Chapter 146
ကျောင်း ပင်လယ်ထဲသို့ဝင်ရောက်ခြင်း
───────
ရှဲကျင်းရှန့် သည် လင်းရုဖေးကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် စကားသုံးလုံးကို ခပ်မြန်မြန်ပြောလိုက်သည်။
"ရုပ်ချောလို့"
လင်းရုဖေး : "... ..."
သူသည် လူတွေ၏အပေါ်ယံဆန်လွန်းသောသဘောထားကို ကြည့်ကာ အံ့သြသွားရပြီး ဘာမှကိုမပြောနိုင်တော့ပေ။
"သူသာ ငါးဝိညာဥ်တစ်ကောင်ဖြစ်ခဲ့ရင် မင်းမှာ ဒီလိုမျိုးခံစားချက်တွေ ပြောင်းလဲလာမှာလား"
လင်းရုဖေးသည် အဖြေရှင်းရှင်းလင်းလင်းရှိနေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
ရှဲကျင်းရှန့်သည် ခဏလောက်စဉ်းစားပြီး "လင်းကုန်းဇီရော ငါးဝိညာဥ်ကို မြည်းကြည့်ချင်လို့လား"
လင်းရုဖေး : "... ..."
ရှဲကျင်းရှန့် : "အဲဒီငါးက တကယ် အရသာရှိတယ်"
လင်းရုဖေးသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး သူ့ကို လက်မြှောက်အရှုံးပေးလိုက်တော့သည်။
ထို့နောက် ရှဲကျင်းရှန့်သည် သူနှင့် ထျန်းရွှေတို့ကြားတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက်ပြောပြသည်။ ထျန်းရွှေ ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပင်လယ်ထဲသို့သာ ဆက်လက်ဝင်ရောက်လိုပြီး ပင်လယ်ထဲသို့ဝင်ပြီးနောက် ထျန်းရွှေသည် ကျောင်းအဖြစ်မှ နဂါးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်းကို သိလိုက်ရသည်။ ပင်လယ်ရေသည် ကျောင်းကို ထောင်ချောက်ဆင်နိုင်သော်လည်း နဂါးကိုတော့ ထောင်ချောက်မဆင်နိုင်ကြောင်း ရှဲကျင်းရှန့်သိသည်။ နဂါးဖြစ်လာသောထျန်းရွှေသည် ယောင်ကွမ်း မှ အနှေးနှင့်အမြန်ဆိုသလို ထွက်ခွာသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အငြင်းပွားခဲ့ကြပြီး ထျန်းရွှေသည် ရှဲကျင်းရှန့်အား မရည်ရွယ်ဘဲ ဒဏ်ရာရသွားစေခဲ့သည်။ ထို့နောက် ရှဲမိသားစုဝင်များ ရောက်လာခဲ့ပြီး ရှဲကျင်းရှန့်ကို အိမ်တွင် ပြန်လည်သက်သာလာစေရန် ပြုလုပ်ပေးနေသည့်အချိန်မှာပင် ထျန်းရွှေသည် အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ သူ ဒဏ်ရာ အပြင်းအထန်မရရှိခဲ့သော်လည်း ထျန်းရွှေ စိတ်ပူစေရန်အတွက် သူ သေလုမျောပါးဖြစ်နေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိတမင်ဟန်ဆောင်ခဲ့သည်။ သို့ရာတွင် လူသား၏အကြံအစည်သည် ဘုရားသခင်၏အကြံအစည်ကဲ့သို့ မကောင်းမွန်လှပေ။ ထျန်းရွှေသည် ရှဲကျင်းရှန့်ကို အမှန်တကယ်ပင် စိုးရိမ်နေသော်လည်း ရှဲယိကျစ်သည် ရုတ်တရက် ကြမ်းကြမ်းတမ်းတမ်း ပြင်းထန်စွာပြုမူလိုက်ကာ ထျန်းရွှေကို သတ်လုနီးပါးဖြစ်သွားခဲ့သည်။
