အပိုင်း ၁၄၁
Viewers 37k

Chapter 141
 ရှဲယိကျစ်

───────

လင်းရုဖေးက သူတို့နှစ်ယောက် ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသည်မှာ မည်မျှကြာပြီမှန်း မပြောနိုင်သော်လည်း နောက်ဆုံးတွင် နှစ်ရက်လုံးရွာနေသောမိုးမှာ တဖြည်းဖြည်းနှင့် စဲသွားပေပြီ။ ထိုကိစ္စကို စိတ်ပူနေခဲ့ကြသော လူများသည် နောက်ဆုံး၌ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ လေပေါ်မှ တိုက်ပွဲသည်လည်း တဖြည်းဖြည်း ပြီးဆုံးသွားပြီဖြစ်ပြီး ပါးစပ်ထဲတွင် တစ်ခုခုကို ကိုက်ထားသောကြောင်ပုံစံ နတ်ဆိုးကြီးတစ်ကောင်ကသူ့နံဘေးသို့ ပျံသန်းလာသည်ကို လင်းရုဖေး တွေ့လိုက်ရသည်။ သူနှင့် ပိုနီးကပ်လာလေလေ နတ်ဆိုး၏ ကိုယ်လုံးကိုယ်ထည်ပုံသဏ္ဍာန်သည် သေးငယ်လာလေလေဖြစ်သည်။ လင်းရုဖေးသည် ၎င်းကို စိုက်ကြည့်ကာ နတ်ဆိုး၏အသွင်အပြင်လက္ခဏာကို အတည်ပြုလိုက်သည်—ယင်းက သူ၏ဓားနှင့် ပစ်ထုတ်ခြင်းခံလိုက်ရသောတစ်ယောက်ပင်။ အထူးခြားဆုံးသောအရာမှာ သူက အစိမ်းရောင်အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို ပါးစပ်ထဲတွင် ကိုက်ချီထား၏။ 

ထိုလူ၏မျက်နှာသည် ရောင်ရမ်းနေပြီး ပါးစပ်မှလည်း တစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုနေသေးသောကြောင့် ထိုလူသည် ချီယွီ၏ရိုက်နှက်ခြင်းကို ခံခဲ့ရပုံပင်။ ချီယွီက သူ၏ဆဲဆိုသံကြောင့် စိတ်တိုသွားကာ လက်ကိုမြှောက်ပြီး လက်သည်းနှင့် ကုတ်ခြစ်လိုက်သောကြောင့် ထိုလူသည် လုံးလုံးလျားလျား သတိလစ်မေ့မြောလုနီးပါးဖြစ်သွားသည်။

ချီယွီက တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် သာမန်ကြောင်တစ်ကောင်၏အရွယ်နီးပါး ဖြစ်သွားသောကြောင့် သူ့ပါးစပ်ဖြင့် သယ်ဆောင်လာသောသူသည် မကြာမီ သူ့ပါးစပ်မှ ထွက်ကျသွားသည်။ “ဘောင်း” ဆိုသောအသံနှင့်အတူ ထိုသူကို အမှိုက်တစ်စကဲ့သို့ မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လင်းရုဖေးအား ကျိန်ဆဲရင်း ထိုသူကို တက်နင်းလိုက်သည်။ 

“အရှက်မရှိလိုက်တာ ထပ်လုပ်လိုက်စမ်းပါ[1]"

 [1] - “နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ငါ မင်းကို စိန်ခေါ်တယ်” လို့ ပြောသလိုပါပဲ။

လင်းရုဖေးအား သူ၏အမြီးကို ဆွဲလိုက်ခြင်းနှင့်ပတ်သက်ပြီး သူ စိတ်အနှောင့်အယှက် ဖြစ်နေတုန်းပင်။

လင်းရုဖေးက သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး “မလုပ်တော့ဘူး မလုပ်တော့ဘူး"

"ဘာလို့ မလုပ်တာလဲ မင်းအခုနတုန်းကဖြင့် အဲဒါကြောင့် စိတ်လှုပ်ရှားနေခဲ့တာလေ" 

ယဲ့မော့က အံတင်းတင်းကြိတ်ပြီး မုန်းတီးစွာ ပြောလိုက်သည်။ 

“ယဲ့မော့ရဲ့အမြီးက ယောက်ျားတစ်ယောက်ရဲ့ခါးနဲ့ မိန်းမတစ်ယောက်ရဲ့လက်လိုပဲ မင်း တကယ်လက်လှမ်းပြီး ထိရဲတယ်ပေါ့ဟမင်းတကယ်ကြီးကို သေလမ်းရှာနေတာလား——"

