အပိုင်း ၁၄၇
Viewers 37k

Chapter 147
ရှန်၀ူချွေ့

───────

သို့သော် ရှဲယိကျစ်တစ်ယောက် အပြည့်အဝနားမလည်နိုင်သေးခင်အချိန်တွင် လင်းရုဖေး၏နောက်တစ်ကြိမ် ဆွဲခေါ်သွားခြင်းကို ခံရပြန်သည်။ အားနည်းသောကိုယ်ခန္ဓာရှိသည့် ဤလင်းကုန်းဇီသည် ခွန်အားများအားလုံး မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း သူ မသိသော်လည်း ရှဲယိကျစ်ကို ဆွဲခေါ်ကာ ပျံသန်းနေသကဲ့သို့ လျင်မြန်စွာ လျှောက်နေပေသည်။ များမကြာမီတွင် သူတို့သည် ရော့မြစ်ကမ်းစပ်သို့ ရောက်လာခဲ့ကြသည်။ 

“မြန်မြန် သူ့ကို မြန်မြန်ဖမ်းလိုက်"

"အလျင်မလိုပါနဲ့" 

ရှဲယိကျစ်သည် သူ့အိတ်ကပ်ထဲမှ မှော်ကျောက်တုံးအပုံလိုက်ကို ထုတ်ယူလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ 

"အရင်ဆုံး အစီအရင်တစ်ခုကို တည်ဆောက်ရမယ်"

လင်းရုဖေးသည် အရင်က အစီအရင်တည်ဆောက်တာကို မမြင်ဖူးသောကြောင့် ဘေးမှ စပ်စုစွာ ကြည့်နေမိသည်။

ရှဲယိကျစ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ချောင်းများဖြင့် မှော်ကျောက်တုံးတစ်ခုကို ကိုင်လိုက်သည်။ ရုတ်တရက် သူ့လက်ချောင်းထိပ်များတွင် စိတ်ဝိညာဉ်စွမ်းအား အလင်းတန်းများ ပေါ်လာပြီး မှော်ကျောက်တုံးသည် တဖျပ်ဖျပ်တောက်ပသွားသည်။ အခြေခံဖွဲ့စည်းမှုအဖြစ် မှော်ကျောက်တုံး၊ အနီရောင်ပြဒါးကို အသွေးအသားအဖြစ် ပေါင်းစပ်အသုံးပြုပြီး ပြီးပြည့်စုံသောအစီအရင်မန္တာန်ကို လင်းရုဖေး၏မျက်လုံးများရှေ့၌ပင် တည်ဆောက်လိုက်တော့သည်။ ဤအစီအရင်မန္တာန်ကို ချမှတ်ပြီးနောက် ရှဲယိကျစ်၏နှုတ်မှ မန္တာန်ကို တီးတိုးတီးတိုးရွတ်ဆိုလိုက်သည့်အခါ လေထုထဲသို့ တဖြည်းဖြည်း မြင့်တက်သွားကာ ဘေးပတ်ချာလည်တွင် တိမ်တစ်ခုဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ဆီသို့ တဖြည်းဖြည်း ပြန့်ကျဲသွားသည်။ လျှပ်စီးများ မိုးခြိမ်းသံများနှင့် အတူ တိမ်တိုက်အစီအရင်သည် အတူယှဥ်တွဲ ဖြစ်ပေါ်လာပြီး အေးစက်သောမိုးရေစက်လေးများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး လင်းရုဖေး၏ပါးပြင်ကို ထိမှန်သွားပေသည်။

"မိုးရွာတော့မယ်" 

ရှဲယိကျစ်သည်လည်း လေထုထဲတွင် လွင့်မျောနေပြီး လင်းရုဖေးထံသို့ အော်ပြောလိုက်သည်။ 

"လင်းကုန်းဇီ မင်းအရင်သွားပြီး မိုးခိုဖို့နေရာရှာတာ ပိုကောင်းလိမ့်မယ် အဲဒီကျောင်းကိုဖမ်းပြီးရင် မင်းဆီကို ငါပြန်လာခဲ့မယ်"

လင်းရုဖေးက မေးလိုက်၏။ 

“ဘယ်လောက်ကြာမှာလဲ"

