အပိုင်း ၁၄၈
Viewers 37k

Chapter 148
ရှန်၀ူချွေ့

─────── 
ထျန်းရွှေကို ခေတ္တခဏထိန်းသိမ်းထားလို့ရသော်လည်း ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတော့မဟုတ်ပေ။

ရှဲကျင်းရှန့်က ပြုံးလိုက်ပြီး "နည်းလမ်းကအမြဲရှိပါတယ်"

သို့သော် မည်သည့်နည်းလမ်းဖြစ်သည်ကိုတော့ ပြောမပြပေ။ ထိုအစား သူသည် လေသံကိုမြှင့်ကာ အပြင်တွင်စောင့်နေသော ရှဲယိကျစ်ကို ခေါ်လိုက်သည်။ ရှဲယိကျစ်သည် နောက်တစ်ကြိမ် အဆူခံရတော့မည်ဟု တွေးကာ ဝမ်းနည်းသည့်အမူအရာဖြင့် လည်ပင်းကို ကျုံ့လိုက်သည်။ ကြည့်ရသည်မှာ ငိုတော့မည့်ပုံပင်။

အမြဲတင်းမာတတ်သည့် သူ့အစ်ကိုကြီးသည် နူးညံ့သိမ်မွေ့သောအမူအရာဖြင့် သူ၏‌ခေါင်းကို လက်ဖြင့်အသာအယာပုတ်ကာ ပြောလာသည်။ 

''ညီငယ်လေး မင်းနောက်ဆုံးတော့ နားလည်သွားခဲ့ပြီ''

ရှဲယိကျစ်သည် ထိတ်လန့်စွာ ပြန်စိုက်ကြည့်လာပြီး "အစ်ကိုကြီး အစ်ကို ဘာဖြစ်နေတာလဲ" 

နောက်တစ်ကြိမ် လက်လှမ်းကာ လင်းရုဖေး၏အင်္ကျီလက်နားစကို ဆွဲကိုင်ပြီး တုန်တုန်ယင်ယင်အသံဖြင့် “လင်းကုန်းဇီ မင်း ငါ့အစ်ကိုကို ဘာလုပ်လိုက်တာလဲ သူ ဆေးမှားသောက်မိတာလား"

ရှဲကျင်းရှန့်သည် ရုတ်တရက် အေးစက်သောမျက်နှာထားဖြင့် " ရှဲယိကျစ် မင်းအရေပြားတွေ ယားလာပြန်ပြီထင်တယ်[1]။"

 [1] - အရေပြားယားယံနေသော တစ်စုံတစ်ဦးသည် ရိုက်နှက်ခံချင်နေသောသူဟု ဆိုလိုသည်။

ရှဲယိကျစ်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး “ဒါမှ ကျွန်တော်သိတဲ့ အစ်ကိုကြီးပါ"

လင်းရုဖေးသည် ရှဲယိကျစ်ကိုကြည့်ရင်း ပြောစရာစကား ပျောက်ဆုံးသွားရသည်။ ခက်ခက်ခဲခဲ သင်ယူရခြင်း၏ အဓိပ္ပါယ်မှာ ဤအရာ ဖြစ်နိုင်သည်ဟု သူ့စိတ်ထဲတွင် တွေးလိုက်မိသည်... ...

နောက်ဆုံးတွင် ရှဲယိကျစ်သည် ရှဲကျင်းရှန့်၏ချီးကျူးမှုကို ခံယူလိုက်ပြီး သူ့အစ်ကိုကြီးက သူ့ကို အမှန်တကယ် ချီးကျူးနေမှန်း သေချာသွားပြီးနောက် ရှဲမိသားစု၏ ရိုးသားကြိုးစားသောသခင်ငယ်လေးသည် သူ၏တောက်ပသောအပြုံးကို ပြန်လည်ပြုံးလိုက်ရင်း သွက်လက်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။ 

လင်းရုဖေးသည် ရှဲယိကျစ်၏ထွက်သွားသောပုံစံကိုကြည့်ပြီး ခွန်းလွန်တောင်ပေါ်တွင် ရှိနေခဲ့ချိန်က သူ့ကိုယ်သူ ပြန်မြင် နေရသကဲ့သို့ပင်။

ယခု သူသည် လင်းမိသားစု၏ သခင်ငယ်လေးနှင့် လုံးဝမတူတော့ပေ။ သူ့အကြီးအကဲ၏သင်ကြားမှုအောက်တွင် သူသည် လှည့်ဖြားသည့်စွမ်းရည်ကို အောင်မြင်စွာကျွမ်းကျင်လာခဲ့ပြီး ဤရှုပ်ထွေးသောကျန်းဟူတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်လာခဲ့သည်။