လင်းရုဖေးက ညီးညူပြောဆိုလိုက်သည်။ 

“ဒါပေမယ့် ငါ့အစေခံမလေးလည်း အခုလေးတင် အဲဒါကို မထိလိုက်ဘူးလား"

ယဲ့မော့က မျက်မှောင်ကြုတ်ကာ “ဘယ်လိုလုပ် တူမှာလဲ"

လင်းရုဖေးက စိုက်ကြည့်လိုက်ပြီး "ဘာများ ကွာခြားသွားလို့လဲ"

ယဲ့မော့က အမှန်အတိုင်း ပြန်ဖြေ၏။ 

"မင်းရဲ့ အစေခံက လှပပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးလေ မင်းကကျတော့ ဘာဖြစ်လဲ...မင်းက မုန်းစရာကောင်းတဲ့လူတစ်ယောက်လေ——"

လင်းရုဖေးက သူ့စိတ်ထဲတွင် တိတ်တိတ်လေး တွေးမိ၏။ 

“ 'မုန်းစရာကောင်းတဲ့လူ' ဆိုတဲ့စကားကို ချစ်စရာကောင်းအောင် မင်း မပြောလို့မရဘူးလား" 

သို့သော် ယဲ့မော့သည် ဒေါသထွက်နေသေးသောကြောင့် လင်းရုဖေး ထုတ်မပြောဝံ့ပေ။ အဆုံးတွင် သူသည် နှစ်ကြိမ်မျှသာ ဟန်လုပ်ရယ်မောပြီး လေထုကို အနည်းငယ် ပြေလျော့သွားစေလိုက်သည်။

သူတို့စကားပြောနေချိန်တွင် ယဲ့မော့ထံမှ မြေပြင်ပေါ်သို့ ပစ်ချခြင်းခံထားရသော အမျိုးသားက တွေဝေမိန်းမောစွာနိုးလာပြီး ယဲ့မော့၏အာရုံကို ဆွဲဆောင်လိုက်သည်။ ထိုလူနိုးလာသည်နှင့်တပြိုင်နက် လင်းရုဖေးနှင့် ယဲ့မော့တို့နှစ်ယောက်အကြား စကားပြောနေသည်ကို ကြားပြီး မြေပြင်မှ ချက်ချင်းကုန်းထလိုက်သည်။ လင်းရုဖေးကို လက်ညှိုးထိုးရင်း တုန်လှုပ်ခြောက်ခြားစွာ အပြစ်တင်လိုက်သည်။ 

“မင်း...မင်း...မင်းက တကယ်ကို နတ်ဆိုးတစ်ကောင်နဲ့ ဆက်ဆံရေးရှိနေတယ်"

လင်းရုဖေးက ထိုသူ့ကို လျစ်လျူရှုပြီး အပြင်ဘက်ရှိ ကြည်လင်နေသောကောင်းကင်ကို လက်ညှိုးထိုးပြကာ"မိုးရွာအောင် လုပ်လိုက်တာ မင်းလား"

"အဲဒါ ငါပဲ" 

ထိုလူသည် သူ၏ရင်ဘတ်ကို ပုတ်ကာ ဝန်ခံခဲ့ပြီး သူ၏လုပ်ရပ်အားလုံးသည် မည်သည့်အရာမှ မမှားယွင်းသကဲ့သို့ပင်။

လင်းရုဖေးက “မိုးဆက်တိုက်ရွာနေရင် တစ်မြို့လုံး ရေမြုပ်သွားလိမ့်မယ် လူဘယ်နှစ်ယောက်တောင် သေသွားလိမ့်မယ်ဆိုတာရော မင်းသိရဲ့လား"

ထိုလူက ဂရုမစိုက်စွာဖြင့် “ဘဝမှာ အိုမင်းခြင်း ဖျားနာခြင်းနဲ့ သေခြင်းတွေက လူတွေဖြတ်သန်းကျော်ဖြတ်ရမဲ့အရာတွေပဲ ရေနစ်ခြင်းအတွက်က ကွဲပြားတဲ့ ရွေးချယ်မှုတစ်ခုပဲ အဲဒါ ဘာထူးဆန်းလို့လဲ"