ရှဲယိကျစ်က ခဏလောက်စဉ်းစားပြီး လင်းရုဖေးအား တိကျသေချာသောအဖြေကိုပေးလာသည်။ 

"ပြီးခဲ့တဲ့အကြိမ် အတွေ့အကြုံအရ ဒီတစ်ကြိမ်တော့ သူ လွတ်မြောက်နိုင်မှာမဟုတ်ဘူး စိတ်မပူပါနဲ့ မြန်မြန်ပြီးသွားလိမ့်မယ်" 

သူ့ကိုယ်သူယုံကြည်မှုရှိစွာဖြင့် သူ့ရင်ဘတ်ကိုတောင် ပုတ်ပြလိုက်သေးသည်။

လင်းရုဖေးသည် ခေါင်းညိတ်လိုက်ပြီး နောက်သို့လှည့်ကာ မြစ်ကမ်းနားဘေးရှိ စွန့်ပစ်ထားသောတဲအိမ်လေးဆီသို့ လျှောက်သွားလိုက်သည်။ တဲအိမ်လေးထဲတွင် တံငါလှေတစ်စင်းရှိပြီး သော့ခတ်မထားသောကြောင့် မိုးခိုရန် အဆင်ပြေပေသည်။

ရှဲယိကျစ်သည် အလွန်စိတ်လှုပ်ရှားနေပုံရပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပင် ရှိနေသည်။

အဓိပ္ပာယ်ရှိလှပေသည်။ အချိန်အတော်ကြာအောင် သင်ယူပြီးနောက် နောက်ဆုံးတွင် လေ့ကျင့်ရန် နတ်ဆိုးတစ်ကောင်နှင့် ရင်ဆိုင်နေရပြီဖြစ်သောကြောင့် ရှဲယိကျစ် ပျော်ရွှင်နေသည်မှာ ပုံမှန်ပင်ဖြစ်သည်။ လင်းရုဖေး တွေးထားသကဲ့သို့ပင်...ကျောင်း၏အသက်ကို မထိခိုက်စေဘဲ သူ့ကိုဖမ်းရုံသာဖြစ်ကြောင်း ရှဲယိကျစ်ကိုအော်ပြောရန်လည်း သူ မမေ့ပေ။

ရှဲယိကျစ်သည် ခပ်ဝေးဝေးမှ ပြန်ဖြေခဲ့ပြီး သူပြောသည်ကို ရှဲယိကျစ် ရှင်းရှင်းလင်းလင်း ကြားရလားကိုတော့ လင်းရုဖေးလည်း မသိပေ။

ရှဲယိကျစ်၏ပုံရိပ်သည် တဖြည်းဖြည်း မြင့်တက်သွားသော အစီအရင်နှင့်အတူ တိမ်ကြားထဲတွင် ပျောက်ကွယ်သွားပြီး သူ တိမ်ထဲသို့ ရောက်သွားသည်နှင့် လင်းရုဖေး ယခင်က မြင်တွေ့ခဲ့သည့်အတိုင်း ချက်ချင်းပင် ကောင်းကင်ယံမှ မိုးများရွာလာသည်။

"ကျွန်တော်တို့ ဖမ်းလို့ရနိုင်ပါ့မလား" 

လင်းရုဖေးက အနည်းငယ်စိုးရိမ်သွားမိပြီး "ဖမ်းလို့မမိခင် ရှဲအိမ်တော်က အရင်ဦးဆုံး ရေမြုပ်သွားမှာလား"

ကုရွှမ်းတုက ပြုံးကာ “အဲဒါ ဖြစ်နိုင်ချေရှိတယ်"

"ဒါပေမယ့် အဲဒီရှဲယိကျစ်က တကယ်ကို တစ်ခုခုပဲ" 

လင်းရုဖေးက တီးတိုးရေရွတ်လိုက်မိသည်။ 

“ဒီလိုရှုပ်ထွေးတဲ့အစီအရင်ကို အရင်က မမြင်ဖူးဘူး"

ကုရွှမ်းတု "ဒါက အရမ်းကြီးပြင်းထန်နေတဲ့ အရာမျိုးမဟုတ်ဘူး ရှောင်ကျို့ သင်ချင်တယ်ဆိုရင် ကိုယ် မင်းကို သင်ပေးလို့ရတယ်"

