Chapter 143
ပင်လယ်နှင့်ကောင်းကင်
───────
မြင်းလှည်းပေါ်ထိုင်နေစဥ်တွင် ရှဲယိကျစ်သည် မှော်ကျောက်တုံးကို လွှင့်ပစ်တော့မည်ဖြစ်သော်လည်း အေးစက်သောလေ ရုတ်တရက် တိုက်ခတ်လာသောကြောင့် လှည်းတစ်ခုလုံး တုန်ခါသွားရသည်။ ဤထူးဆန်းသောလေနှင့်အတူ ပြင်းထန်သောငါးညှီနံ့ကိုပါရရှိလိုက်သည်။ ၎င်းကို ရှဲယိကျစ်သတိပြုမိသောအခါ သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး” ဟု အော်ဟစ်လိုက်ပြီး ရထားပေါ်ကနေ ထပြီး ထွက်သွားရန် ကြံရွယ်လိုက်သည်။
သို့သော်လည်း ဘေးတွင်ထိုင်နေသော ချီယွီသည် ရုတ်တရက် သူ့လက်သည်းများကို မြှောက်လိုက်ပြီး လောလောဆယ် သူ့ကိုနောက်ကျောခိုင်းထားသော ရှဲယိကျစ်အပေါ် ကုတ်ခြစ်လိမ့်မည်ဟု မည်သူကထင်မည်နည်း။ ရှဲယိကျစ်သည် ကုတ်ခြစ်မခံရခင် အတော်လေးစိတ်ရှုပ်ထွေးမိသွားသည်။ သူက ခြေလှမ်းအနည်းငယ်ခန့် ဒယီးဒယိုင်လျှောက်လိုက်ပြီးနောက် လှည်းပေါ်သို့ ပြန်လဲကျသွားသည်။
သူ အံ့အားသင့်သွားသလို အပြင်မှလေသည်လည်း ရပ်တန့်သွားပြီး လူတွေကို စိတ်မသက်မသာဖြစ်စေသည့် ငါးနံ့များလည်း ပျောက်ကွယ်သွားပေသည်။
"မင်း ဘာကြောင့် ငါ့ကို ရိုက်ရတာလဲ"
ရှဲယိကျစ်သည် ခေါင်းကိုလှည့်ကာ ချီယွီကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
ချီယွီက သူ့လက်သည်းများကို လျှာနှင့်လျက်လိုက်ပြီးနောက် စိတ်ဝင်စားမှုမရှိဘဲ ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
“ငါ ရိုက်ချင်ရင် ရိုက်မယ်"
ရှဲယိကျစ်: "... ..."
ချီယွီ “ဘာပြဿနာရှိလို့လဲ"
ချီယွီကို နိုင်အောင်မတိုက်ခိုက်နိုင်သောကြောင့် ရှဲယိကျစ်သည် ပြဿနာမရှာဝံ့ပေ။ အပြင်တွင်ရှိနေသောအရာသည် ပျောက်ကွယ်သွားသည်ဟု ခံစားမိပြီးနောက် သူ့လည်ပင်းကို ကျုံ့ပြီး ထောင့်တစ်နေရာတွင် သက်ပြင်းချကာ ဆက်ထိုင်နေလိုက်သည်။ ချီယွီက မျက်လုံးများကို မှေးကျဥ်းထားပြီး သူ့ကို စိုက်ကြည့်နေသဖြင့် ရှဲယိကျစ် အသက်ပင်ရဲရဲ မရှူဝံ့တော့ပေ။
သူ့ရဲ့ချွေးမငယ်လေးလို အသွင်အပြင်က လင်းရုဖေးအတွက် အတော်လေးရယ်စရာကောင်းနေသည်။