 (t/n : ရေနစ်သေတာကလည်း သေတာပဲလို့ပြောချင်တာပါ။)

လင်းရုဖေးက ပြန်ဖြေလိုက်၏။ 

"မင်းရဲ့ ဆင်ခြေက အရမ်းထူးဆန်းတာပဲ"

"မထူးဆန်းပါဘူး မထူးဆန်းပါဘူး" 

ထိုလူသည် ရုပ်ရည်နုပျိုပြီး သူ့မျက်နှာကိုပဲ ကြည့်လိုက်လျှင် ဆယ်ကျော်သက်အရွယ်လောက်သာ ရှိသေးသည်ဟု အများစုက ထင်ကောင်းထင်ပေလိမ့်မည်။ သို့သော် ကောင်းကင်ယံတွင် အစီအရင်ချဝံ့သော ထိုသူ၏ ကျင့်ကြံဆင့်ကို အကဲဖြတ်ခြင်းဖြင့် ဆယ်ကျော်သက်မဖြစ်နိုင်ပေ။

လင်းရုဖေး၏အမေးကို ရင်ဆိုင်ရသောအခါ သူက ခေါင်းခါကာ “ငါက လူတွေအတွက် ဒုက္ခတွေကို ဖယ်ရှားပေးနေတာ တဖက်တလမ်းက ငြိမ်းချမ်းရေးတည်မြဲအောင်လို့ လူတွေနေတဲ့မြို့ကို ဖျက်ဆီးနေတာလေ"

လင်းရုဖေး ခေတ္တ မှင်သက်သွားပြီး “ငြိမ်းချမ်းရေးလား"

ထိုသူကဆိုသည်။

"သိပ်မကြာသေးခင်တုန်းက ကျောင်းတစ်ကောင် ရော့မြစ်ထဲကို ဝင်လာခဲ့တာ မင်း မသိပါဘူး အဲဒီကျောင်းက လူသားတွေရဲ့ ခွင့်ပြုချက် တံဆိပ်တစ်ခုရခဲ့တယ်လေ နောက်ပြီး ပင်လယ်ထဲကို ရောက်သွားရင် သူက မကောင်းဆိုးဝါးနဂါးအဖြစ် ပြောင်းသွားလိမ့်မယ် အဲဒီအခါကျရင် ပိုပြီးတော့ ဒုက္ခရောက်လိမ့်မယ်” 

သူက လေးနက်သည့်မျက်နှာထားနှင့် ဆက်ပြီးပြောလိုက်၏။ 

“အဲဒါကြောင့် ဒါကိုရပ်တန့်ဖို့အတွက် သူသွားမဲ့လမ်းကြောင်းမှာ အခြားတိကျတဲ့ အစီအစဥ်တစ်ခု ပြုလုပ်မယ် အများအားဖြင့် မိုးက လဝက်လောက်ကြာအောင်ဆွေမယ် လဝက်လောက်ကြာပြီးရင် ကျောင်းက ငါ့ကြောင့် ဒီနေရာမှာပဲ ပိတ်မိနေလိမ့်မယ်"

သူပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ယဲ့မော့၏ မနှစ်မြို့ဖွယ်မျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။ သူ ချက်ချင်း ထထိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။ 

“ဒါတွေ အကုန်လုံးက အချည်းနှီးပြောနေတာ မဟုတ်ဘူး...မင်းနဲ့ အဲဒီနတ်ဆိုးကြားမှာလည်း ဆက်ဆံရေးတစ်ခုရှိတဲ့ပုံပဲ နောက်ပြီး အဲဒါက အတော်လေးကောင်းမွန်တဲ့ပုံပဲ... ..."

