Chapter 152
သူက ဤဇာတ်လမ်းအား ပြန်လည်သတိရလာကာ ကျယ်ကျယ်ရယ်လိုက်ချင်ပါသော်လည်း နှုတ်ခမ်းထက်အပြုံးရောက်လာသည်နှင့် ပျောက်ကွယ်သွားကာ တိုးတိုးဆိုလာသည်။
"ကျွန်တော်အစက ရှန်ဝူချွေ့ကို ဒီနေ့မတိုင်ခင်အထိ ကျွန်တော့အစ်မကို ကြောက်ရုံပဲကြောက်တာလို့ ထင်ခဲ့တာလေ..နောက်မှ သူလည်း ကျွန်တော့်အစ်မကို စိတ်ဝင်စားနေတယ်ဆိုတာ သိလိုက်ရတယ်"
ကုရွှမ်းတုက သက်ပြင်းရှည်ကြီးချကာ:"ဒါပေမယ့် ရှန်ဝူချွေ့က အဲ့ဒီနည်းလမ်းသုံးဖို့ဆန္ဒ ရှိနိုင်မှာမဟုတ်ဘူး"
လင်းရုဖေးက အလေးအနက်ထား၍ မေးလိုက်၏။
"ခင်ဗျားက ကျွန်တော့ကို အရင်ပြောပြပါ"
ကုရွှမ်းတုက ဖြေသည်။
"အလောင်းကောင်အဆိပ်က ကုသလို့မရနိုင်ဘူးဆိုတာ မှန်ပေမယ့် တခြားနည်းလမ်းနဲ့ ချေဖျက်လို့ရတယ်...ကမ္ဘာပေါ်မှာ လူနှစ်ယောက်ရဲ့အသက်ကို အတွင်းပိုင်းဆက်နွယ်ခွင့်ပြုထားတဲ့ နည်းလမ်းတစ်ခုရှိတယ်..ရှန်ဝူချွေ့က ဆိုးဆိုးဝါးဝါးထိခိုက်သွားပြီးတော့ သူ့ရဲ့အသက်စွမ်းအင်ကလည်း တဖြေးဖြေးလျော့နည်းလာပြီ..ဒါပေမယ့်..မင်းက တခြားသူရဲ့အသက်စွမ်းအင်ကို ပေါင်းထည့်ပေးလိုက်မယ်ဆိုရင် သူ့ကို ဆွဲထားလို့ရတယ်"
သူက ပြောနေရင်း သူ၏စိတ်ခံစားချက်က အလွန်လှုံ့ဆော်ခံရသကဲ့သို့ ဖြစ်နေကာ:"ဒီနည်းလမ်းကို သုံးလိုက်တာနဲ့ အသက်နှစ်ခုက ထာဝရဆက်နွှယ်သွားပြီး နေကောင်းတာပဲဖြစ်ဖြစ် ဖျားနာတာပဲဖြစ်ဖြစ် အတူတကွချိတ်ဆက်နေတော့မှာ..ပြီးတော့ ဒီဘဝမှာ သူတို့ကို လုံးဝခွဲထားလို့ရနိုင်တော့မှာ မဟုတ်ဘူး"
လင်းရုဖေးက ဖြေးဖြေးချင်းတောင့်ခဲသွားပုံမှာ ထိုနည်းလမ်းအား ကြားရန် လုံး၀မမျှော်လင့်ထားသကဲ့သို့ပင်။
"တ..တခြားနည်းလမ်း မရှိတော့ဘူးလား"
ကုရွှမ်းတုက ခေါင်းခါပြလာသည်။
လင်းရုဖေးက မျက်ကြောဆန့်ကာ လေးလေးနက်နက်တွေးတောနေမိ၏။
ကုရွှမ်းတုက ဆက်ပြောလာသည်။
"ဒီနည်းလမ်းက ပြဿနာကို ခဏလောက် ဖြေရှင်းနိုင်ပေမယ့် အကျိုးဆက်က အဆုံးမရှိဘူး...ဒါကို စဥ်းစား ...လူနှစ်ယောက်သာ ဆက်သွယ်မိသွားရင် ဒီဘဝမှာ ဘယ်တော့မှ ခွဲထုတ်လို့မရတော့မှာစိုးတယ်...တချို့လူတွေအတွက်ဆို သေတာထက်ပိုပြီးဆိုးရွားတယ်မို့လား"
