Chapter 144
ရာသီဥတုက လွန်ခဲ့သည့် ရက်အနည်းငယ်ကလောက် မပူတော့ပေ။ လင်းရုဖေး ဘာမှလုပ်စရာမရှိသောကြောင့် သူနှင့် ကုရွှမ်းတုတို့သည် ရော့မြစ်ဆီ အတူတူ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ဤနေရာရှိမြေမျက်နှာသွင်ပြင်သည် ကျယ်ပြန့်ပြီးညီညာပြန့်ပြူးနေကာ မြစ်သည်လည်း အဆုံးမရှိပေ။ ၎င်းသည် ထုထည်ပမာဏ ကြီးမားလွန်းလှပြီး မြင်တွေ့ရသည်မှာ အလွန် အံ့မခန်းမြင်ကွင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ သူ ရော့မြစ်တစ်လျှောက် အနည်းငယ် လျှောက်သွားလိုက်လျှင် လင်းရုဖေး အရင်ကတစ်ခါမှ မမြင်ဖူးသောပင်လယ်သို့ ရောက်ရှိပေလိမ့်မည်။ သူ ပင်လယ်ကမ်းစပ်ရှုခင်းကို တွေ့ရရန်မျှော်လင့်ချက်များ စတင်ပေါ်ပေါက်လာပြီး သွားကြည့်ချင်သည့်စိတ်များ ပြင်းပြလာမိသည်။
ထိုအချိန်တွင် ညနေစောင်းဖြစ်၍ လှပသော နေဝင်ချိန်သည် အမြဲတမ်းနီရဲနေသောတိမ်တိုက်များဖြင့် အရောင်ချယ်သထားပြီး ကောင်းကင်နှင့် ပင်လယ်တို့ ဆုံတွေ့သည့်နေရာသည် မြေပြင်နှင့် ကောင်းကင်ကြီး တစ်သားတည်း ဖြစ်နေသကဲ့သို့ မှုန်ဝါးလာ၏။ မြစ်ကမ်း၌တိုက်ခတ်သောလေသည် အနည်းငယ်ပြင်းထန်လာပြီး လမ်းဘေးတွင် စိုက်ထားသောမိုးမခပင်များလည်း အများကြီးရှိပေသည်။ ထို့အပြင် အေးမြသည့်နေရာကို ရှာဖွေကာ မြစ်ကမ်းဘေးတွင် ဆော့ကစားနေကြသည့် ကလေးများစွာလည်း ရှိပေသည်။
လင်းရုဖေးသည် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ မြစ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်သွားလိုက်သည်။ သူ့ခြေချင်းဝတ်များပေါ်တွင် မြစ်ရေအေးအေးကို ခံစားလိုက်ရပြီး သက်တောင့်သက်သာရှိသည့် အေးမြမှုကို ယူဆောင်လာပေးသည်။
"အရမ်းကြီး အအေးမခံနဲ့ ဖျားသွားမှာကိုလည်း ဂရုစိုက်ဦး"
ဘေးနားရှိ ကုရွှမ်းတုက လင်းရုဖေးကိုပြောလိုက်သည်။ ကုရွှမ်းတုက ထိုသို့ပြောလိုက်သော်လည်း သူသည်လည်း လင်းရုဖေးကို မတားချင်ပေ။
လင်းရုဖေးက ပြန်ပြောလိုက်၏။
"အခု ကျွန်တော် အဲဒီလောက် အားမနည်းတော့ဘူးလို့ ထင်တယ်"
ထိုသို့ပြောပြီးနောက် ကြံ့ခိုင်သန်စွမ်းမှုမရှိသော သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ လင်းရုဖေးက အားအလွန်အကျွံ အသုံးပြုလိုက်သောကြောင့်လား မသိ၊ သူသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး လဲကျလုနီးပါ ဖြစ်သွားသည်။