ယဲ့မော့သည် ဒေါသတကြီးဖြင့် "ဘယ်သူက သူနဲ့ ဆက်ဆံရေးကောင်းနေလို့လဲ ဘာလို့အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ"

လင်းရုဖေးက ဒေါသထွက်နေသောကြောင်ကြီးတစ်ကောင်ကို လျစ်လျူရှုလိုက်ကာ မေးလိုက်သည်။ 

"မိုးရွာတာ လဝက်ကြာမှာလား မင်း ဒီမှာရှိတဲ့လူဘယ်နှစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာလဲ"

အနီးပတ်ဝန်းကျင်ဒေသအားလုံးသည် လွင်ပြင်တွေချည်းပင်ဖြစ်၏။ အမှန်တကယ် လဝက်ခန့်မိုးရွာခဲ့လျှင် ဤဒေသတွင်လူအများကြီး ကျန်တော့မည် မဟုတ်ပေ။

ထိုလူက သူ့လက်များကို ဖြန့်ပြီး ခေါင်းခါကာ "မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး" 

လင်းရုဖေးက ၎င်းကိုမြင်သောအခါ ဒေါသထွက်လွန်းတာကြောင့် ရယ်မောလိုက်မိသည်။ 

“မင်း ဒီလိုမျိုးလုပ်တဲ့အတွက် ဘယ်သူကမှ ဘာမှ မပြောကြဘူးလား"

"သူတို့ ပြောဖို့ သတ္တိရှိတယ်လား" 

ထိုလူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် “ငါ့လောက် တော်တဲ့သူ တစ်ယောက်မှ မရှိဘူး ဒါကြောင့် ငါ့အကြောင်းကို သူတို့ ဘာပြောစရာရှိလို့လဲ"

လင်းရုဖေးက မေးလိုက်၏။ 

"သူတို့က မင်းထက် ပိုတော်နေရင် မင်းအကြောင်းကို သူတို့ ပြောလို့ရတယ်ပေါ့"

ထိုလူက ပြန်ဖြေလိုက်၏။ “ဟုတ်တာပေါ့"

လင်းရုဖေးက ယဲ့မော့ကို လက်ညှိုးထိုးပြလိုက်ပြီး "ကြည့်စမ်း မင်း သူဖမ်းတာခံခဲ့ရတယ် ဒါကြောင့် ယေဘုယျအားဖြင့် သူက မင်းထက် ပိုပြီးစွမ်းအားကြီးတယ် မင်းပြောပုံအရဆို မင်း သူ့စကားကို နားမထောင်သင့်ဘူးလား"

ယဲ့မော့က ဘေးမှ ပူးပေါင်းဆောင်ရွက်လိုစွာဖြင့် ပြုံးကာ သက်ပြင်းချလိုက်သည်။ သူသည် ခန္ဓါကိုယ်ကို တွန့်လိမ်၍ စားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး စက်ဆုပ်ရွံရှာမှုအပြည့်ဖြင့် ဟိန်းဟောက်ပြောဆိုလိုက်သည်။ 

“ငါ့ညီငယ်လေးအဖြစ် ဒီလိုအမှိုက်မျိုးကို ဘယ်သူက လိုချင်မှာလဲ"

"ငါ့ကို အမှိုက်လို့ခေါ်ရအောင် မင်းက ဘယ်သူမလို့လဲ" 

“အမှိုက်” ဆိုသည့် စကားလုံးကြောင့် ထိုလူမှာ စိတ်ဆိုးသွားပြီး အမြင့်ရှစ်ပေအထိ ဒေါသတကြီးခုန်လိုက်သည်။

ယဲ့မော့ : "မင်းက သာမန်ကျောင်းတစ်ကောင်ကိုသတ်ဖို့အတွက်နဲ့ လူတွေအများကြီးကို သတ်ပစ်ဖို့ လိုအပ်တယ်ပေါ့ မင်းက အမှိုက်မှမဟုတ်ရင် ဘာလဲ" 

ယဲ့မော့က အေးစက်စွာ ရယ်မောလိုက်သည်။

ထိုလူမှာအံ့အားသင့်သွားပြီး ယဲ့မော့၏စကားကြောင့် ခဏတာ အသက်ရှူရပ်သွားသည်။

"ဒါပြီးတော့ ဘာက မကောင်းဆိုးဝါးကျောင်းလဲ လူကို စားတယ်ဆိုရင် အဲဒါ မကောင်းဆိုးဝါးကျောင်းပဲလား” ယဲ့မော့က ဆက်ပြော၏။ 

“လူတွေက ဝက်သားနဲ့ အမဲသားကို စားတယ် နတ်ဆိုးတွေက လူတွေကို စားတယ် အဲဒါက နိယာမသံသရာတစ်ခုပဲ လူတွေကို ကျောင်းက သတ်တာ ဘာအမှားမှ မရှိဘူး ဒါကြောင့် ကျောင်းဆိုတဲ့ စကားလုံးမှာ 'မကောင်းဆိုးဝါး' ဆိုတဲ့ စကားလုံးကို ဘာကြောင့် ထည့်ဖို့ လိုအပ်တာလဲ" 

