အပိုင်း ၁၅၁
Viewers 37k

Chapter 151
 ဓားသမား ချန်းရှန်

───────


ထိုလူက လင်းရုဖေးရောက်လာသည်အား သတိထားမိပုံမပေါ်။သူက ရေပေါ်ကျွန်းလေး၏ထောင့်နားစွန်း၌ ရေခဲရုပ်ထုအသွင် မလှုပ်မယှက်ထိုင်နေ၏။လင်းရုဖေး၏လက်က ခါးထက်ရှိဓါးရိုးအား ဆုပ်ကိုင်လိုက်ပြီး ချောမွေ့သည့် ရေပေါ်ကျွန်းတစ်လျှောက် ထိုလူရှိရာ တစ်ဆင့်ချင်းစီ ဖြေးဖြေးလျှောက်လာလိုက်သည်။သူက နီးကပ်လာသည်နှင့်အမျှ ထိုလူအား အမှောင်ထဲတွင် မှုန်ပျပျမြင်ရလေသည်။ထိုသူမှာ ငယ်ရွယ်သည့်ဓါးသမားတစ်ယောက်ဖြစ်ဟန်တူကာ သူ၏နောက်ကျောသဏ္ဌာန်လေးက အတော်လေးပိန်ပါးပြီး အနက်ရောင်ဆံနွယ်ရှည်များက စည်းနှောင်မထားဘဲ ခေါင်းနောက်မှပြန့်ကျဲဖြေလျှော့ထားလေ၏။ 

သူက အတော်လေး နီးကပ်လာ၍ထင် လင်းရုဖေးမှာ ကုရွှမ်းတုနှင့်ချီယွီပြောဖူးသည့် အနံ့အား နောက်ဆုံးတွင် ရလိုက်ရချေသည်။ယင်းက ဖော်ပြရန် ခက်ခဲလှသည့်အနံ့အသက်ဖြစ်ကာ နေပူထဲတွင် တဖြေးဖြေး ပုပ်သွားသည့် အသားနံ့ကဲ့သို့ပင်။ယင်းအားသီးသန့်ရှူရှိုက်မိသည့်နှင့် လူတစ်ယောက်၏ရင်ဘတ်အား မသက်မသာဖြစ်စေနိုင်သည်။ 

"မင်းက ဒီမှာပဲ"

လင်းရုဖေးက တော်တော်လေးနီးကပ်လာသည်နှင့် ထိုလူမှာ ချက်ချင်းပင် ပါးစပ်ကိုဖွင့်ပြီးဖြစ်နေသည်။သူ၏အသံက မမျှော်လင့်ထားစွာ ဆယ်ကျော်သက်ကလေးနှယ် နုနုလေးဖြစ်သော်ငြား အလွန် စိမ်းသက်နေ၏။လင်းရုဖေးက ဤမတိုင်မီတွင် သူသည် အမှန်ပင် ဤအသံကို အခြားနေရာများ၌ တစ်ခါမှမကြားဖူးသည်အား သေချာသိလိုက်ရသည်။ 

လင်းရုဖေးက မေးလိုက်သည်။

"မင်းက ရှန်ဝူချွေ့ကို ထိခိုက်စေတဲ့တစ်ယောက်လား" 

“ငါပဲ.."ထိုလူက ဖြေးဖြေးချင်း ထရပ်ပြီးနောက် လှည့်ကြည့်လာသည်။ 

လရောင်က လင်းထင်းနေခြင်းမရှိလင့်ကစား လင်းရုဖေးအတွက် သူ့မျက်နှာအား ရှင်းရှင်းလင်းလင်းမြင်ရန်လုံလောက်သည်။လင်းရုဖေးသည် မူလက သူသည် ထိုသူအား မမှတ်မိကြောင်းတွေးထားခဲ့သော်လည်း သူ့မျက်နှာအား ဖျတ်ခနဲမြင်လိုက်ရသည်တွင် ကုရွှမ်းတုပြောသည်မှာ မှန်ကြောင်းနားလည်သွားသည်။သူ့အရှေ့ကဓါးသမားမှာ အမှန်ပင် သူနှင့်အကျွမ်းတဝင်ဖြစ်နေပြီး နှစ်ဦးသားမှာ ယခင်က တစ်ကြိမ်ဆုံဖူးကြလေသည်။သို့စေကာမူ လင်းရုဖေးမှာ ထိုလူအား ဤနေရာတွင် ထပ်တွေ့ရမည်ဟု မည်သို့များ စိတ်ကူးထားနိုင်မည်နည်း။  