ကုရွှမ်းတုက ငိုရခက် ရယ်ရခက်ဖြင့် "မင်း ကိုယ့်ကိုကိုယ် နည်းနည်းလောက် ညင်သာပေးလို့ မရဘူးလား"
လင်းရုဖေး: “အဟွတ် အဟွတ် အဟွတ် အဟွတ်——"
နောက်ဆုံး ချောင်းဆိုးရာမှ ပြန်လည်သက်သာလာပြီးနောက် လင်းရုဖေးသည် ထိုင်ကာ အနားယူနိုင်လောက်အောင် ကြီးမားသော ကျောက်တုံးကြီးကို ရှာဖွေရန် မြစ်ကမ်းဘေးသို့ သွားလိုက်သည်။ နွေရာသီရောက်ပြီဖြစ်သောကြောင့် ကောင်းကင်သည် အတော်လေး နောက်ကျမှသာ အမှောင်ယံသို့ ပြောင်းလဲသွားသည်။ နေဝင်ပြီးနောက် လူများသွားလာရန် အကောင်းဆုံးအချိန်ဖြစ်လာပြီး မကြာမီ ရော့မြစ်သည် သက်ဝင်လှုပ်ရှားကာ စည်ကားလာသည်။
ကလေးများအပြင် စိတ်ရှည်စွာစောင့်ဆိုင်းနေသော တံငါသည်များလည်း များစွာရှိပေသည်။
လင်းရုဖေးက ခဏမျှ ကြည့်လိုက်ပြီးနောက် ထွက်သွားရန် ကြံရွယ်လိုက်သည်။ သို့သော် သူ့ခြေထောက်အောက်ခြေရှိ ထိတွေ့မှုသည် ရုတ်တရက် မှားယွင်းနေကြောင်းခံစားရပြီး နဂိုက ကြည်လင်နေသောရေသည် ရွှံ့အိုင်ပုံဖြစ်နေကာ သူ့ခြေထောက်များကို သေလုနီးပါး တင်းကျပ်စွာဆုပ်ကိုင်ထားလိမ့်မည်ဟု မည်သူကထင်မည်နည်း။
၎င်းက ဘာလဲဆိုတာကို လင်းရုဖေး တွေးနေရင်းနှင့် သိပ်မဝေးသည့်နေရာတွင် အကျွမ်းတဝင်ရှိသည့် ပုံပန်းသဏ္ဍာန်တစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ကြီးက နေသာနေသေးသော်လည်း ထိုလူသည် ကောက်ရိုးအင်္ကျီနှင့် ဝါးခမောက်ကို ၀တ်ထားဆဲဖြစ်ပြီး လူအုပ်ကြားထဲမှနေ၍ အပြင်သို့ စူးစိုက်ကြည့်နေသည်။ သို့သော် သူ့ကိုယ်ပေါ်ရှိရေနံ့သည် သူ၏အသွင်အပြင်အစစ်အမှန်အား လင်းရုဖေးကို ဖော်ပြနေသည်။ သူ့ခြေလှမ်းများသည် လင်းရုဖေး၏ရှေ့တွင် ရပ်တန့်သွားပြီး ဝါးခမောက်မှတစ်ဆင့် ရွှေရောင်အလင်းတန်းတစ်ခုကို လင်းရုဖေး တွေ့လိုက်ရသည်။ လင်းရုဖေးသည် ချက်ချင်းသတိကပ်သွားပြီး သူ့လက်သည် ခါးပေါ်တွင်ချိတ်ထားသည့်ကုယွီဆီသို့ ရောက်သွားတော့သည်။ ထိုလူသည် လင်းရုဖေးထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး လင်းရုဖေး သူ့ဓားကို ဆွဲထုတ်ခါနီးတွင် မသဲမကွဲအသံတစ်ခုကို ကြားလိုက်ရသည်။
“လင်းကုန်းဇီ”
