Chapter 142
ရှဲယိကျစ်
───────
ရှဲယီကျစ်က အံ့အားသင့်သွားပြီး "မင်းရဲ့ဥကို ခိုးယူနိုင်တဲ့သူရှိသေးတယ်လား"
ချီယွီ: "... ..."
ရှဲယိကျစ်က ခဏလောက်စဉ်းစားပြီးနောက် “မင်းက ငါထင်ထားသလောက် အစွမ်းထက်မဲ့ပုံလည်းမပေါ်ဘူး"
ချီယွီသည် ရှဲယိကျစ်ဆီသို့ နောက်တစ်ကြိမ် ခုန်ဝင်သွားပြီး သူ ပြန်ထလာသောအခါတွင် ရှဲယိကျစ်၏မျက်နှာတွင် သွေးအနည်းငယ် စွန်းထင်းသွားချေပြီ။ ရှဲယိကျစ်၏အစီအစဥ်သည် အားကောင်းသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ဆိုးရွားပုံရသည်။ ရှဲယိကျစ်သည် ပြန်လည်ခုခံနိုင်စွမ်းမရှိဘဲ ချီယွီ၏နင်းချေခြင်းခံလိုက်ရပြီး နာကျင်စွာအော်ဟစ်ကာ မြေပြင်ပေါ်တွင်သာ လဲလျောင်းနေနိုင်တော့သည်။
လင်းရုဖေးက ရှဲယိကျစ်ကို အလွန်အသိအမှတ်ပြုသည်။ စကားလုံးတိုင်းဖြင့် ချီယွီ၏နာကျင်စရာအချက်များကို ထိုးဆွနိုင်သော ရှဲယိကျစ်၏စွမ်းရည်ကို သူအတော်သဘောကျမိသည်။
လင်းရုဖေးက ထိုကိစ္စကို စဉ်းစားပြီး နောက်ဆုံးတွင် သူ့ကိုယ်သူ မိတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ရှဲယိကျစ်သည်လည်း လင်းမိသားစုအကြောင်းကို သိသော်လည်း သူ့ရှေ့ရှိလူသည် လင်းရုဖေးဖြစ်ကြောင်း ကြားလိုက်ရသောအခါ အနည်းငယ် အံ့ဩသွားသည်။
“လင်းရုဖေးရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ အဖေက အိမ်မှာစောင့်နေတယ် ဘာလို့ လင်းကုန်းဇီက ဒီမှာ အကြာကြီးနေ နေရတာလဲ"
သူ့စိတ်ထဲတွင် လင်းရုဖေးက သူ့ကိုယ်သူ တွေးမိသည်။ မင်းဘယ်လိုတောင် မေးရဲတာလဲ အားလုံးက မင်းကြောင့်ပဲလေ။
သူသည် လက်ဆန့်ထုတ်ကာ ပြတင်းပေါက်ကို ညွှန်ပြလိုက်ပြီး “ငါ လိုချင်တဲ့ လှေကို ငှားလို့မရသေးဘူး"
ရှဲယိကျစ်က နားမလည်သောကြောင့် မေးလိုက်၏။
“ဘာလို့ မင်းက လှေလိုချင်တာလဲ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။ “အပြင်ကိုကြည့်လိုက်"
မိုးစဲသွားသော်လည်း အပြင်ဘက်ရှိရေများသည် ကျဆင်းမသွားသေးဘဲ လမ်းတစ်ခုလုံး မိုးရေများဖြင့် ပြည့်နေသည်။ ရှဲယိကျစ်က တစ်ချက်ကြည့်လိုက်ပြီး ရှက်ကိုးရှက်ကန်း ရယ်မောကာ ပြောလိုက်သည်။
''ဒီလိုကြောင့်ကိုး ဒါပေမယ့် ကိစ္စမရှိပါဘူး အစီအရင်ရပ်ပြီးရင် မိုးလည်း ရပ်သွားမှာပါ မကြာခင် ရေကပြန်ကျသွားမှာ ကျောင်းနောက်တစ်ခေါက်ထွက်ပြေးသွားမှာကိုတော့ သနားမိတယ် သူ့ခြေရာကို ငါ ဘယ်တော့မှပြန်ရှာတွေ့နိုင်မလဲဆိုတာတော့ မသိဘူး''
