Chapter 149
ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း
───────
ရှန်ဝူချွေ့၏အခြေအနေသည် အမှန်တကယ်ကို မကောင်းမွန်လှပေ။ နောက်ဆုံး ရှန်ဝူချွေ့နှင့်မတွေ့မီ လင်းရုဖေးသည် ရှန်မိသားစုနှင့် သုံးရက်နေခဲ့ရသည်။ ထိုအချိန်တွင် လင်းရုဖေးနှင့် ရှန်းမိသားစုခေါင်းဆောင်တို့သည်လည်း တွေ့ဆုံခဲ့ကြသည်။ မိသားစုခေါင်းဆောင်၏ မောပန်းနွမ်းနယ်နေသည့်မျက်နှာကြောင့် အခြေအနေများသည် မျှော်မှန်းထားသကဲ့သို့ကောင်းမွန်စွာ ဖြစ်မလာကြောင်းကို တွေ့မြင်နိုင်သည်။
မိသားစုခေါင်းဆောင်သည် လင်းရုဖေးအား မည်သည်မှထပ်မပြောဘဲ ထိုနေ့တွင်ဖြစ်ပျက်ခဲ့သော အခြေအနေကို ရိုးရိုးရှင်းရှင်းသာ ပြောပြခဲ့သည်။ ရှန်ဝူချွေ့သည် ကမ်းခြေ၌ အေးအေးဆေးဆေး ဦးတည်ချက်မရှိလျှောက်သွားနေသည့်အခိုက်တွင် ရုတ်တရက် ထူးဆန်းသည့်ဓားသမားတစ်ယောက်ကို တွေ့လိုက်ရသည်။ ဓားသမားသည် သူ့ကို သတိထားမိသွားပြီး အနားသို့ ရောက်လာသည့်အချိန်အထိ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ လက်တွေ့ကျကျပြောရလျှင် အဆင့်ခုနစ်ကျင့်ကြံဆင့်ရှိသူ ရှန်ဝူချွေ့သည် လှုပ်ရှားမှုအနည်းငယ်ဖြင့် ရိုက်ချခြင်းမခံရသင့်သော်လည်း မရိုးဖြောင့်သောဓားသမားထံတွင် သူ အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်။
ရှန်ဝူချွေ့ တကယ်ပဲ ထိုလူကို တစ်ချီတည်းနှင့် ရှုံးသွားခဲ့သည်။ ရှန်ဝူချွေ့ကို အခြားသူများ တွေ့ရှိသောအခါ သူသည် သူ့အသက်သွေးကြောတစ်လျှောက် ဓားဖြင့်ထိုးခံရပြီးဖြစ်သည်။ သူတို့ သူ့အသက်ကို ကယ်ရန် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။
ရှန်မိသားစုခေါင်းဆောင်သည် ထိုဇာတ်လမ်းကို အေးအေးဆေးဆေး ပြောပြခဲ့သော်လည်း လင်းရုဖေးသည် ထိုဇာတ်လမ်းမှနေ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသည့် အရသာကို ခံစားနေရဆဲပင်။
"လင်းကုန်းဇီက ဆိုးရွားတဲ့အချိန်မှာ ရောက်လာခဲ့တာပဲ" ရှန်မိသားစုခေါင်းဆောင်သည် ခါးသီးသော အပြုံးဖြင့်ပြောကာ သက်ပြင်းချလိုက်ပြီး "မဟုတ်ရင် မင်းကို ကိုယ်တိုင်လက်ခံတွေ့ဆုံဖို့ ငါ ဝူချွေ့ကို ပြောလိုက်မှာပါ"
“ကိစ္စမရှိပါဘူး။ ရှန်းကုန်းဇီမှာ တစ်ခုခုဖြစ်သွားတဲ့အကြောင်းကို ကြားခဲ့တဲ့သူက ကျွန်တော့်အစ်မပါ။ ပြီးတော့ သူက နည်းနည်း စိတ်ပူနေတာကြောင့် မြင်းပေါ်ကို အမြန်တက်ပြီး ဒီကို အပြေးအလွှား သွားပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ်"
