Chapter 150
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း
───────
ရှန်ဝူချွေ့ ပြန်ပြောလိုက်သည်။
"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"
လင်းရုဖေး သူ့ကိုယ်သူ တွေးနေခဲ့သည်။ မင်းရဲ့ 'ကိစ္စကြီးမဟုတ်ဘူး' ဆိုတာက သိပ်မယုံနိုင်စရာပဲ။ သို့သော် သူ ရှန်ဝူချွေ့နှင့် ထပ်၍အငြင်းမပွားတော့ဘဲ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုင်လိုက်သည်နှင့် ပုပ်အဲ့အဲ့အနံ့သည် ပိုပြင်းလာသည်ကို သတိပြုမိလိုက်သည် ဒဏ်ရာကို ကောင်းစွာ မကုသထားသကဲ့သို့ ဖြစ်နေသည်။
ရှန်ဝူချွေ့ မေးလိုက်သည်။
"မင်းအစ်မ အခုတလော နေကောင်းရဲ့လား"
လင်းရုဖေးသည် ပြန်ဖြေလိုက်၏။
"သူ နေကောင်းပါတယ်။ မင်းအတွက်တော့ နည်းနည်း စိတ်ပူနေတယ်" သူမမေးခင် ခဏလောက်တော့ တွန့်ဆုတ် နေမိသည်။ “ရှန်းသခင်လေး အဲဒီနေ့က မင်းကို နာကျင်အောင် လုပ်ခဲ့တဲ့ ဓားသမားက ဘယ်လိုပုံစံလဲဆိုတာ ငါ့ကို ပြောပြပေးနိုင်မလား"
"သူက ဘယ်လိုပုံစံလဲ"
ရှန်ဝူချွေ့ ရေရွတ်လိုက်ပြီး “သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆယ်ကျော်သက်အရွယ်လို့ ထင်ရပေမယ့် သူ့ရဲ့ ဓားသိုင်းက အရမ်းပြင်းထန်တယ်။ သူနဲ့ပတ်သတ်ပြီး ထူးထူးခြားခြား တစ်ခုခုပြောရမယ် ဆိုရင်... ...”
လင်းရုဖေး သိချင်လာပြီး "အဲဒါက ဘာလဲ"
ရှန်ဝူချွေ့ ပြန်ဖြေလိုက်၏။ "အဲဒါက သူ့ရဲ့ကျင့်ကြံဆင့်ကို ငါ ထွင်းဖောက်မမြင်နိုင်ဘူး"
သူ သံသယဝင်စရာ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" လင်းရုဖေး မယုံကြည်နိုင်စွာ အော်လိုက်မိသည်။
"ရှန်သခင်လေးက အဲဒီလူရဲ့ကျင့်ကြံဆင့်ကိုတောင် မမြင်နိုင်ခဲ့ဘူးလား"
"ဟုတ်တယ်၊ အဲဒီလူရဲ့ အသက်ရှုသံကိုတောင် မကြားမိဘူး"
ရှန်ဝူချွေ့ သက်ပြင်းချလိုက်ပြီး "သူပေါ်လာချိန်ကနေ သူပျောက်ကွယ်သွားတဲ့အချိန်အထိ ငါ... ...သူရှိနေတာကိုတောင် မသိလိုက်ဘူး"
လင်းရုဖေး မျက်မှောင်ကြုတ်ကာ “အဲဒီလူမှာ စွမ်းအားကြီးပြီး ရှားပါးတဲ့မှော်အတတ်တွေ ရှိနေတာဖြစ်နိုင်ပါ့မလား”
ရှန်ဝူချွေ့ ခေါင်းခါလိုက်ပြီး ခဏအကြာတွင် နောင်ထပ်စကားပြန်မပြောတော့ပေ။
သူတကယ်ပဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပုံပေါ်သည်။ စကားအနည်းငယ်ပြောရုံဖြင့်ပင် သူ့အတွက် အလွန်ပင်ပန်းစေသည်။ လင်းရုဖေးသည် နောက်ထပ်အသေးစိတ်အချက်အလက်များကို မေးမြန်းချင်နေသေးသော်လည်း သူ့ကိုထပ် မနှောက်ယှက်လိုပေ။ တိုက်ဆိုင်စွာပင် ဆေးကိုပြောင်းလဲရန် သမားတေည်လည်း ဝင်လာသဖြင့် လင်းရုဖေးသည် နောက်ဆုတ်ကာ ဘေးတွင် မတ်တပ်ရပ်နေလိုက်သည်။
သို့သော် သမားတော်သည် အဖြူရောင်အ၀တ်ကို မတင်လိုက်ပြီး ရှန်ဝူချွေ့၏ခါးနှင့် ဝမ်းဗိုက်ကြားက ဒဏ်ရာကို ဖွင့်ကြည့်လိုက်ချိန်တွင် လင်းရုဖေးသည် အေးစက်သောလေများကို ရှိုက်သွင်းမိသွားသည်။