ချီယွီသည် စပ်စုတတ်သောနတ်ဆိုးမဟုတ်ပေ။ လင်းရုဖေးသာ သူ့ကို မပစ်ထုတ်လိုက်လျှင် ရှဲယိကျစ်ကို သူ စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ရှဲယိကျစ်သည် အခြားမည်သည်ကိုမျှ မပြောတော့သည်နှင့် အခန်းတွင်းရှိ လေထုသည် တဖြည်းဖြည်း လျှော့ကျသွားသည်။
လင်းရုဖေးသည် မူလက ရေကျပြီးနောက် အခြားသူများအား မထိခိုက်စေရန်အတွက် ရှဲယိကျစ်ကို ပြန်ပို့ရန် စိတ်ကူးထားခဲ့သော်လည်း ကုရွှမ်းတုက လေထုအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး လင်းရုဖေး၏နား အနားသို့ ရောက်ရှိလာပြီး သူ့ကို ပျော်စရာရှာချင်သလားဟု မေးလာသည်။
"ပျော်စရာလား" လင်းရုဖေးက စိတ်ဝင်တစား မေးလိုက်သည်။
ကုရွှမ်းတုသည် ချီယွီ၏အမြီးဆီသို့ သူ့မေးစေ့ကို မြှောက်ပြလိုက်သည်။
လင်းရုဖေး၏လက်များ ချက်ခြင်း ယားယံသွားသော်လည်း သူ့လေသံတွင် တုံ့ဆိုင်းမှုအချို့ရှိနေသေးသည်။
"ဒီလိုအပြစ်ပေးတာတော့ မကောင်းဘူးထင်တယ်... ...ဟုတ်တယ်မလား"
ကုရွှမ်းတုက ပြန်ဖြေလိုက်၏။
"မင်း အခု အပြစ်မပေးရင် နောက်ပိုင်း မင်းအစား အပြစ်ပေးမယ့်သူ ရှိမှာမဟုတ်ဘူး"
လင်းရုဖေး: "... ..."
“လာ လာပါ”
ကုရွှမ်းတုသည် သူ့မိသားစု၏သခင်ငယ်လေးကို မကောင်းသည့်အရာများလုပ်ဆောင်ရန် စိတ်အားထက်သန်မှုအပြည့်ဖြင့် ညွှန်ကြားပေးတော့သည်။
"လက်လှမ်းပြီး အဲဒါကို ဆွဲလိုက် ကျန်တဲ့အပိုင်းကို ရှဲယိကျစ်ဆီ လွှဲထားလိုက်"
လင်းရုဖေးက အနည်းငယ် ချီတုံချတုံ ဖြစ်နေမိသော်လည်း ကုရွှမ်းတု၏ အစွမ်းကုန် ကြိုးစားအားထုတ်မှုအောက်တွင် လင်းရုဖေးသည် သူတို့ကို ကျောခိုင်းကာ ပြတင်းပေါက်အပြင်ဘက်သို့ ပျင်းရိစွာ ကြည့်နေသော ချီယွီနောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူ့အမြီးသည် အလွန်အားမရှိသည့်ပုံဖြင့် ရံဖန်ရံခါ ဖြေညှင်းစွာလှုပ်ရမ်းနေသည်။
ရှဲယိကျစ်သည် ချီယွီ၏နောက်တွင် အလွန်နာခံသည့်ပုံစံဖြင့် ထိုင်နေသည်။ သူက လင်းရုဖေးကို သတိပြုမိသောအခါ သူ ဘာကြောင့် ရောက်လာသည်ကို ရှဲယိကျစ် နားမလည်သော်လည်း စိတ်ရှုပ်ထွေးသောအကြည့်ဖြင့်သာ သူ့ကို ကြည့်နေလိုက်မိသည်။
လင်းရုဖေးက တောင်းပန်လိုသောအပြုံးနှင့်အတူ သူ့ကို ပြန်ကြည့်လိုက်သည်။
ရှဲယိကျစ်က လင်းရုဖေးအပြုံး၏အဓိပ္ပါယ်ကို မတုံ့ပြန်နိုင်သေးမီတွင် ချောမောပြီး မြင့်မြတ်သောသခင်ငယ်လေးသည် ဖြူဖွေးသွယ်လျသည့် သူ့လက်များကိုဆန့်ထုတ်လိုက်ပြီး လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ သူ့ရှေ့တွင် ဖြည်းညှင်းစွာ လှုပ်ရမ်းနေသော အမြီးကို ညင်သာစွာ ညှစ်လိုက်သည်။
“အား!!!”