ယခုအခါ ထျန်းရွှေနှင့် ရှဲကျင်းရှန့် တို့သည် ပြန်လည်တွေ့ဆုံခဲ့ကြပြီး ရှဲကျင်းရှန့်၏ကျန်းမာရေးကောင်းမွန်ကြောင်းသိပြီးနောက် ထျန်းရွှေသည် ထွက်ခွာသွားရန် ဆန္ဒရှိနေဆဲပင်။
ရှဲကျင်းရှန့်သည် ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် စည်းရုံးခဲ့သော်လည်း ထျန်းရွှေသည် တုပ်တုပ်မျှပင် မလှုပ်သောကြောင့် စိတ်ပျက်စွာဖြင့် အိမ်ပြန်လာခဲ့ရသည်။
လင်းရုဖေးက မေးလိုက်၏။
"ဒါဆို သူသွားပြီလား"
ရှဲကျင့်ရှန်းသည် မျက်ရည်မကျအောင် သူ၏မျက်လုံးများကိုမှိတ်တုတ်မှိတ်တုတ် လုပ်လိုက်သော်လည်း သူ့၏အပြင်ပန်းအမူအရာကမူ ဆုံးရှုံးမှုများစွာမရှိသောပုံစံဖြင့် ပြောလာသည်။
"ဟုတ်ရင် ဟုတ်မှာပေါ့"
သို့သော် လင်းရုဖေးက သူ၏မျက်နှာအသွင်အပြင်မှ အခြားအရာတစ်ခုကို ရိပ်မိလိုက်သည်။ နှစ်ယောက်သား စကားပြောနေခြင်းကို ရပ်လိုက်ပြီး သူတို့အရှေ့ရှိ လက်ဖက်ရည်အေးကို တစ်ငုံသောက်လိုက်သည်။
တကယ်တမ်း ယနေ့ညစာသည် ငါးဝိညာဥ်ကို ပြုတ်ထားသောဟင်းရည်ဖြစ်သည်။
ထိုငါးဝိညာဥ်ကို ကုရွမ်းတုက ဖမ်းမိခဲ့ပြီး သာမန်ငါးများနှင့် ကွာခြားခြင်းမရှိပေ။ ၎င်း၏တစ်ခုတည်းသော သိသာထင်ရှားသည့်ခြားနားချက်မှာ ခန္ဓာကိုယ်သည် အထူးရှည်လျားခြင်းပင်ဖြစ်သည်။
လင်းရုဖေး၊ ဖူဟွား နှင့် ယွီရွေ့ တို့သည် ခွန်းလွန်တောင်တန်းများပေါ်တွင် နေထိုင်ကြီးပြင်းလာခဲ့ကြပြီး လတ်ဆတ်သော ပင်လယ်စာများစားသုံးရန် အခွင့်အလမ်းများမှာ အလွန်နည်းပါးသောကြောင့် ယခုကဲ့သို့ လတ်ဆတ်သော ပင်လယ်စာများကို တွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
"ဒါကို ငါတို့ ဘယ်လိုချက်ကြမလဲ"
ဖူဟွားက ငါးကို သယ်လာရင်း စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
လင်းရုဖေးက တွန့်ဆုတ်စွာဖြင့်ပြန်ဖြေလိုက်သည်။
"ငါးကို နှပ်စားမလား"
"ဒီတိုင်းစားလိုက်တာပဲ ကောင်းမယ်ထင်တယ်"
ချီယွီသည် မျက်လုံးများကို မှေးစင်းပြီး အမြီးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
ဖူဟွားနှင့် ယွီရွေ့တို့သည် ချီယွိ၏ စရိုက်လက္ခဏာကို သိပြီးဖြစ်သော်လည်း စွမ်းအားကြီးသောနတ်ဆိုးတစ်ကောင်ဖြစ်သည့် ချစ်စရာကောင်းသည့်ကြောင်ကြီးအား အလွန်သတိမထားဘဲ "အစိမ်းစားရင် ဝမ်းလျှောသွားမှာပေါ့ ဒါကြောင့် ပေါင်းပြီးမှဟင်းချိုချက်လိုက်ရင်ရော ဘယ်လိုလဲ"
လင်းရုဖေက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့ကြောင့် ဖူဟွားနှင့် ယွီရွေ့တို့သည် ငါးကို ကိုင်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။ သူတို့ ယခင်က သာမာန်ငါးများကိုသာ ချက်ပြုတ်ခဲ့ဖူးပြီး ဤငါးကို မချက်ပြုတ်ဖူးခဲ့သေးသော်လည်း အလွန်ကွာခြားမည်တော့ မဟုတ်ပေ။