ရှန်မိသားစုခေါင်းဆောင်သည် ပြုံးပြပြီး "ငါ ဝေရွေ့ကို တွေ့ဖူးတာ အတော်ကြာပြီ။ သူမရော နေကောင်းရဲ့လား"
"အရမ်းကို နေကောင်းပါတယ်။ ကျွန်တော် ထွက်မလာခင်တုန်းကတောင် အစ်ကိုကြီးက သူ့ကို ဘိုးဘွားခန်းမထဲကို ခေါ်သွားပြီး ရိုက်သေးတယ်” လင်းရုဖေးသည် သူ့အစ်မကို သစ္စာဖောက်ရန် တွန့်ဆုတ်နေခြင်းမရှိပေ။
ရှန်မိသားစုခေါင်းဆောင်သည် သူ့စကားကို ရယ်မောလိုက်ပြီး လင်းရုဖေးကို ရက်အနည်းငယ်လောက်နေရန် ပြောလိုက်သည်။ ရှန်းဝူချွေ့ ဒဏ်ရာမှ ပြန်လည်သက်သာလာသောအခါ ထပ်မံတွေ့ဆုံရန် ဖိတ်ကြားလိမ့်မည်ဖြစ်ကြောင်း သို့သော်လည်း အနီးပတ်ဝန်းကျင်သို့ လည်ပတ်မသွားခြင်း အကောင်းဆုံးဖြစ်ကြောင်း နောက်ဆုံးတွင် လူသတ်သမားကို ရှာမတွေ့သေးကြောင်း ပြောပြခဲ့သည်။
လင်းရုဖေးသည်လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် ရှန်မိသားစုအကြီးအကဲအား အခြားကိစ္စများအတွက် လာမခေါ်မီ သူတို့နှစ်ဦးသည် အချိန်အတော်ကြာ စကားစမြည်ပြောဆိုခဲ့ကြသည်။ သူအမှန်တကယ် အလုပ်ရှုပ်နေသည်မှာ ထင်ရှားသော်လည်း ရှန်နှင့် လင်းမိသားစုကြားက ဆက်ဆံရေးကိုငဲ့ကွက်ပြီး လင်းရုဖေးနှင့်တစ်ယောက်တည်း တွေ့ဆုံရန် အချိန်ပေးနေဆဲပင်။
လင်းရုဖေးသည် ရှန်ဝူချွေ့ကို စိတ်ပူနေသော်လည်း သူလုပ်နိုင်သောအရာများ များစွာမရှိသောကြောင့် နှစ်ရက်လောက် အေးအေးဆေးဆေး အနားယူခဲ့သည်။ ဤနှစ်ရက်အတွင်း သူသည် အချိန်အများစုကို ကမ်းခြေ၌သာ ကုန်ဆုံးခဲ့သည်။ ပင်လယ်ကို တစ်ခါမှ မမြင်ဖူးသူတစ်ယောက်အနေနှင့် ပြောရလျှင် ဤနေရာသည် တကယ်ကို စွဲဆောင်မှုရှိလွန်းလှပေသည်။
ကမ်းခြေရှိကျောက်ဆောင်များ၊ ငါးငယ်များ၊ အခွံများနှင့် ရိုးရိုးပင်လယ်ရေမှော်များပင်လျှင် လင်းရုဖေး၏မျက်လုံးထဲတွင် အားလုံးသည် မှော်အစွမ်းများဖြင့် ပြည့်စုံနေပေသည်။ ခြေဗလာဖြင့် နူးညံ့သောသဲပြင်ပေါ် နင်းလျှောက်ပြီး ကမာခွံထဲတွင် ကဏန်းလေးတစ်ကောင်အား ချောင်းကြည့်ရသည်ကို သူ သဘောကျသည်။ ထို့အပြင် သူ့လက်ချောင်းလေးများသည် အကောင်သေးသေးလေးအပေါ် ညင်သာစွာ ဖိလိုက်သည့်အခါ ကြောက်လန့်တကြားနှင့် သူ့အခွံထဲသို့ ပြန်ကျုံ့သွားလိမ့်မည်။ ကမ်းရိုးတန်းတွင် လှပသောငါးလေးများကိုလည်း မကြာခဏတွေ့နိုင်သည်။ အများစုမှာ အရောင်အသွေးစုံပြီး ကုန်းတွင်းငါးများနှင့် အလွန်ကွာခြားပေသည်။ ကုရွှမ်းတုသည် ဘေးတွင်ရှိသော ကျောက်ဆောင်ပေါ်တွင် ပျင်းရိစွာထိုင်ကာ လင်းရုဖေးအား ထိုငါးများအကြောင်းကို အလေးအနက်ထားကာ ပြောပြပေးနေသည်။ တစ်ခုတည်းသာလျှင် ဤမိတ်ဆက်မှုများသည် အလွန်စိတ်ကူးယဥ်မဆန်လှပေ။ အများစုသည် ဘယ်ငါးက အရသာကောင်းပြီး ဘယ်ငါး စားမရဘူးဆိုသည့် အကြောင်းပင်ဖြစ်သည်။