လင်းရုဖေးက သက်ပြင်းချလိုက်ပြီး:"ကျွန်တော် အဲ့ဒါကို ပြန်စဥ်းစားလိုက်ပါဦးမယ်"
သူက အကြိမ်အနည်းငယ်ခန့်ချောင်းဆိုးလိုက်ကာ သူ၏မျက်နှာလေးမှာလည်း ဖျော့တော့လာ၏။
ကုရွှမ်းတုက ဤသည်အား သတိထားမိသွားသော် သူ့နှလုံးသားမှာနာကျင်လာရကာ လင်းရုဖေးလက်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသည်။
ထို့နောက်တွင်မူ နှစ်ဦးသား မော့ချန်းရှန်ထွက်ပြေးသွားသည့်အကြောင်း ဦးတည်ပြောဆိုလိုက်သည်။ကုရွှမ်းတုက မော့ချန်းရှန်အား ထိန်းချုပ်နေသည့် လူမှာ ရှန်မိသားစုအနီးအနားတွင် ရှိနေနိုင်ပြီး သူ့ထံမှအပုပ်နံ့မရသောကြောင့် ရှာဖွေရန်မလွယ်ကူနိုင်ကြောင်း ဆိုလာသည်။
လင်းရုဖေးက ကုရွှမ်းတုအား တစ်ခုခုထူးဆန်းနေသည်ဟု ခံစားမိတာကြောင့် ဘာလို့များ အဲ့ဒီလူက ရှန်ဝူချွေ့ကို ထိခိုက်စေချင်တာလဲဟုမေးလိုက်သော်ငြား ကုရွှမ်းတုက မည်သည်မှပြောပြလာခြင်းမရှိပေ။
သူက လင်းရုဖေးအား နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး ဆိုလာ၏။
"တစ်ချို့လူတွေက တစ်ခုခုလုပ်ဖို့ အကြောင်းပြချက်မလိုဘူး..သူတို့လုပ်ချင်ရင် လုပ်လိုက်တာပဲ အကျိုးဆက်တွေကို ဂရုစိုက်နေမှာမဟုတ်ဘူး သူတို့က..."
လင်းရုဖေး "အဲဒီလိုလူမျိုးက တအား ကြောက်ဖို့မကောင်းဘူးလား"
ကုရွှမ်းတုက ထောက်ခံလိုက်၏။
"ဒါပေါ့ သူတို့က လန့်စရာကောင်းလွန်းတယ်"
───────
နှစ်ဦးသား အိမ်ပြန်ခဲ့ကြသည်။ရေချိုးအဝတ်လဲပြီးနောက် အမြန်ပင် အိပ်ရာဝင်လိုက်လေ၏။မူလက လင်းရုဖေး၏စိတ်မှာ အတွေးများနစ်နေပြီး အိပ်မပျော်နိုင်ဖြစ်နေသော်လည်း မော့ချန်းရှန်နှင့် အချိန်အတော်ကြာတိုက်ခဲ့ရ၍ထင် အလွန်ပင်ပန်းနေ၍ မျက်လုံးများပိတ်ထားလိုက်သည်။သို့စေကာမူ သူတွေးနိုင်သည့် အရာအားလုံးက ရှန်ဝူချွေ့၏အားနည်းနေသည့်ပုံစံလေးဖြစ်ကာ အိပ်မောမကျသွားမီအထိ သူ့ရင်ထဲတွင် ကသောင်းကနင်းဖြစ်နေလေ၏။
နောက်တစ်နေ့သည်ကား နေသာသည့် နေ့တစ်နေ့ပင်။
လင်းရုဖေးမှာ စောစော ထလာသည်။ဖူဟွားက လတ်လတ်ဆတ်ဆတ် ပင်လယ်စာစွပ်ပြုတ်နှင့် အရသာရှိသော အရန်ဟင်းပွဲအချို့အား ယူလာပေးသည်။သို့သော်လည်း ကံဆိုးစွာနှင့် လင်းရုဖေးမှာ စားချင်စိတ်မရှိကာ တစ်လုပ်နှစ်လုပ်မျှစားပြီးသည်နှင့် တူကိုင်ထားသည်အား ရပ်လိုက်တော့သည်။