ထို့ကြောင့် ညနေခင်းတွင် လင်းရုဖေး၏အခန်းမှ စွဲမက်ဖွယ်ကောင်းသော ရနံ့များ အဆက်မပြတ်ထွက်ပေါ်လာတော့သည်။ ငါးက အလွန်ရှည်လျားသောကြောင့် တစ်ပိုင်းကိုနှပ်ပြီး တစ်ပိုင်းကိုပေါင်းကာ နောက်တစ်ပိုင်းကို မွှေကြော်ထားလိုက်သည်။ တစ်ကိုက်မှ မစားရသေးသော်လည်း ထွက်ပေါ်လာသော သင်းပျံ့သည့်ရနံ့က အရမ်းကိုစားချင်စဖွယ်ကောင်းလှပေသည်။
လင်းရုဖေးက တစ်ကိုက်လောက် မြည်းစမ်းကြည့်ပြီးနောက် အံ့သြစွာ ပြောလိုက်သည်။
“အရသာရှိလိုက်တာ”
အသားသည် နူးညံပြီး အရသာရှိသည့်အပြင် အရေးအကြီးဆုံးအချက်သည် ရေချိုငါးများကဲ့သို့ အရိုးသေးသေးလေးများ မပါရှိခြင်းပင်။ ပင်လယ်ရေမှော်များနှင့်အတူ ဟင်းချိုအရသာက ပိုကောင်းနေပြီး ချီယွီသည်လည်း အလွန်စိတ်ကျေနပ်မှုရရှိခဲ့ပုံပင်။ သူသည် သူ့၏မူရင်းပုံစံအတိုင်းရှိနေသေးသော်လည်း ဖူဟွားနှင့် ယွီရွေ့တို့က သူ့အတွက်သင့်တင့်မျှတသော ဖြည့်စွက်စာတစ်ခုကို အချိန်အတော်ကြာသည်အထိ ပြင်ဆင်ပေးထားခဲ့ကြသည်။ သူကတူကိုပင်အသုံးမပြုတော့ဘဲ အရိုးနှင့်အသားများကိုအလောတကြီးမျိုချစားသောက်တော့သည်။
လင်းရုဖေးကစားပြီးသည်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လုံးဝကျေနပ်သွားသည်။ သူသည် ပထမနှစ်ရက်လောက်ကတည်းက အလုပ်ရှုပ်နေသောကြောင့် ပတ်ဝန်းကျင်ရှိ သဘာဝရှုခင်းကို သိပ်ပြီး ဂရုမထားမိခဲ့ပေ။
ရော့မြစ်သည် ပင်လယ်နှင့်နီးပြီး အနီးနားရှိ ဒေသခံအများစုသည်လည်း ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ လမ်းတလျှောက်ရှိ ဈေးဆိုင်များတွင်လည်း လှပသောခရုခွံများနှင့် သန္တာများရှိကြသည်။ လင်းရုဖေးက အိမ်ကိုပြန်ရောက်သည့်အခါ သူ့ညီအကိုမောင်နှမများကို လက်ဆောင်ပေးရန်ရည်ရွယ်ပြီး အတော်များများကို ရွေးချယ်၀ယ်ယူလိုက်သည်။ လမ်းဘေးတွင် ငါးခြင်းများနှင့်အတူ ငါးရောင်းချနေသော ဈေးသည်များလည်း ရှိသော်လည်း ပင်လယ်နက်ထဲရှိငါးအများစုသည် အဖမ်းခံရပြီးနောက် သေဆုံးသွားကြသည်။ ထို့အပြင် ရာသီဥတုကလည်း ပူတာကြောင့် ၎င်းတို့မှာ သိပ်ပြီးမလတ်ဆတ်တော့ပေ။
ကုရွှမ်းတုက မေး၏။
"ရှောင်ကျို့က ငါးစားရတာကို ကြိုက်လား"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"အရင်က ပင်လယ်ငါး မစားဖူးဘူး"
"ဒါဆို မနက်ဖြန်ကျရင် မင်းအတွက် ကိုယ် နောက်ထပ် ဖမ်းပေးမယ် ဒီပင်လယ်ထဲမှာ အထူးအရသာရှိတဲ့ ငါးနီကြီးတစ်ကောင်ရှိတယ် နှစ်ရာချီနေပြီဆိုတော့ အဲဒီနေရာမှာပဲ ဆက်ရှိနေပါ့မလားတော့ ကိုယ်လည်း မသေချာဘူး"