ရှန်ဝူချွေ့၏ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ပေါက်ရှိပြီး ချွန်ထက်သောလက်နက်များဖြင့် ဒဏ်ရာရရှိခဲ့သော ဘေးပတ်ပတ်လည်ရှိကြွက်သားများသည် ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာမရှိသည်ကို သူသတိပြုမိခဲ့သည်။ ထိုတင်မကဘဲ ပုပ်နေသည့်အရောင်မှာလည်း ထင်ရှားနေသည်။ ရှန်ဝူချွေ့သည် သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်
"မသက်သာသေးဘူးမလား"
သမားတော်သည် ခက်ခဲစွာ ခေါင်းယမ်းပြလိုက်သည်။
“ကိစ္စမရှိပါဘူး” ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး ရှန်ဝူချွေ့သည် တည်ငြိမ်ပုံပေါ်ပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။
"ဒါက ငါ ရှန်ဝူချွေ့ရဲ့ဘဝ ဖြစ်ကောင်းဖြစ်နိုင်တယ်"
သမားတော်သည် "သခင်လေးအရမ်းအဆိုးမြင်နေဖို့ မလိုပါဘူး။ သူအသုံးပြုခဲ့တဲ့ အဆိပ်ကို အတိအကျ သိနိုင်ဖို့ အဲဒီဓားသမားကို ဖမ်းပြီး သူ့ကို စစ်ဆေးမေးမြန်းနိုင်ရင်တော့ သခင်လေး... ...”
ရှန်ဝူချွေ့သည် သိမ်ငယ်သောအမူအရာဖြင့် အသာအယာပြုံးလိုက်ပြီး "ငါ့လို အဆင့်ခုနစ်ကျင့်ကြံဆင့်ရှိတဲ့ ဓားသမားတစ်ယောက်ကတောင် သူနှင့်တိုက်ခိုက်တုန်းက သူ့လက်အောက်ကနေအသက်ဘေးမှ သီသီလေးလွတ်ခဲ့တာ ရှန်မိသားစုက သူ့ကို ဖမ်းဖို့ ဘာလုပ်နိုင်မှာလဲ" ထို့နောက် အသက်ကိုရှုထုတ်လိုက်ပြီး ဆက်ပြောလာသည်။ “မင်း အဖေ့ကို အရမ်းပြင်းထန်တဲ့အကြောင်း ပြောမနေနဲ့။ သူစိတ်ပူမှာစိုးတယ်”
သို့သော် သမားတော်သည် ပြန်မဖြေရဲပေ။
ရှန်ဝူချွေ့သည်လည်း စကားရှည်ရှည် ဝေးဝေးမပြောတော့ဘဲ ပြန်လည်သက်သာလာရန်အလို့ငှာ သူ့မျက်လုံးများကိုဆက်လက်မှိတ်ထားခဲ့သည်။
ဆေးပြောင်းလဲခြင်းလုပ်ငန်းစဉ်သည် အလွန်နှေးကွေးပြီး အလွန်နာကျင်ခဲ့ကာ ဆေးကို အပြီးသတ်ပြောင်းလိုက်ပြီးသောအခါတွင် ရှန်ဝူချွေ့၏ ဘယ်ဘက်မျက်နှာပေါ်ရှိသွေးကြောအရာများကို မမြင်ရတော့ပေ။ လင်းရုဖေးသည် အခြေအနေမကောင်းကြောင်းသိရှိပြီး အလွန်စိုးရိမ်လာသည်။ သူ့ကို နောက်ထပ်မနှောက်ယှက်ချင်တော့ဘဲ သမားတော်နှင့်အတူထွက်သွားရန် ကြံရွယ်ထားသော်လည်း ရှန်ဝူချွေ့က သူ့ကို တားလိုက်သည်။
"လင်းသခင်လေး" သူက တိုးညှင်းသော အသံဖြင့်ခေါ်လိုက်ပြီး "ငါမင်းကို တောင်းဆိုစရာတစ်ခုရှိတယ်"
"ကျေးဇူးပြုပြီး ပြောပါ။ ရှန်သခင်လေး"
ရှန်ဝူချွေ့သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကုတင်ဘေးရှိ ဗီရိုထဲမှ တစ်ခုခုကို ခက်ခက်ခဲခဲဆွဲထုတ်ပြီး လင်းရုဖေး၏ရှေ့တွင် ထားလိုက်သည်။ လင်းရုဖေး ၎င်းကို သေသေချာချာ ကြည့်လိုက်ရာ လှပသော အိတ်တစ်လုံးဖြစ်ကြောင်း သတိပြုမိခဲ့သည်။ အိတ်ကို ဘဲနှစ်ကောင် နွှယ်ယှက်နေသည့်အမူအရာဖြင့် တန်ဆာဆင်ထားသည် လင်းရုဖေး ချီတုံချတုံဖြင့် ပြောလိုက်သည်။
"ဒီ ဘဲအိတ်က... ..."