နောက်ရက်အနည်းငယ်အကြာတွင် ကောင်းကင်၌ မိုးမရွာတော့သလို လင်းရုဖေးလည်း ကျောင်း၏အရှိန်အဝါကိုလည်း မခံစားရတော့ပေ။ ထိုအချိန်မှစပြီး ကျောင်းသည် လုံးဝပျောက်ကွယ်သွားပုံရသည်။
ရှဲယိကျစ်က ကျောင်းကို ဖမ်းချင်သေးသော်လည်း ချီယွီကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဝံ့သေးပေ။ သူသည် အစီအရင်ဖွဲ့စည်းမှုများတွင် ကျွမ်းကျင်သော်လည်း မျက်နှာချင်းဆိုင်တိုက်ခိုက်ရန် အမှန်တကယ်ပင် စွမ်းအားမရှိသည့်အပြင် ချီယွီ၏လက်သည်းများဖြင့် တစ်ချက်တိုက်ခိုက်ခံရရုံနှင့်ပင် သူ့အသက်တစ်ဝက်ကို ယူဆောင်သွားနိုင်သည်။
ကူကယ်ရာမဲ့စွာ ထိတ်လန့်ကြောက်ရွံ့နေသော ရှဲယိကျစ်သည် အလွန်လက်တွေ့ကျသော ဆင်ခြင်တုံတရားနှင့်အတူ သည်းခံရန်ကိုသာ ရွေးချယ်နိုင်သည်။
လှည်းဖြင့်ခရီးသွားသည်မှာ ခြောက်ရက် ခုနစ်ရက်လောက် မရှိသေးသည့်တိုင်အောင် နောက်ဆုံးတွင် ရှဲမိသားစု၏ ပိုင်နက်နယ်မြေထဲသို့ ဝင်လာချေပြီ။ ရှဲယိကျစ်သည် ချီယွီကို ကြည့်ကာ ရယ်မောလိုက်သည်။
“ဟားဟားဟားဟားဟားဟား ငါတို့ ဒီမြို့တံခါးကို ဝင်လိုက်တာနဲ့ အဲဒါက ငါ့မိသားစုရဲ့ပိုင်နက်ပဲ"
ထိုအချိန်တွင် ဖူဟွား၏ရင်ခွင်ထဲတွင် နူးညံ့ညင်သာစွာ ပွေ့ချီခံထားရသော ချီယွီသည် ရှဲယိကျစ်၏စကားကို ကြားသောအခါ မထူးခြားနားသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပြီး "ဒါဆို မင်းက ဘာလုပ်ချင်လို့လဲ"
ရှဲယိကျစ်က အသံကျယ်လောင်စွာ ကြေညာလိုက်သည်။
"ငါ မင်းကို ထိကိုင်ချင်တယ် မင်းရဲ့သားကိုလည်း ထိကိုင်ချင်တယ် မင်းမိသားစုတစ်ခုလုံးကို ထိကိုင်ချင်တယ်——"
ချီယွီသည် သူ့မူလပုံစံဖြင့်သာမဟုတ်ပါလျှင် ရှဲယိကျစ်၏စကားများသည် အရမ်းရွံစရာကောင်းတယ်ဟု သူ သေချာပေါက်ပြောလိမ့်မည်ပင်။ သို့သော် ချီယွီသည် ယဲ့မော့ပုံစံဖြစ်နေလျှင်တောင် ခါတိုင်းကဲ့သို့ပင် ဆိုးရွားစွာဒေါသထွက်တတ်ဆဲဖြစ်သည်။ ဤသို့ဖြင့် နေ့ခင်းကြောင်တောင်တွင် လူတိုင်း၏အရှေ့၌ လူယုတ်မာသဖွယ်လုပ်ရန်ကြိုးစားနေသော ရှဲယိကျစ်သည် ရိုက်နှက်ခံလိုက်ရပြီး နောက်ဆုံးတွင် သူ့မျက်နှာ၌ သွေးများထွက်လျက်ပုံဖြင့် အလွန်သနားစရာကောင်းစွာ သူ့အိမ်ထဲသို့ ဝင်သွားရသည်။