လင်းရုဖေးက ကုရွှမ်းတုကို စိုက်ကြည့်လိုက်ပြီး "အကြီးအကဲမသိတဲ့ အရာတွေရောရှိသေးရဲ့လား"

ကုရွှမ်းတုက ပြန်ဖြေသည်။ 

“ဘာလို့လဲဆိုတော့ ကိုယ့်ဆရာက သင်ပေးတဲ့နေရာမှာ တော်တယ်လေ"

လင်းရုဖေးက အသိပြန်ဝင်လာပြီး "အကြီးအကဲရဲ့ ဆရာလား"

ကုရွှမ်းတုသည် ပြုံးပြသော်လည်း သူက နောက်ထပ်ပိုပြီး အကျယ်တ၀င့် ပြောမပြတော့ပေ။

နှစ်ယောက်သား စကားဝိုင်းသည် ထိုနေရာမှာပင် ပြီးဆုံးသွားပြီး အပြင်ဘက်တွင် ကျယ်လောင်သည့်မိုးခြိမ်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လင်းရုဖေးက မော့ကြည့်လိုက်သောအခါ တိမ်ထဲတွင် ရှည်လျားပြီး သေးသွယ်သော ပုံရိပ်သည် ဤနေရာမှ ဝေးရာသို့ ထွက်ခွာရန် စိတ်အားထက်သန်စွာ ပျံသန်းသွားသော်လည်း မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိတ်မိနေသည်ကို မြင်တွေ့လိုက်ရသည်။

"ယောင်ကွမ်းရဲ့ကြီးမားတဲ့အစီအရင်ကို ချမှတ်ပြီးကတည်းက အဲဒါက နတ်ဆိုးတွေအပေါ် မှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်" 

ကုရွှမ်းတုက စိတ်မဝင်စားစွာဖြင့် "ဒီအစီအရင်တည်ထောင်ခဲ့တာ အနှစ်တစ်ရာလောက် ကြာခဲ့ပြီ ဒီလိုစွမ်းအားနည်းတဲ့ အစီအရင်ထဲမှာ သနားစရာကောင်းလောက်အောင် ပိတ်မိနေတဲ့အထိ ကျောင်းက စွမ်းအားနည်းလိမ့်မယ်လို့ ကိုယ် ထင်မထားဘူး" 

သူက ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့်ပြောနေသဖြင့် အစပိုင်းတွင် သူက ကျောင်းအတွက် ပြောပေးနေသည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ မှော်ကျောက်တုံးအစီအရင်စွမ်းရည်များ တဖြည်းဖြည်း ဆုံးရှုံးသွားသည့်အတွက် စိတ်မကောင်းဖြစ်နေခြင်းသာဖြစ်သည်။

ယခင်က ထျန်းရွှေသည် ရှဲယိကျစ်၏အစီအရင်ကြောင့်ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာသည် ပြင်းထန်သလား သူ မသိသော်လည်း အခုလောလောဆယ်တွင် ဒဏ်ရာတချို့ကို ခံစားနေရတုန်းပင်။ မိုးခြိမ်းသံများကြားတွင် လင်းရုဖေးသည် အနည်းငယ်တိုးညှင်းသော နဂါးဟိန်းသံအချို့ကို ယောင်ဝါးဝါးကြားလိုက်ရသည်။ သို့သော်လည်း မကြာမီ မိုးခြိမ်းသံကြောင့် နဂါး၏ဟိန်းသံသည် ပြတ်တောက်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးအကြားတွင် မိုးသံတစ်ခုသာ ကျန်ရှိနေခဲ့တော့သည်။

လင်းရုဖေးသည် မြေပြင်ပေါ်တွင် ထိုင်ရန် နေရာကို ရှာတွေ့သွားခဲ့ပြီဖြစ်၍ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။