အမြီးပိုင်ရှင်သည် ချက်ချင်းပင် ရှစ်ပေအမြင့်သို့ ခုန်တက်သွားတော့သည်။
သူလှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်တွင်ထိုင်နေသော ရှဲယိကျစ်ကိုတွေ့သည်နှင့် သူ့ပစ်မှတ်ကို ချက်ခြင်းရှာတွေ့သွားကာ တိုက်ခိုက်ရန်ပြင်လိုက်ပြီး"သေစမ်း မင်း...ငါ့အမြီးကို ဆွဲဖို့ ဘယ်သူက မင်းကို ခွင့်ပြုလို့လဲ——”
သူက အော်ဟစ်ပြီးနောက် ချက်ခြင်းပင် ရှဲယိကျစ်ထံ ခုန်အုပ်လိုက်သည်။ ရှဲယိကျစ်သည် မြေပြင်ပေါ်သို့ လှဲချခြင်းမခံရခင် အချိန်ထိ သူ့တွင် ရှင်းပြရန် အချိန်မရှိခဲ့ဘဲ သနားစရာကောင်းစွာ အော်ဟစ်နေရုံသာတတ်နိုင်သည်။
လင်းရုဖေးသည် သူ့လက်များကို ကျောနောက်တွင် စုစည်းထားပြီး အပြစ်ကင်းသည့်ပုံပေါက်ပြီး နွေးထွေးသောအသံနှင့်တောင် ပြောလိုက်သေးသည်။
“ချီယွီ နူးညံ့ပါ လူကို မထိခိုက်စေနဲ့"
ရှဲယိကျစ် : "... ...????" လင်းကုန်းဇီ မင်း ဘာဖြစ်ချင်နေတာလဲ!
ရှဲယိကျစ် မြေပြင်မှ ပြန်ထလာချိန်တွင် သူ့မျက်နှာ၌ ဒဏ်ရာအနည်းငယ် ထပ်မံရရှိသွားပြန်သည်။
သူက လင်းရုဖေးကို ကြေကွဲနေဟန် မျက်လုံးများဖြင့် ကြည့်ကာ တုန်လှုပ်သောအသံဖြင့် လင်းရုဖေးကို လက်ညှိုးထိုးပြီး “လင်းကုန်းဇီ... ...မင်း... ...မင်း... ..."
လင်းရုဖေးက ဝမ်းနည်းပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
“အာ ရှဲကုန်းဇီ ချီယွီက သူ့အမြီးကို မထိရဘူးလို့တောင် ပြောခဲ့တယ်လေ စိတ်အားထက်သန်မှုကို ဘာကြောင့် မထိန်းချုပ်နိုင်ရတာလဲ"
ရှဲယိကျစ်သည် လင်းရုဖေးကို အလွန်ဒေါသထွက်နေသောကြောင့် သူ့မျက်လုံးများသည် မျက်တွင်းများမှ ထွက်ကျလာတော့မည့်သကဲ့သို့ ပြူးကျယ်နေသည်။
ယခုမူ ချီယွီ ဒေါသထွက်နေပြီဟု ယူဆလို့ရသည်။ ချီယွီသည် သူတို့ကို ကျောခိုင်းမထားတော့ဘဲ မျက်လုံးများကို မှေးကျဥ်းကာ နှစ်ယောက်စလုံးကို ကြည့်လိုက်သည်။ အမြီးသည် ကိုင်၍ကောင်းသောကြောင့် ကုရွှမ်းတု နှစ်ကြိမ်ကိုင်ကြည့်ခြင်းသည် အံ့သြစရာမဟုတ်ဟု စဥ်းစားကာ လင်းရုဖေးသည် ယခုလက်ရှိ သူ့နောက်ကျောတွင်ရှိနေသောလက်များကို ကျေနပ်စွာ ပွတ်သပ်နေသည်။ အမြီးသည် နူးညံ့ချောမွေ့နေသည်။ ၎င်းကို ဆုပ်ကိုင်လိုက်သောအခါ ပျော့ပျောင်းသောတိမ်တိုက်ကို ထိတွေ့လိုက်ရသကဲ့သို့ဖြစ်နေပြီး ရပ်တန့်ရန် ခက်ခဲစေသည်။ ကြောင်ကို ပေါ့ပေါ့ဆဆ ပွေဖက်ထိတွေ့နိုင်ခဲ့သောဖူဟွားကို သူ မနာလိုမဖြစ်ဘဲမနေနိုင်ပေ။
အာ...မိန်းကလေးအဖြစ်မွေးမလာတာကို မုန်းမိရမှာလား...