ရှန်ဝူချွေ့သည် အသက်ရှူမဝဖြစ်နေပြီး "ဒါတွေက မန်ဒရင်းဘဲတွေ[1]"
[1] - မန်ဒရင်း ဘဲများ- ချစ်ခင်တွယ်တာသောစုံတွဲတစ်တွဲ၏သင်္ကေတအဖြစ် အသုံးပြုနိုင်သည်။
လင်းရုဖေး: "... ..." တောင်းပန်ပါတယ်။ သူ အဲလိုဆိုလိုတာ မဟုတ်ပါဘူး။
"မင်းအစ်မ ထိုးပေးထားတဲ့အရုပ်လေးပဲ" ရှန်းဝူစွေ့သည် လင်းရုဖေး ၏ရှက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် အသံတိုးတိုးဖြင့် ရယ်မောကာ "သူမ ငါ့ကိုပေးလိုက်တာ။ ငါက လိမ်ညာပြီး ပျောက်သွားပြီလို့ ပြောခဲ့တယ်... ...မင်း... ...ငါ့ကိုယ်စား သူမကို ပြန်ပေးပေးပါ"
လင်းရုဖေး ထိုစကားကိုကြားသောအခါတွင် အခြေအနေများသည် အဆိုးဘက်သို့ဦးတည်နေသည်ကို သူသိလိုက်သည်။ လင်းရုဖေးသည် ဖြောင်းဖြပြောဆိုရန် ပါးစပ်ကိုဖွင့်တော့မည်ဖြစ်သော်လည်း ရှန်ဝူချွေ့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်ကို သတိပြုမိသောအခါ သူ နှုတ်ဆိတ်နေလိုက်သည်။
ထို့နောက် ရှန်ဝူချွေ့သည် တည်ငြိမ်စွာဖြင့် “မင်းပြောချင်တာကို ငါသိတယ်၊ ငါ့ကို ဖြောင်းဖြစရာမလိုဘူး။ ငါနေကောင်းလာရင် မင်းအစ်မကို ငါကိုယ်တိုင်ပေးမယ်။ ပြန်မကောင်းလာရင်တော့ မင်း ငါ့အတွက် လုပ်ပေးပါ”
လင်းရုဖေး အခိုင်အမာ ပြောလိုက်သည်။ “မင်း သေချာပေါက် နေပြန်ကောင်းလာလိမ့်မယ်”
ရှန်ဝူချွေြသည် သူ့စကားများကို ပြုံးရုံသာ ပြုံးပြီး ဘာမှ ပြန်မပြောပေ။ သို့သော် သူ့အပြုံးတွင် ဝမ်းနည်းမှုအရိပ်အယောင် အနည်းငယ်ပါရှိနေသည်။ သူသည် စကားရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ပင်ပန်းနွမ်းနယ်စွာဖြင့်မျက်လုံးကို နောက်တစ်ကြိမ်မှိတ်ထားလိုက်သည်။
လင်းရုဖေးသည် သူ့လက်ထဲတွင် အိတ်ကို ကိုင်ထားလျှက် မျက်မှောင်ကျုံ့ကာ အတွင်းခန်းမှ ထွက်လာပြီး အချိန်အတော်ကြာကြာ တိတ်ဆိတ်နေလေသည်။ ဘယ်သူမှမရှိသောနေရာသို့ရောက်သောအခါမှ ကုရွမ်းတုကိုမေးလိုက်သည်။
"အကြီးအကဲ.. ရှန်သခင်လေးကို ဘယ်သူကများ ထိခိုက်နာကျင်အောင်လုပ်ခဲ့တာလဲ။ သူ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ခံစားနေရတာလဲ—ငါတို့ သူ့ကို ရှာလို့ရနိုင်မလား——”
ကုရွမ်းတုသည် မျက်မှောင်ကြုတ်ကာ "ဒါပေမယ့် ကိုယ်တို့ သူ့ကို ရှာတွေ့ရင်တောင် ရှန်သခင်လေးကို သေချာပေါက် ကယ်တင်နိုင်မှာ မဟုတ်ဘူး"