လင်းရုဖေးလည်း ဘာပြောရမှန်းမသိပေ။ သူသည် ကုရွှမ်းတုကို အံ့အားသင့်စွာ ကြည့်ပြီး 'အစ်ကိုကြီး အရင်က ဒီငါးတွေ အကုန်လုံးကို စားဖူးလား'
“အားလုံးနီးပါးပဲ” ကုရွှမ်းတု ပြန်ဖြေလိုက်၏။ “ကိုယ်က ပင်လယ်ကမ်းစပ်မှာ မွေးခဲ့တာ။ ပင်လယ်ကမ်းစပ်မှာ ငါးအများစုရှိတယ်။ အများကြီးစားပြီးတော့ ကိုယ် အန်ချင်လာတယ်”
လင်းရုဖေး မေးလိုက်၏။ “အကြီးအကဲကို ယောင်ကွမ်းမှာ မွေးတာလား"
“မဟုတ်ဘူး ကိုယ့်ကို ရွှမ်တုမှာ မွေးခဲ့တာ"
လင်းရုဖေးသည် အံ့သြသွားသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ရွှမ်တုတိုက်ကြီးသည် ယောင်ကွမ်း၏ဘေးတွင်ရှိသော်လည်း တိုက်ကြီးနှစ်ခုသည် ကျယ်ပြန့်သောသမုဒ္ဒရာဖြင့် ပိုင်းခြားထားသောကြောင့် ထိုနေရာနှစ်ခုကြားတွင် လူအနည်းငယ်သာသွားလာနိုင်သည်။ လှိုင်းလုံးများ ပြင်းထန်ရုံသာမက ပင်လယ်အောက်ခြေတွင် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးကောင်များလည်း ရှိနေသည်။ နေရာနှစ်ခုကြား အပြန်ပြန်အလှန်လှန် သွားလာခြင်းသည် သေကြောင်းကြံနေသည့်ကိစ္စသာဖြစ်သည်။ ကုရွှမ်းတုသည် ယောင်ကွမ်းတိုက်ကြီးတွင် အကျော်ကြားဆုံးသော ကောင်းကင်ဘုံအုပ်ချုပ်သူဖြစ်သော်လည်း သူသည် ယောင်ကွမ်းတွင် မွေးဖွားခဲ့ခြင်းမဟုတ်ဘဲ ရွှမ်တုတွင် မွေးဖွားခဲ့ပေသည်။ ထို့ကြောင့် လင်းရုဖေးသည် သဘာဝအတိုင်း အနည်းငယ် အံ့သြသွားခဲ့သည်။ သူမေးသည်ကို မစောင့်ဘဲ ကုရွှမ်းတုသည် ဆက်ပြောလာသည်။
“အဲဒီတုန်းက ကိုယ်က ငယ်သေးတယ်။ ကိုယ့်ကို သူငယ်ချင်းဟောင်းတစ်ယောက်က တာဝန်ယူကျွေးမွေးထားပြီး ရွှမ်တုကနေ ယောင်ကွမ်းကို ခေါ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး ကိုယ် ပြန်မသွားတော့ဘူး"
လင်းရုဖေး မေးလိုက်၏။ "အဲဒီသူငယ်ချင်းဟောင်းက အကြီးအကဲကို ရွှမ်တုကနေ ယောင်ကွမ်းကို ခေါ်လာတာလား"
သူ မေးလိုက်ပြီးနောက် ထိုလူသည် မည်မျှလောက် စွမ်းအားကြီးမားသလဲဟု စဉ်းစားနေမိသည်။ သူကိုယ်တိုင် ထိုပင်လယ်ကြီးကို ဖြတ်သွားရုံသာမကဘဲ ခွန်အားမရှိသည့် အရုပ်လေးကိုတောင် သူနဲ့အတူ ယူဆောင်လာခဲ့သေးသည်။
ကုရွှမ်းတု ပြန်ဖြေ၏။ "သူက တကယ်ကို စွမ်းအားကြီးတယ်" ထို့နောက် ဂရုမစိုက်စွာ ဆက်၍ပြောလာသည်။ “အနည်းဆုံးတော့ ကိုယ့်ထက် အများကြီး ပိုပြီးစွမ်းအားကြီးတယ်"