မှန်ပေသည်...သူသည်ကား ရှီးလျန့်တောင်ပေါ်ရှိ မော့ကျောက်ချိုင်ဆိုသည့် အစောင့်ခွေးလက်ထဲတွင် အမြဲတမ်းအကာအကွယ်ပေးခံထားရသည့် ဓါးသမားမော့ချန်းရှန်ပင်။မူလက ခေါင်းတစ်ခုတည်းသာကျန်တော့သည့် မော့ချန်းရှန်းက အမှန်တကယ်ပင် ပြန်ရှင်လာ၏။

သူက အသက်ရှင်နေရုံသာမက လက်ထဲတွင် ဓါးကိုင်ထားကာ သန်မာသည့် ဓါးသမားတစ်ယောက်ပင် ဖြစ်လာလေသည်။သူ့လည်ပင်း၌ အနက်ရောင်ဝိုင်းဝိုင်းမျဥ်းများရှိကာ တစ်ချက်ကြည့်ရုံနှင့် ဆေးမင်ကြောင်ဟုထင်ရသော်ငြား နီးနီးကပ်ကပ်နှင့်သေသေချာချာကြည့်မိကာမှ အပ်ချည်ကြိုးရာပါးပါးလေးဖြစ်နေကာ မော့ချန်းရှန်၏ခေါင်းအား ကိုယ်နှင့်တွဲချုပ်ထားသည်ကို တွေ့လိုက်ရသည်။ 

"မော့ချန်းရှန်.."

လင်းရုဖေး၏မျက်လုံးများက အံ့အားတကြီး ပြူးကျယ်သွားရသည်။သူက မော့ချန်းရှန်ကို ဤနေရာတွင် တွေ့ရမည်ဟု ထင်မထားခဲ့ချေ။မော့ကျောက်ချိုင်သေသွားသည့် ထိုနေ့က သူသည် မော့ချန်းရှန်နှင့်မော့ကျောက်ချိုင်တို့ကို အတူတူမြေမြုပ်ပေးလိုက်ပြီဖြစ်၍ မော့ချန်းရှန်က မည်သို့များ ဤနေရာတွင် ပေါ်လာရသနည်း။ 

မော့ချန်းရှန်၏ မျက်ဆံနက်နက်များက ညနှင့်အပြိုင်မှောင်မိုက်နေကာ လင်းရုဖေး၏စကားလုံးများထံ နည်းနည်းမျှ တုံ့ပြန်မလာချေ။

"လင်းရုဖေး...ငါမင်းကို အကြာကြီးစောင့်နေခဲ့တာ...." 

လင်းရုဖေးက မေးလိုက်မိ၏။

"ငါ့ကို စောင့်နေတာ...ဟုတ်လား" 

မော့ချန်းရှန်က ဖြေးဖြေးချင်း ပြုံးလိုက်ရင်း:"မင်းဓါးကို ထုတ်လိုက်..မင်းက မင်းဖြစ်နေတုန်းလားဆိုတာ ကြည့်ရအောင်.." 

ဤစကားလုံးများက အမှန်ပင် နားလည်ရန်ခက်ခဲသော်လည်း လင်းရုဖေးက မတုံ့ပြန်နိုင်မီ မော့ချန်းရှန်၏ခါးထက်မှ ဓါးမှာ ဓါးအိမ်မှ ဆွဲထုတ်နှင့်ပြီးချေပြီ။နှင်းဖြူရောင်ဓားသွားမှာ မှောင်မိုက်သည့် ညအလယ်တွင် တလက်လက်တောက်ပလွန်းနေသည်။ငါးညှီနံ့ပြင်းပြင်းကိုသယ်ဆောင်ရင်း ယင်းက မော့ချန်းရှန်၏လက်ထဲမှနေ မရှောင်လွှဲနိုင်သည့်ဓားချက်အား လွှဲယမ်းလိုက်လေ၏။ 