ဤအသံသည် လင်းရုဖေး တစ်ခါမှမကြားဖူးသည့်အသံဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းနှင့်ရင်းနှီးနေသည်ဟု ခံစားမိသည်။ ထိုကဲ့သို့တွေးနေရင်းနှင့် ထိုလူသည် သူ့မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီး သူ၏ချောမောသည့်မျက်နှာကို ထုတ်ဖော်ပြသလာသည်။ သူ၏မျက်နှာပေါ်တွင် လှပပြီးရွှေရောင်တောက်ပနေသော မျက်ဝန်းတစ်စုံရှိနေပြီး သာမန်လူတစ်ယောက်၏ မျက်လုံးသူငယ်အိမ်များနှင့် နှိုင်းယှဉ်လျှင် အလွန်ကွာခြားနေသည်။ သူ့မျက်လုံးသူငယ်အိမ်များသည် မြွေတစ်ကောင်ကဲ့သို့ ဒေါင်လိုက်အနေအထားရှိနေပြီး သူ၏ ဘယ်ဘက်မျက်လုံးနေရာတွင် အလွန်ထင်ရှားသော အမာရွတ်တစ်ခုရှိနေသည်။ ထိုအမာရွတ်သည် သူ့နဖူးမှမျက်လုံးထောင့်ထိ ရှိပြီး အထူးသဖြင့် ထိုအမာရွတ်ကြောင့်ပင် လူတိုင်း၏အမြင်အာရုံကို ဖမ်းစားနိုင်သည်။
"မင်း ငါ့ကိုသိလို့လား"
လင်းရုဖေးက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ငါတို့ အရင်က တစ်နေရာရာမှာ ဆုံဖူးလား"
သူ့အရှေ့ရှိလူ၏ဥပတိရုပ်ကို အတည်ပြုပြီးနောက် တစ်ခဏမျှစဉ်းစားကာ နောက်ဆုံးတွင် တစ်စုံတစ်ခုကို သတိရသွားသည်။
“မင်း... ...မင်းက ချန့်လန်မြစ်ထဲက မကောင်းဆိုးဝါးကျောင်းလား”
ထိုလူက ခေါင်းညိတ်ပြ၏။
"မင်းက ဘာလို့ ဒီမှာရှိနေတာလဲ"
လင်းရုဖေးသည် ရှုပ်ထွေးသွားပြီး "မင်း ဘွဲ့ထူးတစ်ခုကိုရပြီးသားဆိုတာ ငါမှတ်မိတယ် မင်း ပင်လယ်ကို ရောက်ပြီးသွားပြီလား"
မကောင်းဆိုးဝါးကျောင်းသည် ခေါင်းကိုခါပြလိုက်ပြီး သူ့ပုံစံကြည့်ရသည်မှာလည်း စကားကောင်းကောင်း မပြောတတ်ပုံပေ။ သူဆီမှ ထွက်လာသော စကားလုံးများသည်လည်း တစ်ခါတစ်လေ နားလည်ရခက်ခဲပြီး ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ လင်းရုဖေးသည် သူဘာကိုဆိုလိုသည်ကို အချိန်အတော်ကြာ နားထောင်ခဲ့ပြီးမှ နားလည်လာသွားသည်။ အထူးသဖြင့် ဘွဲ့ထူးတစ်ခုကိုလိုချင်ပြီး ပစ်မှတ်ထားခံရသည့် မကောင်းဆိုးဝါးကျောင်းဆိုလျှင်တောင် ပင်လယ်သို့သွားရန် လွယ်ကူသောကိစ္စမဟုတ်ပေ။ သို့သော် နိယာမသဘောတရားသည် ထိုနည်းအတိုင်းပင်ဖြစ်၏။ သောက်စရာများအားလုံးသည်ပင်လျှင် ပုံသေသတ်မှတ်ထားသောနံပါတ်များ[3] ရှိသည်။
[3] - ရေတစ်လုတ်နှင့် အစာတစ်လုတ်ကို ကောင်းကင်ဘုံနံပါတ်များဖြင့် ဆုံးဖြတ်သည်။ အရာအားလုံးကို ကောင်းကင်နံပါတ်များဖြင့် ဆုံးဖြတ်သည်။ ဆိုလိုသည်မှာ အရာအားလုံးက ကံကြမ္မာအတိုင်းပင်။
"မင်း ဘာလို့ ငါ့ကို ရှာချင်နေတာလဲ"
လင်းရုဖေးက သူ့ကို မေးလိုက်သည်။
"သူနဲ့တွေ့ဖို့... ...သွား... ...”