လင်းရုဖေးက စိတ်ဓာတ်ကျနေသောလူနောက်သို့လိုက်သွားပြီး ရှဲမိသားစု၏ခြံဝင်းထဲသို့ လိုက်ဝင်သွားသည်။
ရှဲမိသားစုသည် မကြီးမားသော်လည်း ဓားသိုင်းကျင့်ကြံသော အခြားမိသားစုများနှင့်မတူသည့် ကွာခြားချက်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ နံရံတွေပဲဖြစ်ဖြစ် ထုပ်တန်းတွေပဲဖြစ်ဖြစ် သူမြင်ရသည့်နေရာတိုင်းလိုလိုတွင် အမျိုးမျိုးသော မှော်ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသည်။ အချို့မှော်ကျောက်တုံးများကို လင်းရုဖေး သိပြီး အချို့မှာ သူတစ်ခါမှ မမြင်ဖူးသောကြောင့် ရှဲမိသားစုသည် ဤအရာများကို အလွန်နှစ်သက်အလေးထားကြောင်း သိသာထင်ရှားပေသည်။ လင်းရုဖေး၏လက်ထဲတွင်ရှိသောဖိတ်ကြားချက်သည် ရှဲယိကျစ်၏အစ်ကိုဖြစ်သူအတွက်ဖြစ်ပြီး ကျောင်းကြောင့်ဒဏ်ရာရသွားကြောင်း ရှဲယိကျစ်ပြောခဲ့သည့်သူဖြစ်သည်။
လင်းရုဖေး ရောက်ရှိလာခြင်းအတွက် ရှဲမိသားစုသည် အနည်းငယ် အံ့အားသင့်သွားခဲ့ကြသော်လည်း သားဖြစ်သူ၏ မျက်နှာပေါ်တွင် ဒဏ်ရာအမျိုးမျိုးကို မြင်လိုက်ရသောအခါ ရှဲယိကျစ်၏မိခင်သည် အံ့ဩသွားသည်မှလွဲ၍ သူတို့၏ အပြုအမူများသည် စိတ်အားထက်သန်နေကြသည်။
"သားလေး ဒီတစ်ကြိမ် မင်းအပြင်ထွက်သွားတော့ ဘယ်ကောင်မလေးက မင်းကို ဒီလိုရှုပ်ပွနေအောင် လုပ်ပေးလိုက်တာလဲ"
သူ့အမေ၏အမေးကို ကြားပြီးနောက် ရှဲယိကျစ် အော်ဟစ်လိုက်ပြီး "အမေ အမေ မသိဘူး စွမ်းအားကြီးတဲ့ တောကြောင်လေးတစ်ကောင်က ကျွန်တော့်ကို ရှုပ်ပွသွားအောင်လုပ်ခဲ့တာ နောက်ပြီး ကျွန်တော့်ကို သေလုနီးပါးဖြစ်တဲ့အထိ ကုတ်ခြစ်ခဲ့သေးတယ်... ..."
မေမေရှဲသည် “ကြောင်ရိုင်း” ဟူသော စကားလုံးကို ကြားလိုက်သောအခါ သူမ၏အမူအရာသည် အနည်းငယ် ထူးဆန်းပုံပေါ်သွားသည်။
“တောကြောင်လေးလား သူက လှလား"
“လှတယ်”
ရှဲယိကျစ်သည် သူ့နှာခေါင်းကို ပွတ်သပ်လိုက်ပြီး “သူ့အမွှေးတွေက တောက်ပြောင်ပြီး ချောမွေ့နေတာပဲ ကျွန်တော့်ကို ထိတွေ့ခွင့်မပေးဘူး သူ့ကို ထိခွင့်မပေးရင်နေပါ သူ့သားကိုလည်း ကိုင်ခွင့်မပေးဘူး... ..."