ယဲ့မော့က မတ်တတ်ထ၍ ထိုလူရှိရာသို့ ချဉ်းကပ်သွားသည်။ 

“ဝက်သားနှင့် အမဲသားစားတဲ့ မင်းကရော မကောင်းတဲ့လူ မဟုတ်ဘူးလား"

ထိုလူက “ငါက ဘယ်လိုလုပ် မကောင်းတဲ့လူဖြစ်ရမှာလဲ——"

ယဲ့မော့က မေးလိုက်၏။ "မင်း ဝက်သားစားဖူးလား"

ထိုလူ ပြောစရာစကားမဲ့သွား၏။

သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကို လင်းရုဖေး စိတ်ဝင်တစား နားထောင်နေမိသည်။ ယဲ့မော့၏သွက်လက်ထိရောက်စွာ စကားပြောဆိုနိုင်ခြင်းသည် လုံးဝမဆိုးကြောင်းနှင့် ထိုလူကို စကားတစ်ခွန်းမှ မပြောနိုင်အောင် တားဆီးနိုင်စွမ်းရှိကြောင်းကို သူ နားလည်လိုက်သည်။ ဤကျန်းဟူတွင် လူတော်တော်များများသည် ထူးဆန်းသောရည်ရွယ်ချက်များရှိကြပြီး ပိုသန်မာသည့်သူများသာ သူတို့ပြောချင်သည့်စိတ်ကူးများကို တခြားသူများအား ပြောပြနိုင်ပေသည်။

"မင်းပြောတာက နည်းနည်း ကျိုးကြောင်းဆီလျော်တဲ့ပုံပဲ" 

ထိုလူက သူ့မေးစေ့ကို ပွတ်သပ်ပြီး ယဲ့မော့၏စကားကိုလည်း ပြန်လည်ချေပပြောဆိုလိုက်သည်။

“ဒါဆို ဝက် ဒါမှမဟုတ် နွားက ငါ့ဆီ ကလဲ့စားချေဖို့ ရောက်လာရင် ကျိုးကြောင်းဆီလျော်တယ် ပြီးတော့ ငါကလည်း ကျောင်းကို သတ်တာက ကျိုးကြောင်းဆီလျော်တယ်” 

သူသည်လည်း ထက်မြက်ပြီး ယဲ့မော့၏စကားအကျိုးဆက်များကို အချိန်တိုတိုလေးအတွင်းမှာ ကျိုးကြောင်းဆီလျော်စွာပြန်တုံ့ပြန်နိုင်ပေသည်။ 

"ငါတို့အားလုံးမှာ ရည်ရွယ်ချက်တစ်ခုစီရှိတာကြောင့် မင်းငါ့ကို ဘာအတွက် ခေါ်လာတာလဲ"

ယဲမော့သည် အံကြိတ်ကာ ချွန်ထက်သော ခြေသည်းများကို ဆန့်ထုတ်လိုက်ပြီး "ငါက နတ်ဆိုးတစ်ကောင်ပဲ မင်းကို ဘာအတွက် ခေါ်လာခဲ့တာလို့ ထင်လဲ"

လူကြီးသည် ယဲ့မော့၏ခြေသည်းများကိုမြင်သောအခါ အကူအညီတောင်းလိုသကဲ့သို့ လင်းရုဖေးအား ထိတ်လန့်သောအမူအရာဖြင့် ကြည့်လိုက်၏။

သို့သော်လည်း လင်းရုဖေးသည် ရိုးရိုးရှင်းရှင်းလေးပြုံးပြီး ယဲ့မော့အတွက် ထပ်ဖြည့်ပြောလိုက်သည်။ 

“ထုံးစံအတိုင်း သူက မင်းကို စားဖို့ ခေါ်လာခဲ့တာလေ"

ထိုလူ : "... ..."