၎င်းကိုတွေးနေစဥ် ကုရွှမ်းတုသည် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး လင်းရုဖေး၏ပါးပြင်ကို ဖြစ်ညှစ်လိမ်ဆွဲလိုက်သည်။ လင်းရုဖေးက အနည်းငယ် စိတ်ရှုပ်သွားကာ မေးလိုက်သည်။ 

''အကြီးအကဲ ခင်ဗျား ကျွန်တော့်ပါးကို ဘာလို့ လိမ်ဆွဲရတာလဲ'

ကုရွှမ်းတု "မင်းရဲ့မခိုးမခန့်အပြုံးကို ကြည့်ရတာ ကိုယ့်ကို ဆွဲလိမ်ချင်လာအောင် လုပ်နေတယ်"

လင်းရုဖေး : “... ...” 

အိုး ကောင်းပြီလေ...သူဆွဲလိမ်ချင်လိမ်‌ပေါ့...ဘာပဲဖြစ်ဖြစ် သူ အသားပဲ့ပါသွားတာမှ မဟုတ်ဘဲ...။

နောက်ဆုံးတွင် ရှဲကျင်းရှန့်သည် ထျန်းရွှေနှင့် ဘာလုပ်မှာလဲဆိုသည့်အကြောင်း လင်းရုဖေး မမေးခဲ့ပေ။ အစက သူသည် ရှဲအိမ်‌တော်၌ ရက်အနည်းငယ်ကြာ အနားယူရန် စီစဉ်ခဲ့သော်လည်း ခွန်းလွန်တောင်တန်းမှ စာတစ်စောင်ကို ရုတ်တရက် လက်ခံရရှိလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

အဆိုပါစာကို လင်းဝေရွေ့ မှပေးပို့ခဲ့ခြင်းဖြစ်သည်။ လင်းရုဖေးသည် ရှေးယခင်ကလို မိသားစုရေးစာတစ်‌စောင်ဟု ထင်မြင်ခဲ့သော်လည်း ထိုစာပါ အကြောင်းအရာများကို ဖတ်ပြီးနောက် ချက်ချင်းပင် တုန်လှုပ်သွားရသည်။

ရှန်မိသားစုတွင် ကိစ္စတစ်ခုခုဖြစ်ခဲ့သည်။ လင်းဝေရွေ့၏ချစ်သူ ရှန်ဝူချွေ့သည် အမည်မသိဓားသမားတစ်ဦးကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဓားသမားသည် သဲလွန်စတစ်ခု‌တောင်မကျန်ရစ်ဘဲ ဝင်ရောက်လာပြီး ပြန်ထွက်သွားခဲ့သည်။ ရှန်ဝူချွေ့ကို ဒဏ်ရာရစေပြီးနောက်တွင် သူ၏အထောက်အထားသည်လည်း လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့သည်။ လင်းဝေရွေ့သည် ထိုသတင်းကို ကြားလိုက်ရသောအခါ အလွန်စိတ်ပူပန်သွားခဲ့သောကြောင့် လင်းရုဖေးအား သူမချစ်ရသူကို သွားတွေ့ရန်သာအနှောင့် အယှက်ပေးလိုက်ရသည်။

စာကိုဖတ်ပြီးနောက် လင်းရုဖေးသည် လင်း‌ဝေရွေ့ထံ စာတစ်စောင်ပြန်ပို့လိုက်သည်။ သူသည် အခု ရှဲအိမ်တော်တွင် ရှိနေပြီး ဖြစ်ပျက်နေသည်များကို သိရရန် ရှန်အိမ်တော်သို့ ချက်ချင်းထွက်ခွာလိမ့်မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ရှန်ဝူချွေ့က အပြင်းအထန် ထိခိုက်လိမ့်မည်မဟုတ်သောကြောင့် အလွန်အမင်း စိတ်မပူသင့်ကြောင်းကိုလည်း လင်းဝေရွေ့အား ပြောပြလိုက်သည်။

