Chapter 4
Viewers 246

အပိုင်း ၄ - ချူရှဲ့

 

 

 

"*ကျန်းရင်း"

 

(ဂုဏ်ပုဒ်အမည်ပါနော်)

 

အနောက်မှ ခေါ်သံကြား၍ လှည့်ကြည့်လိုက်သောအခါ ချူရှဲ့က  မြို့စားယွဲ့၏သား ကျောက်ရွှမ် မြင်းပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ချူရှဲ့ကို ဦးညွတ်‌နှုတ်ဆက်ပြီး မေးသည်။ "ဘယ်လိုတောင် ရှားပါးတဲ့ ကြုံတွေ့မှုလဲ၊  ကျန်းရင်းချူကို အမဲလိုက် ကွင်းပြင်မှာ တွေ့ရတယ်လို့" 

 

 

ကျောက်ရွှမ်သခင်လေးက ချူရှဲ့ထက် လအနည်းငယ်သာ ကြီးသော်လည်း သူ့တွင် ငယ်ရွယ်ပြီး ဖျတ်လတ်တက်ကြွသော ပုံပန်းသွင်ပြင်ရှိလေသည်။ သူ့တွင် အချိုးအစားကျသော ခန္ဓာကိုယ်ရှိကာ ထိုသူက ကြွကြွရွရွဖြင့် မြင်းပေါ်မှ ကျွမ်းကျင်စွာ ဆင်းလာသည်။

 

 

"အိုး၊ အိမ်မှာ နေရတာ နည်းနည်းပျင်းဖို့ကောင်းတယ်လေ။ ကျွန်တော် အနားယူဖို့ လူတစ်ချို့ကို ခေါ်လာပေးတာ"

 

 

သူ ကျောက်ရွှမ်ကို ဦးညွတ်နှုတ်ဆက်ခြင်း ပြန်မပြုဘဲ ထိုအစား မေးကိုသာ အနည်းငယ် မော့ပြလိုက်ကာ သူတို့ကြားတွင် အကွာအဝေး အနည်းငယ် ဟန့်တားလိုက်သည်။ ထို့နောက် ကျောက်ရွှမ်က ချူရှဲ့၏ နောက်၌ မရင်းနှီးသည့် ကလေးတစ်ယောက် ရှိနေကြောင်း သတိပြုမိသွားသည်။

 

 

သူ ၁၃နှစ်၊ ၁၄နှစ်အရွယ်သာ ရှိဦးမည့် ကောင်လေးထံ အကြည့်လွှဲလိုက်သည်။ "ကျွန်တော် ဒီလူငယ်လေးကို အရင်က တစ်ခါမှ မတွေ့ဖူးဘူး။ ဘယ်မိသားစုက သခင်ငယ်လေးများလဲ" 

 

 

ချူရှဲ့ကဲ့သို့ နိုင်ငံရေးကို ခြယ်လှယ်ချုပ်ကိုင်နိုင်စွမ်းနှင့် သူများကို အကောက်ကြံတတ်သည်ဟု နာမည်ကြီးသော လူအား အများစုက ကြောက်ရွံ့ကြပြီး ချဉ်းကပ်ရန် ဆန္ဒမရှိကြပေ။ သို့သော် အကြောက်တရားကို လွန်ဆန်ကာ လူအများစုကမူ သူနှင့် ဆက်ဆံရေး တည်ဆောင်ချင်နေကြသေး၏။

 

 

 

သို့ရာတွင် ချူရှဲ့၏ မြင့်မြတ်သည့် သခင်လေးအချို့ကို ဦးဆောင်အဖော်ပြုပေးသည့် လုပ်ရပ်မျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးကြပေ။

 

 

သူ မတတ်နိုင်ဘဲ ထိုကောင်လေးကို အနီးကပ်ကြည့်ရှုနေမိသည်။

 

 

"ဒီက‌လေးက ကျန်းယန်ချီတဲ့" ချူရှဲ့ ရှင်းပြသည်။

 

 

ကျောက်ရွှမ်၏ အမူအရာ ပြောင်းလဲသွား၏။

 

 

ကျန်းယန်ချီ၊ အဲ့ဒီ့ ကျန်းယန်ချီလား...