လင်းရုဖေးက တိတ်တိတ်လေး သက်ပြင်းချမိသည်။
ရှဲယိကျစ်သည် လင်းရုဖေး၏ဆိုးယုတ်သောဘက်အခြမ်းကို မြင်ပြီးနောက် တစ်ကမ္ဘာလုံးကို စတင်သံသယဝင်လာမိသည်။ သူသည် လင်းရုဖေး၏နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သောအမူအရာအား စိုက်ကြည့်ကာ သူ့မျက်နှာပေါ်ရှိဒဏ်ရာများသာ နာကျင်နေဆဲမဟုတ်လျှင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးသည် သူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်ဟု သူထင်ကောင်းထင်မိလိမ့်မည်ပင်။
သို့သော် ရှဲယိကျစ်၏ရှင်သန်လိုစိတ်ပြင်းပြမှုသည် ချီယွီထံမှ တိတ်တဆိတ် အဝေးသို့ထွက်ခွာသွားစေပြီး တိုက်ဆိုင်စွာပင် ကုတင်ပေါ်တွင် အိပ်နေသော ကြောင်လေးကို သတိထားမိလိုက်သည်။ သူသည် ချီယွီပေးသောဝေဒနာများစွာကို ခံစားခဲ့ရပြီးနောက် ယခုတွင် ထိုကဲ့သို့ ချစ်စရာကောင်းသောကြောင်ကလေးကို မြင်လိုက်ရသောအခါ သူ့နှလုံးသားတစ်ခုလုံး နူးညံ့ပျော့ပျောင်းလာကာ ထိုကောင်လေးကို ပွတ်သပ်ရန် လှမ်းကိုင်လိုက်သည်။
"ကြောင်လေးက ဘယ်ကလာတာလဲ—"
ရှဲယိကျစ် ထိုသို့ပြုလုပ်လိုက်သောအခါ လင်းရုဖေးခမျာ သူ့ကို တားရန် အချိန်မရလိုက်ပေ။
ထိုထိတွေ့မှု၏ရလဒ်အနေနှင့် လင်းရုဖေး ၎င်းကို ဆက်လက်မဖော်ပြနိုင်တော့ပေ။ ချီယွီ၏နည်းလမ်းများသည် အလွန်ရက်စက်ကြမ်းကြုတ်သည်ဟုသာ ပြောနိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိသော ရှဲယိကျစ်သည် ကြည်လင်တောက်ပသောမျက်ရည်များ ကျဆင်းလာရလေသည်။
ဖူဟွား တံခါးကိုဖြတ်၍ အထဲသို့ဝင်သွားသောအခါ သူမ သခင်လေး၏အိပ်ရာဘေးတွင် ထိုင်ငိုနေသော ထူးဆန်းသည့်လူငယ်တစ်ဦးကို တွေ့လိုက်ရပြီး သူမ အရင်ကထိကိုင်ခဲ့ဖူးသော ကြောင်ကြီးသည်လည်း ထိုထူးဆန်းသောလူကို ပြင်းပြင်းထန်ထန် အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသား၏မျက်နှာသည် လက်သည်းခြစ်ရာများနှင့်ပြည့်နှက်နေပြီး ထိုဒဏ်ရာများသည်အလွန်မပြင်းထန်သော်လည်း အလွန်ဆိုးဝါးလွန်းလှသည်။
လင်းရုဖေးသည် ပြတင်းပေါက်နားတွင် ရပ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
'လူသားတွေ သူတို့ ကံမကောင်းရင် ရေအေးတောင် သူတို့သွားတွေကြားထဲမှာ ကပ်နေလိမ့်မယ်'
"သခင်လေး"
ဖူဟွားသည် ဘာဖြစ်သွားသည်ကို မသိသောကြောင့် ကုတင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