"ဘာ့ကြောင့်လဲ" လင်းရုဖေး အေးခဲသွားပြီး မေးလိုက်သည်။ "ရှန်သခင်လေးကအဆိပ်မိနေတာမဟုတ်ဘူးလား။ အဆိပ်ခတ်တဲ့သူကို ရှာတွေ့သ၍... ..."
"ဒါက သာမန်အဆိပ်မဟုတ်ဘူး" ကုရွမ်းတု ပြန်ဖြေလိုက်သည်။ "အဲဒါ အလောင်းကောင်အဆိပ်ပဲ"
လင်းရုဖေး မေးလိုက်သည်။ "အလောင်းကောင်အဆိပ်လား"
ကုရွမ်းတု တိုးတိုးလေးပြောလိုက်သည်။ "ဟုတ်တယ်။ အလောင်းကောင်ပေါ်မှာပဲရှိတဲ့ အဆိပ်" ထို့နောက် သူသက်ပြင်းချကာ ပြောလိုက်သည်။ "အဲဒါကိုရှာဖို့ ကိုယ်... ...မင်းကိုအစွမ်းကုန်ကြိုးစားကူညီပါ့မယ်။ ဒါပေမယ့် ကိုယ်ရှာနိုင်ရင်တောင် ရှန်သခင်လေးရဲ့ကံတရားပေါ်မူတည်နေသေးတယ်" သူ ခဏလောက် ခေတ္တရပ်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်သည်။
“ဒါမှမဟုတ် ချီယွီကို မေးလို့ရတယ်။ သူက ဒီလိုမျိုးအရာတွေအတွက် နည်းနည်းပိုသိနိုင်ပြီး သူ့ရဲ့စွမ်းဆောင်ရည်က ကိုယ့်ထက် ပိုမြန်နိုင်တယ်”
လင်းရုဖေး ထိုအကြောင်းကို စဉ်းစားပြီး ခေါင်းညိတ်လိုက်ကာ "ကောင်းပြီ။ အကြီးအကဲက အဲဒါကို အရင်ဆုံး ရှာတွေ့အောင် ကူညီပေး နောက်ပြီး ချီယွီဆီက အကူအညီရနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်"
ချီယွီ၏သားပေါက်လေးသည် နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ်တစ်နေ့လျှင် နှစ်ကြိမ် သေချာပေါက် အစာကျွေးရန် လိုအပ်သည်။ လင်းရုဖေး အိမ်တွင် စိတ်မသက်သာစွာဖြင့် စောင့်ဆိုင်းနေချိန်တွင် ကုရွမ်းတုသည် ထိုလူကို ရှာဖွေရန် သွားနေသောကြောင့် သူ့ကို လက်ရှိတွင် မည်သည့်နေရာမှာမှ မတွေ့ရပေ။ ကံကောင်းစွာနှင့်ပင် ချီယွီသည် စောစောရောက်လာခဲ့သည်။ လင်းရုဖေးသည် ခေါင်းမပါသောယင်ကောင်ကဲ့သို့ စက်ဝိုင်းပုံစံလှည့်ပတ် လမ်းလျှောက်နေသည်ကို သတိပြုမိသောအခါ သူသည် စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
"မင်း ဘာအတွက် စက်ဝိုင်းပုံစံ လမ်းလျှောက်နေတာလဲ"
လင်းရုဖေး သူ့အသံကိုကြား သောအခါ လျှင်မြန်စွာ မေးလိုက်သည်။
"ချီယွီ ငါ အကူအညီတစ်ခုလိုလို့ မင်းကို ဒုက္ခပေးလို့ရနိုင်မလား"
ချီယွီသည် သူ့မျက်လုံးများကို မှေးစင်းထားကာ "လူသားတစ်ယောက်ဖြစ်တဲ့မင်းက နတ်ဆိုးတစ်ကောင်ဖြစ်တဲ့ငါ့ဆီကနေ အကူအညီလိုချင်နေတာလား။ ငါ ကြားလိုက်တာ မှန်တယ်မလား"
လင်းရုဖေးသည် “ဟုတ်တယ်... ...”