 

 

ဘာလို့ အခုလို ကျဉ်းကျပ်နေတဲ့ အခြေ‌အနေမျိုးမှာ ချူရှဲ့က ဒီသားအမိကို အအေးနန်းဆောင်ကနေ ထုတ်လာရတာလဲ...

 

 

နျင်းယွမ်ဝမ်[နျင်းယွမ်ဘုရင်]၏ အကြီးဆုံးသားဖြစ်သည့် ကျန့်ကော်စံအိမ် အမတ်၏ စောင့်ရှောက်မှုကို ရထားသောသူက မြို့တော်ကို လာသည့်လမ်း၌ ရောက်နေပြီဆိုသည်ကို သူသိသင့်သည်။

 

 

ကျောက်ရွှမ်က အတွေ့အကြုံမရှိ ရိုးအသောလူ မဟုတ်ပေ။ သူက ထိုသူတို့ သုံးဦးကြားမှ အရှေ့အနောက်ကို ကြည့်ပြီး သေချာစဉ်းစားဆင်ခြင်ကာ ချူရှဲ့၏ ရည်ရွယ်ချက်ကို ဝိုးတိုးဝါးတား ခန့်မှန်း‌လိုက်သည်။

 

 

သူ ချူရှဲ့ကို ဘေးသို့ဆွဲကာ ခြေလှမ်း အနည်းငယ် လျှောက်သွားလိုက်သည်။ "ခင်ဗျား ဒီကလေးကို ပလ္လင်ပေါ်တင်ပေးဖို့ လုပ်နေတာလား" 

 

 

"ဟုတ်တယ်" 

 

 

ချူရှဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

 

 

"ခင်ဗျား ရူးသွားပြီလား၊ သူ့ကိုယ်ထဲမှာ ယွဲ့ကလန်ရဲ့ သွေးတွေပါတယ်လေ! သူ ဧကရာဇ်ဖြစ်ဖို့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ အဲ့အပြင် ကျန့်ကော်အမတ် ၊ နျင်းယွမ်ဝမ်နဲ့ မြို့စားကတော် ရုန်ကော် သူတို့သုံးယောက်လုံးက ကျန်းကျင့်အန်း အိမ်ရှေ့စံဖြစ်ဖို့ အတူတူ ထောက်ပံ့ပေးနေကြတာ။  ဒီလို ရေနောက်ထဲ ခင်ဗျား ဘာလို့များ ဝင်ပါနေရတာလဲဗျာ...." 

 

 

"ကျန်းကျင့်အန်းက ဧကရာဇ် ဖြစ်မလာနိုင်ဘူး" ချူရှဲ့ ပြန်ဖြေသည်။ "ဧကရာဇ်မှာ သူ့ရဲ့ သွေးသားတော်စပ်တဲ့ သားရှိတယ်။ ဒီတော့ သူ့မှာ အခွင့်အရေးမရှိတော့ဘူး" 

 

 

"ဒါပေမဲ့ ကျန်းကျင့်အန်းက အရင်ဧကရာဇ်ရဲ့ တရားဝင်မြေးပဲ၊ ဒါ့အပြင် နျင်းယွမ်ဝမ်နဲ့ ကျန့်ကော်အမတ်တို့ နှစ်ယောက်လုံးက စစ်အင်အားကို ထိန်းချုပ်ထားတယ်။ ဒီအခြေအနေက ဝင်ပတ်သက်ဖို့ လွယ်ကူမှာ မဟုတ်‌ဘူးနော်...." 