မေမေရှဲသည် အေးခဲသွားပြီး “သူ့မှာ သားတစ်ယောက်ပါရှိနေသေးတယ်လား"
“ဟုတ်တယ်” ရှဲယိကျစ်က ပြန်ဖြေလိုက်သည်။
"သားလေးကလည်း သူ့လိုပဲ လှတယ်"
သူတို့နှစ်ဦးသည် ဘဲများနှင့် စကားပြောနေသော ကြက်နှင့် အတော်တူလှသည်[1]။ မေမေရှဲ နားလည်မှုလွဲနေသည်ကို သူ မသိသောကြောင့် မကြာခင်မှာပင် သူမမျက်လုံးများသည် သနားစရာအဖြစ်မှနေ သဘောမတူသည့်အဖြစ်သို့ ပြောင်းသွားတော့သည်။
''သားလေး အမေတို့က ဂုဏ်သိက္ခာရှိတဲ့မိသားစုပဲ အမေတို့က တခြားသူတွေကို ဘယ်လိုလုပ် ထိတွေ့လို့ရနိုင်မလဲ နောက်ပြီး သူတို့မှာ သားတစ်ယောက်လည်းရှိသေးတယ် ဒီလိုရှုပ်ပွနေအောင် ကုတ်ခြစ်ခံရတာ မင်းနဲ့ ထိုက်တန်တယ်’'
ရှဲယီကျစ်သည် စိတ်ရှုပ်ထွေးသွားပြီး “ဒါဆို အဲဒါကို ထိဖို့ ကျွန်တော် ဘာလုပ်ရမလဲ"
[1] - လူများ တစ်ယောက်နဲ့တစ်ယောက် နားမလည်ခြင်း။
မေမေရှဲက ပြန်ဖြေလိုက်သည်။ “အနည်းဆုံး မင်း လူတွေကို တံခါးဝကနေ ကြိုဆိုပေးရမယ်[2]"
[2] - မိသားစုမှ ကြိုဆိုခြင်း။ လက်ထက်ခြင်းကို ဆိုလိုသည်။
၎င်းကိုကြားသောအခါ ရှဲယိကျစ်သည် တုန်တုန်ယင်ယင်နှင့် ပလုပ်တုပ်ကဲ့သို့ သူ့ခေါင်းကို ခါလိုက်သည်
"မရဘူး မရဘူး သူ့ကိုသာ ကြိုဆိုရင် ကျွန်တော် ရူးနေလို့ပဲဖြစ်မယ်"
ဘေးတွင်ရပ်ပြီး သားအမိကြား စကားဝိုင်းကို နားထောင်နေသော လင်းရုဖေးမှာ မျက်ရည်ထွက်ကျလုမတတ် ရယ်ချင်နေသည်။ ထိုကဲ့သို့ ပြစ်တင်ရှုတ်ချသောအကြည့်ဖြင့်ကြည့်နေသော မေမေရှဲသည် ရှဲယိကျစ်ကို စိတ်ထဲတွင် ဘယ်လိုပုံမျိုး ပုံဖော်ထားလဲ သူ မသိနိုင်သော်လည်း အနည်းငယ်မျှသာ သူမ ပိုနားလည်ခဲ့လျှင် သူမသားလေးသည် ချစ်စရာကောင်းသည့်မိန်းမငယ်လေးနှင့် မတွေ့ဆုံးဖူးကြောင်း၊ တကယ့်တောကြောင်တစ်ကောင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
သူတို့စကားထဲမှ ကြောင်အလှလေသည် ရှဲယိကျစ်နောက်သို့ မလိုက်ဘဲ သူ့သားကို ပါးစပ်နှင့်ကိုက်ချီကာ တခြားတစ်နေရာဆီ ထွက်သွားခဲ့သည်။ လင်းရုဖေး နေရာချပြီးမှသာ ပြတင်းပေါက်မှနေ သူ့ခေါင်းကို တိုးဝှေ့ကာထွက်ပေါ်လာပြီး သူ့သားကို လင်းရုဖေး၏အိပ်ရာပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားတွင် လဲလျောင်းကာ သူ့အမွေးများကို သပ်ရပ်စေရန် ဖြည်းညှင်းစွာ ပွတ်သပ်နေသည်။
“ငါ ဒီနေရာကို မကြိုက်ဘူး"
လင်းရုဖေးက မေးလိုက်သည်။ "ဘာဖြစ်နေလို့လဲ"