ကောင်းကင်ဘုံအုပ်ချုပ်သူထက် စွမ်းအားကြီးတဲ့သူလား။ ထိုကဲ့သို့သောလူသည် အမှန်တကယ်ရှိပေသည်လား။ လင်းရုဖေး၏ အထင်အမြင်တွင် ကောင်းကင်ဘုံအုပ်ချုပ်သူသည် မကျော်လွှားနိုင်လောက်အောင် အဆမတန် အစွမ်းထက်နေပြီဖြစ်သည်။ “ဒါဆို သူ အခု ဘယ်မှာလဲ"
“သေပြီ” ကုရွှမ်တု စကားလုံးကို မြန်မြန်အတိုချုံး၍ ပြောလိုက်သည်။
လင်းရုဖေး အံသြ၍ စကားမပြောနိုင်ဖြစ်သွားသည်။
ကုရွှမ်းတုသည် လင်းရုဖေးကိုကြည့်ကာ သူ့မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ သို့သော်လည်း သူ့ပါးစပ်မှ ထွက်ပေါ်လာသည့် စကားလုံးများသည် ကြေကွဲဖွယ်ကောင်းလှသည်။
“သူက အရမ်းကြင်နာတတ်ပြီး လူများဒုက္ခရောက်နေတာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး။ မင်းသိထားသင့်တာက အဲဒီလိုလူက သူ အသက်ရှင်ရတာ ပင်ပန်းနွမ်းနယ်လာပြီး သေသွားတဲ့အခါ ထူးထူးခြားခြား သနားစရာကောင်းနေခဲ့တယ်"
လင်းရုဖေး နူးညံ့စွာ တိုးတိုးလေးပြောလိုက်သည်။ “တောင်းပန်ပါတယ်"
"ကိစ္စမရှိပါဘူး" ကုရွှမ်းတု သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ့မျက်နှာတွင် ဝမ်းနည်းမှုများ ရှိမနေဘဲ “ဒါပေမယ့် အခု အဆင်ပြေသွားပြီ"
လင်းရုဖေး အံ့အားသင့်သွားပြီး "အဆင်ပြေသွားပြီလား"
ကုရွှမ်းတုသည် နွေးထွေးသောလေသံဖြင့် “ကံကောင်းစွာနဲ့ပဲ စားဖို့ ငါးတွေ ဒီမှာရှိတယ်လေ"
လင်းရုဖေး မသေချာမရေရာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း သူတို့၏နောက်ဆုံးနေ့လယ်စာသည် ပင်လယ်မှ ကုရွှမ်းတု ဖမ်းမိလာသောငါးဖြစ်သည်။ မည်သည့်ငါးမျိုးက အရသာကောင်းလဲဆိုတာ သူသိထားပြီးသောကြောင့် ငါးဖမ်းရသည်မှာ သူ့အတွက် မခက်ခဲပေ။ အဆုံးတွင် သူတို့၏ပင်လယ်ခရီးသည် အကျိုးကျေးဇူးများဖြင့် ပြည့်နှက်နေခဲ့သည်။ ကုရွှမ်းတုသည် ငါးဖမ်းရုံသာမက လှပသောအခွံအချို့ကိုလည်း စုဆောင်းကာ လင်းရုဖေးအား ပြုံးလျှက် ပေးခဲ့သည်။ ပင်လယ်ရေနက်ထဲရှိ ခရုခွံများသည် ပင်လယ်ကမ်းစပ်ရှိ ခရုခွံများနှင့် နှိုင်းယှဉ်၍မရနိုင်သောကြောင့် လင်းရုဖေး ၎င်းတို့အား အံ့အားသင့်စွာဖြင့် ယူလိုက်သည်။ အင်္ကျီရင်ဘက်ထဲတွင် ဂရုတစိုက် သိမ်းထားလိုက်ပြီး ကြည့်ရှုရန် အခန်းရှိစားပွဲပေါ်တွင် တင်ထားလိုက်သည်။ ဖူဟွားသည် ထိုအရာများကို သတိပြုမိသောအခါ သူမသည် ပြုံးပြီး ဒီလိုလှပသည့်ခရုခွံများကို ဘယ်မှာတွေ့ခဲ့တာလဲဟု သူမ၏သခင်လေးကို မေးလိုက်သည်။