လင်းရုဖေးက အမေးထုတ်လိုက်မိ၏။
"အကြီးအကဲက ဒီကိုအရင်ကရောက်ဖူးလား"
ကုရွမ်းတုက ပြန်ဖြေ၏။
"အရင်က သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ဒီကိုလာခဲ့ဖူးတယ်"
သူ့နှုတ်ခမ်းများပေါ်တွင် စွဲမက်ဖွယ်ကောင်းသော နူးညံ့မှုတစ်ခု ထွက်ပေါ်လာပြီး "သူလည်း ငါးစားရတာ ကြိုက်တယ်"
အကြောင်းတစ်ခုခုကြောင့် ကုရွှမ်းတု၏နှုတ်ဖျားမှ "သူငယ်ချင်းဟောင်း" ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လင်းရုဖေး၏ နှလုံးသားသည် အနည်းငယ် ရပ်ဆိုင်းသွားသည်။ ကုရွှမ်းတု၏နှုတ်ဖျားမှ ထိုကဲ့သို့သောလူတစ်ယောက်ရှိဖူးကြောင်းကို မကြာခဏကြားခဲ့ရပြီး ကုရွှမ်းတု၏ဘဝတွင်လည်း ထိုသူသည် အလွန်အရေးပါခဲ့ပုံပေါ်သည်။
လင်းရုဖေး "အကြီးအကဲအတွက် ပဲစေ့ကိတ်လုပ်ပေးပြီး အကြီးအကဲသောက်ဖို့ ဝိုင်လုပ်ပေးတဲ့ သူငယ်ချင်းဟောင်းလား"
ကုရွှမ်းတုက လင်းရုဖေးကို ကြည့်လိုက်ပြီး "ဟုတ်တယ်"
လင်းရုဖေးက မေးလိုက်သည်။
“သူ... ...အခု ဘယ်မှာလဲ နောက်ပြီး အကြီးအကဲ အသက်ရှင်နေသေးတယ်ဆိုတာကို သူ သိလား”
ကုရွမ်းတုက ပြုံးကာ ပြန်ဖြေလိုက်သည်။
“သူသိမယ်လို့ ကိုယ်ထင်တယ်”
လင်းရုဖေးက ဆက်မေးပြန်သည်။
“ဒါဆို သူက ဘာလို့ အကြီးအကဲကို လာမရှာတာလဲ"
ကုရွမ်းတုက ပြန်ဖြေသည်။
“သူ ကိုယ့်ကို လာမရှာတာက အကြောင်းပြချက် တစ်ခုခုရှိရမယ် ဒါပေမယ့် ကိစ္စမရှိပါဘူး သူ ကိုယ့်ဆီမလာရင် ကိုယ် သူ့ဆီသွားလို့ရတယ်"
သူ့နှုတ်ဖျားမှထွက်လာသောအသံသည် ကတိသစ္စာတစ်ခုကို ထပ်ခါတလဲလဲ ပြောနေသကဲ့သို့ ခိုင်မြဲနေသည်။
လင်းရုဖေးက သူ့နှုတ်ခမ်းကို အနည်းငယ်စေ့ပိတ်ထားလိုက်မိသည်။ အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးသားထဲတွင် ထူးဆန်းသည့်ခံစားချက်အချို့ ရှိနေသော်လည်း ထိုခံစားချက်ကို သူ့စိတ်ထဲမှ အမြန်မောင်းထုတ်လိုက်ပြီး ကုရွှမ်းတုနှင့် တခြားအရာများအကြောင်းကို ဆက်လက်ပြောဆိုနေလိုက်သည်။
ကုရွမ်းတုသည် လွန်ခဲ့သောနှစ်ရာပေါင်းများစွာက ဤနေရာအကြောင်းကို ဆက်လက်ပြောဆိုခဲ့ပြီး ယခင်က ဤနေရာသို့ တစ်ကြိမ်သာ ဖြတ်သန်းသွားခဲ့ဖူးသော်လည်း ထိုအချိန်က တံငါရွာလေးတစ်ရွာသာဖြစ်နေဆဲဖြစ်ပြီး ယခုနှစ်ရာပေါင်းများစွာကြာပြီးနောက်တွင် ၎င်းသည် စိမ်းလန်းစိုပြေသောမြို့တစ်မြို့ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် နတ်ဆိုးများ အလွန်ကိုအများအပြားရှိပြီး ရော့ မြစ်နဘေးတွင် နေထိုင်ရန် သတ္တိရှိသောသူဟူ၍ များများစားစားမရှိပေ။ ယောင်ကွမ်းတွင် ကောင်းကင်ဘုံအုပ်ချုပ်သူသည် ကြီးမားသော အစီအရင်တစ်ခုကို ချမှတ်လိုက်သောအခါမှသာ နောက်ပိုင်းတွင် လူများ အများအပြားတိုးပွားလာပြီး သူတို့၏ ခွန်အားများသည်လည်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ကြီးမားသောအစီအရင်ကိုချမှတ်ထားခဲ့သော ထိုလူသည် ယခုအချိန်တွင် လင်းရုဖေး၏နံဘေးတွင်ရှိနေပြီး လင်းရုဖေးက သူ့ကိုထူးဆန်းသောအမူအယာဖြင့်စိုက်ကြည့်နေသော်လည်း လင်းရုဖေး သူ့ကို ကောင်းကင်ဘုံအုပ်ချုပ်သူဟု ခေါ်လိုက်သောအခါ ကုရွမ်းတုသည် ထိုသို့ ခေါ်ဆိုခြင်းကို အလွန်မသဘောမကျလှပေ။
လင်းရုဖေးက သူ့ကို ထိုသို့ခေါ်လိုက်တိုင်း သူက အနည်းငယ် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်ပြီး "ရှောင်ကျို့ ကိုယ့်ကို အဲဒီလိုခေါ်တာကို ကိုယ် သဘောမကျဘူး"
ထို့နောက် သူသည် မျက်တောင်ခတ်ကာ စွဲမက်ဖွယ် ကောင်းသောအကြည့်ဖြင့် “မင်း ကိုယ့်ကို အကြီးအကဲလို့ပဲ ခေါ်လို့ရတယ်”
"ဒါပေမဲ့ အကြီးအကဲက ကောင်းကင်ဘုံအုပ်ချုပ်သူ မဟုတ်ဘူးလား”
လင်းရုဖေးသည် ကုရွမ်းတု အဘယ်ကြောင့် ထိုမျှလောက်ထိ အထိခိုက်မခံဖြစ်နေသည်ကို နားမလည်နိုင်ပေ။
ကုရွမ်းတုက အသာရယ်မောရင်း"ရှောင်ကျို့ မင်း အနှေးနဲ့အမြန်တော့ သိလာလိမ့်မယ် ဒါပေမယ့် အခုလောလောဆယ်တော့ ဆန္ဒမစောပါနဲ့ဦး"
လင်းရုဖေးသည် သဘောတူရန်သာ တတ်နိုင်၏။
အမှတ်တမဲ့ဖြင့် သူတို့နှစ်ယောက်သည် တံငါလှေများစွာ ငါးဖမ်းနေသော ရောံမြစ်ကမ်းဆီသို့ လျှောက်လာလိုက်ကြသည်။ ထို့နောက် လင်းရုဖေးက မြစ်ကမ်းစပ်ပေါ်ရှိ အနဲငယ်ပြားနေသောသဲကျောက်တုံးများကို ကောက်ယူပြီး ကျောက်တုံးကို မြစ်ပြင်ပေါ်သို့ လျှပ်တိုက်ပစ်လွှတ်လိုက်စဥ် မြစ်လယ်၌ စတင်ပြောင်းလဲလာသော အကျွမ်းတဝင်ရှိနေသည့်ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာသည် မနေ့က သူတွေ့ခဲ့သော ထျန်းရွှေဖြစ်နေသည်။
"ထျန်းရွှေ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"
လင်းရုဖေးက မေးလိုက်မိသည်။
ထျန်းရွှေသည် ခေါင်းကိုခါယမ်းလိုက်ပြီး အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်သည်။ သူက ထိုအရာအား လင်းရုဖေးဆီသို့ ပေးလိုက်ပြီး သူ့ကိုယ်စား ရှဲကျင်းရှန့်ကို ပေးပေးနိုင်မလားဟု မေးလာသည်။
လင်းရုဖေးသည် ထိုအရာကိုလက်ခံလိုက်ပြီးနောက် အလွန်လှပသောအကြေးခွံတစ်ခုဖြစ်နေသည်ကို သတိပြုမိသောအခါ လင်းရူဖေးမှာ အံ့ဩသွားပြီး "မင်းကိုယ်တိုင် သူ့ကို ဘာလို့မပေးတာလဲ"
ထျန်းရွှေက ပြန်ဖြေလိုက်သည်။
"ငါသွားမှရမယ်"
လင်းရုဖေး : "... ..."