ယဲ့မော့သည် မျက်လုံးများကို မှေးကျဥ်းကာ “ဒီအိမ်မှာ နတ်ဆိုးတွေရဲ့ စွမ်းအားကို တားစီးနိုင်တဲ့ မှော်ကျောက်တုံးတွေ အများကြီးရှိတယ် အဲဒါက အရမ်းစိတ်ပျက်စရာကောင်းတယ်"
လင်းရုဖေးက မေးခွန်းထုတ်လိုက်မိသည်။
"ဒါက မင်းအပေါ် သက်ရောက်မှုရှိလို့လား"
“ရှိတယ် ဒါပေမယ့် သိပ်တော့မများဘူး”
ယဲ့မော့က ပြန်ဖြေလိုက်၏။
“ဒါပေမယ့် နတ်ဆိုးသေးသေးလေးတွေအတွက်တော့ အဲဒါက သေစေနိုင်တဲ့အထိ အလွန်အန္တရာယ်ရှိတဲ့အရာတစ်ခုပဲ"
လင်းရုဖေးက အံ့ဩသွားသည်။
“ကျောင်းကို နတ်ဆိုးငယ်လေးလို့ ယူဆထားတာလား"
ယဲ့မော့က ပြန်ဖြေ၏။
"ယောင်ကွမ်းမှာနေတဲ့ နတ်ဆိုးတွေအားလုံးက နတ်ဆိုးလေးတွေပဲ"
သူ၏ကြက်သွေးရောင်မျက်လုံးများသည် စက်ဆုပ်ရွံရှာနေသောအကြည့်ကို ဖော်ထုတ်ထားကာ “ပုအယ်မှာ ရှင်သန်နိုင်တဲ့သူတွေကပဲ နတ်ဆိုးကြီးတွေ"
လင်းရုဖေးက အလေးအနက်တွေးခေါ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ရှဲယိကျစ်ကလင်းရုဖေးကို လာရှာသောအခါ သူ တိုက်ရိုက်ဝင်မသွားဝံ့ပေ။
ပထမဦးဆုံး ခေါင်းကို ဘယ်ညာကြည့်ကာ ကုတင်ပေါ်ရှိ ယဲ့မော့ကို မြင်ပြီးမှသာ အခန်းထဲသို့ သတိထားဝင်လာပြီး ယဲ့မော့နှင့် ခပ်လှမ်းလှမ်းတွင် ရပ်ကာ “လင်းကုန်းဇီ ငါ့အစ်ကိုကြီးက မင်းဒီမှာရှိမှန်းသိပြီး မင်းကို ဖိတ်ကြားပြီး စကားစမြည်ပြောချင်လို့ စားသောက်ပွဲတစ်ခုပြင်ဆင်ထားတယ်"
လင်းရုဖေးက အသာရယ်မောလိုက်ပြီး “မင်းဘာလို့ ဒီလိုအမူအရာမျိုး လုပ်နေရတာလဲ"
ရှဲယိကျစ်က ရိုးရိုးသားသား ပြောလိုက်သည်။
“သူ ငါ့ကို ရိုက်နှက်မှာ ကြောက်တယ်"
လင်းရုဖေးက ရယ်မောလိုက်ပြီး "မင်း သူ့ကို မနှောင့်ယှက်ရင် သူက ဘာလို့ ရိုက်မှာလဲ"
ရှဲယိကျစ်က တိုးတိုးလေး ပြောလိုက်သည်။
"လင်းကုန်းဇီက သူ့ကို ရန်သွားစမှာကို ငါ ကြောက်တယ်"
လင်းရုဖေးက ယဲ့မော့၏အမြီးကို ဆွဲပြီး သူ့ကို အပြစ်ပေးခံရအောင်လုပ်သည့်အချိန်ကို သူမှတ်မိနေသေးပုံရသည်။ ယဲ့မော့ ရှဲယိကျစ်အား ဗလာသက်သက်အကြည့်ဖြင့် စိုက်ကြည့်နေပြီး သူစကားပြောလာခင်အထိ လင်းရုဖေးက ရယ်မောနေသည်။
''လင်ရုဖေးက မင်းလိုမျိုး မုန်းစရာကောင်းတဲ့လူလို့ မင်း ထင်တယ်ပေါ့ နေပါဦး လင်းရုဖေး မင်းလည်း ငါ့အမြီးကို နှစ်ခါမဆွဲခဲ့ဘူးလား ဒါဆို မင်းရော ရှဲယိကျစ်ရော နှစ်ယောက်လုံး ဘာမှကောင်းတာမရှိဘူး——"
အဆုံးတွင် ရှဲယိကျစ်သည် လင်းရုဖေးကို ခါးခါးသီးသီး ကြည့်နေပြီး လင်းရုဖေးက ကုရွှမ်းတုကို အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်နေသော မြင်ကွင်းတစ်ခု ဖြစ်လာတော့သည်။