လင်းရုဖေး ပြန်ဖြေလိုက်၏။ “တစ်ယောက်ယောက်က ငါ့ကို ပေးတာလေ"
"လက်ဆောင်လား" ယွီရွေ့၏မျက်နှာသည် ပို၍တောက်ပလာကာ မျက်တောင်ခတ်လိုက်ပြီး "သခင်လေး ဒီပင်လယ်ကမ်းစပ်က ခရုခွံတွေကို သခင်လေး ကြုံသလိုလက်ခံလို့မရဘူးလေ"
လင်းရုဖေး စိတ်ရှုပ်ထွေးသွားပြီး "မင်းဘာကိုဆိုလိုတာလဲ"
ယွီရွေ့ ပြန်ဖြေလိုက်၏။ “ဒီမှာ ဓလေ့တစ်ခုရှိတယ်လို့ ကျွန်မ ကြားခဲ့တယ်။ အရင်တုန်းကတော့ တံငါရွာလေးရဲ့အခြေအနေက ဆင်းရဲတယ်လို့ ပြောတယ်။ တကယ်လို့ မင်းမှာ မင်းချစ်ရတဲ့သူတစ်ဦးရှိပြီး မင်္ဂလာခန်းဝင်ပစ္စည်းလက်ဆောင်ကို မပြင်ဆင်ပေးနိုင်ရင် မင်းချစ်သူကို မင်္ဂလာခန်းဝင်ပစ္စည်းလက်ဆောင်အဖြစ်ပေးဖို့ အလှဆုံးအခွံကို ရှာဖွေဖို့ ပင်လယ်ရေနက်ထဲကို သွားရောက်ရမယ်။ ချစ်သူက လက်ခံရင် သူတို့ နှစ်ယောက် လက်ထပ်ပြီးသွားပြီလို့ ယူဆလို့ရတယ်... ..."
လင်းရုဖေး စိုက်ကြည့်ကာ “ဒါပေမယ့် ငါက ယောက်ျားလေးလေ"
ယွီရွေ့ အပြုံးနှင့်အတူ ပြန်ဖြေလိုက်သည်။ “ယောက်ျားရော မိန်းမရော အတူတူပဲ။ သခင်လေး နေ့ခင်းတုန်းက အဲဒီငါးဖမ်းလှေတွေပေါ်မှာ အခွံကောက်နေတဲ့ မိန်းကလေးတွေ အများကြီးရှိတာ သခင်လေး မမြင်ခဲ့ဘူးလား။ သခင်လေးရဲ့လက်ထဲက ခရုခွံတွေက အရမ်းထူးခြားတာကိုကြည့်ပြီး အဲဒီလူလည်း သူတို့ကို ရွေးချယ်ဖို့ တော်တော်ကြိုးစားအားထုတ်ခဲ့ရမယ် ထင်တယ်"
ယွီရွေ့ ထိုအကြောင်းကို အမှန်အတိုင်းပြောနေသည့်အချိန်တွင် ကုရွှမ်းတုသည်လည်း နားထောင်နေခဲ့သည်။ မေးစေ့ကို ထောက်ကာ နားထောင်နေသော်လည်း မည်သည်ကိုမျှ မပြောခဲ့ပေ။ သူသည် လင်းရုဖေးကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ သဘာဝကျကျပြောရလျှင် လင်းရုဖေးသည် ၎င်းကို ကျင့်သားရနေသင့်သော်လည်း ကုရွှမ်းတု၏ပြင်းထန်သောအကြည့်အောက်တွင် သူ၏နားများသည် နီရဲနေဆဲဖြစ်သည်။ လင်းရုဖေးသည် အံကြိတ်ကာ တည်ငြိမ်ဟန်ဆောင်လိုက်ပြီး ယနေ့ည ဘာစားကြလဲဟု ဖူဟွားကို မေးလိုက်သည်။
ဖူဟွားသည် ပြန်ဖြေလိုက်၏။ "ငါးစားရအောင်လေ။ သခင်လေး ငါးအချို့ကို ယူလာသေးတယ်မလား" သူမသည် ရယ်မောပြီး “သခင်လေးကို ခရုခွံတွေပေးခဲ့တဲ့ ကောင်မလေးက ငါးတွေကိုရော အတူတူပေးခဲ့တာလား။ ဒီငါးတွေရဲ့ပုံသဏ္ဍာန်က ထူးဆန်းတယ်။ တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ခရုခွံတွေက အရမ်းလှတာကြောင့် ဒီငါးတွေရဲ့ အရသာကလည်း ဆိုးမှာမဟုတ်ဘူး"
လင်းရုဖေး သည်းမခံနိုင်တော့ပေ။ အစေခံမလေးနှစ်ယောက်ကို မြန်မြန်ထမင်းချက်ရန် အခန်းအပြင်သို့ တွန်းထုတ်လိုက်သည်။