ထိုစာကိုရပြီးနောက် လင်းရုဖေးသည် ချက်ချင်းထွက်ခွာရန်စီစဉ်လိုက်သော်လည်း မထွက်ခွာခင် ရှဲကျင်းရှန့်ကို နောက်တစ်ကြိမ် ထပ်သွားရှာဖြစ်သည်။ ရှဲကျင်းရှန့်၏နေအိမ်သို့ ရောက်သောအခါ ရှဲကျင်းရှန့်၏အိမ်တွင် သလင်းကျောက်ဖြင့်ပြုလုပ်ထားသော ဖောက်ထွင်းမြင်ရသည့် ကြီးမားသောငါးကန်ကြီးတစ်ကန် ရှိနေတာကို သူသတိပြုမိသည်။ ထိုငါးကန်ထဲတွင် လှပသောငါးများ၊ ပင်လယ်ရေမှော်များနှင့် သန္တာကျောက်များဖြင့် ပြည့်နေသဖြင့် ကြည့်ရသည်မှာအလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ လင်းရုဖေးက ငါးကန်ကို ကြည့်လိုက်မိသည်။ သူက တစ်စုံတစ်ခုကို အလိုလိုသိသွားပြီး ချီတုံချတုံဖြစ်နေမိသည်။

ရှဲကျင်းရှန့်သည် လင်းရုဖေးပြောချင်သည့်အရာကို သတိပြုမိပြီး ပြုံးကာ "လင်းကုန်းဇီ ဘဝက အနှစ်တစ်ရာလောက်ပဲ ရှည်ကြာတယ် မင်းသဘောကျတဲ့သူနဲ့တွေ့ဆုံခဲ့ရင် မင်းမြန်မြန်လှုပ်ရှားရမယ်"

လင်းရုဖေးက မေးလိုက်မိသည်။ 

“ဒါကို အရမ်းအတင်းအကြပ် မလုပ်သင့်ဘူးမလား”

"ချစ်သူနှစ်ဦးအတွက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်နေဖို့က အခက်ခဲဆုံးပဲ ဒါကြောင့် မင်းပြောခဲ့သလို ဘာကြောင့် အတင်းအကြပ်လုပ်တာဖြစ်ရမှာလဲ" 

ရှဲကျင့်ရှန်းက ပြန်မေးလိုက်သည်။ "သူက စိုးရိမ်လွယ်တယ် ဒါကြောင့် ငါက သူ့အတွက် သူ့ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပေးမယ်"

သူသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး တော်တော်လေး ကရုဏာကင်းမဲ့သည့်ပုံပေါ်နေပြီး မကြာခင်မှာပင် သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းကကဲ့သို့ တည်ငြိမ်သည့်အမူအယာသို့ ပြန်လည်ရောက်ရှိသွားသည်။

လင်းရုဖေးက သူ့လက်ကို စက်ဝိုင်းသဏ္ဌန်ဆုပ်ကိုင်လိုက်ပြီး ပြန်လည်မထွက်ခွါမီ ရှဲကျင်းရှန့်အား အရိုအသေပေးလိုက်သည်။

ရှဲကျင်းရှန့်သည် လင်းရုဖေးကို လှည်းရထားလုံးဆီသို့ လိုက်ပို့ပေးနိုင်မလားဟု ရှဲယိကျစ်အား မေးလိုက်သည်။ 

ရှဲယိကျစ်သည် ရထားလုံးအရှေ့တွင်ရပ်ကာ ထွက်ခွာရန် အချိန်ခဏမျှ တွန့်ဆုတ်နေပြီး ''လင်းကုန်းဇီ မင်းဒီလို မြန်မြန်ထွက်သွားမယ်ဆိုရင် ဘာလို့လာနေသေးလဲ ရက်အနည်းငယ်လောက် မင်းတကယ် ထပ်မနေတော့ဘူးလား''

လင်းရုဖေးသည် အိမ်၌ တစ်ခုခုဖြစ်နေသောကြောင့် ထွက်သွားရမည် ဖြစ်သော်လည်း အနာဂတ်တွင် နောက်ထပ်ပြန်ဆုံရန်အခွင့်အရေးသာရှိလျှင် သူပြန်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ရှဲယိကျစ်သည် နောက်ထပ်တစ်ခုခုကို ပြောချင်နေသေးသော်လည်း မပြောဘဲ ရပ်တန့်လိုက်သည်။

၎င်းကို လင်းရုဖေးက သတိပြုမိ‌ သောအခါ ရှဲယိကျစ်အနေဖြင့် ပြောချင်သည့်အရာကို ပြောလို့ရကြောင်း ပြောလိုက်သည်။

ရှဲယိကျစ် "တကယ်တော့ အဲဒါက အရမ်း အရေးမကြီးပါဘူး" 