ယဲ့မော့ : "မင်းအတွက် နတ်ဆိုးတွေကို သတ်ရတာ အဓိပ္ပာယ်ရှိတယ် ငါ့အတွက်တော့ လူတွေကို စားရတာ အဓိပ္ပာယ်ရှိတယ် လူတိုင်းမှာ ရည်ရွယ်ချက်တစ်ခုစီရှိလို့ မင်း ဘာကိုစောင့်နေတာလဲ မင်းကိုယ်တိုင် ငါ့ပါးစပ်ထဲ ဝင်မလာဘူးလား" 

ယဲ့မော့က ထိုစကားကိုပြောရင်း ပါးစပ်ကိုဖွင့်လိုက်သောကြောင့် နှင်းကဲ့သို့ဖြူစွတ်နေသောသွားများ တန်းစီကာ ထွက်ပေါ်လာသည်။

ထိုလူသည် သက်ပြင်းရှည်တစ်ခုချလိုက်ပြီး “မင်းမှန်တယ်” 

၎င်းကိုပြောပြီးနောက် သူသည် ယဲ့မော့၏ပါးစပ်ထဲသို့ သူ့ကိုယ်သူ ဝင်ရောက်ရန် ကြိုးစားတော့သည်။

ထိုရွံစရာလုပ်ရပ်ကြောင့် ယဲ့မော့နှင့် လင်းရုဖေးနှစ်ဦးစလုံးသည် သူတို့၏ နေရာမှာပင် အေးခဲသွားသည်။ သူ့သွားများကို ဖော်ပြထားသော ယဲ့မော့သည် ချက်ချင်းပင် အဝေးသို့ ခုန်လိုက်သည်။ 

သူသည် ဖွီ ဖွီ ဖွီ ဟု ကြိမ်ဖန်များစွာ တံတွေးထွေးလိုက်ပြီး "မင်း ဘာလို့ ငါ့ပါးစပ်ကို လာထိတာလဲ ရွံစရာကောင်းတဲ့လူ——"

ထိုလူ : "မင်း ငါ့ကို မစားဘူးလား"

ယဲ့မော့ : "... ..."

ထိုလူက ဆက်ပြောသည်။ 

“ငါကိုယ်တိုင် ဝင်လာပေးတာလေ"

ယဲ့မော့၏မျက်နှာမှာ ပျက်ယွင်းလာရုံသာမက သူ့အသံသည်လည်း ကြမ်းတမ်းလာသည်။ 

"ဘယ်သူက လူသား စားချင်နေလို့လဲ ငါ စားချင်ရင်တောင် သေချာပေါက် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကိုပဲ စားမှာ" 

ထိုစကားကိုပြောပြီးနောက် ယဲ့မော့က မည်သည်ကိုသတိရသွားမှန်း မသိ၊ စိတ်အနှောင့်အယှက်ဖြစ်နေသည့် အသံကိုပြုလုပ်လိုက်သည်။ 

“ဟမ့်"

ထိုလူ၏လုပ်ရပ်ကြောင့် လင်းရုဖေးမှာ ငိုရမလား ရယ်ရမလားမသိတော့ပေ။ 

ထိုလူသည် ရိုးရိုးရှင်းရှင်း သဘောထားကြီးသူလား သို့မဟုတ် ခေါင်းမာသူလား ပြောရမည်ကို လင်းရုဖေး မသိသောကြောင့် အဆုံးတွင် သူ့လက်ကို ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်ပြီး "ကျောင်းကို ဖမ်းချင်ရင် မင်း ဖမ်းလို့ရတယ် ဒါပေမဲ့ အဆင့်မြင့်အစီအရင်တွေကိုတော့ သုံးပြုခွင့်မပြုဘူး မဟုတ်ရင် မင်းလက်ထဲမှာ သေဆုံးသွားတဲ့လူအရေအတွက်က ကျောင်းလက်ထဲမှာ သေဆုံးသွားတဲ့ လူအရေအတွက်ထက် ပိုများနေလိမ့်မယ်"

ထိုလူက သက်ပြင်းချလိုက်ပြီး “မင်းရဲ့စကားတွေက တချို့တလေတော့ မှန်ပါတယ်"

လင်းရုဖေးက မေးလိုက်၏။ "မင်းဘယ်ကလာတာလဲ မင်းနာမည်ကရော ဘယ်လိုခေါ်လဲ"

"ငါ့နာမည် ရှဲယိကျစ်" 

သူက ဆက်ပြော၏။ "ရှဲမိသားစုကနေလာတာ"

လင်းရုဖေးမှာ ထိုစကားကိုကြားသောအခါ ဤကိစ္စသည် အလွန်တိုက်ဆိုင်လွန်းသည်ဟု တွေးလိုက်မိသည်။ သူသည် ဤနေရာတွင် ရှဲမိသားစုနှင့် တွေ့ဆုံရန် မမျှော်လင့်ထားပေ။ 