ရလဒ်အနေဖြင့် ဖူဟွားနှင့် ယွီရွေ့ပြောသည်မှာ မှန်ပေသည်။ ကုရွှမ်းတု ဖမ်းမိသောငါးများသည် ပုံသဏ္ဍာန် ထူးထူးခြားခြားရှိသော်လည်း ၎င်းတို့အားလုံးသည် အလွန်အရသာရှိသည်။ လတ်လတ်ဆတ်ဆတ်ဖြစ်သောကြောင့် ပေါင်းလိုက်ရုံနှင့်တင် အရသာရှိလောက်သည်။ ငါးအသားတစ်ဖဲ့ကို မြည်းစမ်းပြီးနောက် လင်းရုဖေး ချီးကျူးလိုက်သည်။
သခင်နှင့် အစေခံများ သူတို့သုံးယောက်သား ငါးစားနေတုန်းတွင် မနေ့က လမ်းတစ်ဝက်၌ ထွက်ပြေးသွားသည့် ချီယွီသည် သူ့သားကြောင်ပေါက်လေးကို ပါးစပ်ထဲတွင် ကိုက်ချီပြီး ပြတင်းပေါက်တွင် ပေါ်လာပြန်သည်။
ကြောင်ပေါက်ကလေးကို စားပွဲပေါ်ပစ်တင်ပြီးနောက် သူ့ရှေ့ရှိငါးကို လှည့်ပတ်ကြည့်လိုက်သည်။ လင်းရုဖေးသည် ချီယွီကို တစ်ခုခု ကျွေးချင်သော်လည်း ချီယွီသည် ငြင်းဆိုလိုက်သည်။
"မစားချင်ဘူး" ချီယွီသည် ရွံရှာစွာ မျက်လုံးကို မှေးကျဥ်းထားပြီး "ဒီရှန်မိသားစုက အနံ့နံတယ်။ စားချင်စိတ်မရှိဘူး"
လင်းရုဖေး မေးလိုက်သည်။ “အနံ့ဆိုးထွက်နေတာလား"
“ဟုတ်တယ်” ချီယွီ ပြန်ဖြေလိုက်သည်။ “ငါ မဝင်ခင်ကတောင် လူသေအလောင်းတွေရဲ့ ဆိုးဝါးတဲ့အနံ့အသက်ကို ငါ ရှူရှိုက်မိသေးတယ်” သူသည် ကြိမ်းမောင်းကာ လောလောဆယ် ငိုကြွေးနေသော သားဖြစ်သူကို ပွတ်သပ်လိုက်ပြီး “ဒီကောင်လေးအတွက်ကြောင့်သာ မဟုတ်ရင် ငါဝင်လာမှာ မဟုတ်ဘူး"
လင်းရုဖေး သူ့နှာခေါင်းနှင့် ပြင်းပြင်းထန်ထန် အနံ့ခံကြည့်မိသော်လည်း ချီယွီ ဖော်ပြသည့် အနံ့ကိုမရခဲ့ပေ။
ချီယွီသည် စက်ဆုပ်ရွံရှာစွာ တီးတိုးပြောဆိုလိုက်သည်။ “အနံ့ခံကြည့်မနေနဲ့။ မင်းက လူသားလေ"
လင်းရုဖေးသည် သူ့လက်များကို ဖြန့်လိုက်ပြီး "ဒါဆို ငါ မင်းရဲ့သားကို အရင်ဆုံး ကျွေးလို့ရမလား"
ချီယွီ၏အမြီးသည် အဆင်ပြေကြောင်း အချက်ပြသည့်အနေဖြင့် ဖြတ်ခနဲ လွှဲရမ်းလိုက်သည်။
ထို့နောက် လင်းရုဖေးသည် ကြောင်ကလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်ပြီး သူ၏ခေါင်းလေးကို ပွတ်သပ်ကာ ကြောင်ငယ်လေးအား အစာကျွေးရန်အတွက် ဖူဟွားကို ငါးအပိုများ ယူလာပေးရန် တောင်းဆိုလိုက်သည်။ ကြောင်ကလေးသည် ဗိုက်ပြည့်သည်အထိ စားသောက်ပြီးချိန်တွင် ကျေနပ်ပျော်ရွှင်သောအကြည့်ဖြင့် ကြည့်လာသည်။ ချီယွီသည် ကြောင်ပေါက်လေးကို ပါးစပ်နှင့် နောက်တစ်ကြိမ် ကိုက်ချီလိုက်ပြီး ပြတင်းပေါက်ဘက်သို့ ခုန်သွားလိုက်သည်။ သူသည် လင်းရုဖေးဘက်သို့ ခေါင်းလှည့်ပြီး အကြံပေးလိုက်သည်။