ကောင်းကင်၏အမှောင်ထုကြောင့် အပြင်ဘက်တွင် အချိန်မည်မျှကြာနေပြီဖြစ်ကြောင်းပြောပြရန် လင်းရုဖေးအတွက် မဖြစ်နိုင်ပေ။ ညနေစောင်းလောက်တွင် အကြီးအကျယ်ရွာနေသောမိုးက ရုတ်တရက် အနည်းငယ်စဲသွားခဲ့ပြီး မိုးကြိုးနှင့် လျှပ်စီးကြောင်းများသည်လည်း တဖြည်းဖြည်း ပြန့်ကျဲလာသည်။ ဗွက်အိုင်ထဲ ခြေနင်းလျှောက်သည့်အသံကို လင်းရုဖေး ကြားလိုက်ရသောအခါ မတ်တပ်ထရပ်ပြီး တောက်ပစွာပြုံးနေသော အပြင်ဘက်၌ရပ်နေသည့် ရှဲယိကျစ်ကို သတိပြုမိလိုက်သည်။

ရှဲယိကျစ်၏ ခန္ဓာကိုယ်သည် စိုရွှဲနေသော်လည်း တစ်ချိန်လုံး ပြုံးနေပေသည်။ သူက ရင်ဘတ်ကို ကော့ကာ လင်းရုဖေးဆီသို့ လျှောက်လာပြီး သူ့လက်ထဲတွင်လည်း တစ်စုံတစ်ခုကို ကိုင်ထားပုံရသည်။ လင်းရုဖေး လှမ်းကြည့်နေသည်ကို မြင်သောအခါ သူက ဝမ်းသာအားရဖြင့် သူ့လက်ကို မြှောက်ပြပြီး အော်ပြောလိုက်သည်။ 

"လင်းကုန်းဇီ ဖမ်းမိသွားပြီ"

"အရမ်းမြန်မြန် ဖမ်းမိတယ်လား" 

လင်းရုဖေးက အနည်းငယ် အံ့အားသင့်သွားမိသည်။

"ဟုတ်တယ် ငါလည်း အရမ်းမြန်လိမ့်မယ်လို့ ထင်မထားဘူး" 

ရှဲယိကျစ်လည်း အနည်းငယ် အံ့အားသင့်နေမိပေသည်။ 

“ဒါပေမယ့် သူက ထွက်ပြေးဖို့ အစီစဉ်ရှိတဲ့ပုံလည်းမပေါ်ဘူး... ..."

လင်းရုဖေးက မေးလိုက်၏။ 

"မင်း သူ့ကို နာကျင်အောင် မလုပ်ခဲ့ဘူးမလား"

“မလုပ်ပါဘူး” ရှဲယိကျစ် ခေါင်းခါပြလိုက်သည်။

သူဤသို့ပြောပြီး ရှဲယိကျစ် လင်းရုဖေးဆီသို့ လျှောက်လာသည့်အခါမှသာ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသည့်အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အဝတ်စနှင့်ပြုလုပ်ထားသော အိတ်တစ်ခုဖြစ်ပုံရသည်။ ပထမဆုံးအကြည့်တစ်ချက်တွင် ၎င်းသည် သာမန်အိတ်ဟုထင်ရသော်လည်း ဂရုတစိုက်လေ့လာကြည့်ပြီးနောက် အိတ်၏အပြင်ဘက်တွင် ရှုပ်ထွေးသော ကံကောင်းစေသော သင်္ကေတအလွှာများဖြင့် တန်ဆာဆင်ထားသည်ကို တွေ့ရှိလိုက်ရသည်။ ယင်းက ရှဲယိကျစ်၏စိတ်ဝိညာဉ်စွမ်းအား၏အကူပစ္စည်းအောက်တွင် အဖြူရောင်တောက်ပနေသည်။

"သူအထဲမှာလား" လင်းရုဖေးက မေးလိုက်သည်။

"အင်း ကြည့်ချင်လို့လား" ရှဲယီကျစ်က ပြန်ဖြေသည်။

“ကြည့်ရအောင်” 

လင်းရုဖေးသည် ရှဲယိကျစ်၏လက်ထဲမှ အိတ်ကိုယူပြီး အတွင်းထဲတွင် ပိတ်မိနေသော ထျန်းရွှေကိုကြည့်ရန် အိတ်ကို ဖွင့်ကြည့်လိုက်သည်။

