေ့နှင့် လင်းဝေရွေ့တို့၏အသက်များက ယခုတွင် ချိတ်ဆက်ထားသည်အား မသိရာ လင်းဝေရွေ့အား ကျေးဇူးသာတင်နေသည်။
စင်စစ် ရှန်မိသားစုတစ်ခုလုံးတွင် လင်းရုဖေးနှင့်လင်းဝေရွေ့အပါအဝင် ရှန်မိသားစုခေါင်းဆောင်သာလျှင် ဤကိစ္စအား သိလေ၏။ဤသို့သောအရာမျိုးက သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။မဟုတ်ပါက နှစ်ဦးစလုံးအတွက် ထိခိုက်နစ်နာလာပေလိမ့်မည်။
လင်းရုဖေးက လင်းဝေရွေ့တွင် ပြဿာနာမရှိကြောင်း အတည်ပြုပြီးသည်တွင် နည်းနည်း ပင်ပန်းလာ၏။သို့စေကာမူ သူ၏ခန္ဓာတစ်ခုလုံးက အိပ်မပျော်နိုင်အောင် ချွေးများဖုံးနေ၍ ဖူဟွားအား ရေချိုးကန်ပြင်ပေးထားရန် ပြောကာ ရေကောင်းကောင်းချိုးလိုက်ရန် ဝင်သွားလေ၏။
ရေလေးမှာ နွေးနွေးလေးဖြစ်ကာ ပူလွန်းမနေပေ။လင်းရုဖေးက ရေထဲစိမ်လိုက်ရင်း မကြာမီအိပ်ပျော်သလိုဖြစ်လာသည်။သူက ရေဇလုံအားမှီထားရင်း သူ့ခေါင်းက ဘေးသို့ မရပ်မနားငိုက်စိုက်ကျနေ၏။များမကြာမီ သူ၏အသိစိတ်တို့ ဝေဝါးလာရသည်။
သူ့နားထဲသို့ တစ်ယောက်ယောက်က တိုးတိုးလေးပြောနေသည့်ပုံရှိသော်လည်း လင်းရုဖေးမှာ ပြန်ပြတ်သားသား မကြားနိုင်တော့ချေ။တုံ့ပြန်လာခြင်းမရှိတော့သည်အား မြင်ပြီးသော် ကူကယ်ရာမဲ့သွားဟန် သက်ပြင်းချသံထွက်လာကာ သူ့ကိုယ်အားရေချိုးကန်ထဲမှချီကာ ပုဝါခြောက်ခြောက်လေးနှင့် ပတ်ပေးပြီး နူးည့သည့်အိပ်ရာထက်တွင် ညင်ညင်သာသာချလိုက်သည်အား ခံစားလိုက်ရသည်။
သူ့နှုတ်ဖျားမှ သက်သာရာ ရသွားသည့်နှယ် သက်ပြင်းချလိုက်ရင်း လင်းရုဖေးမှာ ကြောင်လေးတစ်ကောင်ကဲ့သို့နှယ် နူးညံ့သည့်အိပ်ရာအား အလိုလိုပွတ်သပ်မိကာ အိပ်ပျော်သွားလေ၏။
ဤသို့အိပ်စက်ခြင်းက တစ်နေကုန်သွားကာ ပြန်ထလာသည့်အခါ၌ နောက်တစ်နေ့ပင်ရောက်နေချေပြီ။
လင်းရုဖေးက မျက်လုံးများဖွင့်လိုက်ရင်း အာရုံနောက်နေဆဲဖြစ်ကာ ဗလာကျင်းစွာ မေးလိုက်လေသည်။
"ဘယ်အချိန်ရှိပြီလဲ"
“နေ့လည်ရှိပြီ" ကုရွှမ်းတုအသံက သူ့ဘေးမှ ထွက်လာ၏။
လင်းရုဖေးက အံ့သြသွားသည့်အသံဖြင့်:"နေ့လည်..ကျွန်တော်က တစ်ရက်လောက် အိပ်ပျော်သွားတာလား"