"မင်း ဒီက စောစော ထွက်သွားတာပိုကောင်းလိမ့်မယ်။ အဲဒါက ရွံစရာကောင်းတယ်" ထိုသို့ပြောပြီးနောက် ပြန်လှည့်ကာ ခုန်ချသွားသည်။ ချီယွီသည် အမှန်တကယ်ပင် ဤနေရာကြောင့် စိတ်ပျက်နေပုံရသည်။
"မင်းတို့ရော တစ်ခုခု အနံ့ရလား" လင်းရုဖေး အစေခံများကို မေးလိုက်သည်။
ဖူဟွားနှင့် ယွီရွေ့တို့အားလုံးသည် သူတို့၏မျက်နှာပေါ်တွင် ဗလာကျင်းသောအကြည့်နှင့်အတူ ခေါင်းယမ်းလာကြသည်။
သူတို့ စကားစမြည်ပြောနေစဥ်တွင် အပြင်၌ ကျယ်လောင်သောဆူပူလှုပ်ရှားသံကို ရုတ်တရက် ကြားလိုက်ရသည်။ လူအများအပြားသည် သူတို့၏အဆုတ်များကွဲလုမတတ် ဆူညံစွာအော်ဟစ်နေကြပြီး လင်းရုဖေးသည် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။
“သမားတော်ကို သွားခေါ်လိုက်——"
လင်းရုဖေး ပြတင်းပေါက်သို့သွားကြည့်လိုက်ရာ အပြင်ဘက်တွင် လုံးဝပရမ်းပတာဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်ဝူချွေ့၌ တစ်ခုခုဖြစ်သွားသည်ဟု သူမှန်းဆလိုက်သော်လည်း လောလောဆယ်တွင် မသိနိုင်သေးပေ။
"ရှန်မိသားစုက ဘာဖြစ်နေတာလဲ" ကုရွှမ်းတု မနေ့က ပြောခဲ့ဖူးသည့် "ရင်းနှီးတဲ့အရိပ်အယောင်တစ်ခုကို အနံ့ခံမိတယ်" ဟူသော စကားတစ်ခွန်းကို လင်းရုဖေး သတိရသွားပြီး အသံတိုးတိုးနှင့် မေးရန် ပါးစပ်ကိုဖွင့်လိုက်သည်။
ကုရွှမ်းတုသည် သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး "ရှန်ကုန်းဇီ ဘာဖြစ်နေလဲဆိုတာကို အရင်သွားကြည့်ရအောင်"
လင်းရုဖေး ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ"
လင်းရုဖေး ရှန်းဝူချွေ့ကို တွေ့ချင်ခဲ့သော်လည်း တကယ်တမ်းတွင် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ လင်းရုဖေးသည် ကြိုတင်တောင်းဆိုခဲ့ပြီး ရှန်းဝူချွေ့နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည့်အချိန်မတိုင်မီ နောက်တစ်ရက် ကြာသွားခဲ့သည်။
သူတို့နှစ်ယောက် မတွေ့ဆုံခင်မီ သမားတော်သည် လင်းရုဖေးအား ရှန်ကုန်းဇီကို စကားအများကြီး မပြောမိစေရန် သေသေချာချာ ညွှန်ကြားခဲ့သည်။ ရှန်ဝူချွေ့သည် သတိပြန်ရလာသော်လည်း သူ့ခန္ဓာကိုယ်သည် အခြေအနေ မကောင်းသေးပေ။ ရှန်မိသားစုခေါင်းဆောင်သည်လည်း အနည်းငယ်စိတ်ကသိကအောက်ဖြစ်နေသေးပြီး နားလည်ပေးရန် လင်းကုန်းဇီကို တောင်းဆိုခဲ့သည်။
လင်းရုဖေးက ပြုံးပြီး "ရှန်ကုန်းဇီကိုတွေ့ခွင့်ရတာနဲ့တင် အဆင်ပြေနေပါပြီ။ နားမလည်ပေးနိုင်စရာ ဘာအကြောင်းရှိလို့လဲ"