ဖူဟွားက လင်းရုဖေးအား အစားထပ်စားရန် ဖျောင်းဖျမည်အလုပ် ရုတ်တရက် တံခါးအပြင်မှ ဆူဆူညံညံအသံအား ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသည်။လင်းရုဖေးက ရှန်ဝူချွေ့များ တစ်ခုခုဖြစ်သွားသလား ဟုတွေးမိကာ ရင်ထဲထိတ်သွားပေ၏။သူက အထိတ်တလန့်ရပ်လိုက်မိသည်နှင့် အားအင်အပြည့်နှင့် ပုံရိပ်တစ်ခုက တံခါးကနေ လွှားခနဲပေါ်လာသည်။လင်းရုဖေးက တုံ့ပြန်မလိုက်မီ ထိုလူထံကနေ အဖက်ခံလိုက်ရသည်။မိန်းမငယ်လေး၏နူးညံ့သည့် အသံစာစာလေးကြောင့် လင်းရုဖေးက မမြင်ရသည်မှာကြာပြီဖြစ်သော သူ၏တတိယအစ်မဖြစ်သည်အား ချက်ချင်း သိသွားတော့၏။
“ရှောင်ကျို့..မမ မင်းကိုသေအောင်လွမ်းနေတာ...ဒီရက်တွေထဲ မင်းကိုမတွေ့ရဘူးလေ..ကောင်းကောင်းရောစားရဲ့လား..လာ... မမ မင်းဘယ်လောက်ဝိတ်ကျသွားသလဲဆိုတာ ကြည့်ပါရစေအုံး..."
လင်းဝေရွေ့က လင်းရုဖေးအား မြင်သည်နှင့် အဆက်မပြတ် စကားစပြောတော့၏။
လင်းရုဖေးက အံ့အားသင့်သွားကာ:"မမ..ဘာလို့ဒီရောက်နေတာလဲ"
“အဲဒါက ငါနင့်ကို စိတ်ပူလို့လေ" လင်းဝေရွေ့က ရယ်မောလိုက်သည်။
“မမက ကျွန်တော့ကို စိတ်ပူနေတာလား..ချစ်သူပေါက်စလေးကို စိုးရိမ်နေတာလား"လင်းရုဖေးက သူ့အစ်မအား စနောက်နေ၏။
“နှစ်ယောက်စလုံးကိုပေါ့"
လင်းဝေရွေ့က နှာခေါင်းအားပွတ်လိုက်ရင်း ရေရွတ်လာသည်။
"ဒီတလော လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါ ထိတ်ထိတ်လန့်လန့်ဖြစ်နေခဲ့တာ..တစ်ခုခုဖြစ်လာတော့မယ်လို့ ထင်လို့လေ..ဒါကြောင့်ဒီကို ကတိုက်ကရိုက်လာခဲ့ရတာပဲ.. ရှောင်ကျို့ ဟိုဟာ ဝူချွေ့ရဲ့အခြေအနေကရော ဘယ်လိုလဲ..သူနိုးနေပြီလို့တော့ကြားတယ်..သူ့ဒဏ်ရာက သက်သာသွားပြီလား"
လင်းရုဖေးက တွန့်ဆုတ်နေသော်ငြား ပြန်ဖြေလိုက်ဆဲပင်။
"ဟုတ်ပါတယ်"
လင်းဝေရွေ့မျက်နှာမှာ အေးခဲသွားရသည်။