လင်းရုဖေးက ခုခံရန် လက်မြောက်လိုက်သည်။ကုယွီမှာ အပြတ်သတ်ယှဥ်နိုင်သည့် ပြိုင်ဘက်အား ဆုံ၍ထင် စိတ်လှုပ်တရှား မြည်နေသည်။အဖြူရောင်ဓါးသွားများဆုံမိကြရာ သတ္တုသတ္တုချင်းထိသည့် နားကွဲမတတ်အသံက ညလေအား ထိုးဖောက်သွားလေသည်။လင်းရုဖေးမှာ မော့ချန်းရှန်၏အရှိန်အဝါမြင့်တက်သွားသည်အား ခံစားမိရင်း သူပြောလိုက်သည်အား ကြားလိုက်ရသည်။

"ဓါးကောင်းပဲ"  

ယင်းက ချီးမွန်းခြင်းမဟုတ်..မှတ်ချက်တစ်ခုသာ။

ထို့နောက် သူက လက်အားဆွဲချကာ နောက်ထပ်လှုပ်ရှားလာပြန်သည်။ 

ပထမစစချင်းတွင် လင်းရုဖေး၏တန်ပြန်တိုက်ကွက်များက အတော်လေး တောင့်တင်းနေသော်လည်း များမကြာမီတွင် သူက လက်ထဲရှိဓားနှင့် ပေါင်းစည်းသွားသကဲ့သို့ ထူးဆန်းသည့်ခံစားချက်တစ်မျိုးရလာသည်။ကုရွှမ်းတုမှာ သူ့အား လှုပ်ရှားမှုတိုင်းနှင့် ကိုယ်ဟန်တို့ကို ကိုယ်တိုင်ကိုယ်ကျသင်ပေးထားပြီး ယင်းက သူ၏ပင်ကိုယ်ဟန်ဖြစ်လာသည်။အာရုံစူးစိုက်ကာ ဆိတ်ဆိတ်နေပြီးနောက် ဓါးအားထိန်းချုပ်နိုင်မှုက တစ်သားတည်းဖြစ်လာပေ၏။

နှင်းဖြူရောင်ဓား၏အလင်းတန်းက ပို၍ပို၍မြန်ဆန်လာပြီး ပုံရိပ်နှစ်ခုသည်လည်း အစွန်းအထင်းအရိပ်တစ်ခုပမာဖြစ်လာသည်။ချီဓား၏စူးရှပြင်းထန်မှုက ရေပေါ်ကျွန်းထဲတွင် ခုတ်ရာနက်နက်ဖြစ်သွားရာ ချီယွီက အကွာအဝေးတစ်ခုသို့ မခုန်လိုက်မီ ပုံရိပ်နှစ်ခုရောထွေးနေသည်အား စောင့်ကြည့်လိုက်ရင်း မျက်လုံးများမှေးကျင်းလိုက်လေ၏။သူက အတန်ကြာစောင့်ကြည့်နေသော်လည်း ရုတ်တရက် သူ့ဘေးရှိတစ်စုံတစ်ယောက်၏သွင်ပြင်အား အကဲခတ်နေမိသည်။သူက ခေါင်းလှည့်လိုက်ရင်း အနီရောင်တလက်လက်အား ရိပ်ခနဲဖမ်းမိလိုက်သည်။ 

“မင်းဘာလို့ ခုမှရောက်လာရတာလဲ"

ချီယွီက အေးစက်စက်မေးလိုက်သည်။

"မင်းရဲ့ ကုန်းဇီလေး ဒီလိုမျိုးသေသွားမှာ မကြောက်ဘူးလား" 

"မကြောက်ဘူး"

ရောက်လာသည့် လူကဖြင့် လက်ပိုက်ထားကာ အနည်းငယ်သွေးအေးနေပုံရသည့် ကုရွှမ်းတုမှတစ်ပါး အခြားသူမဟုတ်ချေ။

"မင်း ငါ့ရဲ့တည်ရှိမှုကို သိတယ်ပေါ့“ 

“အဲ့ဒီကုန်းဇီပေါက်စက သူ့ကိုယ်သူ နေ့တိုင်း စကားတွေပြောနေတာ...ငါ စစချင်းတုန်းကထင်ခဲ့တာ သူက ရူးနေတယ်လို့လေ..."