ချီယွီသည် သူ၏ခြေဖဝါး လက်ဖဝါးများကို ပျင်းရိစွာ လျှာဖြင့်လျှက်လိုက်ပြီး လင်းရုဖေးအား ပျင်းရိစွာ စကားဖြတ်ပြောလိုက်သည်။
"အဲဒါက ဘာလဲဆိုတာ အရင်ဆုံးပြော၊ ပြီးရင် မင်းကို ကူညီသင့်လား မကူညီသင့်လားဆိုတာ ငါစဉ်းစားမယ်"
လင်းရုဖေးသည် ရှန်ဝူချွေ့ကိစ္စအကြောင်းနှင့်ပတ်သက်၍ ပြောပြခဲ့ပြီး ပြင်းထန်သော အဆိပ်သင့်ခဲ့သည့်အကြောင်းကိုအသာပေးကာ ချီယွီအား ဆက်လက်ပြောပြခဲ့သည်။
"အိုး ဒါဆို မင်းက အပုပ်နံ့ရဲ့ ဇစ်မြစ်ကို ရှာဖို့ ကြိုးစားနေတာ မဟုတ်လား" ချီယွီ မေးသည်။
လင်းရုဖေး ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါ မင်းကိုကူညီပေးရင် မင်းငါ့ကို ဘယ်လိုပြန်ဆပ်မလဲ" ချီယွီသည် သူ၏မျက်လုံးများကို မှေးစင်းထားပြီး လင်းရုဖေးကို စိုက်ကြည့်နေသည်။
လင်းရုဖေးသည် "မင်းက ဘာလိုချင်လို့လဲ"
ချီယွီ “တောက် ငါလိုချင်တာကို မင်းမပေးနိုင်မှာစိုးရိမ်မိတယ်"
လင်းရုဖေး သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ခဏလောက်စဉ်းစားပြီးနောက် အလေးအနက်ထားပြောလိုက်သည်။
"ဒီလိုဆိုရင်ရော မင်း အဲဒီလူကို ရှာတွေ့အောင်ကူညီပေးရင် မင်းတောင်းဆိုတာကို ငါ လုပ်ပေးမယ်လို့ကတိပေးတယ်။ ငါ့ကို မကောင်းတာတစ်ခုခုမလုပ်ခိုင်းသရွေ့ သူတပါးရဲ့အသက်ကို မထိခိုက်စေသရွေ့တော့ အောင်မြင်အောင် ငါ ကြိုးစားပေးမယ်"
ချီယွီသည် လင်းရုဖေးကို အချိန်အတော်ကြာ ကြည့်ရှုစစ်ဆေးလိုက်ပြီး လင်းရုဖေးသည် သူ သဘောမတူဘူးဟု ထင်နေချိန်မှာပင် သူက ပျင်းကျောဆန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ"
ထို့နောက် သူသည် ဘေးတွင်ကစားနေသော ကြောင်ပေါက်ကလေးအား ဖူဟွား၏လက်နှစ်ဖက်ထဲသို့ ပစ်ချလိုက်ကာ လင်းရုဖေးထံသို့ သူ့မေးစေ့ကိုမြှောက်ကာ သူ့နောက်သို့လိုက်ရန် အချက်ပြလိုက်သည်။
လင်းရုဖေး အိမ်အပြင်သို့ ထွက်ခွာလာခဲ့သည်။
ချီယွီပြေးသည်မှာ အရမ်းမြန်နေပြီး လင်းရုဖေး လိုက်မမှီနိုင်ဘူးဆိုသည်ကို သူ သဘောပေါက်သွားသောကြောင့် ချီယွီသည် သူ့အရှိန်ကို တမင်နှေးလိုက်ပြီး လင်းရုဖေးကို တံလျှပ်မြို့၏ ထွက်ပေါက်အားလုံးဖြစ်သည့် ပင်လယ်ဆီ ဦးတည်ခေါ်ဆောင်သွားလိုက်သည်။