သူမက လင်းရုဖေးစကားများမှ ယုံကြည်ချက်မရှိသည်အား သိသိသာသာ ခံစားလိုက်ရကာ:"ဒါမှမဟုတ်..မတော်တဆတစ်ခုခုရှိခဲ့လို့လား..ရှောင်ကျို့ ..ဒီရှန်မိသားစုမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ..နင်ငါ့ကိုမဖုံးကွယ်ထားရဘူးနော်"
လင်းဝေရွေ့က ရှန်အိမ်တော်သို့ ရောက်နေပြီဖြစ်တာကြောင့် သူက ဤကိစ္စအား တစ်သက်လုံး ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။လင်းရုဖေးက လင်းဝေရွေ့စိတ်ပူလာမည်ကို စိုးသော်ငြား ဖြစ်ပျက်ခဲ့သည့် အခြေအနေတစ်ခုလုံးအား စေ့စေ့စပ်စပ်ပြောပြနေဆဲပင်။
လင်းဝေရွေ့က ရှန်ဝူချွေ့ခမျာ ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး အဆိပ်အားဖြေ၍မရသည်ကိုကြားသော် သူမ၏အသက်ရှုသံများက မှောင်မိုက်လာကာအေးစက်စက်ပြောလာ၏။
"ဘယ်လိုတောင် အသုံးမကျကြတာလဲ..ရက်ပေါင်းမျာစွာရှိနေပြီ..လူတစ်ယောက်ကိုတောင် မဖမ်းနိုင်ကြသေးဘူးလား"
သူမစကားများဆုံးသည်နှင့် ဓါးအားဆုပ်ကိုင်လိုက်ကာ လှည့်ထွက်သွားတော့၏။လင်းရုဖေးက ဤသည်အား သတိထားမိသော် ချက်ချင်းမေးလိုက်ရသည်။
"မမ..ဘယ်ကိုသွားမလို့လဲ"
“သေချာပေါက် တစ်ယောက်ယောက်ကို သွားဖမ်းမလို့ပေါ့"
လင်းဝေရွေ့က သာမန်ကိစ္စတစ်ရပ်သဖွယ် ပြောလာသည်။
လင်းရုဖေးက မေးခွန်းထုတ်လိုက်မိ၏။
"မမ ရှန်ကုန်းဇီကို အရင်သွားမတွေ့ချင်ဘူးလား"
“ငါသူ့ကို သွားတွေ့ရင်တောင်မှ စိုးရိမ်နေရဦးမှာပဲ...ဒါကြောင့် အဲ့ဒီလူကို အရင်ဆုံးသွားဖမ်းရမယ်"
လင်းဝေရွေ့က မျက်မှောင်ကြုတ်ထားကာ ထိုသို့ရှင်းပြလာ၏။
လင်းရုဖေးက သူမအား တားလိုက်ပြီး:"မသွားနဲ့..ကျွန်တော် အဲ့ဒီလူကို မနေ့ညက တွေ့ခဲ့တယ်"
လင်းဝေရွေ့က အံ့သြသွားရကာ:"သူ့ကိုတွေ့ခဲ့တယ်လား..ဒါဖြင့် နင်ဘာလို့ သူ့ကို ဖမ်းမလာခဲ့ရတာလဲ"
လင်းရုဖေးက အားတင်းပြုံးလိုက်ရင်း:"အဲ့ဒီလူက ပြောခဲ့သလိုဆို ရှန်ကုန်းဇီက အလောင်းကောင်အဆိပ်မိသွားတယ်..ဖြေဆေးက ....မရှိဘူးတဲ့"
လင်းရုဖေးစကားလုံးများ၏ဆိုလိုရင်းအား လက်မခံနိုင်ဖြစ်သွားကာ လင်းဝေရွေ့၏မျက်နှာသွင်ပြင်က တစ်ခဏမျှ ဗလာဖြစ်သွားရသည်။သို့သော်ငြား များမကြာမီတွင် ပြန်လည်တည်ငြိမ်သွားနိုင်ပြီး အသက်ဝင်လာ၏။
သူမက လက်ယမ်းပြကာ တည်တည်ငြိမ်ငြိမ်ပြောလာသည်။