မြစ်ထဲတွင် သူတွေ့ခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်သည့် ထျန်းရွှေနှင့်မတူပေ။ ယခုလက်ရှိ ထျန်းရွှေသည် အရွယ်အစား သေးသွားပြီး အိတ်ထဲတွင် ဆူညံစွာလျှောက်သွားနေကာ သနားစရာကောင်းပြီး ချစ်ဖို့ကောင်းနေသည်။ သို့သော် သူ့ကို ဤအခြေအနေတွင် မြင်လိုက်ရချိန်တွင် ရှဲကျင်းရှန့် အဘယ်ကြောင့် သူ့ကို ငါးဝိညာဉ်အဖြစ်မှားယွင်းပြီး ချက်ပြုတ်လိုစိတ်ရှိသွားကြောင်းကို လင်းရုဖေး နောက်ဆုံးတွင် နားလည်သွားသည်။ သူအနေနှင့် ပြောရမည်ဆိုလျှင် ထျန်းရွှေ၏အသွင်အပြင်သည် မနေ့ကသူမြင်ခဲ့သော ငါးဝိညာဥ်နှင့် အမှန်တကယ် ဆင်တူလှသည်... ...။

လင်းရုဖေး "သွားကြရအောင်"

"ဘယ်ကို သွားမှာလဲ" ရှဲယိကျစ်က ခပ်တိုးတိုးလေးမေးလာသည်။

“အာ ပြန်မယ်လေ” လင်းရုဖေးက ဖြေလိုက်သည်။

"ပြန်မှာလား" 

ရှဲယိကျစ်က အံ့သြသွားပြီး "ဘာလို့ပြန်မှာလဲ ငါ့အစ်ကိုကြီးအတွက် လက်စားချေဖို့ အရင်ဆုံး ကျောင်းကို သတ်မဲ့နေရာရှာဖို့ မလိုဘူးလား"

လင်းရုဖေးက နွေးထွေးသောလေသံလေးဖြင့် “မင်း လက်စားချေရင် ပျော်ရွှင်ရမှာမဟုတ်ဘူး ဒီကျောင်းက မင်းရဲ့အစ်ကိုကြီးကို နာကျင်စေခဲ့တယ် ဒါကြောင့် သူ့ကိုပဲ သတ်ခွင့်ပေးလိုက်တာ ပိုကောင်းတယ် မဟုတ်ဘူးလား"

လင်းရုဖေး၏ မှတ်ချက်ကြောင့် ရှဲယိကျစ် တွေဝေသွားသည်။ သူ့ခေါင်းကိုကုတ်ကာ မှားယွင်းနေသည့်အရာကို မတွေးနိုင်ဘဲ သဘောတူလိုက်သည်။ 

“အချို့စကားတွေကတော့ မှန်တဲ့ပုံပဲ ဒါဆိုလည်း မြန်မြန်ပြန်ကြရအောင်"

လင်းရုဖေးက ကြင်နာသောအပြုံးဖြင့် အရူးလေး၏ပခုံးကို ပုတ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား ရှဲအိမ်တော်သို့ ပြန်လာခဲ့ကြသည်။

အစီအရင် ရပ်သွားသည်နှင့် ကောင်းကင်အောက် မိုးများရွာသွန်းနေသည်မှာလည်း ရပ်တန့်သွားသည်။ သို့သော် လမ်းပေါ်တွင် ရေအိုင်ငယ်အချို့တော့ ရှိနေသေးသည်။ လင်းရုဖေးသည် ကျောက်ပြားပေါ်သို့ နင်းလိုက်ပြီး ကျောင်းကို သူ့လက်ထဲတွင် ကိုင်ဆောင်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှဲကျင်းရှန့်၏အခန်းထဲသို့ ဝင်သွားလိုက်သည်။

ရှဲကျင်းရှန့်သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ အတွေးလွန်နေသည်။ သူ မည်သည်ကိုတွေးနေကြောင်း မည်သူမှမသိနိုင်သော်လည်း သူတို့နှစ်ယောက်၏ခြေသံကိုကြားသောအခါ ခေါင်းကိုပင်လှည့်မကြည့်ဘဲ ရုတ်တရက်မေးလာသည်။ 

"ဘယ်သူလဲ"

"အကိုကြီး အကိုကြီး" 