ချီယွီက မျက်လုံးတစ်ချက်လှန်လိုက်ပြီး:"နောက်ပိုင်းကျမှ သူက မမြင်နိုင်တဲ့တစ်ယောက်ယောက်ကို စကားပြောနေသလိုမျိုးဆိုတာ ငါသိလိုက်ရတယ်"

သူက အမြီးကိုတစ်ချက်ယမ်းလိုက်ပြီးနောက် ဆက်ပြော၏။

"တကယ်တမ်းကျ သူက အစကနေအဆုံးထိ စိတ်ကျန်းမာနေပြီး စိတ်ဝေဒနာသည်တစ်ယောက်နဲ့လည်း သိပ်မတူပါဘူး" 

ကုရွှမ်းတုက သူ့စကားများကြောင့် ဖွဖွပြုံးလိုက်မိလေသည်။ 

ချီယွီက မေးလာသည်။

"အဲ့ဒီလူက ဘယ်သူလဲ"

သူက လက်ရှိတွင် လင်းရုဖေးနှင့်တိုက်ခိုက်နေသည့် ဓါးသမားအား ရည်ညွှန်းနေခြင်းပင်။ 

ကုရွှမ်းတုက ဖြေသည်။

"မိတ်ဆွေဟောင်း တစ်ယောက်ပါ" 

ချီယွီ : "ဒီလိုမိတ်ဆွေမျိုးရှိရတာ အတော်လေး ကံမကောင်းတာပဲ" 

ကုရွှမ်းတုက ပြန်ဖြေလာခြင်းမရှိသော်ငြား သဘောတူဟန်ခေါင်းညိမ့်ပြလာကာ:"အဲ့လို မဟုတ်ဘူးလို့ ဘယ်သူပြောလို့လဲ" 

သူတို့စကားပြောနေစဥ်တွင် လင်းရုဖေးနှင့် မော့ချန်ရှန်းတို့မှာ တိုက်ပွဲအရှိန်အဟုန်ပြင်းထန်နေချေပြီ။လင်းရုဖေးက သတ်ရန်မရည်ရွယ်ထားသော်လည်း သူ့လက်ထဲရှိဓါးအား မထိန်းချုပ်နိုင်ဖြစ်လာရသည်။ သူက ပေါင်းစည်းမိလိုက်သည့် ဓါးသွားချက်မှာ မော့ချန်းရှန်း လက်ထဲရှိဓါးသွားအား အမှတ်အသားထင်စေခဲ့ကာ မော့ချန်းရှန်ကိုယ်တွင်လည်း ဒဏ်ရာအနည်းငယ်ရသွားစေ၏။သို့သော်ငြား မော့ချန်းရှန်ထိခိုက်သွားသည့် နေရာများမှ သွေးထွက်လာခြင်းမရှိချေ။သူ၏အတွင်းအားက လင်းရုဖေး၏တိုက်ကွက်များနှင့်အတူ ကြိုးဆွဲရန်သုံးနေသည့် အသက်မဲ့ရုပ်သေးရုပ်လေးနှယ် ဖြစ်နေသည်။လင်းရုဖေးက ဖြေးဖြေးချင်း အသက်လုရှူလိုက်ရသည်။မော့ချန်းရှန်က တမင်သက်သက် အချိန်ဆွဲနေသည်အား အာရုံခံမိပြီးနောက် သူက အသက်ပြင်းပြင်းရှူလိုက်ရင်း တိုက်ပွဲအား မြန်မြန်တိုက်ကာ မြန်မြန်အဆုံးသတ်ချင်နေ၏။ 

“ကုယွီ" လင်းရုဖေးက နူးနူးညံ့ညံ့လေးခေါ်လိုက်သည်။ 

ကုယွီက ပြန်ဖြေသည့်ဟန် ဓါးသွားထက်ရှိ အဖြူရောင်အလင်းတန်းက အရောင်တောက်လာသဖြင့် လင်းရုဖေးသည်လည်း ကြိမ်း၀ါးလိုက်တော့သည်။

"လာ....." 