"ရှောင်ကျို့...နင်မသိဘူး..ကျန်းဟူက အန္တရာယ်များတယ် ..အဲ့ဒီလူက မင်းကို ဖြေဆေးမရှိဘူးလို့ပြောခဲ့တာက လိမ်နေတာပဲဖြစ်ရမယ်..ဘာပဲ နေနေ အလောင်းကောင်အဆိပ်ဆိုတာက မြင်ရခဲတဲ့အဆိပ်တစ်မျိုးပဲ..ဘယ်လိုလုပ်ပြီး ဝူချွေ့က ကံအရမ်းဆိုးသွားရတာလဲ"
သူမက နောက်ဆုံးအကြောင်းအား ပြောသောအခါ သူမကိုယ်သူမ သက်သာမှုရစေရန် ပြောနေသကဲ့သို့ပင်။
ဤသည်အား ပြောပြီးနောက် သူမက ကိုယ့်ကိုကိုယ် ခေါင်းညိမ့်လိုက်ကာ ဆိုလာသည်။
"နင်ပြောတာ မှန်တယ်..ငါက အခုမှရောက်ကာစပဲရှိသေးတော့ အဲ့ဒီလူကို အလောတကြီးမလိုက်သင့်ဘူး..ငါအရင်ဆုံး ငါ့မိသားစုရဲ့ ကလေးဆန်လှတဲ့ မိန်းမငယ်လေးကို သွားကြည့်သင့်တယ်"
“ကလေးဆန်လှတဲ့ မိန်းမငယ်လေး"မှာ လင်းဝေရွေ့မှ ရှန်ဝူချွေ့ထံပေးထားသည့် နာမည်ပြောင်ဖြစ်ကာ ထိုအချိန်က ရှန်ဝူချွေ့အား အလွန်ဒေါသထွက်စေခဲ့သည်။ရှန်ဝူချွေ့က သူမအား ပြန်ရိုက်နိုင်ပါက နာမည်ပြောင်းပေးမည်ဟုပင် လင်းဝေရွေ့က စနောက်ခဲ့သေးသည်။အမှန်ပင် ဆယ်ကျော်သက်အရွယ် ရှန်ဝူချွေ့က သူမအား ဘာနာမည်ပြန်ပြောင်းပေးမှာလဲ ဟု ဒေါသတကြီးမေးလာသည့်အခါ လင်းဝေရွေ့က "မိန်းမကြီး"ဟု ပြန်ပြောင်းပေးမည်ဖြစ်ကြောင်း ပြုံးပြုံးလေးပြောလေ၏။ရှန်ဝူချွေ့မှာ လင်းဝေရွေ့ထံမှ ရန်စခံလိုက်ရ၍ ပြောစရာမရှိဖြစ်သွားရသည်။သူသည် အမှန်ပင် လင်းဝေရွေ့အား ဆန့်ကျင်ပြီး မည်သည်မှ မပြုလုပ်နိုင်ချေ။
အတိတ်က ရယ်သံများက သူ့စိတ်ထဲဝယ် အရောင်စုံလင်နေဆဲပင်။သို့စေကာမူ မျက်စိတစ်မှိတ်တွင်းမှာပင် ရှန်ဝူချွေ့မှာ သေခါနီးဆဲဲဆဲဖြစ်နေချေပြီ။လင်းရုဖေးက ဤသည်အား လက်မခံနိုင်ရင်တောင်မှ လင်းဝေရွေ့အား တစ်ယောက်တည်း လွှတ်ပေးထားလိုက်သည်။
လင်းဝေရွေ့က အပြင်ထွက်မသွားခင် သူမမျက်ဝန်းအောက်မှ မျက်ရည်အငွေ့အသက်အချို့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေ၏။လင်းဝေရွေ့သည်လည်း သူမရင်ထဲ၌ ကြိုတင်သိရှိနေပုံရလေသည်။
လင်းရုဖေးက အိမ်ထဲတွင် စိုးရိမ်ကြောင့်ကြနေဟန်ဖြင့် ထိုင်နေသည်။စိတ်ထဲတွင် သောကရောက်လွန်းနေသဖြင့် လက်ဖက်ရည်အား အဆက်မပြတ်သောက်နေလေ၏။နှစ်အိုးသုံးအိုးခန့် သောက်ပြီးသည်နှင့် ဖူဟွားက ထပ်ပြီးရပ်မနေနိုင်တော့ကာ လက်ဖက်ရည်အိုးအား ကိုင်လိုက်ရင်း ဆိုလာသည်။