 

 

ချူရှဲ့ကား မနီးမဝေးရှိ မြင်းဘေးနားတွင် ယုံကြည်ချက်ရှိရှိ ရပ်ကာ ခလုတ်သင်းကျင်းများကို ကုန်ထုတ်နေသော ကလေးထံသို့ ဘေးစောင်းကာ အကြည့်စိုက်လိုက်သည်။

 

 

ဘာကြောင့်လဲဆိုပြီး မင်းတို့ မေးကြမှာပဲ…

 

 

ဘာလို့လဲဆိုတော့ ဒီချီးလို ဒီဇာတ်ကြောင်းကို ငါ လိုက်နာရမှာမလို့‌ပေါ့...

 

 

"ချင်ထျန်းနက္ခတ်မျှော်စင်ရဲ့ အရင်က တွက်ချက်မှုအရ အနောက်မြောက်အရပ်မှာ အနီရောင်၊ရောင်ခြည်စက်ဝန်းရှိပြီး အင်ပါယာကြယ်ရဲ့ လှုပ်ရှားတဲ့လက္ခဏာနဲ့ ခရမ်းရောင်ကြယ်စဉ်တန်း ရှိနေတယ်။ ကျန်းကျင့်အန်းက အခု ဘယ်မှာရှိနေတာလဲ။ အနောက်မြောက်မှာလေ! ဒါ့အပြင် ရက်အနည်းငယ်က သူ ယွင်ဟွားဘုရားကျောင်းကို ဖြတ်ပြီး သာမန်အတိုင်း ဂမ္ဘီရစာတွေ ရေးဆွဲခဲ့တာ နောက်ဆုံး ဧကရာဇ်ကျန်ခဲ့တဲ့ အမိန့်ပြန်ထမ်းတွေ ဖြစ်ကုန်တယ်။ သူ့လိုမျိုးက မိုင်တစ်သောင်းမှာ တစ်ယောက်ပဲရှိနိုင်တာလေ ၊ ဒါကံကြမ္မာပဲ!!" 

 

 

ဧကရာဇ်၏ အမိန့်ပြန်ထမ်း၊ ကောင်းကင်အလိုကျဟုတ်လား…

အယူသီးလိုက်တဲ့ အဓိပ္ပာယ်မရှိတာတွေ…

 

 

ချူရှဲ့၏ ဦးနှောက် စတင်လည်ပတ်လာကာ ကျောက်ရွှမ်က အမှတ်မထင် သူ့ကို နှိုးဆွလိုက်သည်။

 

 

သူက ထိုကလေးကို မြင်းပေါ်မှချကာ သူ့ဝတ်ရုံလက်ပေါ်ရှိ ဖုန်များကို ပုတ်၍ ခါချပြီး ပြောသည်။ " သွားကြစို့"

 

 

" ကျွန်မတို့ ဘာလုပ်ကြမလို့လဲ"

 

 

ချူရှဲ့က တွမ့်စစ်ကို ကြည့်ကာ ပြောသည်။ "မယ်မယ် ရောက်တဲ့အခါ သိပါလိမ့်မယ်" ထို့နောက် သူက ကျောက်ရွှမ်ဘက်လှည့်ကာ လက်ကို ခါယမ်း၍ သူ့တွင် တစ်စုံတစ်ရာ လုပ်စရာရှိသေးသောကြောင့် အရင် ပြန်နှင့်မည်ကို ပြသလိုက်သည်။

 

 

လင်းမြောင့်ဘုရားကျောင်းက အမြဲတစေ အမွှေးနံ့သာနံ့များနှင့် ဖုံးလွှမ်းနေသည်။ ကျောင်းထိုင်ဆရာတော်က ကျန်းယန်ချီထံ ဂမ္ဘီရဆလင်ဒါပြား လွှဲပေးနေသည်ကို ချူရှဲ့ ကြည့်နေခဲ့ကာ ကလေးကလည်း ဘုရားကျောင်းအပြင်ဘက်ရှိ သူ့ထံ စိုက်ကြည့်နေခဲ့သည်။ ချူရှဲ့ ညင်သာစွာ ခေါင်းညိတ်ပြပြီး သူ ဂမ္ဘီရစာများ ထင်ထင်ရှားရှား ရေးဆွဲသင့်ကြောင်း အမူအရာ ပြလိုက်သည်။

 

 

အက္ခရာတစ်ခုက ရေးထွင်းခံခဲ့ရသည်။

 

 

ဘုရားကျောင်း၏ ခေါင်းလောင်းက ရုတ်တရက် မြည်လာပြီး သစ်ပင်များပေါ်တွင် နားနေသော ကျီးများကို အလန့်တကြား ဖြစ်သွားစေသည်။

 

 

"ဒါ ဧကရာဇ်ပြန်ထမ်းပဲ...." 