ဤသို့ပြောပြီးနောက် ရထားပေါ်သို့တက်ကာ လင်းရုဖေးနှင့် နီးကပ်စွာထိုင်လိုက်သည်။ ထို့နောက် လျင်မြန်သောလှုပ်ရှားမှုဖြင့် လင်းရုဖေး၏ဘေးတွင် လဲလျောင်းကာ ငိုက်မျည်းနေသောချီယွီ၏ အမြီးကိုလှမ်းဆွဲလိုက်တော့သည်။ ချီယွီ၏အမြီး‌မှအမွေးသည် တစ်ဖန်ထောင်တက်သွားပြီး နောက်တခဏတွင် ဝေဒနာကိုခံစားရတာကြောင့် ပြင်းထန်စွာ အော်ဟစ်လိုက်သောလူမှာ ရှဲယိကျစ်သာဖြစ်သည်။ သို့သော် သူ ဂရုမစိုက်ပေ။ ကုတ်ခြစ်ခံရပြီးနောက် သူက ရထားလုံးဘေးတွင်ရပ်ကာ ခပ်အုပ်အုပ်ရယ်မောရင်း လင်းရုဖေးကို လက်ဝှေ့ယမ်းပြတော့သည်။ လင်းသခင်လေး နောက်တစ်ကြိမ်လာပြီး ထပ်ကစားပါဦး ဆိုသည့်စကားကိုလည်းထည့်ပြောသေး၏။

ချီယွီသည် အလွန်ဒေါသထွက်သွားသောကြောင့် ရှဲယိကျစ်ကို ပုတ်ခတ်စော်ကား‌သောစကားများဖြင့် ပြင်းထန်စွာဆဲရေးပြောဆိုပြီး လင်းရုဖေးကိုပင် "သဘောထားသေးသိမ်ပြီးဉာဏ်နီဉာဏ်နက်များသောလူ" ဟု အပြစ်တင်ပြောဆိုလိုက်သေးသည်။ လင်းရုဖေးသည် မကြားချင်ယောင်ဆောင်ကာ ရှဲယိကျစ်အား ညင်သာသောအမူအရာဖြင့် လက်ဝှေ့ယမ်းပြပြီး ရှဲမိသားစုအား နှုတ်ဆက်လိုက်သည်။

ရက်ပေါင်း ၁၂ ရက်ကုန်ဆုံးသွားသော်လည်း ကြောင်ကလေးသည် ထုံးစံအတိုင်း လင်းရုဖေးကို တွယ်ကပ်နေဆဲဖြစ်သည်။ အမြဲတမ်း လင်းရုဖေးကျွေးမှသာ စားလေ့ရှိသည်။ သို့သော် လင်းရုဖေးက သူနှင့်ခြေတလှမ်းထက်ပိုသည့် အကွာအဝေးကိုထွက်သွားသည်နှင့် သူသည် အသံကုန်ခြစ်ကာ‌ အော်တော့သည်။ ၎င်းသည် ချီယွီအား အလွန်ဒေါသဖြစ်စေသောကြောင့် ထိုကဲ့သို့မိုက်မဲတုံးအသည့်ကြောင်ပေါက်ကို အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးကြောင်း အော်ဟစ်မိစေသည်။

လင်းရုဖေးက ဂရုမစိုက်ပေ။ 

သူက ပြုံးကာ ကြောင်လေး၏နူးညံ့သော ပန်းနုရောင်ဝမ်းဗိုက်ကို ပွတ်သပ်ရင်း “အဖေဆီက အမွေရတာ ဖြစ်နိုင်တယ်”

ချီယွီ : "... ..." 

နားမလည်အောင် ပြောတဲ့နေရာမှာ မင်းက အတော်လေးကို ထူးချွန်တာပဲ...

ဖူဟွားနှင့် ယွီရွေ့တို့သည် ချီယွီနှင့် သူ့သားကြားက ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူတို့က ချီယွီကို လက်ထဲတွင် ဖမ်းချုပ်ထားပြီး သူ့တစ်ကိုယ်လုံးနီးပါးကို ပွတ်သပ်ပေးကြသည်။ လူသား‌များသည် စဉ်းစားဉာဏ်မဲ့သည်ဟု ချီယွီက ဆိုနေသော်လည်း သူ၏ခန္ဓာကိုယ်ကမူ အလွန်ရိုးသားနေပင်။ ဖူဟွား၏ပွတ်သပ်ပေးမှုကို ခံရပြီးနောက် သူသည် မနေနိုင်တော့ဘဲ မျက်လုံးများကိုမှိတ်ကာ နူးညံ့သောအသံလေးဖြင့် 'မြောင်' ဟုအော်လိုက်တော့သည်။ ထိုမြင်ကွင်းသည် ဘေးမှကြည့်နေသော လင်းရုဖေးအား စိတ်လှုပ်ရှားမှုကိုခံစားရစေပြီး သူက လှပသော မိန်းကလေးငယ်လေးတစ်ဦးအဖြစ် မွေးဖွားမလာခြင်းကို ခေတ္တခဏမုန်းတီးမိသွား၏။