"ကုန်းဇီ...ထပ်မသောက်ပါနဲ့တော့..ခန္ဓာကိုယ်ကိုထိခိုက်သွားလိမ့်မယ်..ကုန်းဇီရဲ့ကိုယ်က နဂိုကမှ အားနည်းပါတယ်ဆို..အများကြီးသာသောက်လိုက်ရင် နောက်ပိုင်းအစာစားချင်စိတ်မရှိတော့မှာ စိုးမိပါတယ်"
ထို့ကြောင့် အဆုံးတွင်ဖြင့် လင်းရုဖေး၏ လက်ဖက်ရည်သောက်ချင်စိတ်သည်လည်း ချိုးနှိမ်ခံလိုက်ရသည်။သူက အကြောင်းမဲ့သက်သက်ထိုင်နေရကာ မေးထောက်ထားရင်း အတွေးတို့နစ်နေလေသည်။
အဆုံးတွင်ဖြင့် စားပွဲအား ဖြန်းခနဲရိုက်လိုက်ကာ အံကြိတ်လိုက်ရင်း ဆိုလိုက်သည်။
"ဒီလိုမျိူးကြီးတော့ ထိုင်မနေနိုင်ပါဘူး"
ကုရွှမ်းတုက လင်းရုဖေးကြောင့် အံ့အားသင့်သွားကာ:"ဘာကိုလဲ"
လင်းရုဖေးက ပြန်ဖြေလာ၏။
"ကျွန်တော်တို့ ထပ်ပြီးစောင့်လို့ မရတော့ဘူး...ရှန်ဝူချွေ့သာ တကယ်သေသွားရင် ကယ်တင်ဖို့ အခွင့်ရေးရှိတော့မှာ မဟုတ်ဘူး"
သူက သက်ပြင်းချကာ:"ကျွန်တော် သူ့ကို ကယ်ရမယ်..အကြီးအကဲ ခင်ဗျားပြောတဲ့ အဲ့ဒီနည်းလမ်းကလေ..ကျွန်တော်သုံးလိုက်ရင် ကိုက်ပါ့မလား"
“နေဦး"
ကုရွှမ်းတုက နားထောင်နေရင်းနှင့် တစ်နေရာရာမှာ တစ်ခုခုမှားနေသကဲ့သို့ ခံစားမိသွားပြီး ရုတ်တရက် တင်းမာခက်ထန်လာကာ:"မင်းက ရှန်ဝူချွေ့ကို ကယ်ချင်တာလား"
“ဒါပေါ့ ရှန်ဝူချွေ့သာသေသွားရင် ကျွန်တော့အစ်မဖြစ်သွားမှာကို ဘယ်လိုပြောရမှန်းတောင်မသိဘူး"
ကုရွှမ်းတုက ဆိုလာ၏။
"အဲ့ဒီလို ဆိုရင်တောင်..မင်းသွားလို့မရဘူး...."
လင်းရုဖေးမှာ တောင့်ခဲသွားရသည်က ကုရွှမ်းတုက သူ၏ဆိုလိုရင်းအား သဘောပေါက်လွဲသွားသည်အား နားလည်မသွားမီအထိပင်..သူက ခါးသက်သက်အပြုံးလေးနှင့် ရှင်းပြလိုက်၏။
"ဟုတ်တာပေါ့..ကျွန်တော့အတွက် သွားဖို့ကလွယ်တယ်..ကျွန်တော်လုပ်ချင်ရင်တောင်မှ ကျွန်တော့အစ်မက ခွင့်ပေးမှာမဟုတ်ဘူး...ဘယ်သူကများ သူတို့အချစ်ဆုံးသူကို တခြားတစ်ယောက်ယောက်ရဲ့ ဘဝနဲ့ချိတ်ဆက်ဖို့ ဆန္ဒရှိမှာလဲ"
ကုရွှမ်းတုက တိတ်ဆိတ်နေပြီးမှ:"ဒါဆို..မင်းလုပ်ချင်တာက...."