 

 

"ဧကရာဇ်ပြန်ထမ်း...." 

 

 

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နျင်းယွမ်ဝမ်ရဲ့ သားက..." 

 

 

"ဟိတ်..." 

 

 

ဘုရားကျောင်းရှိ လူများအကြား အုတ်အော်သောင်းတင်းဖြစ်သွားသည်။ အသက်ကြီးရင့်နေသည့် ကျောင်းထိုင်ဆရာတော်က ဟန်မဆောင်သည့်အမူအရာဖြင့် ဗုဒ္ဓထံ ဦးညွတ်ပူဇော်လိုက်သည်။

 

 

ကျန်းယန်ချီက ‌ကျောင်းထိုင်ဆရာတော် လက်ထဲရှိ စာများကို စိုက်ကြည့်ကာ သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ အပြင်ဘက်ရှိ မြောက်များစွာသော ပုံရိပ်များကိုဖြတ်ကာ ဘုရားကျောင်းအပြင်ဘက်တွင် ရပ်နေဆဲဖြစ်သော လှုပ်ရှားမှုကင်းမဲ့နေသည့် ထိုလူကို သူ မြင်လိုက်ရသည်။

 

 

သူ ပြုံးမနေခဲ့ချေ။

 

 

သူ့မျက်လုံးများက သူ့အရှေ့ရှိ ဗုဒ္ဓရုပ်ထုထံတွင်သာ ဗလာသက်သက် ဆိုက်ရောက်နေသည်။

 

 

ထိုအချိန်၌ ကျန်းယန်ချီ တစ်စုံတစ်ရာ ခံစားလိုက်ရသည်။

 

 

ဤလူက ထိုကဲ့သို့ ကိစ္စများနှင့်ပင် ဆော့ကစားရဲသည် — သူက ဘုရားသခင် သို့မဟုတ် ဗုဒ္ဓ စသည့် မည်သည့်အရာကိုမျှ မယုံကြည်ပေ။ ထိုအရာကလည်း သူ့ကို အကြောက်တရား ကင်းမဲ့စေသည်။ ဘုရားသခင်နှင့် ဗုဒ္ဓကို မယုံကြည်သူများက တစ်ခါတစ်ရံ အလွန်ထိတ်လန့်စရာကောင်းလှသည်။

 

 

ဘုရားကျောင်းမှ ထွက်လာပြီးနောက် ကျန်းယန်ချီက ပြန်ရာလမ်းတစ်လျှောက် တိတ်ဆိတ်နေခဲ့သည်။

 

 

အနှောင့်အယှက်ဖြစ်ဖွယ် ကြိုတင်ခံစားချက်က သူနှလုံးသားပေါ် လေးလံစွာ ဖိထားပြီး သူ့အား အသက်ရှူရန် ခက်ခဲနေစေသည်။

 

 

ချူရှဲ့က သူ့အား အိမ်ရှေ့စံမင်းသား ဖြစ်စေချင်သည်။

 

 

ကျန်းယန်ချီ နောက်ဆုံးတွင် ထိုအရာအား အတည်ပြုနိုင်ခဲ့လေပြီ။

 

 

သူတို့ အိမ်ပြန်ရောက်သည်နှင့် သေဆုံးကြောင်း အသိပေးစာက သူတို့ အိမ်တော်ထံ ပို့ဆောင်လာခဲ့သည်။

 

 

ဖွင့်မကြည့်ဘဲနှင့်ပင် သူတို့က ဘဏ္ဍာစိုးပြောသည်ကို ကြားလိုက်ရသည်။ "သခင်၊ အိမ်ရှေ့စံမင်းသား.... ကံတော်ကုန်သွားပါပြီ" 