ရှဲမိသားစုမှနေ ရှန်မိသားစုဆီသို့ အကွာအဝေးသည် သိပ်မဝေးလှပေ။ ရော့မြစ်အတိုင်း လျှောက်လာလိုက်ပြီး လေးငါးရက်လောက်ကြာလျှင် ရောက်လိမ့်မည်ဖြစ်သည်။

ရှန်မိသားစုသည် ပင်လယ်ဝတွင် နေထိုင်ကြသည်။ လင်းရုဖေး ရက်အနည်းငယ်ကြာ ခရီးသွားပြီးနောက် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။ ခွန်းလွန်တောင်တန်းများပေါ်တွင် ကြီးပြင်းလာသူတစ်ဦးအနေဖြင့် ပင်လယ်ပြင်ကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရသောကြောင့် လင်းရုဖေးအနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် ရထားလုံးကိုရပ်လိုက်ပြီး လမ်းမပေါ် ခရီးဆက်မသွားခင် အချိန်ခဏကြာအောင် စူးစမ်းကြည့်ရှု့နေမိသည်။

ထိုအချိန်တွင် ကောင်းကင်က ပြာလဲ့နေပြီး တိမ်ကင်းစင်နေသည်။ အပြာရောင်ပင်လယ်နှင့် ကောင်းကင်ပြာတို့ ဆုံတွေ့သည့်နေရာသည် တစ်ရောင်တည်းအဖြစ်သို့ ပြောင်းသွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းလုနီးပါးဖြစ်နေသည်။ ပင်လယ်ပြင်က သက်ဝင်လှုပ်ရှားသော ပင်လယ်လေနှင့်အတူ လှိုင်းထနေပြီး ရံဖန်ရံခါ လေထဲတွင် ခပ်နိမ့်နိမ့်ပျံသန်း‌နေသော ပင်လယ်ပျံလွှားများ၏အသံကို ကြားနေရသည်။ မိုးပြာရောင်ပင်လယ်ပြင်တွင် ငါးဖမ်းလှေအနည်းငယ်ကို မှုန်ဝါးဝါးမြင်နိုင်သည်။ လှေအချို့က ကြီးပြီး အချို့က သေးငယ်သော်လည်း ၎င်းတို့အားလုံးက သဘာဝရှုခင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာသည်။

သူတို့ ကမ်းခြေသို့ ရောက်သောအခါ အပူချိန်သည် ချက်ချင်းအနည်းငယ် ကျဆင်းသွားသည်။ လင်းရုဖေးသည် ကမ်းရိုးတန်းတစ်လျောက် လျှောက်လာပြီး မကြာမီတွင် သူ၏ခရီးအဆုံးဖြစ်သည့် ပင်လယ်ကမ်းစပ်ရှိ တံလျှပ်မြို့တော်တွင်နေထိုင်သော ရှန်မိသားစုကို တွေ့ရှိသွားသည်။

သို့သော် အနီးသို့မရောက်ခင်မှာပင် လင်းရုဖေးသည် ရှန်မိသားစု၏ ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိလိုက်သည်။ ချီယွီလည်း ထိုသို့ခံစားမိပုံရသည်။ အစက သူသည် ဖူဟွား၏လက်ထဲတွင် ယဉ်ပါးစွာ လဲလျောင်းနေခဲ့သော်လည်း ရုတ်တရက် လေးနက်သောအမူအရာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ချီယွီသည် ကြောင်ပေါက်လေးကို ၎င်း၏ ကုပ်ပိုးမှ ဆတ်ခနဲဆွဲယူ၍ ရထားလုံးပြတင်းပေါက်မှ ခုန်ဆင်းကာ ဘာမှန်းမသိသောနေရာသို့ ပြေးဝင်သွားတော့၏။

လင်းရုဖေးသည် သူ့ကိုအချိန်မီ မတားနိုင်သဖြင့် ကမ်းစပ်ဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့် သူ၏ကျောပြင်ဖြူဖြူကိုသာ ကြည့်နေလိုက်ရသည်။

"အဲဒီမှာဘယ်သူလဲ" 

မြို့တံခါးရှိ အစောင့်များသည် ရထားလုံးကို ရပ်တန့်ကာ ရိုင်းစိုင်းသော လေသံဖြင့်မေးလာသည်။