မကောင်းဆိုးဝါးကျောင်းကခပ်တိုးတိုးရေရွတ်လိုက်သည်။
လင်းရုဖေးက မေးလိုက်သည်။ "ဘယ်သူနဲ့လဲ"
မကောင်းဆိုးဝါးကျောင်းက ပြန်ဖြေ၏။ “ကျင်းရှန့်”
လင်းရုဖေးက သိလိုစိတ်ပြင်းပြစွာဖြင့် "မင်း သူ့ကို ဘာအတွက် သွားတွေ့မှာလဲ မင်းက သူ့ကို ဒဏ်ရာရစေခဲ့တယ်လေ အခု ရှဲမိသားစုက မင်းကို အရေခွံဆုတ်ပစ်ချင်နေကြတယ်"
မကောင်းဆိုးဝါးကျောင်းသည် သူ့နှုတ်ခမ်းကို အနည်းငယ်စေ့ပိတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
"ဒါတွေအားလုံးက ငါ့အမှားပဲ"
လင်းရုဖေးက ပို၍ပို၍ပင် သိချင်လာသည်။ သူသည် မြေပြင်ပေါ်ထိုင်ချလိုက်ပြီး မကောင်းဆိုးဝါးကျောင်းနှင့် ရှဲကျင်းရှန့်ကြား အသေးစိတ် မည်သည်တို့ဖြစ်ပျက်ခဲ့သည်ကို သူ့အား မေးလိုက်သည်။ မကောင်းဆိုးဝါးကျောင်းသည် သူနှင့် ရှဲကျင်းရှန့်အကြောင်းကို တွန့်ဆုတ်စွာ စတင်ပြောပြလာခဲ့ပြီး လင်းရုဖေးက လေးလေးနက်နက် နားထောင်ပြီးနောက် ပြောလိုက်သည်။
“ဒါဆို မင်းတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေလား”
မကောင်းဆိုးဝါးကျောင်းက ခေါင်းညိတ်ကာ ဖြည်းညင်းစွာ ဆက်ပြောလာသည်။
"မှန်ပါတယ် ဒါပေမယ့် အဲဒီနောက်မှာ ကိစ္စတစ်ခုဖြစ်ပျက်သွားခဲ့ပြီး ငါ သူ့ကို မထင်မှတ်ဘဲ နာကျင်အောင် ပြုလုပ်မိခဲ့တယ်"
လင်းရုဖေးက “အိုး” ဟု ရေရွတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါဆို မင်း သူ့ကို သွားတွေ့ချင်တယ်ပေါ့ ဟုတ်လား”
“အင်း” မကောင်းဆိုးဝါးကျောင်းက ဆက်ပြောသည်။
"တွေ့ချင်တယ်"
လင်းရုဖေးက မေးလိုက်၏။
"မင်း ရှဲအိမ်တော်ထဲကို မ၀င်နိုင်ဘူးလား"
"အစီအရင်တွေရှိလို့ ငါ ဝင်လို့မရဘူး"
မကောင်းဆိုးဝါးကျောင်းက ပြန်ဖြေသည်။
"အဲဒါတွေက ငါ့ရဲ့မူလပုံစံကို ပေါ်လာစေလိမ့်မယ်"
မကောင်းဆိုးဝါးကျောင်းသည် အမှန်တစ်ကယ်ပင် ယဲ့မော့လောက် အစွမ်းထက်ပုံမပေါ်ပေ။ ယဲ့မော့သည် ရှဲ့အိမ်တော်၏အစီအရင်ကိုနည်းနည်းလေးမျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ ကြောင်ကလေးကိုပင် ထိခိုက်မှုမရှိပေ။ သို့သော် မကောင်းဆိုးဝါးကျောင်းသည် သူတို့လိုမဟုတ်ဘဲ ထိခိုက်ခဲ့ပုံရသည်။
လင်းရုဖေးက မေးလိုက်သည်။
"ဒါဆို ငါ မင်းကို ဘယ်လိုကူညီရမလဲ"
မကောင်းဆိုးဝါးကျောင်း ' "သူ့ကို... ... ခေါ်ခဲ့ပေး"
လင်းရုဖေးက မျက်မှောင်ကြုတ်လိုက်ပြီး “အဲဒါက အလုပ်မဖြစ်မှာကို ငါ စိုးရိမ်တယ်"
"ဘာကြောင့်လဲ"
မကောင်းဆိုးဝါးကျောင်းက မေးလာသည်။
"သူ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားပုံရတယ်"
နောက်ဆုံး လင်းရုဖေးက ရှဲကျင်းရှန့်၏အသွင်အပြင်ကို ကြည့်လိုက်သည့်အချိန်တုန်းက သူသည် သူ့တစ်ကိုယ်လုံးကို ပတ်တီများဖြင့် တင်းကျပ်စွာ ဖုံးအုပ်ခံထားရသည်။