 

 

ကျန်းယန်ချီ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ့အကြည့်က သေဆုံးခြင်း အသိပေးစာထံ ကျရောက်သွားသည်။

 

 

ချူရှဲ့၏ လက်ချောင်းများက သွယ်လျကာ ကျက်သရေရှိလှပြီး ဖုန်တစ်စက်မှ ထိတွေ့နိုင်ခြင်း မရှိပေ။

 

 

အစေခံများက သူ့အား နွေးထွေးသည့် မီးဖို ကမ်းပေးပြီး သူ့ပုခုံးပေါ်သို့ နှင်းဖြူရောင် သားမွေးကို လွှမ်းခြုံပေးလိုက်သည်။

 

 

သူ့မျက်နှာကား နွေးထွေးသည့် ဆီးနှင်းပွင့်အမွှေးများကြား ပျောက်ကွယ်သွားပြီး သူ၏မျက်တောင်များက လိပ်ပြာများကဲ့သို့ တုန်ယင်သွားကာ သူ့မျက်လုံးအတွင်း၌ အမှောင်နှင့် တိတ်ဆိတ်ခြင်းများကို ဖုံးလွှမ်းထားလိုက်သည်။

 

 

"အခုတော့၊ ဘုရင်ကြီးကို မပြောနဲ့ဦး။ သူ့ကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ သူ ဒီလို ဝမ်းနည်းစရာ သတင်းမျိုးကို ခံနိုင်ရည်မရှိလောက်ဘူး" 

 

 

ဤစကားလုံးများက သိမ်မွေ့ကာ တွေးပေးမှုများ ပြည့်နှက်နေသည်။

 

 

ထိုသူက တစ်ယောက်တည်းဖြစ်သော်လည်း အကြောက်အလန့် ကင်းမဲ့သည်။ အာဏာများဖြင့် ချည်နှောင်ခြင်းခံထားရသည်ကိုလည်း စနိုးစနောင့်မဖြစ်။ သို့သော်လည်း သူက သူ့အမေကို အန္တရာယ်ကင်းပြီး ပျော်ရွှင်၍ အပူပင်ကင်းသည့်ဘဝနှင့် အမြဲတစေ နေနိုင်စေချင်သည်။

 

 

အိမ်ရှေ့စံမင်းသားနေရာအတွက်မူ သူ ထိုအရာမပါလည်း လုပ်နိုင်ပေသည်။

 

 

 

သို့ရာတွင် နောက်တစ်နေ့၌  ချူအိမ်ဝောာ်ရှိ မင်းသားငယ်လေးက ဧကရာဇ်အမိန့်ပြန်ထမ်း ရေးသားနိုင်ခဲ့သည်ဟူသော သတင်းက မြို့တော်အတွင်းတွင် ပျံ့နှံ့သွားသည်။ မြို့အတွင်းရှိ လူအားလုံးနီးပါးက မင်းသားငယ်လေး သို့မဟုတ် ကျေးလက်က မင်းသားငယ်လေးထဲမှ မည်သူက နောက်အိမ်ရှေ့စံ ဖြစ်လာမည်ကို ဆွေးနွေးနေကြသည်။

 

 

 

အိမ်ရှေ့စံမင်းသားနေရာအတွက် ယှဉ်ပြိုင်ပွဲက လေးကြိုးမှ မြှားပစ်လွှတ်ရန် အသင့်ဖြစ်နေသကဲ့သို့ ဖြစ်နေပေသည် ။

 

 

 

သူ့ကို လွှတ်လိုက်ရန် အချိန်ကျလေပြီ။

 

 

….