ရှဲယိကျစ်သည် သူ ကြီးကြီးမားမားတစ်ခုခုကို လုပ်လိုက်နိုင်သည်ဟု ခံစားမိပြီး ပျော်ရွှင်စွာဖြင့် သူ့အစ်ကိုကြီးကို အော်ပြောလိုက်သည်။ 

“အစ်ကိုအစား လက်စားချေဖို့အတွက် ကျွန်တော်ကူညီပေးခဲ့တယ်"

ရှဲကျင်းရှန့်သည် အံ့သြမှုအပြည့်ဖြင့် လှည့်ကြည့်ကာ မေးလာ၏။

"လက်စားချေတာလား"

ရှဲယီကျစ်က ပြန်ဖြေသည်။ 

"ဟုတ်တယ် အစ်ကို ကျောင်းကြောင့် ဒဏ်ရာရသွားခဲ့တာမလား အခုပဲ ကျွန်တော် အစီအရင်တစ်ခုကို တည်ထောင်ဖို့ သွားခဲ့——"

သူ့စကားမဆုံးခင်မှာပင် ရှဲယိကျစ်သည် သူ့ထိုင်ခုံပေါ်မှနေ ပြုတ်ကျလုနီးနီးဖြစ်သွားသည်ကို တွေ့လိုက်ရပြီး သူ့ဆီ အပြေးအလွှားလာကာ ဒေါသတကြီး အော်ငေါက်တော့သည်။ 

"မင်း သူ့ကို ထပ်သွားရှာခဲ့တာလား မင်းကို သွားရှာခွင့်မပေးဘူးလို့ ငါပြောခဲ့တာမဟုတ်ဘူးလား မင်း ဘာလုပ်လိုက်တာလဲ မင်း ဘာလုပ်လိုက်တာလဲ"

ရှဲယိကျစ်သည် ထိတ်လန့်သွားပြီး လင်းရုဖေးကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ လင်းရုဖေးအား ကြည့်လာသော သူ့မျက်လုံးများသည် ကြောက်ရွံ့တုန်လှုပ်မှုအပြည့်ဖြင့်ပင်... ... ‘အာ ဒါက မင်းပြောတဲ့ပုံနဲ့လည်း မတူဘူး'

လင်းရုဖေးက တည်ငြိမ်စွာ ပြုံးပြလိုက်ပြီး "ဟုတ်တယ် သခင်လေး မင်းအစ်ကိုကြီးပြောတာကို မင်းဘာလို့ နားမထောင်တာလဲ"

ရှဲယိကျစ်: "... ..."

လင်းရုဖေးက သက်ပြင်းအသာချလိုက်ပြီး “ဘယ်လိုတောင် ပြောစကားနားမထောင်တဲ့ကလေးလဲ"

ရှဲယိကျစ် : “... ...” 

နောက်ဆုံးတွင် ယခုအချိန်၌ ဘာမှားနေလဲဆိုသည်ကို သူ သိသွားသည်။ လင်းကုန်းဇီက လူများကို လိမ်ညာလိမ့်မည်မဟုတ်ဆိုသည့် အဓိပ္ပါယ်မဲ့သောစကားများကို အဘယ်ကြောင့်များ သူ ယုံကြည်ခဲ့ရသနည်း——သူ လိမ်နေတာအသိအသာကြီးကို——အား...

သို့သော် ယခုအချိန်တွင် ရှင်းပြရန် နောက်ကျသွားပြီဖြစ်သည်။ ရှဲယိကျစ်သည် ကျောင်းကို ဆန့်ကျင်ရန် နောက်တစ်ကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်းကို ကြားလိုက်ရသည်နှင့် ရှဲကျင်းရှန့်သည် အမြီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။ လင်းရုဖေးက သူ့လက်ထဲရှိအိတ်ကို ရှဲကျင်းရှန့်လက်ထဲသို့ ပေးလိုက်သည့်တိုင်အောင် အမြင့်ရှစ်ပေအထိ ခုန်ပေါက်နေဆဲပင်။ 

“ညီအစ်ကိုရှဲ အရင်ဆုံး စိတ်အေးအေးထားစမ်းပါ မင်းညီက ကျောင်းကို ဒါဏ်ရာရအောင် မလုပ်ခဲ့ပါဘူး သူ့ကို အိတ်ထဲမှာပဲ ပိတ်လှောင်ထားရုံတင်ပါ"