ထိုအချိန်တွင် နေဝင်နေပြီဖြစ်ပြီး မူလက မိုးပြာရောင်ပင်လယ်ရေသည် မည်းမှောင်သော အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရေလှိုင်းများသည် ကမ်းခြေနှင့် ကျောက်ဆောင်များကို ပြင်းထန်စွာ ရိုက်ခတ်နေသောအသံများ ရုတ်တရက် ထွက်ပေါ်လာသည်။ နေ့အချိန်၌ ပင်လယ်ပြင်သည် နူးညံ့သိမ်မွေ့ပြီး လိုက်လျောညီထွေဖြစ်သောခံစားမှုကို ဆောင်တတ်သေးလျှင် ညအချိန်၌ ပင်လယ်သည် အနီးသို့လာသော အရာအားလုံးကို မျိုချသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချောက်နက်ကြီးနှင့်တူ၏။
“အဲဒီအနံ့က ဒီဘက်ကနေ ထွက်လာတာ” ချီယွီ၏ အနံ့ခံအာရုံသည် အလွန်တိကျပြီး သူသည် လင်းရုဖေးအား အနည်းငယ်မျှ မတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ ခေါ်ဆောင်သွားခဲ့သည်။ သူ့အမူအရာသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရုံပင်။ ထိုရနံ့သည် အလွန်ရွံရှာဖွယ်ကောင်းပုံရသည်။
"အဲဒီလူကိုတွေ့ရင် မင်းဘာလုပ်ချင်လဲ"
“သူက အဆိပ်ခတ်တဲ့သူမို့ သူ့မှာ အဆိပ်ဖြေဆေးရှိသင့်တယ်။ မဟုတ်ရင် တခြားဘာမှ မဆွေးနွေးခင် ငါတို့ သူ့ကို အရင်ပြန်ခေါ်သွားလို့ရတယ်” မြင်းသေတစ်ကောင်ကို အသက်ရှင်သကဲ့သို့ ဆက်ဆံပါ[2]။ ရှန်ဝူချွေ့၏ အသွင်အပြင်ကို ကြည့်လိုက်လျှင် သူသည် အချိန်အကြာကြီး အသက်မရှင်နိုင်တော့မည့်ပုံမပေါ်ပေ။ မဟုတ်ပါလျှင် သူသည် အလွန်စိုးရိမ်ပြီး ချီယွီကို အကူအညီတောင်းရန် ပူပန်နေမည်ပင်မဟုတ်ပေ။
[2] - စိတ်ပျက်လက်ပျက်အခြေအနေတွင် အရာအားလုံးကို ဆက်လက်ကြိုးစားခြင်းကို ဆိုလိုသည်။
"သူ့ကို ပြန်ခေါ်သွားမလို့လား" ချီယွီ မေးလိုက်၏။ “မင်း သူ့ကို မချနိုင်မှာ မကြောက်ဘူးလား"
လင်းရုဖေး ပြန်ဖြေလိုက်၏။ “အမြဲတမ်း ကြိုးစားကြည့်ရမယ်"
ချီယွီသည် လင်းရုဖေးကို လေးလေးနက်နက် ကြည့်ပြီး မကျေမနပ်ဖြင့် ရေရွတ်ကာ "မင်းတို့ လူသားတွေက မင်းတို့ရဲ့အလေးချိန်[3] ဘယ်လောက်ရှိမှန်း မသိကြဘူးပဲ။ အဲဒီအရာက ရှန်းမိသားစုရဲ့သခင်လေးကို ထိုအခြေအနေရောက်အောင် လုပ်နိုင်တယ်။ မင်း သူ့ကိုတွေ့ရင်တောင် ငွေလင်ပန်းပေါ်မှာ ရိုးရိုးရှင်းရှင်း ကိုယ့်ကိုကိုယ်သာ အပ်နှံလိုက်တာ အကောင်းဆုံးပဲ"
[3] - ၎င်းသည် သင်မည်မျှလုပ်နိုင်သည် သို့မဟုတ် သင့်တွင် စွမ်းရည်မည်မျှရှိသည်ကို သင်မသိကြောင်း ဆိုလိုသည်။
လင်းရုဖေးသည် တိကျသောထင်မြင်ချက်ကို လျစ်လျူရှုကာ ဂရုမစိုက်စွာဖြင့် ပြန်ဖြေလိုက်သည်။ "ငါတို့ သူ့ကိုတွေ့တဲ့အခါကျမှ အဲဒီအကြောင်း ပြောကြရအောင်"