မကောင်းဆိုးဝါးကျောင်းသည် ထိုစကားကိုကြားသောအခါ စိုးရိမ်သောအကြည့်ဖြင့် ကြည့်လာပြီး “ဒါပေမယ့် ငါ ငါ လုံးဝ ဖိအားပေးမှာ မဟုတ်ပါဘူး”
လင်းရုဖေးက မယုံကြည်စွာဖြင့် "မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်နေတာလဲ"
မကောင်းဆိုးဝါးကျောင်းသည် ပြောပြရန် ငြင်းဆိုလိုက်သည်။ သူသည် ခေါင်းကိုသာ ခါယမ်းလိုက်ပြီး သူ့မျက်နှာတွင်လည်း ရှက်ကိုးရှက်ကန်းအမူအရာ ပေါ်လာသည်။
လင်းရုဖေးသည် တစ်စုံတစ်ခုကို ချက်ချင်းသိလိုက်သော်လည်း ထိုကိစ္စကို ဆက်ပြီး ဖိအားမပေးတော့ပေ။ သူ ကြိုးစားကြည့်မည်ဟုသာ ပြောခဲ့ပြီး အောင်မြင်ဖို့အတွက် သေချာပေါက် အာမခံနိုင်မည်မဟုတ်ကြောင်းပြောခဲ့သည်။ ထို့နောက် လင်းရုဖေးသည် မကောင်းဆိုးဝါးကျောင်းအား ပင်လယ်ဘက်သို့ ခရီးဆက်မည့်အချိန်ကိုလည်း မေးမြန်းလိုက်သည်။ မကောင်းဆိုးဝါးကျောင်းသည် နောက်တစ်ခါမိုးရွာသည့်အချိန်တွင် ဒီနေရာမှ ထွက်သွားမည်ဖြစ်ပြီး လင်းရုဖေးသာတတ်နိုင်လျှင် ရှဲကျင်းရှန့်ကို ထိုအချိန်မတိုင်ခင် ခေါ်ထုတ်လာနိုင်လိမ့်မည်ဟုမျှော်လင့်ထားကြောင်း ပြောလာသည်။
လင်းရုဖေးက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြောလိုက်သည်။
ထိုအခါမှသာ မကောင်းဆိုးဝါးကျောင်းသည် လှည့်ကာ ထွက်သွားလေသည်။
သူ့နောက်ကျောကိုကြည့်ပြီး လင်းရုဖေးက စဉ်းစားလိုက်သည်။
"မကောင်းဆိုးဝါးကျောင်းနဲ့ ရှဲကျင်းရှန့်က တကယ့်သူငယ်ချင်းတွေလား"
ကုရွှမ်းတု : "မဟုတ်ရင်ရော"
လင်းရုဖေးက မေးလိုက်၏။
"သူတို့နှစ်ယောက်က ထူးဆန်းတယ်လို့ ဘာလို့ခံစားနေရတာလဲ"
ကုရွှမ်းတုသည် လင်းရုဖေးကိုကြည့်ကာ ရယ်မောလိုက်ပြီး "နောက်ဆုံးတော့ ရှောင်ကျို့က ဒီကိစ္စတွေကို ကောင်းကောင်းနားလည်လာပြီပဲ"
လင်းရုဖေး : "ဘာကို ကောင်းကောင်းနားလည်တာလဲ"
သို့သော် ကုရွှမ်းတုက ဘာမှပြန်မပြောပေ။ လွန်ခဲ့သည့်လအနည်းငယ်က လင်းရုဖေးသည် ယောက်ျားလေးနှစ်ယောက်ကြားတွင် ထိုကဲ့သို့သောကိစ္စများရှိလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးခဲ့ဖူးလိမ့်မည်မဟုတ်ဟု သူ့စိတ်ထဲတွင် ထင်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် ကိစ္စအတော်များများကို တွေ့ကြုံခဲ့ရပြီးနောက် လင်းရုဖေးသည် ထိုအရာကို ရှင်းရှင်းလင်းလင်း နားလည်လာခဲ့ပြီး သူ့အတွက်တော့ အတော်လေးစိတ်ဝင်စားစရာကိစ္စတွေဖြစ်လာချေပြီ။
"ဟတ်ချိုး" လင်းရုဖေး ရုတ်တရက် နှာချေလိုက်သည်။
သူက နှာခေါင်းကိုပွတ်ကာ တီးတိုးပြောလိုက်သည်။
"ဘယ်သူက ငါ့အကြောင်းကိုစဉ်းစားနေတာလဲ... ..."