လင်းရုဖေးက အလေးအနက်ထား ဆိုလိုက်၏။
"ဒီနည်းလမ်းကို ယူပြီး ကျွန်တော့အစ်မကို သွားပြောရမယ်"
ကုရွှမ်းတုက တစ်ခုခုပြောချင်ပါသော်လည်း အဆုံးတွင် ပါးစပ်သာပိတ်လိုက်ပေ၏။
လင်းရုဖေးက ဆက်ပြောလာသည်။
"ကျွန်တော် ကျွန်တော့်အစ်မကို ပြောပြရမယ်...သူမ ဘယ်လိုရွေးချယ်မလဲဆိုတာက သူမရဲ့အလုပ်ပေါ့"
“သူမက အဲ့ဒါကို နောင်တရနေရင်ရော..."
ကုရွှမ်းတုက ဆက်၍မေးသည်။
"ဒါက ဘဝသက်တမ်းတစ်လျှောက်လည်းဖြစ်နိုင်သလို ...ရာစုနှစ်နည်းနည်းလောက်......"
လင်းရုဖေးက ခေါင်းခါပြကာ:"ကျွန်တော် သူမကိုအခုပြောပြလိုက်ရင် နောက်ပိုင်းမှာ နောင်တရနေမလားဆိုတာ မသေချာဘူး..ဘာပဲဖြစ်ဖြစ် သူမကိုသာ အခုမပြောပြလိုက်ရင် အခုနောင်တရနေလိမ့်မယ်"
လင်းမိသားစုတွင် အမြဲတစေ ရှည်ကြာခိုင်မာသည့် ချစ်ခြင်းမေတ္တာရှိပေ၏။သူ၏အမေသေသွားပြီးနောက် သူ၏အဖေမှာ အချိန်အကြာကြီး ဝမ်းနည်းပက်လက်ဖြစ်နေခဲ့သည်။လင်းဝေရွေ့သည်လည်း ခေါင်းမာကာ မဟုတ်လျှင် သူမက ရှန်ဝူချွေ့အား ဆယ်နှစ်ကျော်လောက် ကြိုက်နေလိမ့်မည်မဟုတ်ပေ။ရှန်ဝူချွေ့ရုတ်တရက်သေသွားမည့် အခြေအနေမျိုးက စိတ်ကူးရန်ပင် ခက်ခဲကာ လင်းဝေရွေ့က ဤကြီးမားသည့် ရိုက်ခတ်မှုဒဏ်အား ခံနိုင်ရည်မရှိချေ။
လင်းရုဖေးက သူ့ရင်ထဲတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်၍ ထပ်ပြီးတုံ့ဆိုင်းမနေကာ အပြင်သို့ ခြေလှမ်းလိုက်သည်။ကုရွှမ်းတုသည်လည်း ဆက်ပြီး ဖျောင်းဖျမနေတော့သော်ငြား သူ၏မျက်နှာသွင်ပြင်က အတော်လေး ရှုပ်ထွေးနေဟန်ရှိသည်။
လင်းဝေရွေ့က ရုတ်တရက် ရှန်မိသားစုသို့ ရောက်လာခြင်းက သူမရင်ထဲတွင် မလွယ်မကူဖြစ်နေခြင်းကြောင့် ရောက်လာခြင်းဖြစ်ရာ ရှန်မိသားစုအတွက် ကောင်းမည့်အရာဖြစ်ဟန်မတူ။ကျင့်ကြံခြင်းရှိသည့် ဓါးသမားများက အချို့သော လာမည့်အဖြစ်အပျက်များအား ကြိုတင်သိရှိထားပြီး ဖြစ်ပေလိမ့်မည်။
─────────────────────────────────────────────────
____
Translated By IQ-Team.