ထျန်းရွှေက ဆက်ပြောသည်။
"ကျေးဇူးတင်ပါတယ် လင်းကုန်းဇီ"
လင်းရုဖေးက ထပ်မေးလိုက်သည်။
“ဘာလို့ သူ့ကို ကိုယ်တိုင်မပေးတာလဲ”
ထျန်းရွှေက သက်ပြင်းချလိုက်ပြီး "ငါကြောက်လို့"
လင်းရုဖေးသည် မျက်မှောင်ကြုတ်ကာ မကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် ထျန်းရွှေက ရိုးရှင်းစွာ ပြုံးပြလာပြီး "လူတစ်ယောက်က အခြားတစ်ယောက်ကို အချိန်ဘယ်လောက်ကြာကြာ စောင့်နိုင်မယ်လို့ လင်းကုန်းဇီ ထင်လဲ"
လင်းရုဖေးက မေးခွန်းထုတ်လိုက်မိသည်။
"မင်းက ဘာကိုဆိုလိုချင်တာလဲ"
"အဲဒါက အကျိုးမရှိတဲ့ စောင့်ဆိုင်းခြင်းပဲ”
ထျန်းရွှေက ဆက်ပြောသည်။
"သူ ဘယ်တော့ ပြန်လာမယ်ဆိုတာလဲ မင်းမသိဘူး မင်း သူ့ကို တွေ့နိုင်သေးလားဆိုတာလဲ မင်းမသိဘူး အဲဒီလိုမျိုး ဘယ်လောက်ကြာကြာ စောင့်နိုင်မယ်လို့ မင်းထင်လဲ"
သို့သော် လင်းရုဖေးသည် ထျန်းရွှေ၏စကားများကို နားမလည်ပေ။
"ငါ ကျောင်းဖြစ်ခဲ့ချိန်တုန်းက လူတစ်ယောက် ငါ့ကို ပြောခဲ့တာကို ယောင်ဝါးဝါး မှတ်မိနေသေးတယ် အဲဒီစကားကြောင့်ပဲ ငါက အရူးအမူးစိတ်လှုပ်ရှားခဲ့ဖူးတယ်" ထျန်းရွှေက ဆက်ပြောလာသည်။
"သူပြောခဲ့တာက သူဘယ်လောက်ကြာကြာ စောင့်ရပါစေ အရေးမကြီးဘူး အဲဒီလူက ပြန်လာနိုင်ခြေနည်းနည်းလေး ရှိနေသရွေ့တော့ သူထပ်စောင့်နေဦးမှာပါတဲ့"
သူ့လက်ကို မြှောက်လိုက်ပြီး သူ့နဖူးပေါ်က အမာရွတ်ကို ထိလိုက်ကာ "သူ အမှန်တကယ်ကို စောင့်နေခဲ့ပုံရတယ်"
"ဒါပေမယ့် ရှဲကျင်းရှန့် ငါ့ကို စောင့်နေမှာကိုတော့ ငါ ခွင့်မပြုနိုင်ဘူး" ထျန်းရွှေက ဆက်ပြောလာသည်။
"ငါက မကောင်းဆိုးဝါးကျောင်းတစ်ကောင်ဖြစ်ပြီး မရေမတွက်နိုင်တဲ့လူတွေကိုလည်း စားဖူးတယ် နောက်ဆုံး ဘေးဒုက္ခကနေ လွတ်မြောက်နိုင်မလားဆိုတာ မသိနိုင်ဘူး”
သူက လှလှပပ ပြုံးလိုက်ပြီး “ငါ ကံကောင်းပြီး လင်းကုန်းဇီရဲ့ ထောက်ခံချက်တံဆိပ်ကို ရနိုင်ခဲ့ပေမယ့် ပင်လယ်ကို ခရီးသွားဖို့ကိစ္စက ခက်ခဲပြီး အန္တရာယ်များတယ် ကျောင်း အဖြစ်နဲ့ ပင်လယ်ထဲကို ဝင်ရောက်တာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူး"
အရာရာတိုင်းမှာ အကြောင်းတရားနှင့် အကျိုးတရားရှိပေသည်။
"ဒါဆို အနည်းဆုံးတော့ မင်း သူနဲ့ မျက်နှာချင်းဆိုင် စကားပြောသင့်တယ်" လင်းရုဖေးက ပြောလိုက်သည်။
"ငါပြောခဲ့တယ်" ထျန်းရွှေက ပြန်ဖြေ၏။
"ငါကို ခြောက်လလောက် စောင့်ပေးဖို့ ငါ သူ့ကို ပြောခဲ့တယ်"
လင်းရုဖေး : "... ..."