“အင်း.."ကုရွှမ်းတုက မေးလာသည်။
"မင်း ဗိုက်ဆာပြီလား"
“နဲနဲ ဆာတယ်"
လင်းရုဖေးက ဗိုက်ကလေးအား ပွတ်လိုက်ရင်း အတော်လေး သက်သက်သာသာမရှိသလို ခံစားနေရကာ:"ကျွန်တော့တတိယအစ်မက သက်သာသွားပြီလား"
“အတော်လေး ကောင်းနေပါပြီ"
ကုရွှမ်းတုက ပြန်ဖြေလိုက်ရင်း:"သူမက မင်းထက်စောစောနိုးတော့အခုတင်လေး မင်းကိုလာကြည့်သွားတာ..မင်းဘာမှမဖြစ်တာမြင်မှ ရှန်ဝူချွေ့ကိုရှာဖို့ သွားတော့တာပဲ"
လင်းရုဖေးက မေးလာ၏။
"သူမဒဏ်ရာကရော ကောင်းသွားပြီလား"
“ဟင်း...ဘာမှတော့ ဖြစ်ဟန်မရှိပါဘူး..သူမက ဒေါင်ဒေါင်မြည်ပဲ....."
သူက လင်းဝေရွေ့မှာ ကုရွှမ်းတုအား ထိုသို့အကူအညီမဲ့နေသည့်ပုံစံဖြစ်စေရန် မည်သည်တို့လုပ်ခဲ့သည်အား တိတိကျကျမသိသော်လည်း လင်းရုဖေးမှာ မပြုံးပြဘဲမနေနိုင်အောင်ပင်။
"ဒါဆို..ကျွန်တော်လည်း ထတာပေါ့"
သန့်စင်လိုက်ပြီးနောက် ယွီရွေ့က အစားအစာအချို့အားပြင်ဆင်ပေးပြီးသည်တွင် လင်းရုဖေးက စားပွဲတွင်ဝင်ထိုင်လိုက်ကာ ဖြေးဖြေးချင်းစားလေ၏။အချိန်ကိုက်ပင် ချီယွီက ပြတင်းပေါက်မှခုန်ဝင်လာသည်။ခါတိုင်းကဲ့သို့ပင် ပါးစပ်ထဲရှိကြောင်ပေါက်လေးအား အိပ်ရာပေါ်သို့ပစ်ချလိုက်ရင်း လင်းရုဖေးက ပေါက်စလေးအား စောင့်ကြပ်ပေးရန်အချိန်ဆိုသည့်သဘောနှင့် ခေါင်းထောင်ပြလာ၏။
လင်းရုဖေးမှာ အစေခံမလေးများအား အသားလတ်လတ်ဆတ်ဆတ်အချို့အား တောင်းလိုက်ရုံသာ တတ်နိုင်ပြီး ကြောင်ပေါက်လေးအား အစာကျွေးနေစဥ် ချီယွီက သူ၏အစေခံမလေးများ၏လက်ထဲခုန်ဝင်ကာ ပွတ်သတ်ပေးနေသည်အား နှစ်ခြိုက်နေသည်ကို ကြည့်နေရ၏။
“အဲ့ဒီလူက ဒီနားမှာ ရှိနေတုန်းလား" လင်းရုဖေးက မေးလိုက်သည်။
“သူက ဒီနားမှာ ထပ်ပြီးရှိနေတယ်လို့တော့ ငါမထင်ဘူး"
ချီယွီက လေသံညင်းညင်းလေးနှင့် ပြန်ဖြေလာသည်။
"အနံ့က အားပျော့သွားပြီ"
လင်းရုဖေးက သက်ပြင်းဖွဖွချလိုက်မိသည်။
ချီယွီက ဆိုလာ၏။
"အဲ့ဒီအဆိပ်က ရှာရလွယ်ပေမယ့် အဲ့ဒါကို ကြိုးကိုင်နေတဲ့လူကို ရှာချင်ရင်တော့ ဒုက္ခရောက်လိမ့်မယ်နော်..."