လင်းရုဖေးက ထိုလူကို မော့ကြည့်လိုက်ပြီး သူ၏လာရောက်ရသည့် ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ သူသည် လင်းမိသားစုမှဖြစ်ကြောင်းကို ကြားသောအခါတွင် အစောင့်၏အမူအရာမှာ ပျော့ပြောင်းသွားသော်လည်း လင်းရုဖေးကို ဝင်ခွင့်မပြုမီ သူသွား၍ သတင်းပို့ပြီး ညွှန်ကြားချက်အချို့တောင်းရမည်ဖြစ်ကြောင်း ပြောလာသည်။

လင်းရုဖေးသည် ခေါင်းညိတ်သဘောတူလိုက်ပြီး အစောင့်အတွက် အခက်အခဲမဖြစ်‌စေပေ။

အစောင့်များသည် လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး မကြာမီ သတင်းရကာ လင်းရုဖေး၏ ရထားကို ဖြတ်သန်းခွင့်ပြုလိုက်သည်။

တံလျှပ်မြို့တော်ဟူသောအမည်သည် တံလျှပ်၏အဓိပ္ပါယ်မှ ဆင်းသက်လာပြီး ရှန်မိသားစုသည် ဤနေရာ၌ နှစ်ပေါင်းတစ်ရာတိုင် ရှင်သန်လာခဲ့သည်။ ရှန်မိသားစုသည် ဓားသိုင်းစွမ်းရည်တွင် အထူးကျွမ်းကျင်မှုရှိပြီး ၎င်းတို့၏မိသားစုပုံစံသည် စည်းကမ်းကြီးမားသောပုံစံမျိုးဖြစ်သည်။ လင်းရုဖေးသည် သူ၏တတိယအစ်မလင်း‌ဝေရွေ့စိတ်ဝင်စားနေသော ရှန်ဝူချွေ့နှင့် တွေ့ဆုံဖို့ အခွင့်အ‌ရေးတစ်ကြိမ်ရခဲ့ဖူးသည်။ ရှန်သခင်လေးနှင့် လင်းဝေရွေ့တို့၏ စရိုက်လက္ခဏာများက လုံးဝကိုမတူကွဲပြားခြားနားသည်။ ရှန်သခင်လေးသည် ယောက်ျားပီသပြီး အရာအားလုံးကိုစည်းကမ်းတကျလုပ်တတ်သည်။ သူက ဖြောင့်မတ်မှန်ကန်စွာပြုမူ‌နေထိုင်ပြီး ထူးခြားဆန်းကြယ်သောမည်သည့်အရာကိုမျှ မလုပ်ပေ။ လင်းဝေရွေ့ကမူ ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးမိုး‌မျှော်ပြောင်းသွားစေနိုင်သည့် အကျင့်စရိုက်ရှိသူဖြစ်သည်။ အစပိုင်းတွင် ရှန်ဝူချွေ့ကို သဘောကျကြောင်း ပြောချိန်တွင် လူတိုင်းက သူမ နောက်ပြောင်နေသည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော် လင်းဝေရွေ့သည် ထိုမျှလောက်အထိ အမှန်တကယ် အလေးအနက်ဖြစ်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ရှန်ဝူချွေ့သည် လင်းဝေရွေ့ထံမှ အကြိမ်ကြိမ် ကျီစယ်ခြင်းခံရပြီးနောက် ဤထူးခြားဆန်းကြယ်သော လင်းမိသားစု၏ မိန်းမငယ်လေးကို သူ အနည်းငယ်ကြောက်လာတော့သည်။ ယင်းက အတော်လေး စိတ်မကောင်းစရာဖြစ်ရပ်ပင်။လင်းဝေရွေ့ကို မြင်တိုင်း သူက အပြင်းအထန်သာ ပုန်းကွယ်ချင်နေတော့၏။

ရှန်ဝူချွေ့ ဒဏ်ရာရသွားသော ဤအချိန်တွင် လင်းဝေရွေ့သည်လည်း အလွန်ဝမ်းနည်းနာကျင်နေပေလိမ့်မည်။

တံလျှပ်မြို့တော်ကို အစောင့်အကြပ်များ ထူထပ်စွာချထားသည်။ ရံဖန်ရံခါ လူအုပ်ကြားထဲတွင် ရှာဖွေနေသော အစောင့်အကြပ်များကို သူမြင်နေရသည်။ ရှန်ဝူချွေ့ကို ဒဏ်ရာရစေခဲ့သော သူကို ရှာဖွေရန် ကြိုးပမ်းနေသော်လည်း လင်းရုဖေးသည် အနည်းငယ် မလိုအပ်ဘူးဟု ထင်မိသည်။ ရှန်ဝူချွေ့ကိုပင် ဒဏ်ရာရအောင်လုပ်နိုင်လျှင် ထိုသူတို့တွင် အလွန်ကျွမ်းကျင်သော ဓားစွမ်းရည်ရှိမည်မှာသေချာပေါက်ပင်။ ထိုအစောင့်များသည် ထိုလူ၏ခြေရာကို မည်သို့များ ရှာတွေ့နိုင်မည်နည်း။