နေရာများစွာသို့ ခရီးသွားပြီးနောက် လင်းရုဖေးသည် စားသောက်ပွဲများသို့ သွားရသည်ကို ကျင့်သားရလာခဲ့ပြီး ပထမဆုံး တောင်ပေါ်မှဆင်းလာသောအချိန်နှင့် နှိုင်းယှဉ်လျှင် ဂုဏ်သိက္ခာရှိသောအသံဖြင့် ယဉ်ကျေးဖွယ်နှုတ်ခွန်းဆက်စကား အနည်းငယ်ကို ပြောရန်ပင် သင်ယူနိုင်ခဲ့သည်။ ရှဲယီကျစ်၏အစ်ကိုဖြစ်သူ ကျင်းပသောစားသောက်ပွဲသည် ယခင်ပွဲနှင့်ခြားနားလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် သူ ထိုနေရာသို့ ရောက်သွားသောအခါ အခန်းထဲတွင် ခမ်းနားသောစားသောက်ပွဲကို ခင်းကျင်းထားဆဲဖြစ်သော်ငြားလည်း ရှဲယိကျစ်၏အစ်ကိုဖြစ်သူမှာ အိပ်ရာပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာပုံမပေါ်သည်ကို တွေ့လိုက်ရသည်။ လင်းရုဖေးရောက်လာသည်ကို သူ သတိထားမိသောအခါ အိပ်ယာမှ ခက်ခက်ခဲခဲထပြီး လင်းရုဖေးကို ထိုင်ခိုင်းကာ နှုတ်ဆက်လိုက်သည်။
လင်းရုဖေးသည် အခြေအနေကြောင့် ထိတ်လန့်သွားပြီး လျင်မြန်စွာ ပြောလိုက်သည်။
''မင်းမှာ ဒဏ်ရာတွေရှိနေရင် အရင်ဆုံး ပြန်ကောင်းလာအောင် မင်း လုပ်သင့်တယ် စားသောက်ဖို့က အရေးမကြီးပါဘူး''
ရှဲယိကျစ်၏အစ်ကိုဖြစ်သူသည် ရှဲကျင်းရှန့်ဟုအမည်ရှိပြီး ကျင့်ကြံရေးသတ္တမအဆင့်ရှိသည်။ သူသည် အစီအရင်တည်ဆောက်သူမိသားစုမှ မွေးဖွားလာခဲ့သော်လည်း ဓားသိုင်းကျွမ်းကျင်မှုသည် အလွန်ကောင်းမွန်လှသည်။ သို့သော်လည်း ယခုအခါတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တီးများဖြင့် တင်းကြပ်စွာ ထုပ်ပိုးခံထားရပြီး ပထမတစ်ချက်ကြည့်ရုံနှင့်တင် သူ၏ပုံသဏ္ဍာန်သည် လူသားတစ်ယောက်နှင့်မတူဘဲ မြင်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
လင်းရုဖေးက ဤအခြေအနေတွင် မည်သည်ကို စတင်ပြောဆိုရမည် မသိသောကြောင့် သူ့စိတ်ထဲတွင် ရေရွတ်နေမိသည်။
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး ငါ အရမ်းကြီး မနာပါဘူး ငါ့အမေက အရမ်းစိတ်ပူနေတာကြောင့်ပါ"
ရှဲကျင်းရှန့်သည် သူ့လက်ကိုဝှေ့ယမ်းကာ ဘာမှမဖြစ်သလို ပြောလိုက်သည်။
"အရင်ကတည်းက ငါ့အဖေက စောစောသေသွားခဲ့ပြီး ငါက မိသားစုကို တာဝန်ယူခဲ့ရတယ် ဒါကြောင့် ဧည့်ဝတ်ကျေပွန်မှု ညံ့ဖျင်းခဲ့ရင် လင်းကုန်းဇီ အပြစ်မမြင်ပါနဲ့"
လင်းရုဖေးက ပြုံးကာ "အဲလို မမြင်ပါဘူး"