ရှဲကျင်းရှန့်သည် ထိုစကားကို ကြားခါမှသာ ချက်ခြင်းငြိမ်သက်သွားသည်။ သူက အိတ်ကို ဂရုတစိုက်နှင့် လှမ်းဆွဲယူလိုက်ပြီး ကြည့်လိုက်ရာအတွင်းထဲတွင် ထိန်းမနိုင်သိမ်းမရ ရုန်းကန်နေသော ငါးဝိညာဥ်တစ်ကောင်ကို တွေ့လိုက်ရသည်... ...မဟုတ်ဘူး...အဲဒီဟာက ကျောင်းပဲ။

"မင်း သူ့ကို မထိခိုက်စေခဲ့ဘူးမလား" ရှဲယိကျစ် စိတ်ပူစွာမေးလိုက်သည်။

“မလုပ်ခဲ့ဘူး” 

ရှဲယိကျစ်က အလွန်အမင်း စိတ်မကောင်းဖြစ်သွားပြီး "အစ်ကိုကြီး မင်း ဘာလို့ ဒီလိုဖြစ်နေတာလဲ နောက်ဆုံးတော့ အစ်ကိုရဲ့ညီ ကျွန်တော်က ပိုအရေးကြီးသလား ဒါမှမဟုတ် ဒီနတ်ဆိုးက ပိုအရေးကြီးသလား"

ရှဲယိကျစ်သည် သူ့ခေါင်းကိုပင် မော့မကြည့်ဘဲ “ဒါပေါ့ မင်းက အရေးကြီးတယ်"

ရှဲယိကျစ် မေးလိုက်သည်။ 

“ဒါဆို အစ်ကိုက ကျွန်တော့်ကို ဘာလို့ အော်တာလဲ"

ရှဲကျင်းရှန့် "ငါက မင်းရဲ့အစ်ကို မင်းကိုအော်တာ ဘာဖြစ်လို့လဲ မင်း ငါ့စကားကို နားမထောင်ရဲတဲ့သတ္တိရှိရင် ငါ မင်းကို ရိုက်တောင်ရိုက်ပစ်ဦးမယ်"

ရှဲယိကျစ် : “... ...” 

မင်းတို့နှစ်ယောက်လုံးက လူလိမ်အကြီးစားတွေပဲ။

လင်းရုဖေးသည် သူ့နှုတ်ခမ်းများပေါ်တွင် အပြုံးကို ဆက်လက်ချိတ်ဆွဲထားလိုက်သည်။ ရှဲကျင်းရှန့်ကို ပြောစရာရှိသောကြောင့် ရှဲယိကျစ်အား ခဏလောက်ထွက်သွားပေးရန် တောင်းဆိုလိုက်သည်။ ရှဲယိကျစ်သည် ခွန်းတုံ့ပြန် ပြောဆိုချင်သေးသော်လည်း သူ့အစ်ကိုကြီး၏ ကြောက်မက်ဖွယ်ကောင်းသောအကြည့်ကို မြင်လိုက်ရသောအခါ သူ့ပါးစပ်ထဲမှ ထွက်လာလုဆဲဆဲ စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။ အဆုံးတွင် သူသည်
တစ်ခုခုမှားယွင်းနေသည်ဟု ခံစားမိကာ မျက်ရည်များဝဲလျက် အခန်းမှ ထွက်သွားပေးလိုက်သည်။

ထိုကဲ့သို့ဖြစ်နေသောသူ့အား ကြည့်ကာ လင်းရုဖေးသည်ပင် သူ့နှလုံးသားထဲ၌ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သို့သော် အချိန်အကြာကြီးတော့ မခံစားလိုက်ရဘဲ မကြာခင်မှာပင် သူ မေ့ပျောက်သွားသည်။ လင်းရုဖေးသည် ထျန်းရွှေပေးခဲ့သော ကြေးခွံကို သူ့အင်္ကျီရင်ဘက်ထဲမှ ထုတ်ယူကာ ရှဲကျင်းရှန့်ထံသို့ ပေးလိုက်သည်။ ထို့နောက် ထျန်းရွှေပြောခဲ့သည်များကို ရှဲကျင်းရှန့်အား ပြန်လည်ပြောပြလိုက်သည်။