မော့ချန်းရှန်က လင်းရုဖေးကိုယ်ပေါ်ရှိ ဓါးဆန္ဒကို ခံစားလိုက်ရကာ နောက်သို့ခပ်ပြင်းပြင်းနှစ်လှမ်းဆုတ်လိုက်ရသည်။ 

ယခင်က လင်းရုဖေးမှာ ကုရွှမ်းတုသင်ပေးသည့် ဓါးကွက်များအား အသုံးပြုခဲ့သော်လည်း လက်ရှိသူ့ဓါးအားမြှောက်လိုက်သည့် ကိုယ်ဟန်က သိမ့်ခနဲသိမ့်ခနဲပင်ဖြစ်သွားလေ၏။သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်ထဲရှိ ဓါးဆန္ဒကိုခံစား၍ကုယွီမှတဆင့်ထုတ်လွှတ်လိုက်သည့်အခါ အံ့ဖွယ် ဓါးဆန္ဒလှိုင်းက မျက်နှာချင်းဆိုင်ရှိလူဆီသို့ လေးလေးလံလံ ခုတ်ချသွားတော့၏။  

မော့ချန်းရှန်၏ မျက်ဆံများက ကျုံ့သွားသည်။သူက ဤလှုပ်ရှားချက်အား တည့်တည့်မခံရဲချေ။သူက ဓါးနှင့်ပျံပြေးကာ ရှောင်တိမ်းရန်လုပ်ပါသော်လည်း ဤလှုပ်ရှားချက်က သူ့အား အဝေးသို့ ပေပေါင်းများစွာ လွင့်ထွက်သွားစေပြီး လင်းရုဖေးနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည့်အခါ အချခံလိုက်ရမည်လို့ မည်သူကထင်မည်နည်း။သူက တစ်ဖက်သို့လှည့်ကာ ခုတ်ချက်အား ခုခံလိုက်သော်ငြား လက်ထဲရှိဓါးသွားက တုန်ခါနေသည့် ဓါးဆန္ဒနှင့် ထိမိသည့်တစ်ခဏ ကွဲကြေသွားကာ မော့ချန်းရှန်၏ညာလက်မောင်းကိုပင် ပြတ်သွားစေခဲ့သည်။သို့စေကာမူ သူ့မျက်နှာထက် နာကျင်မှုအရိပ်အရောင်တစ်စိုးတစ်စိပင်ရှိမနေကာ သူ၏အရှုပ်ထုတ်ခန္ဓာကိုယ်အား မနှစ်မြို့နေဟန် မျက်မှောင်သာကြုတ်ထားလေ၏။  

“မပြေးနဲ့..ဖြေဆေးပေးထားခဲ့.."

လင်းရုဖေးက ကြိမ်းမောင်းလိုက်သည်။ 

“ဖြေဆေးလား.."

မော့ချန်းရှန်က လင်းရုဖေးအား အပေါ်မှကြည့်ရင်း လေဟာနယ်ထဲတွင် လွင့်မျောနေဆဲဖြစ်သည်။သူ၏ညာလက်အား ဆုံးရှုံးထားရပြီး အဝတ်အစားများက လေကြောင့်ဆုတ်ပြဲနေသော်လည်း ထိခိုက်ထားသည်မှာ သူမဟုတ်သည့်နှယ် မျက်နှာသွင်ပြင်က တည်ငြိမ်နေဆဲဖြစ်သည်။ 

လင်းရုဖေးက ဆိုသည်။

"ရှန်ဝူချွေ့က...." 

“အလောင်းကောင်အဆိပ်ကို ကုသဖို့နည်းမရှိဘူး"

မော့ချန်းရှန်က ပြုံးလိုက်သည်။

သူက သူ့ခေါင်းကိုစောင်းကာ လင်းရုဖေးအား ကြည့်လိုက်ရင်း:"ဒါပေမယ့် တခြားနည်းလမ်းတော့ရှိတယ်" 

လင်းရုဖေးက မေးလိုက်မိသည်။

"တခြား နည်းလမ်းလား" 

မော့ချန်းရှန်က ကမ်းခြေတွင် မတ်တပ်ရပ်နေသည့်ကုရွှမ်းတုထံ လက်ညှိုးညွှန်ပြရင်း ဆိုလာ၏။

"သူသိတယ်..မင်းသူ့ကို မေးလို့ရတယ်"

ထို့နောက် သူက ကျန်သည့်လက်နှင့် အဝတ်အစားအား ဖုန်ခါနေသကဲ့သို့ ဖြေးဖြေးပုတ်လိုက်သည်။

သူက အပြုံးလေးဖြင့် ဆက်ပြောလာသည်။

"လင်းကုန်းဇီ..ငါမင်းကို ကျေနပ်မိတယ်..ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ကြတာပေါ့..မင်းနဲ့ငါ ...တစ်ရက်ရက်ကျရင် ထပ်ပြီး စကားပြောရဦးမှာပါ" 

“မင်း ဘယ်သူလဲ...မင်းဘာလို့ မော့ချန်းရှန်ကို ဒီလိုဖြစ်အောင် ပြောင်းခဲ့တာလဲ..."