သူသည် ရိုးရှင်းစွာ ဖိတ်ကြားစာကို ထုတ်လိုက်ပြီး ရှဲကျင်းရှန့်ကို ကမ်းပေးလိုက်သည်။
ရှဲကျင်းရှန့်သည် ၎င်းကို သူ့လက်နှစ်ဖက်ဖြင့်ရိုရိုသေသေယူကာ လင်းရုဖေးကို ကျေးဇူးတင်စကားဆိုလိုက်ပြီး လင်းရုဖေးက ရှဲယိကျစ်နှင့် မည်ကဲ့သို့တွေ့ဆုံပြီး အတူပြန်လာသည်ကို ပေါ့ပေါ့ပါးပါး မေးလာသည်။
ထို့နောက် လင်းရုဖေးသည် သူတို့ မြို့ငယ်လေးတစ်မြို့ကို မည်ကဲ့သို့ဖြတ်ကျော်သွားကြောင်း၊ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် နတ်ဆိုးဖမ်းရန် အစီအရင်တစ်ခုကိုဖွဲ့စည်းနေသော ရှဲယိကျစ်ကို တွေ့လိုက်ရကြောင်းစသည့် အခြေအနေများကို ပေါ့ပေါ့ပါးပါး ပြန်ပြောပြလိုက်သည်။ လင်းရုဖေး၏ပြောပြချက်ကို နားထောင်ပြီးနောက် ရှဲကျင်းရှန့်၏အမူအရာသည် ပို၍ပင် ရုပ်ဆိုးသွားလိမ့်မည်ဟု မည်သူထင်မည်နည်း။ နောက်ဆုံးတွင် သူကဒေါသတကြီးဖြင့် စားပွဲကိုရိုက်လိုက်ပြီး ရှဲယိကျစ်၏နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းတော့သည်။
“အဲဒါကို ဖမ်းပေးဖို့ မင်းကို ဘယ်သူကပြောလို့လဲ"
ရှဲယိကျစ်သည် သူ၏တူများကို ကိုင်ကာ စားသောက်နေဆဲဖြစ်သောကြောင့် ရှဲကျင်းရှန့်၏အသံကို ကြားလိုက်သောအခါ စိတ်ရှုပ်သွားပြီး "အကိုကြီးက နတ်ဆိုးကြောင့် ဒါဏ်ရာရခဲ့တာလေ အဲဒါကြောင့် နတ်ဆိုးကို သတ်တာ သဘာဝမကျဘူးလား"
ရှဲကျင်းရှန့်က အော်ပြောလိုက်သည်။
"မင်း နတ်ဆိုးကို သတ်ချင်ရင်တောင် ဒီလိုအပြစ်မဲ့တဲ့သူတွေကို ထိခိုက်အောင် မလုပ်သင့်ဘူးလေ"
ရှဲယိကျစ်သည် အခြားတစ်ခုခုကို ပြောချင်သေးသော်လည်း ရှဲကျင်းရှန့်သည် စကားဖြတ်ပြောလိုက်ပြီး ရှဲယိကျစ်ကို သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ရန် ဘိုးဘေးခန်းမသို့ သွားရန် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ့ညီလေးသည် ငယ်ငယ်ကတည်းက မိသားစုမှ အလိုလိုက်ခြင်းခံခဲ့ရပြီး ပြင်ပလူများနှင့် အဆက်အဆံမရှိသည့်အတွက်ကြောင့် အချို့ကိစ္စများတွင် အမှားအမှန်ကို ပိုင်းခြားရန် ခက်ခဲကြောင်းပြောဆိုကာ ရှဲကျင်းရှန့်သည် လင်းရုဖေးအား တောင်းပန်စကားဆိုပြီး ဘေးဒုက္ခအန္တရာယ်ဆိုးကြီးကို ဖန်တီးနေသော ရှဲယိကျစ်အား တားဆီးပေးခဲ့သည့်အတွက် လင်းရုဖေးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလာသည်။