သူ့တွင် မြွေ[2] ဟူသည့် နာမည်ကောင်းတစ်ခုရှိသည်။ ရှဲမိသားစုသည် အစီအရင်တည်ဆောက်ရာတွင် အလွန်ကောင်းမွန်ကြောင်း သူကြားသိရသည်မှာ ကြာလှပြီဖြစ်သော်လည်း မိုးလဝက်ခန့်ရွာအောင်စီရင်နိုက်သည်အထိ အားကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

 [2]- ၎င်းက ရည်ရွယ်ချက်ရှိရှိရေးထားတာလား ဒါမှမဟုတ် စာရိုက်မှားတာလား မသေချာပေမဲ့ ရှဲယိကျစ်၏အမည်မှာ 佘一之 ဖြစ်ပြီး "မြွေ" ဟူသော စကားလုံး 蛇一只 ၏အသံထွက်သည် ရှဲယိကျစ်၏အသံထွက်နှင့် ဆင်တူပြီးကျစ်၏အသံထွက်ပုံထွက်နည်းသာ မတူညီခြင်းဖြစ်သည်။ ဒါကြောင့် လင်းရုဖေးက မှားကြားတာဖြစ်နိုင်သလို စာရေးသူရဲ့ စာရိုက်မှားတာလည်း ဖြစ်နိုင်သည်။ ¯\_(ツ)_/¯ 

"ပြီးတော့ မင်းကရော ဘယ်သူလဲ ဘာလို့ ဒီစွမ်းအားကြီးတဲ့နတ်ဆိုးနဲ့ အတူတွဲနေရတာလဲ[3]" ရှဲယိကျစ်က မေးလိုက်သည်။

 [3] - ၎င်းသည် စော်ကားပြောဆိုခြင်းထက် ပိုဆိုးရွားပါသည်။ ၎င်းသည် "လူပေါင်းမှားခြင်း" နှင့် တူသည်။

"ဘယ်သူက သူနဲ့ တွဲနေလို့လဲ" 

လင်းရုဖေးက ပြန်မဖြေခင် ချီယွီသည် အရင်ထထိုင်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ 

"နောက်ထပ် အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောရင် မင်းကို ငါ တစ်ကိုက်တည်း မျိုချပစ်လိုက်မယ်"

ရှဲယိကျစ် : "ဒါဆို မျိုချလိုက်လေ အာ... ငါ ဒါကို အခုလေးတင်မှသဘောတူလိုက်တာမဟုတ်ဘူးလား"

ချီယွီက အေးစက်စွာပြန်ဖြေသည်။ 

"မစင်ကို အလျင်စလိုစားမဲ့သူ ရှိတယ်လို့ မင်း ထင်နေတာလား"

မစင်နှင့် နှိုင်းယှဉ်ခံရသော ရှဲယိကျစ်သည် စူးစူးဝါးဝါး ပြန်စိုက်ကြည့်လိုက်သည်။ ရှဲယိကျစ်သည် ရန်ဖြစ်တိုက်ခိုက်ရန် ပြင်ဆင်ကာ သူ့အရသာအကြောင်း ချီယွီနှင့် ဆွေးနွေးချင်သော်လည်း လင်းရုဖေးသည် စိတ်အေးအေးထားသင့်ကြောင်း ပြောဆိုပြီး ကမန်းကတန်း တားလိုက်သည်။ အရသာမကောင်းလျှင် အဆင်ပြေသော်လည်း အရသာကောင်းလွန်းနေလျှင် ရှဲယိကျစ်တစ်ယောက်မနက်ဖြန် နေကို မြင်ရလိမ့်မည်မဟုတ်ပေ။

ရှဲယိကျစ်သည် လင်းရုဖေး၏စကားများကို နားမလည်ဘဲ တွေးတောကာ “မင်းပြောတာတွေက အဓိပ္ပာယ်ရှိပုံပဲ"

ထိုအချိန်မှပင် လင်းရုဖေးမှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။

ရှဲယိကျစ်သည် တကယ်ကို အရှုပ်ထုပ်လူငယ်တစ်ယောက်ပင်။ ရှဲယိကျစ်သည် ချီယွီကို ဒေါသထွက်အောင် အမှန်တကယ် စိတ်အနှောင့်အယှက်ပေးနိုင်ပြီး သူသာ တကယ်အစားခံခဲ့ရမည်ဆိုလျှင် လင်းရုဖေးအနေဖြင့် ရှဲမိသားစုကို သေသေချာချာ ရှင်းပြနိုင်မည်မဟုတ်ပေ။