 

ဝှစ် —

 

 

မြှားတစ်ချောင်း ပစ်လွှတ်လိုက်သည်။

 

 

လေထဲတွင် အလည်ဗဟိုတည့်တည့်ရောက်နေသော်လည်း မြေကြီး‌ပေါ်သာ စိုက်သွားပြီး ပစ်မှတ်ကိုထိရန် အလွန်ဝေးကွာနေဆဲဖြစ်ကာ ကြီးမားသည့် ဘေးရှိ အနားစွန်းများကိုပင် လွှဲချော်သွားခဲ့သည်။

 

 

ဆရာက လုံ့လဝီရိယရှိစွာဖြင့် ရက်အနည်းငယ် သင်ကြားပေးပြီးဖြစ်သော်လည်း အရှင်မင်းသားငယ်လေးကမူ လေးကြိုးကိုပင် မ‌ဆွဲနိုင်သေးချေ။

 

 

ကြီးမြတ်သည့်ဝေ့တွင် တိုင်းပြည်များက စစ်အင်အားအလိုက် တည်ထောင်ထားကြသည်။ အမှန်အတိုင်း ဆိုရလျှင် သူတို့ ယခုကဲ့သို့ အသုံးမကျသည့် မင်းသားမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

 

 

ချူရှဲ့က အဝေးတစ်နေရာမှ ကြည့်နေကာ ကွာစေ့များ ခွာစားနေခဲ့သည်။ အနားတွင် မည်သူမျှ မရှိသောကြောင့် သူ အပြုံးတု တပ်ဆင်ထားစရာ မလိုအပ်ဘဲ သူ၏ အချည်းအနှီးဖြစ်မှုများအား system ထံ ဒေါသပုံချနေခဲ့သည်။

 

"သူက လုပ်နိုင်တာလား၊ မလုပ်နိုင်တာလား... သူက အက္ခရာတွေကိုလည်း မမှတ်မိဘူး၊ လေးကြိုးလည်း မဆွဲနိုင်ဘူး၊ စစ်ရေးရော ပညာရေးမှာပါ ပါရမီ မပါဘူး။ ငါများ ဇာတ်လိုက်အတု မှားရွေးမိတာလား" 

 

 

"မင်း မှားမရွေးမိပါဘူး၊ သူပဲ။ မျိုးရိုးနာမည် ကျန်း၊ နာမည် ယန်ချီ ၊ လောကဝတ်နာမည် ဖန်ယွီနဲ့ သူပဲ" system က အခိုင်အမာ အတည်ပြုပြီး နှစ်သိမ့်ပေးသည်။ "သူက ကြည့်ရတာ.... နောက်ပိုင်း ကြမ်းတဲ့သူမျိုး ဖြစ်ပါလိမ့်မယ်" 

 

 

"နောက်ပိုင်း ကြမ်းမယ် ဟုတ်လား?" ချူရှဲ့က လက်တစ်ဆုပ်စာ ကွာစေ့များကို စားပွဲပေါ်တင်ကာ ညီးညူသည်။ "သူက နောက်ကျလွန်တော့မှာ၊ တော်ဝင်မိသားစုရဲ့ သားက မြို့တော်ကို ရောက်တော့မယ်၊ ပြီးတော့ သူက စာပေမှာရော သိုင်းပညာမှာပါ ပါရမီရှိတယ်၊ လုံးဝ ဘက်စုံတော်တဲ့သူမျိုးကွ။ ငါ့မိသားစုက ကလေးကတော့ ဒီလိုမျိုးဖြစ်နေတယ်။ ငါက ဘယ်လိုမျိုး ဇာတ်ကြောင်းကို လိုက်ပြီး သူ့ကို ပလ္လင်ပေါ်တင်ပေးရမှာလဲ... ငါ လက်လျော့တယ်။ ဒီမစ်ရှင်က အရမ်းခက်လွန်းတယ်။ ဒီဇာတ်လိုက်က လုံးဝကို သုံးစားမရတဲ့ အရှုံးသမားပဲ.." 