ရှဲကျင်းရှန့်က ကြေးခွံကိုမြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး ''ဒါက ကျောင်းရဲ့ ပြောင်းပြန်ဖြစ်နေတဲ့ကြေးခွံ မဟုတ်ဘူးလား အဲဒါက ထျန်းရွှေရဲ့အမြီးပေါ်မှာ ပေါက်နေတာလေ ဘယ်လိုလုပ်ပြီး လင်းရုဖေးရဲ့လက်ထဲမှာ ရှိနေရတာလဲ'' 

ထို့နောက် ထျန်းရွှေသည် ပြောင်းပြန်ဖြစ်နေသောကြေးခွံကို လင်းရုဖေးအား လွှဲပေးခဲ့ကြောင်း သူကြားသောအခါ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဝမ်းနည်းစွာ မေးလာသည်။ 

“သူ ထွက်ပြေးဖို့ ကြိုးစားနေတာလား”

လင်းရုဖေး“... ... ''

'ထွက်ပြေးသွားတယ်' ဆိုတဲ့စကားလုံးကို 'ထွက်ခွာသွားတယ်' ဆိုတဲ့စကားလုံးနဲ့ အစားထိုးလိုက်တာ ပိုပြီးသင့်လျော်လိမ့်မယ် ထင်တယ်နော်...

ရှဲကျင်းရှန့်သည် ရုတ်တရက် အော်ဟစ်လိုက်သည်။ 

“သူ အိမ်ကနေ ထွက်သွားဖို့ ကြိုးစားနေတာလား"

လင်းရုဖေး : “... ...” 

မေ့လိုက်တော့...မင်းစိတ်ကြိုက်သာလုပ်တော့။



"လင်းကုန်းဇီက ထျန်းရွှေရဲ့အကြံအစည်ကို သိပြီးသားလား ဒါ့‌ ကြောင့် မင်း ငါ့ညီကို သွားခိုင်းပြီး သူ့ကိုပြန်ဖမ်းခိုင်းလိုက်တာလား" 

ဖြစ်ပျက်ခဲ့ပြီး‌သော အကြောင်းအရာတွေကို ရှဲကျင်းရှန့်သဘောပေါက်သွားပြီးနောက် သူ့၏ထိတ်လန့်စိတ်လှုပ်ရှားနေသော အမူအရာသည် နောက်ဆုံးတွင် ပြေလျော့သွားသည်။

သူက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး "အဲဒီလိုဆိုရင် ငါ ငါ့ညီလေးကိုအထင်မှားခဲ့တာပဲ"

လင်းရုဖေးက ရယ်လိုက်ပြီး "ဟုတ်တယ် သူက လူကောင်းတစ်ယောက်ပဲ" 

ထို့နောက် အတွင်းစိတ်မှ ရေရွတ်လိုက်သည်။ သူသာ လူကောင်းမဟုတ်ပါက အလွယ်တကူ အလိမ်ခံရမည် မဟုတ်ပေ။

"ဒီလိုဖြစ်မြောက်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လင်းကုန်းဇီ” 

သူ့လက်ထဲတွင်ရှိသောထျန်းရွှေနှင့်အတူ ရှဲကျင်းရှန့်သည် နွေးထွေးသောအသံဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ 

"လင်းကုန်းဇီရဲ့အကူအညီကြောင့်သာမဟုတ်ရင် ထျန်းရွှေကို တကယ်လက်လွှတ်လိုက်ရမှာစိုးရိမ်မိတယ်"

လင်းရုဖေးက မေးလိုက်သည်။ 

"ရှဲကုန်းဇီ နောက်ထပ်ဘာလုပ်ဖို့ စီစဥ်ထားလဲ" 

ထျန်းရွှေကို ခေတ္တခဏထိန်းသိမ်းထားလို့ရသော်လည်း ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတော့မဟုတ်ပေ။

ရှဲကျင်းရှန့်က ပြုံးလိုက်ပြီး "နည်းလမ်းကအမြဲရှိပါတယ်"
_____

Translated By IQ-Team.