လင်းရုဖေးက ကျောင်းအကြောင်းကို ထပ်မေးသောအခါ ရှဲယိကျစ်သည် ဖြည်းဖြည်းချင်း ပြောလာ၏။

ကျောင်းကို ရော့မြစ်ထဲတွင် ရှာတွေ့ရှိခဲ့ပြီး အလွန်အစွမ်းထက်ကြောင်း ပြောလာသည်။ ကျောင်းကို ပထမဆုံးရှာတွေ့သူမှာ တကယ်တော့ သူ့အစ်ကိုကြီးဖြစ်သည်။ သို့သော် သူ့အစ်ကိုကြီးသည် ကျောင်း၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီး မကြာသေးမီကပင် သူသည် ကျောင်းကြောင့် ရုတ်တရက် ဒဏ်ရာရရှိခဲ့ပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည့်အချိန်အထိ အခြားသူများကို ပြောမပြခဲ့ပေ။ ထိုအချိန်မှသာလျှင် ကျောင်း၏တည်ရှိမှုကို လူအများ သိခဲ့သည်။ ညီငယ်ဖြစ်သောသူသည် ပုံမှန်အတိုင်း အေးအေးဆေးဆေး ထိုင်နေ၍မရပေ။ ထို့ကြောင့် သူသည် ကျောင်း၏ခြေရာသဲလွန်စများကို အချိန်အတော်ကြာရှာဖွေခဲ့ပြီး မိုးရွာစေရန်အတွက် တိမ်များပေါ်တွင် အစီအရင်ကိုလည်းတည်ဆောက်ခဲ့သည်။ သူ ဤနေရာမှာပင် ကျောင်းကိုသတ်ချင်သော်လည်း နှစ်ရက်အကြာမှာပဲ ကြောင်ကြီးတစ်ကောင် ကောင်းကင်၌ ရုတ်တရက်ပေါ်လာပြီး သူကို ဆွဲချသွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။

နတ်ဆိုးများအကြောင်းပြောနေချိန်တွင် ရှဲယိကျစ်သည် အလွန်ဒေါသထွက်နေသည်။ သူတို့သည် လူ့ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများ လုံးဝကင်းစင်ပြီး ထို့ထက်ပို၍ပင် သူတို့က နာမည်ဆိုးနှင့်ကျော်ကြားကြောင်း ရှဲယိကျစ်က ပြောဆိုနေသည်။ သူတို့သည် မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ရန်လိုတတ်ပြီး ယုံနိုင်စရာအကြောင်း လုံးဝမရှိပေ။ ရှဲယိကျစ် ထိုသို့ပြောနေသည်မှာ ချီယွီ၏အမြီးကြီး လေထဲတွင်ဝှေ့ယမ်းနေသည့်အသံကိုကြားရသည့်အချိန်အထိ ကြမ်းတမ်းရက်စက်သော နတ်ဆိုးကြီး၏ဘေးတွင်ထိုင်နေသည်ကို သူ မေ့နေမိသည်။ မကြာမီ ရှဲယိကျစ်သည် သူစကားအလွန်အကျွံပြောမိသွားကြောင်း သဘောပေါက်သွားပြီး စိတ်ကသိကအောက်ဖြစ်စွာ ရယ်လိုက်သည်။ 

“ဟုတ်တာပေါ့ ငါတို့လည်း ယေဘုယျပြောလို့ မရနိုင်ဘူးလေ အချို့... ...ယုံကြည်လို့ရတဲ့နတ်ဆိုးတွေလည်း ရှိပါသေးတယ်"

"ဟမ့် မင်းတို့ လူသားတွေကရော ဘာကောင်းတာရှိလို့လဲ" 

ချီယွီက လှောင်ပြုံးပြုံးလိုက်ပြီး “တစ်ယောက်ယောက်က ငါ့ဥကို ခိုးယူပြီး ငါ့သားကို လုယက်ဖို့မကြိုးစားရင် ငါဒီမှာရှိနေမယ်လို့ မင်းထင်လား"


_____

Translated By IQ-Team.