 

 

ချူရှဲ့ လက်လျော့ချင်သည်ကို ကြားသောအခါ system  ပြာယာခတ်သွားသည်။

 

 

"နောက်ပိုင်းမှာ ပြောင်းလဲနိုင်မဲ့ အခိုက်အတန့် သေချာပေါက်ကို ရှိလိမ့်မယ်၊ Host အလျင်မလိုပါနဲ့ဦး... ဒါ့အပြင်၊ ဇာတ်လိုက်က အားပျော့နေတယ်ဆိုရင်တောင် မင်းရဲ့ ဗီလိန် BUFF က အခုထိ အားပြင်းနေတုန်းပဲ။ မင်း နည်းလမ်း စဉ်းစားဖို့ပဲ လိုတာ...."

 

 

နည်းလမ်းစဉ်းစားရမယ်ဟုတ်လား... မင်းက ငါ့ကို နည်းလမ်း စဉ်းစားစေချင်တယ်ပေါ့!!

 

 

ချူရှဲ့ စိတ်ခံစားချက် ပြင်းထန်လာကာ အနောက်သို့ ပြန်မှီချလိုက်သည်။

 

 

သူထိုင်ချလိုက်သည်နှင့် ကူကယ်ရာမဲ့လျက် တောင်းပန်၍ မြှားနောက်တစ်ချောင်း ထပ်ပစ်နေသည့် အိမ်ရှေ့စံမင်းသားငယ်လေးအား ‌တွေ့လိုက်သည်။ ဤအကြိမ်၌ ထိုသူက ပိုဝေးဝေးပစ်လိုက်ပြီး ပစ်မှတ်အား ထိလုနီးပါးဖြစ်သွားသော်လည်း အနီးတွင် ကျသွားဆဲဖြစ်သည်။

 

 

“…”

 

 

အကန့်အသတ်ကိုရောက်၍ အသည်းအထန် တောင်းပန်နေသည့် မင်းသားငယ်လေးအား ချူရှဲ့ ကြည့်နေခဲ့သည်။ သူက သူ့အပေါ်တွင် အနက်ရောင်လှိုင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

 

 

"သူက အအေးနန်းဆောင်မှာ ကြီးပြင်းလာပြီး ဘာကိုမှ သေချာမသိဘူး... Host ဘယ်လိုများ သူ့အပေါ် ‌အရမ်းဝေဖန်နေရတာလဲ..." 

 

 

နောက်မြှားတစ်ချောင်းက ပစ်လွှတ်ခံရကာ ဤအကြိမ်၌ သူ လေးကြိုးကိုပင် သေချာမဆွဲခဲ့ချေ။ ကြိုးအား လွှတ်လိုက်သည်နှင့် မြှားက သူ့လက်မှ ချော်ထွက်ကာ သူ့အရှေ့တည့်တည့်သို့ ပြန်ကျသွားသည်။

 

 

"နောက်ဆုံး အနေနဲ့၊ သူ...သူက အရမ်းချစ်ဖို့ကောင်းတယ်လေ..." System ၏ လေသံက အားဖျော့လာသည်။

 

 

မင်းသားငယ်လေးက မြှားအား ကောက်၍ မြေပြင်ပေါ် ကွေးညွတ်သွားကာ အကြိမ်များစွာ ကျရှုံးပြီးနောက် မျက်ရည်များ ကျလုနီးနီးဖြစ်သွားပုံရသည်။

 

 

ချူရှဲ့လည်း မျက်ရည်ကျလုနီးနီးပင်။

 

 

ဘိုးဘေးငယ်လေးရယ်၊ ဘာဖြစ်နေတာလဲ။ မင်းကြည့်ရတာ အရင်ရက်တုန်းက အဆင်ပြေပြေပါပဲ။ ဘယ်လိုများ အခုလို အရှုံးသမား ဖြစ်လာရတာလဲကွာ...