ချီယွီ သက်ပြင်းချကာ “ဒုက္ခရောက်အောင်လုပ်နေတာပဲ"
လင်းရုဖေး၏ ဂရုမစိုက်သည့်ပုံစံကို ချီယွီ မကြိုက်သော်လည်း သူ၏ အရှိန်အဟုန်မှာ နှေးကွေးခြင်းမရှိပေ။ မကြာခင်မှာပင် သူတို့နောက်ရှိ တံလျှပ်မြို့၏မီးရောင်များသည် ဝေးသထက်ဝေးလာသည်။ လင်းရုဖေးသည် ပတ်ဝန်းကျင်ရှုခင်းများ ပို၍ပို၍ မရင်းနှီးလာသည့်အချိန်အထိ ပင်လယ်ကမ်းစပ်တစ်လျှောက် အချိန်အတော်ကြာအောင် ချီယွီ၏နောက်မှ လိုက်လာခဲ့သည်။
မီးရောင်များ သို့မဟုတ် လူများမရှိတော့ဘဲ လှိုင်းလုံးများနှင့် ဆူညံနေသော အင်းဆက်ပိုးကောင်များသာ ရှိတော့သည်။ ပတ်ဝန်းကျင်သည် ပို၍ မှောင်မဲလာပြီး ချီယွီ၏ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးလာသည်။ သူ၏အမူအရာသည် လေးနက်လာပြီး အမှောင်ထုထဲတွင် သွေးနီရောင်မျက်လုံးများသည် လှပသောညပုလဲနှစ်လုံးနှင့်တူလှပေသည်။
"အပုပ်နံ့က ပိုပြင်းလာတယ်၊ အဲဒီအရာက အနီးအနားမှာ ရှိနေတယ်"
သူ ခေါင်းကို လှည့်ပြီး လင်းရုဖေးကို ကြည့်ကာ "ငါ မင်းကို အရင်သတိပေးမယ်။ အဲဒါက သာမန်မဟုတ်တာ သေချာတယ်။ ငါတို့ ဒီလောက်အကွာအဝေးကို ရောက်နေပေမယ့် ရှန်မိသားစုရဲ့အနံ့က ပြင်းထန်နေဆဲပဲ။ မင်း သူ့ကြောင့် ဒဏ်ရာရရင် ရှန်းကုန်းဇီထက်တောင် မြန်မြန်သေနိုင်တယ်... ...လင်းရုဖေး မင်း သေသေချာချာ စဉ်းစားဖို့လိုမယ်"
လင်းရုဖေးသည် “ငါ အဲဒါကို စဉ်းစားပြီးပြီ။ လမ်းသာပြပေးပါ"
ချီယွီသည် စကားဆက်မပြောတော့ပေ။ သူသည် လှည့်၍ ပျက်စီးနေသော ကျောက်ဆောင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထိုကျောက်ဆောင်သည် ရေညှိများဖြင့် ပြည့်နေပြီး အရမ်းချောနေသည်။ လင်းရုဖေးသည် အရှိန်လျှော့ကာ ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာပင် ချီယွီသည် ရုတ်တရက် ရပ်လိုက်ပြီး တိုးတိတ်စွာပြောလာသည်။
“အဲဒါက အရှေ့မှာပဲ မြင်လား"
လင်းရုဖေး ဂရုတစိုက်ကြည့်လိုက်ပြီး လရောင်အောက်တွင် ကျောက်ဆောင်ပေါ်၌ ထိုင်နေသည့် လူတစ်ဦးကို ဖြတ်ခနဲမြင်လိုက်ရသည်။ ထိုလူ၏ နသူ့ကို မျက်နှာမူထားပြီး သူ၏မှောင်မိုက်သောအမူအရာသည် အနက်ရောင်မှင်အစွန်းအထင်းနှင့်တူလှပေသည်။
─────────────────────────────────────────────────