သူက မျက်လုံးများအား မှေးကျင်းလိုက်ရင်း:"မင်းတို့လူသားတွေမှာ တကယ်ကို လျှို့ဝှက်နည်းလမ်းတွေ အများကြီးရှိတာပဲ."
လင်းရုဖေးက အပြုံးလေးဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
"အဲ့ဒါတော့ ဟုတ်တယ်"
ကြောင်ပေါက်လေးအား အစာကျွေးပြီးသည်တွင် လင်းရုဖေးက ထွက်လာခဲ့လေ၏။သူက အနည်းငယ် မသက်မသာဖြစ်နေသော်လည်း ဆက်ပြီးတောင့်ခံထားဆဲပင်။သူက လင်းဝေရွေ့နှင့် ရှန်ဝူချွေ့တို့ မည်သို့မည်ပုံ ဖြေရှင်းကြမည်အား မြင်ချင်မိသည်။အခန်းထဲမှ နှစ်လှမ်းလောက်လှမ်းပြီးသည်နှင့် လင်းရုဖေးက မော့ကြည့်လိုက်ရာ လင်းဝေရွေ့နှင့် ရှန်ဝူချွေ့အား ကမ်းခြေတွင် တွေ့လိုက်ရမည်ဟု မည်သူကထင်မည်နည်း။ရှန်ဝူချွေ့က ထိုင်နေပြီး လင်းဝေရွေ့က သူ့နံပါးတွင် ရပ်နေကာ လက်ဟန်အမူအရာနှင့် တစ်ခုခုပြောနေပုံရပြီး တစ်စတစ်စ ရယ်မောသံလွင်လွင်လေးကလွင့်ပျံလာ၏။
သူတို့က အဝေးတွင်ဖြစ်သော်လည်း လင်းရုဖေးက ရှန်ဝူချွေ့မျက်နှာထက်တွင် အကူအညီမဲ့နေပုံအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“ဟား...ဟား..ဟား..ငါတော့ နင်တကယ်ကို သေသွားတော့မယ်လို့ ထင်ခဲ့တာ"
လင်းဝေရွေ့က သူမ၏တင်ပါးတွင် လက်ထောက်လိုက်ရင်း တက်ကြွနေဟန်ရှိသည်။လင်းရုဖေးသာ သူမခါးတွင် ဒဏ်ရာရှိသည်အား မသိခဲ့ပါက အနှီမိန်းမပျိုလေးက စိတ်ကောင်း၀င်နေသည်ဟု တွေးမိနိုင်လေ၏။
"နင်သာသေသွားရင် ငါတခြားကောင်လေးရှာပြီး သူတို့အရွယ်ရောက်လာတာကို စောင့်ကြည့်ရမယ့်ဟာ... စိတ်မကောင်းစရာပဲ..."
ရှန်ဝူချွေ့က မေးလိုက်၏။
"မင်း ဘယ်သူ့ကို သွားရှာမလို့လဲ"
လင်းဝေရွေ့က ဖြေလာသည်။
"ဘယ်သူဖြစ်ဖြစ် အဆင်ပြေတယ်"
ရှန်ဝူချွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။
လင်းဝေရွေ့က ပြန်လည်ပျော်ရွှင်လာကာ သူ့ထံလျှောက်သွားလိုက်သည်။သူမက ရှန်ဝူချွေ့၏တုံ့ပြန်ခြင်းကင်းမဲ့နေသည်အား အခွင့်ကောင်းယူကာ အမြန်ပြေးထွက်မသွားမီ သူ့ပါးမို့မို့ထက် ကိုက်ရာအကြီးကြီးချန်ထားခဲ့လေ၏။
"ဟား..ဟား..ဟား..ဒါပေမယ့် နင်သက်သာသွားပြီမို့လို့ တခြားစိုးရိမ်စရာတွေမရှိတော့ပါဘူး..လာ လာ လာ..အရင်ဆုံး အမှတ်အသားလေးပေးပါရစေဦး ဒါမှ နင် တခြားမိစ္ဆာဝိဥာဥ်တွေဆီကနေ တိုက်ခိုက်မခံရမှာ...".