သို့သော် ရှန်မိသားစုသည် ဤမျှလောက်ကြီးကြီးမားမား အရေးတကြီးပြုလုပ်ဆောင်ရွက်နေတာကြောင့် ရှန်ဝူချွေ့၏ဒဏ်ရာများမှာ အလွန်ပြင်းထန်သည်မှာ ဖြစ်နိုင်ပေသည်။ လင်းရုဖေး စိုးရိမ်တကြီးဖြင့် တွေးလိုက်မိသည်။

ရှန်မိသားစု၏အိမ်အဝင်ဝသို့ သူရောက်သောအခါ ရှန်မိသားစု၏ လက်အောက်ငယ်သားများသည် သတင်းရရှိပြီးဖြစ်၍ ကြိုတင်စောင့်ဆိုင်းနေကြသည်။ လင်းရုဖေးရောက်ရှိလာသည်ကို သတိပြုမိသောအခါတွင် သူတို့သည် အလွန်စိတ်အားထက်သန်စွာဖြင့် ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးကြသည်။

ထို့နောက် ရှန်မိသားစုသည် လင်းရုဖေးအတွက် နေအိမ်တစ်ခု စီစဉ်ပေးပြီးဖြစ်၍ သူ့ကို ထိုနေရာသို့ ချက်ချင်း ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောလာသည်။

လင်းရုဖေးသည် ကြုံကြိုက်တုန်း ရှန်ဝူချွေ့ အကြောင်းမေး‌သောအခါ အစေခံက တုံ့ဆိုင်းစွာဖြင့် " လင်းသခင်လေး ကျွန်တော်တို့သခင်လေးက သတိပြန်ရနေပါပြီ ဒါပေမယ့် သူက ဧည့်သည်တွေကို မတွေ့ချင်သေးဘူး... ..."

လင်းရုဖေးက မေးလိုက်မိသည်။ 

"သူ့ ဒဏ်ရာက အရမ်း ပြင်းထန်လား"

အစေခံက ပြန်ဖြေ၏။ 

“ဟုတ်ပါတယ် ဒဏ်ရာက အရမ်းပြင်းထန်ပါတယ် သူက ဆယ်ရက်နီးပါး မေ့မြောနေပြီး မနေ့ကမှ သတိပြန်ရလာတာပါ ဒါပေမယ့် သတိရလာပြီးတဲ့နောက် သူ့ပုံစံက အတော်လေးဆိုးရွားတဲ့အခြေအနေမှာ ရှိနေပုံရတယ် ဒါဇင်နဲ့ချီတဲ့ သမားတော်တွေက လာလိုက်သွားလိုက်နဲ့ပါပဲ... ...”

လင်းရုဖေးက မေးလိုက်သည်။ 

"ဒါနဲ့ သူ့ကို ဒဏ်ရာရ‌စေခဲ့တဲ့ ဓားသမားကရော"

"သခင်လေးကို ဒဏ်ရာရအောင် လုပ်ပြီးတော့ သူထွက်သွားပေမယ့် သူပြန်လာမယ်လို့ ပြောခဲ့တယ်" 

အစေခံက ဆက်ပြောသည်။ 

“ကျွန်တော်တို့ သခင်လေးက စိတ်ကောင်းရှိပြီး ကြင်နာတတ်တယ် အဲဒါကို သေမင်းက ဘာလို့ သူ့ကိုသတ်ချင်နေရတာလဲ မသိဘူး"

လင်းရုဖေးက တိတ်ဆိတ်သွားမိသည်။

"လင်းသခင်လေး ကျွန်တော်တို့သခင်လေးကိုတွေ့ချင်ရင်တော့ ရက်အနည်းငယ် စောင့်ရပါလိမ့်မယ်" အစေခံက ပြန်ဖြေသည်။

လင်းရုဖေးက နားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။

လင်းရုဖေး၏ ဝမ်းနည်းသည့်အမူအရာကို မြင်လိုက်ရသဖြင့် အစေခံသည် လင်းသခင်လေး အလွန်အမင်း စိတ်မပူသင့်ကြောင်း နှစ်သိမ့်စကားပြောလာသည်။ နောက်ဆုံးတွင် သူက သတိပြန်ရလာပြီဖြစ်သည်။ ဆိုလိုသည်မှာ သူ့ဒဏ်ရာရခဲ့‌သော်လည်း အသက် အန္တရာယ် မစိုးရိမ်ရတော့ပေ။ ပြန်လည်ကျန်းမာလာနိုင်ပေသည်... ...