မကောင်းဆိုးဝါးကျောင်းနှင့် တွေ့ဆုံပြီးနောက် လင်းရုဖေးသည် ရှဲအိမ်တော်သို့ ပြန်သွားလိုက်သည်။ အပြစ်ပေးခံရပြီး အခုလေးတင် ဘိုးဘေးခန်းမထဲမှ ထွက်လာခဲ့သော ရှဲယိကျစ်သည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လင်းရုဖေးအား ဝင်တိုက်မိလေသည်။ လင်းရုဖေးသည် သူ၏အသွင်အပြင်ကို သတိပြုမိသောအခါ ရယ်မောပြီးမေးလိုက်သည်။
''ရှဲသခင်ငယ်လေး ဘာဖြစ်နေတာလဲ မင်း ဘာလို့ စိတ်ဓါတ်ကျနေတာလဲ''
ရှဲယိကျစ်က ပြန်ဖြေသည်။
"လင်းကုန်းဇီ ငါ့အစ်ကို ဘာကြောင်းကို တွေးနေတယ်လို့ မင်းထင်လဲ"
လင်းရုဖေးက ပြန်မေးလိုက်၏။
"မင်း ဘာကိုဆိုလိုတာလဲ"
ရှဲယိကျစ်က ဆက်ပြောလာသည်။
"သေချာတာကတော့ ကျောင်းကိုဖမ်းဖို့က သူ့ရည်ရွယ်ချက်ပဲ ဒါပေမဲ့ အဲဒါက ကျွန်တော့်ဆီ ရောက်လာတဲ့အခါ ကျွန်တော့်ကို အပြစ်ပေးရမည့် အကြောင်းပြချက် ဖြစ်လာတယ်"
လင်းရုဖေး : "ဟမ်"
“ထူးဆန်းတယ် ထူးဆန်းတယ်”
ရှဲယိကျစ်: "သူဘာတွေတွေးနေလဲဆိုတာ ငါနားမလည်တော့ဘူး"
ထိုစကားများပြောပြီးနောက် သူက နှာခေါင်းကိုရှုံ့လိုက်ပြီး ဝါကျနှစ်ကြောင်းကို တိုးတိုးလေးရေရွတ်လိုက်သည်။
“ဒါပေမဲ့ မကောင်းဆိုးဝါးကျောင်းသာ ကြီးမားတဲ့ကြောင်ဖြူကြီးတစ်ကောင် ဖြစ်လာမယ်ဆိုရင် ငါလည်း တွန့်ဆုတ်နေမိလိမ့်မယ်ထင်တယ်”
လင်းရုဖေးက ထပ်ပြောလိုက်သည်။
"တွန့်ဆုတ်တယ်လား"
ရှဲယိကျစ် ခေါင်းညိတ်လိုက်သည်။
တကယ်တော့ ရှဲမိသားစုတစ်ခုလုံးသည်အတော်လေးထူးဆန်းလှပေ၏။ လက်တွေ့ကျကျပြောရလျှင် ရှဲယိကျစ်သည် ကျောင်းကို အလွန်မုန်းတီးလျှင် ယဲ့မော့ဟုခေါ်သော နတ်ဆိုးကိုလည်း ထိုနည်းတူစွာ မကြိုက်သင့်ပေ။ သို့သော် သူ့ထံမှ အလွန်ရွံရှာမုန်းတီးခြင်းမျိုးကို မတွေ့ရပေ။ အထူးသဖြင့် သူက တတ်နိုင်လျှင် ယဲ့မော့ကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ချစ်မြတ်နိုးပေးရန်ကိုပင် ပို၍ လိုလားပေလိမ့်မည်။
သို့သော် ရှဲမိသားစုသည် နတ်ဆိုးများအပေါ် မုန်းတီးမှုမရှိဟုဆိုပါလျှင် ခြံဝင်းတစ်ခုလုံးကို နတ်ဆိုးများဝင်ရောက်ခြင်းမှ ကာကွယ်ရန် အဘယ်ကြောင့် အစီအရင်များချထားလိမ့်မည်နည်း။ ဤအခြေအနေကို သူ ဘယ်လိုပင် မြင်ကြည့်ပါစေ အတော်လေးကို ဆန့်ကျင်ဘက်ဖြစ်နေသည်။
သို့သော် ရှဲကျင်းရှန့်တွင် မကောင်းဆိုးဝါး ကျောင်းနှင့် ပတ်သက်ခဲ့ဖူးသော အတိတ်ဖြစ်ရပ် သေချာပေါက်ရှိခဲ့သည်။ ထိုလူနှင့် ကျောင်းကြားတွင် ဘာဖြစ်သွားခဲ့သည်ဆိုတာကိုတော့ လင်းရုဖေးလည်း အတိအကျ မပြောနိုင်ပေ။ သူ ထိုအရာကို မပြောနိုင်လျှင်လည်း ပြောနိုင်ဖို့ရာ စိတ်အနှောင့်အယှက် ဖြစ်မိလိမ့်မည် မဟုတ်ပေ။ သူက ရှဲကျင်းရှန့်ကို ရိုးရိုးရှင်းရှင်း သွားတွေ့ပြီး ယနေ့နံနက်ခင်းမှကြားခဲ့ရသော မကောင်းဆိုးဝါးကျောင်း၏သတင်းစကားကို ရှဲကျင်းရှန့်အား ပြန်ပြောပြလိုက်သည်။