သဘာဝကျကျ လှုပ်ရှားမှုများဖြင့် သူမသည်ကြီးမားသောကြောင်ကြီးကို ကောက်ယူကာ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး မေးလိုက်သည်
“ဒီလူက ဘယ်သူလဲ အာ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ရှဲမိသားစုက ရှဲကုန်းဇီ"
ဖူဟွားက မေးလိုက်သည်။
"ရှဲကုန်းဇီလား သူဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"
လင်းရုဖေးက ပြန်ဖြေ၏။
"အဲဒါက ပြောရရင် ဇာတ်လမ်းရှည်ကြီးပဲ"
ဖူဟွားကဆိုသည်။
“အပြင်ဘက်မှာ မိုးစဲသွားတာကို ကျွန်မ တွေ့ခဲ့တယ် မနက်ဖြန် ရေပြန်ကျသွားလိမ့်မယ်”
သူမက ရှဲကုန်းဇီကိုကြည့်လိုက်သော်လည်း အံ့အားသင့်သောအမူအရာဖြင့် သူမကို ပြန်စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
သူမက ရုတ်တရက် အံ့ဩသွားကာ "ရှဲကုန်းဇီ ဘာလို့ ကျွန်မကို အဲဒီလိုကြည့်နေတာလဲ"
အမှန်တကယ်တွင် ရှဲယိကျစ်သည် ဖူဟွားကို ကြည့်မနေပေ။ ထိုအစား ဖူဟွား၏လက်မောင်းကြားတွင် ပြီတီတီမျက်နှာထားနှင့်မျက်လုံးများကိုစွေပြနေသော နတ်ဆိုးတစ်ကောင်ကို ကြည့်နေခြင်းဖြစ်သည်။ သူသည် ငိုရှိုက်ကာ ကွဲပြားစွာဆက်ဆံခံရပုံတို့ကြောင့် နတ်ဆိုးကို အပြစ်တင်ကာတိုင်တောချင်မိသော်လည်း သူ့မျက်နှာပေါ်တွင် ရရှိခဲ့သော ဒဏ်ရာကြောင့် နောက်ဆုံးတွင် ပါးစပ်ကိုပိတ်ကာ ခေါင်းငိုက်စိုက်ချပြီး ဝမ်းနည်းစွာပြောလိုက်သည်။
“မင်းက ကြည့်ကောင်းလို့ ဖြစ်မှာပေါ့”
ဖူဟွားက နားမလည်ပေ။
လင်းရုဖေးက ပြုံးကာ ဖူဟွားကို နောက်ထပ် အခန်းတစ်ခု ကြိုမှာခိုင်းခဲ့ပြီး ရှဲကုန်းဇီသည် မနက်ဖြန် သူတို့နှင့်အတူ ထွက်ခွာမည့်အကြောင်း ပြောလိုက်သည်။
ဖူဟွားသည် “အိုး” ဟု လွှတ်ခနဲပြောလိုက်ပြီး အပြင်မထွက်ခင် ကြောင်ကြီးကို တွန့်ဆုတ်စွာဖြင့် ချထားခဲ့လိုက်သည်။
ဖူဟွား ထွက်သွားသည်ကို ချီယွီ မြင်သောအခါ သူသည် ကုတင်ပေါ်သို့ ဖြည်းညှင်းစွာ ခုန်တက်လိုက်ပြီး သူနှင့် ဝေးဝေးနေစေရန် ရှဲယိကျစ်ကို ကန်ထုတ်လိုက်သည်။
ရှဲယီကျစ်သည် ချီယွီကို ဒေါသတကြီးနှင့် အနိုင်ကျင့်လွန်းတယ်ဟု တွေးလိုက်မိသော်လည်း သူ တိတ်တဆိတ်ပင် နေရာပြောင်းကာ လင်းရုဖေးကို ဝမ်းနည်းစွာဖြင့်သာ ဆက်ကြည့်လိုက်သည်။
လင်းရုဖေးက မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ သူ့စိတ်ထဲတွင်တော့ သူက မကောင်းမှုများကို လုပ်ရန်မသင့်တော်ဘဲ အပြစ်ရှိသလို ခံစားနေရကြောင်း တွေးနေမိသည်။