ထျန်းရွှေက ဆက်ပြောလေသည်။
“ငါ မိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရင် ပြန်လာမယ် တကယ်လို့သာ ငါပြန်မလာနိုင်ခဲ့ရင် ဆက်ပြီးစောင့်မနေဖို့ သူ့ကိုပြောပေးပါ”
လင်းရုဖေးက အော်ခေါ်လိုက်သည်။ “ခဏနေဦး... ...”
ထျန်းရွှေသည် အသိအမှတ်ပြုသကဲ့သို့ 'ဟမ်' ဟု မပီမသပြောလာသည်။
လင်းရုဖေးက မေးလိုက်သည်။
"တစ်စုံတစ်ယောက်ကို စောင့်နေတယ်လို့ မင်းပြောခဲ့တဲ့လူက... ...ငါနဲ့ ပတ်သက်တာ တစ်ခုခုရှိလား"
ထျန်းရွှေသည် ပြုံးကာ ခေါင်း ခါလိုက်ပြီး “လင်းကုန်းဇီ နောက်မှ သိလာပါလိမ့်မယ် ဒီကိစ္စက ငါ့အတွက် ပြောပြဖို့မသင့်တော်ဘူး”
သူသည် ဤသို့ပြောပြီးနောက် ရည်ရွယ်ချက်ရှိရှိလား သို့မဟုတ် မရည်ရွယ်ဘဲနှင့်လား သူ မသိသော်လည်း ကုရွှမ်းတု ရှိရာဆီသို့ အမှန်တကယ် လှမ်းကြည့်လိုက်လေသည်။ ကုရွှမ်းတု၏မျက်နှာအသားအရေက မည်းမှောင်လာပြီး သူ့လက်ကိုဆန့်ထုတ်ကာ လင်းရုဖေး၏လက်ကောက်ဝတ်ပေါ်သို့ အသာအယာ ဆုပ်ကိုင်လိုက်သည်။
လင်းရုဖေး၏အာရုံသည် ထျန်းရွှေအပေါ်တွင်သာ ရှိနေသောကြောင့် ကုရွှမ်းတု၏ထူးဆန်းနေမှုကို သူ သတိမထားမိလိုက်ပေ။ လင်းရုဖေးသည် ထျန်းရွှေကို ဖျောင်းဖျချင်သေးသော်လည်း ထျန်းရွှေက သွားရန် ဆုံးဖြတ်ထားပြီးသားဖြစ်နေသည်။ ထျန်းရွှေသည် သူတို့ရှေ့တွင်ရှိသောရော့မြစ်နှင့်တစ်သားတည်းဖြစ်နေသည့် အရပ်သို့ လှည့်ကာ ထွက်ခွါသွားတော့သည်။
လင်းရုဖေးသည် အကြေးခွံကို သူ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်မိသည်။ အကြေးခွံက လှပကျော့ရှင်းပြီး ပထမအကြည့်တစ်ချက်တွင် ကျောက်စိမ်းနှင့်အလွန်တူလှပေသည်။ သို့သော် လင်းရုဖေးသည် ရှဲကျင်းရှန့်နှင့် ဤကိစ္စကို မည်သို့ပြောရမည်ကို မသိသောကြောင့် အနည်းငယ် စိုးရိမ်နေမိသည်။
ကုရွမ်းတုက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ကို အနည်းငယ် နောက်ပြန်ဆွဲလိုက်မှသာလျှင် သူ့အသိများ ပြန်ဝင်လာတော့သည်။
"အကြီးအကဲ" လင်းရုဖေးက ရေရွတ်ပြောဆိုလိုက်သည်။
"ကျွန်တော် ဒီကိစ္စမှာ လုံးဝ မပါဝင် မပတ်သက်ချင်ဘူး"
ကုရွှမ်းတုက ဆိုသည်။
"ဒါဆို မပတ်သက်ဘဲ နေရအောင်"
"ဒါပေမယ့် ဒီအကြေးခွံကို မပေးဘဲနေလို့ မရဘူး”
လင်းရုဖေးက ဆက်ပြောသည်။
“ဒါကြောင့် စိတ်ကသိကအောက် ဖြစ်ရတယ်... ...”