သို့သော် လင်းရုဖေးသည် နားထောင်ရုံသာထောင်ပြီး ပြန်မဖြေလိုက်ပေ။

သူသည် အစေခံ‌ နောက်မှနေ၍ ပင်လယ်ပြင်ကိုမျက်နှာမူပြီး ရေပြင်ပေါ်တွင်ဆောက်ထားသောလှပသည့်အိမ်တစ်အိမ်ဆီသို့ လိုက်သွားလိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် လှပသောပင်လယ်ရေပြင်နှင့် ကမ်းခြေကို မြင်နိုင်သည်။ အစေခံသည် လင်းရုဖေးအား ဤနေရာတွင် ခဏလောက်အနားယူသင့်ကြောင်းနှင့် ရှန်မိသားစုခေါင်းဆောင်သည် ယခုအချိန်တွင် အလုပ်ရှုပ်နေသေးကြောင်း ပြောပြီးသည်နှင့် အိမ်ကို သန့်ရှင်းရေးလုပ်ဆောင်တော့သည်။သန့်ရှင်း‌ရေးလုပ်ပြီးသောအခါ လင်းသခင်လေးကို စကားစမြည်ပြောရန်အတွက် တစ်ယောက်ယောက်ကို စေလွှတ်ပေးမည်ဟုဆိုလာသည်။

လင်းရုဖေးက သူအလျင်မလိုကြောင်း‌ဖော်ပြရန် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး အရေးကြီးသောအရာများကိုအရင်ပြီးဆုံး‌အောင်လုပ်ရန် ခွင့်ပြုပေးလိုက်သည်။

ကုရွမ်းတုသည် တံလျှပ်မြို့ထဲသို့ ခြေချပြီးသည့်အချိန်မှစ၍ အလွန်အခြေအနေ ကောင်းသည့်ပုံပေါ်မနေပေ။ လင်းရုဖေးသည် မေးရန် အခွင့်အရေးကို ရှာမတွေ့သဖြင့် အစေခံများ ထွက်ခွာသွားမည့်ချိန်အထိ စောင့်ဆိုင်းနေခဲ့ရသည်။

"ကိုယ် ရင်းနှီးတဲ့ အရိပ်အယောင်တစ်ခုကို ခံစားရတယ်" 

ကုရွမ်းတုက ပြန်ဖြေ၏။ 

"အသိမိတ်ဆွေတစ်ယောက်နဲ့ တွေ့လိုက်ရသလိုပဲ"

လင်းရုဖေးက မေးလိုက်၏။ 

“အသိမိတ်ဆွေလား အကြီးအကဲရဲ့ အသိအကျွမ်းလား ဒါမှမဟုတ် ကျွန်တော်အသိအကျွမ်းလား"

ကုရွမ်းတုက ပြန်ဖြေသည်။ 

"ကိုယ်တို့နှစ်ယောက်စလုံးရဲ့ အသိအကျွမ်း"

လင်းရုဖေးက အေးခဲသွားသည်။ ကုရွမ်းတု၏မျက်နှာတွင် ထိုသို့သောမကျေနပ်သည့်အကြည့်မျိုးကို သူ့အနေဖြင့်တွေ့ရခဲပြီး ကုရွမ်းတုသည် ထိုသူအား အဘယ့်ကြောင့် ဤမျှလောက်ထိရွံ့မုန်း နေမှန်းကို သူမသိပေ။


****

စာရေးသူမှာ ပြောစရာရှိတယ်~

လင်းရုဖေး : ဒီနေ့ အကြီးအကဲဆီကနေ တခြားသူတွေကို ဘယ်လို လိမ်ညာရမလဲဆိုတာကို သင်ယူခဲ့တယ် သူများတွေကို လိမ်ရတာ အရမ်းပျော်စရာကောင်းတယ်

ကုရွှမ်းတု : မင်းက ဘာလို့ ကိုယ်နဲ့တခြားအရာတွေကို ထပ်ပြီး မသင်ယူရတာလဲ

လင်းရုဖေး : ဘာလဲ အစီအရင်ပညာလား

ကုရွှမ်းတု : ... ...

လင်းရုဖေး : နေဦး နေဦး ခဏ အကြီးအကဲ မင်း ဘာလို့ ငါ့ခါးစည်းအ၀တ်ကို ဖြုတ်နေတာလဲ!!!

 ─────────────────────────────────────────────────


Translated By IQ-Team.