ကုရွှမ်းတုကမူ အလွန်ပင် ဂရုမစိုက်စွာဖြင့် သူ့မျက်နှာပေါ်တွင် တောက်ပသောအပြုံးများဖြင့် ပြည့်နေသည်။ ရှဲယိကျစ်၏မျက်နှာသည် ကုတ်ခြစ်ရာများဖြင့် ရှုပ်ပွနေမည်ကိုသာ ကုရွှမ်းတု မစိုးရိမ်ခဲ့လျှင် ချီယွီ၏အမြီးကို နောက်တစ်ကြိမ် ထပ်ဆွဲမိပေလိမ့်မည်။
ခက်ခဲသောနေ့တစ်နေ့ကိုဖြတ်သန်းပြီးနောက် နောက်တစ်နေ့ သူတို့ထွက်ခွာခါနီးတွင် ရှဲယိကျစ်သည် ထောင့်တစ်နေရာတွင် သေလုနီးပါးဖြစ်နေပေသည်။ ချီယွီသည် ယီရွေ့၏ရင်ခွင်ထဲတွင် ပွေ့ချီခံထားရစဥ် ကြောင်ကလေးကို ပွေ့ချီထားသော လင်းရုဖေးသည် သူ့ဘေးတွင်ထိုင်လိုက်သည်။
ရှဲယိကျစ် သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်လုံးထဲမှ ဝမ်းနည်းမှုမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ ချီယွီ၏အမွှေးကို ပွတ်သပ်ပေးနိုင်သော ဖူဟွားကို မနာလိုခြင်းလား၊ ချောမောလှပသည့် အစေခံမိန်းကလေးတစ်ယောက်၏ ရင်ခွင်ထဲတွင် လှဲလျောင်းနိုင်သည့် ချီယွီကို မနာလိုခြင်းလား၊ ဒါမှမဟုတ် နှစ်ခုလုံးကို မနာလိုခြင်းလား သူကိုယ်တိုင်လည်းမသိတော့ပေ။
လင်းရုဖေးက ခေါင်းကိုငုံ့ထားကာအန္တရာယ်ကင်းပြီး နူးညံ့သိမ်မွေ့သောအကြည့်ကို ဆင်မြန်းထားဆဲဖြစ်သည်။ မနေ့က ရှဲယိကျစ်သည် လင်းရုဖေး၏ အကွက်ဆင်ခြင်းကို မခံခဲ့ရပါလျှင် သူ၏အန္တရာယ်မရှိသည့်အသွင်အပြင်ကို သူ ယုံကြည်နေပေလိမ့်မည်။
ရေပြန်ကျသွားပြီးနောက် လမ်းပေါ်တွင် ရွှံ့များ အများကြီးကျန်နေသေးသဖြင့်ရထားကိုအမြန်မသွားလာရဲပေ။
သို့သော် ခရီးတစ်ဝက်ဖြတ်ကျော်လာပြီးနောက် စိတ်အေးလက်အေးရှိနေသော ကုရွှမ်းတုသည် အသံအချို့ကို ကြားလိုက်ရသောကြောင့် ခန္ဓာကိုယ်သည် ရုတ်တရက် ဖြောင့်မတ်သွားသည်။ လင်းရုဖေး ၎င်းကို မြင်သောအခါ လေသံတိုးတိုးဖြင့်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကုရွှမ်းတုက ပြန်ဖြေလိုက်၏။
"တစ်ခုခု ကိုယ်တို့နောက်ကို လိုက်လာတယ်"
လင်းရုဖေးက မေးလိုက်သည်။
"ဘာလိုက်လာတာလဲ"
သို့သော် ကုရွှမ်းတုသည် ပြန်မဖြေပေ။ ယင်းအစား ယခုလက်ရှိတွင် ငိုက်မျဉ်းနေသော ရှဲယိကျစ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ကိုယ်ဟန်အနေအထားကို ဖြည်းညှင်းစွာ ဖြေလျှော့ကာ ပြောလိုက်သည်။
"ဒီကောင့်ကြောင့် လိုက်လာတာထင်တယ်"
လင်းရုဖေး : "ဟမ်..."