ဤရှဲကျင်းရှန့်သည် ရှုပ်ပွနေသော အဖြူရောင်ပိတ်စများဖြင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးခံထားရသော်လည်း အဖြူရောင်ပတ်တီး၏ အနောက်မှ ကြည့်နေသော သူ့မျက်လုံးများသည် အလွန်ကြည့်ကောင်းနေသေးသည်။ သူ့အသွင်အပြင်သည် အရမ်းချောမောပြီး ရှဲယိကျစ်ကို ပြစ်တင်ရှုံ့ချသည့်အချိန်တွင် လူအများ စောဒကမတတ်နိုင်အောင် ပို၍ဩဇာအာဏာလွှမ်းမိုးပြီး ပြင်းထန်တင်းမာလွန်းလှပေသည်။
အဆုံးတွင် ဤသည်မှာ ရှဲမိသားစု၏ကိစ္စဖြစ်သောကြောင့် လင်းရုဖေးက ကြားဝင်ပြောဆိုရန် မသင့်လျော်ဟု ယူဆမိသည်။ သူက ခေါင်းညိတ်ပြပြီး ကြီးကြီးမားမား အပြစ်ပေးစရာ မလိုကြောင်း ပြောလိုက်သည်။ နောက်ဆုံး၌ ဘာမှကြီးကြီးမားမား ဖြစ်ပျက်ခဲ့သွားခြင်းမျိုးလည်းမရှိပေ။
ရှဲကျင်းရှန့်က ခါးသီးစွာပြုံးလိုက်ပြီး "တကယ်လို့ တစ်ခုခုသာဖြစ်ခဲ့ရင် အရမ်းနောက်ကျသွားလိမ့်မယ်"
ထို့နောက် ဘာမှမဖြစ်သကဲ့သို့ လင်းရုဖေးအား ကျောင်းအကြောင်းမေးလိုက်သည်။ ကျောင်းသည် သူ့ညီ၏လက်ထဲတွင် ရှုံးနိမ့်ခဲ့သလား သိချင်နေပေသည်။
လင်းရုဖေးက ရယ်မောလိုက်ပြီး “ဒါက ဒါဏ်ရာအချို့တော့ သေချာပေါက် ရသွားခဲ့မှာပဲ"
ရှဲကျင်းရှန့်က တောင့်တင်းသွားသည်။
“ဒါပေမယ့် ကြီးကြီးမားမားတော့ ဖြစ်မသွားပါဘူး အသေးအဖွဲ ဒဏ်ရာလောက်ပါပဲ”
လင်းရုဖေးသည် လမ်းကျဥ်းလေးထဲတွင် သူတွေ့ခဲ့သည့် ဝါးခမောက်နှင့် ကောက်ရိုးအင်္ကျီကို ၀တ်ဆင်ထားသောလူကို သတိရသွားပြီး "ရှဲကုန်းဇီနဲ့ ကျောင်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဆံရေးမျိုးလဲ"
"အဆက်အဆံ မရှိပါဘူး"
ရှဲကျင်းရှန့်က တီးတိုးဆိုသည်။
"ငါ ရေကြီးတာကို ထိန်းချုပ်ဖို့ သွားတုန်းက သူနဲ့တွေ့ခဲ့ရုံတင်ပါ"
ကျောင်းသည် ပင်လယ်ထဲသို့ ဝင်သောအခါတွင် ရေလွှမ်းမိုးခြင်း ခံရပေလိမ့်မည်။ ရှဲမိသားစုသည် ရောမြစ်ဘေးတွင်ရှိသောကြောင့် ရေကြီးခြင်းသည် ပုံမှန်အတိုင်းသာဖြစ်သည်။ သို့သော် ရှဲကျင်းရှန့်၏အပြောအဆိုနှင့် သဘောထားကို ကြည့်လိုက်ခြင်းဖြင့် ရှဲကျင်းရှန့်သည် ကျောင်းနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း လင်းရုဖေး မယုံပေ။
သို့သော် ရှဲကျင်းရှန့်သည် ၎င်းကို ဝန်မခံချင်သောကြောင့် လင်းရုဖေးလည်း ၎င်းနှင့်ပတ်သက်ပြီး ဘာမှထပ်မပြောနိုင်တော့ပေ။ ဝိုင်နှင့် အစားအသောက်များ စားသောက်ပြီးနောက် လင်းရုဖေးသည် ထကာ ရှဲကျင်းရှန့် ကောင်းကောင်းအနားယူနိုင်စေရန်အတွက် နှုတ်ဆက်စကားဆိုလိုက်သည်။
_____
Translated By IQ-Team.