ရှန်ဝူချွေ့က နေရာတွင်ပင် ထိုင်နေ၏။သူက တည့်တည့်ကြီး အကိုက်ခံလိုက်ရ၍ အံ့အားသင့်နေသော်လည်း လင်းဝေရွေ့ကျောပြင်လေးအား ကြည့်ကာ သက်ပြင်းချရုံပင်တတ်နိုင်ပေသည်။ယင်းမတိုင်မီက လင်းရုဖေးမှာ သူ့သက်ပြင်းချသံမှ အကူအညီမဲ့နေဟန်အား ကြားနိုင်ပေလိမ့်မည်။သို့သော်ငြား အကြောင်းပြချက်အချို့ကြောင့် ယခုအခါတွင် သူက ဤသို့အကူအညီမဲ့နေမှုက တုန်အောင်ချစ်နေမှုအချို့ပါ ရောပါနေကြောင်း ခန့်မှန်းမိသည်။
လင်းဝေရွေ့က ရှန်ဝူချွေ့အား တစ်ယောက်တည်းချန်ထားခဲ့ကာ ထွက်သွားလေ၏။ထို့ကြောင့် လင်းရုဖေးက ရှန်ဝူချွေ့ဘေးသို့ ဖြေးဖြေးလျှောက်သွားလိုက်သည်။
“လင်းကုန်းဇီ.." ရှန်ဝူချွေ့က လင်းရုဖေးအား နှုတ်ဆက်လာသည်။
“အင်း.."
လင်းရုဖေးက ရယ်မောလိုက်ကာ :"ကျွန်တော့်အစ်မက တကယ်ကို...သံစဥ်[2]တောင်မနိုင်ပါဘူး..."
သူမနှင့်ရှန်ဝူချွေ့တို့၏ ဆက်ဆံရေးအား အတည်မပြုရသေးသော်လည်း သူမက အရှက်မဲ့စွာနှင့် ရှန်ဝူချွေ့မျက်နှာအား ကိုက်ခဲ့သေးသည်။ရှန်ဝူချွေ့က သူမအား ဘာမျှမလုပ်နိုင်၍ သူမအား လုပ်ခွင့်ပြုထားရလေ၏။
“တက်ကြွတာက ကောင်းပါတယ်"
ရှန်ဝူချွေ့က နွေးနွေးထွေးထွေးလေသံနှင့် ဆိုလာသည်။
"ဖျတ်လတ်တက်ကြွတဲ့ မိန်းကလေးတွေက ပိုပြီးလူကြိုက်များပါတယ်"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ပြီး သူ၏ဒဏ်ရာများအကြောင်း မေးလိုက်၏။ရှန်ဝူချွေ့က သူသည်ယခု လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်းနှင့် အလောင်းကောင်အဆိပ်အား ဖယ်ရှားပြီးသည်နှင့် သူ၏ပြန်လည်ကုသနိုင်စွမ်းက အားကောင်းလာကြောင်း ဆိုသည်။သို့စေကာမူ အကြောင်းအရာက အဆိပ်ဖယ်သည့်အပိုင်းသို့ ရောက်သောအခါ ရှန်ဝူချွေ့က တစ်ခဏမျှတုန့်ဆိုင်းသွားပြီး လင်းရုဖေးအား ရုတ်တရက် ဦးညွတ်လာ၏။
1]လက်ထပ်ပြီးဖြစ်နေတဲ့ သမီးဖြစ်သူအတွက် သူမဘက်က မိသားစုက အထိတ်တလန့်ဖြစ်သွားတာပါ