မူလက ရှဲကျင်းရှန့်သည် သူ၏အိပ်ရာပေါ်တွင် လဲလျောင်းနေသေးသော်လည်း လင်းရုဖေး၏စကားကြားသည်နှင့် ချက်ချင်းထထိုင်ကာ အဝတ်အစားလဲပြီးနောက် လင်းရုဖေးနှင့် အပြင်ထွက်မည့်အကြောင်း ပြောလာသည်။
လင်းရုဖေးသည် သူ၏သက်ဝင်လှုပ်ရှားသော အသွင်အပြင်ကြောင့် အံသြသွားကာ "ရှဲကုန်းဇီ မင်း ဒဏ်ရာရထားတယ်မဟုတ်ဘူးလား"
ထိုအခါမှသာ ရှဲကျင်းရှန့်သည် ဖြစ်ပျက်နေသည်များကို သတိရသွားပြီး "အိုး" ဟု ရေရွတ်လိုက်ကာ တမင်တကာ ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်လေသည်။
ရှဲကျင်းရှန့်သည် သူ့သူငယ်ချင်းဟောင်းများနှင့် တွေ့နေရသရွေ့ ထိုဒဏ်ရာသည် အရေးမကြီးကြောင်း ပြောလာသည်။
သူ ထိုကဲ့သို့ပြောနေရင်းနှင့် သူ့အဝတ်အစားများလဲရန် ကန့်လန့်ကာနောက်ဘက်သို့ သွားလိုက်ကာ လျင်မြန်တက်ကြွစွာ ပြန်ထွက်လာပြီး လင်းရုဖေးကို ဆွဲခေါ်ကာ အပြင်သို့ ထွက်သွားတော့သည်။
တံခါးပေါက်မှ ထွက်လာသောအခါ သူ့အစ်ကို၏အခြေအနေကို လာကြည့်သော ညီဖြစ်သူ ရှဲယိကျစ်ကို တွေ့လိုက်ရပြီး ရှဲယိကျစ်က အံ့ဩသွားကာ ''အစ်ကို မင်းဒဏ်ရာတွေ ဘယ်တုန်းက သက်သာသွားတာလဲ မနေ့ကအထိ အိပ်ရာထဲမှာ ပင်ပန်းပြီး လဲနေသေးတာမဟုတ်ဘူးလား''
ရှဲကျင်းရှန့်က ပြန်ဖြေလိုက်သည်။
"ကောင်စုတ်လေး မင်းက ဘာသိလို့လဲ ငါ မပင်ပန်းနေရင်တောင် နောက်တစ်ကြိမ် ငါ့ကို အလုပ်ပြန်လုပ်ခွင့်ပေးမှာမဟုတ်ဘူး''
ရှဲကျင်းရှန့်နှင့် လင်းရုဖေးထွက်သွားသည်ကို ရှဲယိကျစ် လုံးဝပြောစရာစကားမဲ့စွာ ရပ်ကြည့်နေခဲ့သည်။
လင်းရုဖေးနှင့် မကောင်းဆိုးဝါးကျောင်းတို့သည် မြစ်ကမ်းစပ်တွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ရှဲကျင်းရှန့်သည် လမ်းလျှောက်မည့်အစား ဓားကိုအသုံးပြုလုနီးပါး သူတတ်နိုင်သလောက် မြန်မြန်လမ်းလျှောက်နေသည်။ အဆုံးတွင် လင်းရုဖေးက သူ့ကို တားလိုက်ပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။
"မနေ့ကအထိ အိမ်မှာ ဖက်ထုပ်တစ်ခုလို မင်း အထုပ်ခံရထားတုန်းပဲ ဒီနေ့ မင်း လူအများအာရုံစိုက်ခံရအောင် လုပ်လိုက်ရင် ကောင်းမှာမဟုတ်ဘူး"
ရှဲကျင်းရှန့်သည် ထိုစကားများကို သေချာစဥ်းစားလိုက်ပြီး လင်းရုဖေး ပြောသည်မှာ မှန်ကြောင်း သဘောပေါက်သွားပြီး ပြင်းပြသောစိတ်ဆန္ဒကို သည်းခံလိုက်သည်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်သည် မြစ်ဆီသို့ရောက်လာကြပြီး တောက်ပနေသောနေရောင်အောက်တွင် ကျောင်းကို ဆင့်ခေါ်လိုက်သည်။ ထိုမှသာလျှင် လင်းရုဖေးသည် ကျောင်၏အမည်မှာ ထျန်းရွှေဖြစ်ကြောင်း သိခဲ့ရပြီး ထိုနာမည်သည် အလွန်ကျက်သရေရှိလှပေ၏။