လင်းရုဖေးက ခက်ထန်စွာ အော်ဟစ်လိုက်သည်။

"ရပ်စမ်း..မင်းသွားလို့မရဘူး"

သို့သော်ငြား သူ့စကားလုံးများက အနည်းငယ်နောက်ကျသွားလေ၏။လှည့်လိုက်သည်နှင့် မော့ချန်းရှန်က အဆုံးမဲ့ ညယံထဲပျောက်ကွယ်သွားချေပြီ။လင်းရုဖေးက ပြင်းပြင်းထန်ထန် အသက်ရှူကျပ်မတတ်ဖြစ်နေပြီး သူ့လည်ချောင်းထဲမှ ယားယံလာသည်။ချောင်းနိမ့်နိမ့်ဆိုးလိုက်ပြီးနောက် သွေးကွက်နီနီများ ထွက်လာသည်။လက်ထဲရှိ သွေးကွက်များအား သတိထားမိသွားကာ သူက မျက်မှောင်ကြုတ်မိလျက်သားဖြစ်သွားရသည်။အင်္ကျီလက်ထဲမှ ပိုးထည်လက်ကိုင်ပဝါအား ဆွဲထုတ်လိုက်ပြီး ဖြစ်ကတတ်ဆန်း သုတ်လိုက်ကာ သူ့ဘေးရှိ ပင်လယ်ရေထဲသို့ လွှင့်ပစ်လိုက်တော့သည်။ 

[ t/n: ပတ်ဝန်းကျင်မှာ အမှိုက်ပစ်တာ မကောင်းဘူးနော် ကိုယ့်လူတို့..LRFဆီကနေ မသင်ယူလိုက်ကြပါနဲ့ XD ]

“ရှောင်ကျို့...မင်းအဆင်ပြေရဲ့လား"

ကုရွှမ်းတုက အခုမှသာ ရောက်လာ၏။ 

လင်းရုဖေးက သူ့အား မျက်မှောင်ကြုတ်ပြီးကြည့်လိုက်ကာ မေးလိုက်၏။

"အကြီးအကဲ...ခင်ဗျား သူအခုလေးတင်ပြောသွားတာကို ကြားလိုက်တယ်မဟုတ်လား" 

ကုရွှမ်းတုက ခေါင်းညိမ့်ပြသည်။ 

လင်းရုဖေးက ဆက်မေးလိုက်၏။

"အလောင်းကောင်အဆိပ်အတွက် ကုသနည်းမရှိဘူးပေါ့..ဒါပေမယ့် သူပြောသွားတာ ခင်ဗျားမှာ နည်းလမ်းတစ်ခုရှိတယ်လို့လေ" 

ကုရွှမ်းတုက သက်ပြင်းချလိုက်ရပြီး သူ့အသံနေအသံထားက အတော်လေး အကူအညီမဲ့နေဟန်:"နည်းလမ်းတစ်ခုရှိပေမယ့် မသုံးတာပိုကောင်းပါတယ်လေ" 

လင်းရုဖေးက ဒေါသထွက်လာကာ:"ခင်ဗျား ကျွန်တော့ကို အနည်းဆုံးတော့ အဲ့ဒီအကြောင်းပြောပြသင့်တယ်လေ" 

ကုရွှမ်းတုက မျက်မှောင်ကြုတ်လိုက်ပြီး:"အရင်ပြန်ကြရအောင်ပါ..ကိုယ်မင်းကို လမ်းမှာ ဖြေးဖြေးချင်း ပြောပြပေးမယ်" 

လင်းရုဖေးက နောက်ဆုံးတွင် ခေါင်းညိမ့်လာ၏။

"ကောင်းပြီ" 