ကုရွှမ်းတုက ပြန်ဖြေ၏။
"ရန်မူစရာ ဘာအကြောင်းမှ မရှိတာ အဲဒါကို စိတ်ပူမနေနဲ့"
လင်းရုဖေးက "အိုး" ဟုသာ ပြောလိုက်သည်။
မျက်လုံးများမှိတ်ကာ တစ်ရေးတစ်မော အိပ်နေသော ချီယွီသည်လည်း တစ်ခုခုကို ခံစားမိပုံရသည်။ သူသည် မျက်လုံးများကို တစ်ဝက်တစ်ပျက်ဖွင့်ကာ လင်းရုဖေးကြည့်နေသည့်နေရာဆီသို့ ကြည့်လိုက်သော်လည်း လျင်မြန်စွာပင် သူအကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပျင်းရိစွာဖြင့်'မြှောင်'ဟု တစ်ချက်အသံပေးလိုက်သည်။ လင်းရုဖေးသည်လည်း ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားပုံရသည်။ သူသည် ရေနံ့ပြင်းပြင်းကို ရှူရှိုက်မိပုံရသည်။ လက်တွေ့ကျကျပြောရလျှင် မိုးသည် သိပ်မကြာသေးခင်ကမှ ရပ်သွားသည်ဆိုသောကြောင့် ရေနံ့ပြင်းပြင်းကိုရသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော်လည်း ဤရနံ့သည် သာမန်ရေအနံ့နှင့် အနည်းငယ်ကွဲပြားပုံရပြီး ယခုရနေသောရနံ့သည် သူတို့ပတ်ဝန်းကျင်တစ်ဝိုက်၌သာ လှည့်ပတ်နေသကဲ့သို့ဖြစ်နေသည်။ ထင်သာမြင်သာမရှိသော်လည်း လူများအတွက် လျစ်လျူရှုလိုက်ရန်တော့ မဖြစ်နိုင်ပေ။
မျက်လုံးမှိတ်ထားသည့် ရှဲယိကျစ်သည်လည်း နိုးလာပြီး တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။
ရှဲယိကျစ်သည် မတ်မတ်ထထိုင်လိုက်ပြီးနောက် မေးလာသည်။
“မင်းတို့ အနံ့တစ်ခုခု ရလား”
ချီယွီက သူ့မျက်ခွံများကို ပင့်တင်ကာ သူ့ကို ကြည့်လိုက်သည်။
ရှဲယိကျစ်သည် အံ့ဩသွားပြီး "ဘာလို့ ရုတ်တရက် ငါ့ဆီလာဖို့ ဆုံးဖြတ်လိုက်တာလဲ သေမှာမကြောက်ဘူးလား ထူးဆန်းတယ် ထူးဆန်းတယ် အရင်ကဆို အဲဒါက ငါ့ကို ရှောင်ဖို့ အသည်းအသန်ကြိုးစားနေတာ ဒီနေ့မှ ဆေးမှားသောက်မိတာလား... ..."
လင်းရုဖေးက မေးလိုက်သည်။
"အဲဒါက မင်းအရင်တုန်းက သတ်ချင်နေခဲ့တဲ့ကျောင်းလား"
“အင်း”
ရှဲယိကျစ်သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး လေထုထဲစိမ့်ဝင်ပျံ့နှံ့နေသော ရေရနံ့ကို ရှူရှိုက်လိုက်သည်။
သူ့အသံသည် အနည်းငယ်အေးစက်နေပြီး "ဒီရွံစရာကောင်းတဲ့ ငါးနံ့ကို ငါ့တစ်သက်လုံး ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး"
သူကစကားပြောနေရင်းဖြင့် သူ့အိတ်ကပ်ထဲရှိ လိမ္မော်ဝါရောင်မှော်ကျောက်တုံးကို ဆွဲထုတ်လိုက်သည်။ အဆိုပါ မှော်ကျောက်တုံးပေါ်ရှိ သင်္ကေတများသည် အမှန်တကယ် ရှားပါးသောရေခဲပြာရောင်ဖြစ်ပြီး ၎င်းကို အသုံးမပြုခင်မှာပင် စိတ်ဝိညာဉ်အရှိန်အဝါတစ်ခု တစ်ဟုန်ထိုးဖြတ်သန်းရောက်ရှိလာသည်။
"အဲဒါက ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီမလို့"
ရှဲယိကျစ်သည် အံကြိတ်ကာ "ငါကတော့ ယဉ်ကျေးနေမှာ မဟုတ်ဘူး"
─────────────────────────────────────────────────
Translated By IQ-Team.