ကုရွမ်းတုက ထိုကိစ္စကို စဉ်းစားပြီး "ဒါဆို ကိုယ်တို့ အဲဒီကျောင်းနောက်က ဘာလို့ လိုက်မသွားတာလဲ"
လင်းရုဖေးက မေးလိုက်မိသည်။
“သူက ပင်လယ်ထဲကို ဆင်းသွားပြီ ကျွန်တော်တို့ ဘယ်လိုလုပ် လိုက်ဖမ်းလို့ရမှာလဲ”
ကုရွှမ်းတုက လှောင်ပြုံးပြုံးလိုက်ပြီး “ရှဲမိသားစုရဲ့အငယ်ဆုံးသားက နတ်ဆိုးတွေကို ဖမ်းတဲ့နေရာမှာ တော်တော်အစွမ်းထက်တယ် မဟုတ်ဘူးလား တကယ်လို့ သူသာ ကျောင်းကို အခြားနေရာတွေမောင်းထုတ်ဖို့ အတင်းအကြပ် စေခိုင်းနိုင်ခဲ့ရင် သူ့ကို ပြန်ဖမ်းဖို့ကလည်း ခက်ခဲတဲ့အရာ မဟုတ်ဘူး လာ သူ့ကို သွားရှာရအောင်"
အိမ်တွင် မှော်ကျောက်တုံးများကို ရွေးချယ်နေသောရှဲယိကျစ်သည် အကြိမ်အနည်းငယ်ခန့် နှာချေလိုက်မိသည်။ သူက သူ့နှာခေါင်းကို ထူးဆန်းစွာ ပွတ်သပ်ရင်း ဖျားနာသည်လား၊ ဖျားနာခြင်းမဟုတ်သည်လားကို တိုးတိုးလေးရေရွတ်လိုက်သည်။ သူ ရေရွတ်ပြီးနောက် လင်းမိသားစု၏သခင်လေးသည် တုန်လှုပ်ချောက်ချားနေသောမျက်နှာနှင့် အတင်းစွတ်ဝင်လာကာ ထိတ်လန့်စရာစကားကို ဆိုလာပေသည်။
"ရှဲယိကျစ် မကောင်းတော့ဘူး မင်းရဲ့အစ်ကိုကြီးကို နတ်ဆိုးဖမ်းသွားပြီ"
ရှဲယိကျစ်သည် ထိတ်လန့်တကြားအော်လိုက်မိပြီး “အား...တကယ်လား"
လင်းရုဖေးက ဆက်ပြောလိုက်သည်။
"အမှန်ပဲ ငါဘယ်တော့မှ မလိမ်ဘူး မြန်မြန် ငါနဲ့လိုက်ခဲ့"
ရှဲယိကျစ်သည် မှော်ကျောက်တုံးကိုဆတ်ခနဲဆွဲယူလိုက်ကာ အပြင်သို့ထွက်သွားသောလင်းရုဖေး နောက်သို့ လိုက်သွားလိုက်ပြီး ခြေလှမ်းအနည်းငယ်မလှမ်းရသေးခင်မှာပင် တစ်စုံတစ်ခုက မမှန်ကန်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
လင်းရုဖေးက ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး ဟုတ်လား။
သေသေချာချာ စဉ်းစားပြီးနောက်လည်း ထိုကြောင်းအရာက အတော်လေးမှန်ကန်သည့်ပုံပေါ်မနေပေ... ...။
****
စာရေးသူမှာ ပြောစရာရှိတယ်...
လင်းရုဖေး : နေ့တိုင်း အကြီးအကဲက ငါ့ကို မကောင်းတာလုပ်ဖို့ သင်ပေးတယ်
ကုရွှမ်းတု : အားလုံးပဲမင်္ဂလာပါ ကျွန်တော့်ရဲ့အမည်ပြောင်က ကုမကောင်းတာအကုန်လုပ်တု ဖြစ်ပါတယ်...
လင်းရုဖေး : ? ? ? ? ?
─────────────────────────────────────────────────
Translated By IQ-Team.