ချီယွီက လွန်ခဲ့သော အချိန်အနည်းငယ်က ပျောက်ကွယ်သွားပြီးဖြစ်သည်။သူက ထိုအရာအား အမှန်တကယ် စက်ဆုပ်ပေသည်။အမှန်တွင်ဖြင့် စူးရှသည့်အနံ့ခံအာရုံရှိသည့် သူ့အတွက်က မော့ချန်းရှန်သည် ပျက်စီးနေသည့် အလောင်းကောင်ဖြစ်ကာ သု့ကိုယ်မှထုတ်လွှတ်သည့် အနံ့အသက်မှာ သူ့အားအလွန်မသက်မသာဖြစ်စေ၏။

အိမ်ပြန်လမ်းတွင် လင်းရုဖေးက အခြေအနေတစ်ခုလုံးအား အလွန်စိုးရိမ်နေဟန်တူသည်။  

ကုရွှမ်းတုက သူ့ရှောင်ကျို့လေး၏ အနှီအကြည့်အား ခံနိုင်စွမ်းမရှိ၍ လက်ဆန့်ကာ လင်းရုဖေးလက်ကိုကိုင်ထားလိုက်လေသည်။သူတို့၏လက်ချောင်းများက လင်းရုဖေးကိုပင် အေးခဲစေရလောက်သည်အထိ တသားတည်းဖြစ်နေလေသည်။ 

“မျက်မှောင်ကြီးမကြုတ်ထားပါနဲ့..ရှောင်ကျို့ရာ"

ကုရွှမ်းတုက နွေးနွေးထွေးထွေးအသံလေးနှင့် ဆိုလိုက်ပြီး:"ရှောင်ကျို့ရဲ့ ဒီအကြည့်ကို ခံနိုင်ရည်မရှိလို့ပါကွာ" 

ကုရွှမ်းတုလက်က ခါတိုင်းကဲ့သို့ အေးစက်နေဆဲပင်။သို့စေကာမူ ဤပူပြင်းသောနွရာသီနေ့ရက်တွင် ယင်းအား ကိုင်ထားရသည်က မသက်မသာ ဖြစ်မနေ၍ လင်းရုဖေးလည်း ရုန်းမနေတော့ဘဲ ကိုင်ခွင့်ပြုထားလေ၏။

သူက တိုးတိုးလေးဆိုလိုက်သည်။

"ရှန်ဝူချွေ့သာ သေသွားရင် ကျွန်တော့အစ်မ တအားဝမ်းနည်းသွားရလိမ့်မယ်" 

ကုရွှမ်းတုက သက်ပြင်းချလိုက်ရင်း:"ဒါပေမယ့် အဲ့ဒါ တကယ်ကို နည်းလမ်းကောင်းမဟုတ်ဘူး" 

“အဲ့ဒါက နည်းလမ်းကောင်းတစ်ခုမဟုတ်ရင်တောင် ကျွန်တော်တို့ စမ်းကြည့်သင့်တယ်လေ"

လင်းရုဖေးက စိတ်ဆုံးဖြတ်ထားဟန်ရှိပြီး:"ကျွန်တော့်အစ်မက ပေါ့ပေါ့တန်တန်နေတဲ့ပုံရှိပေမယ့် သူမရဲ့စိတ်က ခေါင်းမာတယ် သူမ ရှန်ဝူချွေ့ကိုပထမဆုံးတွေ့တုန်းက ငယ်ငယ်လေးပဲရှိသေးတယ် တွေ့တာနဲ့ချက်ချင်း ကုန်းဇီချောချောလေးကို ကြိုက်သွားတာလေ..ဒါပေမယ့် ကျွန်တော့်ဒုတိယအစ်ကိုဆီကကြားတာက အဲ့ဒီအချိန်တုန်းက ရှန်ဝူချွေ့က ဖူးဖူးမှုတ်ခံထားရလွန်းလို့ မိန်းကလေးတစ်ယောက်ထက်တောင် ရှက်တတ်သေးတယ်တဲ့ ကျွန်တော့အစ်မက ကြိုက်ပေမယ့် ဘာလုပ်ရမှန်းမသိဘူးလေ ဒါကြောင့် သူမက တောင်ပေါ်သွားပြီး ထူးထူးဆန်းဆန်း အင်းဆက်လေးတွေဖမ်းချည်တာ..အနည်းဆုံး တစ်နေ့တစ်ကြိမ်လောက် သူမ မကျေမနပ်ချင်း မငို ငိုအောင် ခြောက်တာပေါ့..."

______

Translated By IQ-Team.