အချိန်အတော်ကြာခေါ်ဆိုပြီးနောက် ကျောင်း၏အရိပ်အယောင်ကို သူတို့ မတွေ့ရပေ။ မတော်တဆမှုတစ်ခုရှိမရှိကို လင်းရုဖေး တွေးမိသည့်အချိန်တွင် ရော့မြစ်အလယ်တွင် ရေတိုင်လုံးတစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် ရေတိုင်လုံးသည် လူပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် မနေ့က လင်းရုဖေးထံ အကူအညီတောင်းရန် ရောက်လာခဲ့သောကျောင်းပင်ဖြစ်၏။
"ထျန်းရွှေ!!!" ရှဲကျင်းရှန့်က အံ့သြစွာ အော်ခေါ်လိုက်သည်။
ထျန်းရွှေသည် ရှဲကျင်းရှန့်ထံ လျှောက်သွားကာ သူ မတုံ့ပြန်နိုင်သေးခင်မှာပင် ရှဲကျင်းရှန့်က သူ့ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။
ထျန်းရွှေသည် အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံပေါ်သော်လည်း ရှဲကျင်းရှန့်ကို မငြင်းပယ်ဘဲ "ရှဲကျင်းရှန့် မင်း တော်တော်ဆိုးဆိုးဝါးဝါးဒဏ်ရာ ရထားတယ်လို့ ငါကြားတယ်"
ရှဲကျင်းရှန့် : "အင်း... ...တော်တော်ဆိုးတယ်"
ထျန်းရွှေက မေးလိုက်၏။ "တကယ်လား"
ရှဲကျင်းရှန့်က ဆက်ပြောလေသည်။
"ငါ မင်းကို ပြရင်ရော ဘယ်လိုလဲ"
ထျန်းရွှေ ပြော၍မဆုံးခင်မှာ ရှဲကျင်းရှန့်သည် သူ့ဘောင်းဘီခါးပတ်ကို ကျေကျေနပ်နပ်ကြီး ချွတ်လိုက်သောကြောင့် ထျန်းရွှေက ဒေါသတကြီး ဆူပူကြိမ်းမောင်းတော့သည်။
"မင်းဘာလုပ်နေတာလဲ"
ရှဲကျင်းရှန့်က ပြန်မေးလိုက်၏။
"ဒါက မင်းမြင်ချင်နေတာပဲ မဟုတ်ဘူးလား"
ထျန်းရွှေက ဒေါသတကြီး ပြန်ဖြေသည်။
"မင်းရဲ့ဒဏ်ရာတွေကို ငါ ကြည့်ချင်တာ ဘာလို့ မင်းက ခါးပတ်ကို ဖြုတ်လိုက်တာလဲ"
ဤသို့ဖြင့် ဂုဏ်သရေရှိသောရုပ်ရည်ဖြင့် ရှဲမိသားစုဝင်တစ်ဦးရဲ့လျင်မြန်စွာ ပြောဆိုလိုက်သောစကားကို လင်းရုဖေး ကြားလိုက်ရသည်။
"ဒါပေမယ့် ငါ့ဖင်က နာနေတာလေ"
ထျန်းရွှေ : "... ..."
လင်းရုဖေး : "... ..."
အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် လင်းရုဖေးက နောက်ဆုံးတွင် ထကာ နှုတ်ဆက်စကားပြောလိုက်သည်။
''မင်းတို့ အရင်စကားပြောသင့်တယ် ငါ့မှာ လုပ်စရာတွေရှိသေးလို့ ငါအရင်သွားနှင့်တော့မယ်"
****
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းရုဖေး : အကြီးအကဲနဲ့ သူငယ်ချင်းဖြစ်ရတာ ကောင်းပါတယ် ဒါပေမယ့် အားနည်းချက် တစ်ခုတော့ ရှိတယ်
ကုရွှမ်းတု : ဘာအားနည်းချက်လဲ
လင်းရုဖေး : ကျွန်တော့်ဖင်နာတယ်
ကုရွှမ်းတု : ... ...
─────────────────────────────────────────────────
Translated By IQ-Team.