ထို့နောက် ရှန်မိသားစုခေါင်းဆောင်သည် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရှန်မိသားစု၏အရေးပါသော သားတစ်ယောက်အနေဖြင့် ရှန်ဝူချွေ့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာစေရန် အနားယူသည့်နေရာအား အစောင့်အကြပ်များ ထူထပ်စွာချထားသည်။ လင်းရုဖေး အတွင်းခန်းထဲသို့ မ၀င်မီ အစောင့်အကြပ်များစွာကို ဖြတ်ကျော်သွားခဲ့ရသည်။ သို့သော် အခန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းရုဖေးသည် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ ဆေးနံ့သည် အခန်းထဲသို့ စိမ့်ဝင်နေရုံမျှမက ဖျော့တော့သောသွေးပုပ်နံ့လည်း ရှိနေသည်။ ဤရနံ့သည် ပြင်းထန်သောဆေး၏ရနံ့နှင့် ရောနှောနေသော်လည်း လင်းရုဖေး၏နှာခေါင်းတွင် အနံ့ရနေဆဲဖြစ်သည်။
ထိုအချိန်တွင် ရှန်ဝူချွေ့ဒဏ်ရာရရှိခဲ့သည်မှာ ၁၂ရက် ပြည့်သွားပြီဖြစ်ပြီး ဒဏ်ရာများသည်လည်း အမှန်တကယ်ပင် ပုပ်သွားခဲ့သည်။ သူ၏ အခြေအနေသည် ပြန်လည်ကောင်းမွန်လာရန် အချိန်ကြာမြင့်နေမည့်ပုံပင်။
လင်းရုဖေး သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း သူ၏နှလုံးသားသည် ပြင်းထန်စွာခုန်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် ထောင့်သို့လှည့်ကြည့်ပြီးနောက် လင်းရုဖေးသည် အိပ်ယာပေါ်တွင် လဲလျောင်းနေသော ရှန်ဝူချွေ့ကို မြင်လိုက်ရသည်။
လက်ရှိအချိန်သည် နွေရာသီ၏အပူပြင်းဆုံးအချိန်ဖြစ်သော်လည်း ထောင့်လေးထောင့်၌ ရေခဲပမာဏအများအပြားကို ထည့်ထားသောကြောင့် အိမ်အတွင်း၌ အအေးဓာတ်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ရှန်ဝူချွေ့သည် အဖြူရောင်ကိုဝတ်ဆင်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သို့သော် သူ့အဝတ်အစားများသည် လုံး၀ ချည်နှောင်ထားခြင်း မရှိသဖြင့် အဝတ်ဖြူဖြင့်ပတ်တီးစည်းထားသော ခါးနှင့် ဝမ်းဗိုက်ကို မြင်နေရသည်ပင်။ အဖြူရောင်အ၀တ်စသည် အနီရင့်ရောင် သွေးစက်များဖြင့် စွန်းထင်းနေသည်ကို ဖျတ်ခနဲမြင်လိုက်ရသည်။
ရှန်ဝူချွေ့၏မျက်နှာမှာ ဖြူဖတ်နေပြီး အသက်ရှုသံသည် အားနည်းနေသော်လည်း လင်းရုဖေး ဝင်လာသည်ကို မြင်သောအခါ သူ့အား ကြိုးစားပြုံးပြကာ နွေးထွေးသောလေသံဖြင့် နှုတ်ဆက်ဆဲဖြစ်သည်။ "လင်းကုန်းဇီက ခရီးအဝေးကြီးကနေ လာခဲ့ပေမယ့် ငါမင်းကို လက်ခံမတွေ့နိုင်ခဲ့ဘူး။ ငါတကယ်ကို တောင်းပန်ပါတယ်"
"အခု မင်း မလှုပ်နဲ့" လင်းရုဖေး လျှင်မြန်စွာ ပြောလိုက်သည်။
“ဒဏ်ရာကို ဆွဲမဖြဲမိစေနဲ့"