 

 

"သူ နောက်ပိုင်း စစ်တိုက်သွားရသေးတယ်မလား၊ ကြည့်ရအောင်.... အဲ့တာ သူအသက်၁၈ပြည့်ရင်ပဲ.... ဟုတ်သားပဲ… အဲ့နှစ်က မင်း လင်းချီဆီက ကွပ်မျက်ခံရပြီး နောက်နှစ်ပဲလေ" 

 

 

ချူရှဲ့၏ နားထင်၌ သွေးများ တိုးလာသည်။

 

 

သူ လင်းချီအ​ကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။

 

 

ချူရှဲ့လို ရှိန်စရာကောင်းတဲ့ ဇာတ်ကောင်က ဒီလို အရှုံးသမားလက်ထဲမှာ ကွပ်မျက်ခံ ခဲ့ရတယ်တဲ့လား... မင်း "လင်းချီ" ဆိုတဲ့ စကားလုံးက ဘယ်လိုရေးရမလဲဆိုတာတောင် သိရဲ့လား...

 

 

သူ တကယ် အားမလိုအားမရ ဖြစ်လာလေပြီ။

 

 

"ဇာတ်ကြောင်းကို လာပြီးထောက်ပံ့ပေးမဲ့ အခြားလူ မရှိဘူးလား။ သူတို့ပြောတာတော့ သူက မှန်ကန်တဲ့ဘက်ကနေ ကူညီမှာဆို။ သူဘယ်မှာလဲ... သူသာ မြန်မြန် လာမကူဘူးဆိုရင် ငါလည်း မကြာခင် ကိစ္စတုံးတော့မယ်" 

 

 

ဘယ်လိုတောင် အမှိုက်ဆန်တဲ့ ဇာတ်လိုက်မျိုးလဲ..

 

 

လုံးလုံးလျားလျား ကူကယ်ရာမဲ့နေတဲ့ လူပဲ…

 

 

"ကြည့်ရအောင်... အချိန်ကျတော့မယ်၊ နောက် ၂လပဲ လိုတော့တာ။ Host နောက် နည်းနည်းလေးပဲ သည်းခံလိုက်ပါ။ ကျန်းယန်ချီသာ အိမ်ရှေ့စံဖြစ်သွားပြီး ဒုတိယ host သာ နောက်၂လအကြာမှာ ရောက်လာရင်... မင်း တစ်ယောက်ထဲ တိုက်ခိုက် ရုန်းကန်နေစရာမလိုတော့ပါဘူး...."

 

 

နောက်ထပ် ၂လလား..

 

 

ချူရှဲ့ ဆံပင်များ ဆွဲနုတ်ချင်စိတ်ပင် ပေါက်သွားရသည်။

 

 

သူတို့က နောက်ကျရင် သူ့ကို ညှင်းပန်းပြီး နာကျင်ခံစားအောင် လုပ်မယ်ပြောတယ်။ သူ့ရဲ့ အားနည်းတဲ့ အသွင်အပြင်ကို ကြည့်စမ်းပါဦး။ အမြဲတမ်း မိန်းမငယ်လေးလို သရုပ်ဆောင်ပြီး အရမ်း နာခံနေတာ…

 

 

သူရဲ့ နလပိန်းတုံး အမေလိုမျိုး ဘာမှမလုပ်ဘဲ ငိုပဲငိုနေတာ။ သူ့ကိုသာ ငါတို့ တကယ် နှိပ်စက်ရင် သူ ကျုံးပေါ်ကနေတောင် ခုန်ချသတ်သေသွားမလား မသိဘူး…

 

 

အဲ့ကျရင် အထောက်အပံ့ဇာတ်ကောင်၂နေရာလုံး ကျရှုံးသွားရုံတင်မကဘူး ၊ အဓိကဇာတ်ကြောင်းကပါ အမြန် ပြိုကျသွားလိမ့်မယ်၊ ပြီးတာနဲ့ ငါတို့က မကောင်းတဲ့ ဇာတ်သိမ်းကို တိုက်ရိုက် ရောက်ကုန်မှာလေ…

 

 

"Host, မင်း နည်းလမ်းစဉ်းစားရမယ်.. မင်းသာ ဖြေရှင်းနည်း မြန်မြန် မစဉ်းစားနိုင်ရင်၊ ငါတို့ ဇာတ်လိုက်ရဲ့ အိမ်ရှေ့စံဆိုတဲ့ နေရာက အဲ့ ကျေးလက်မင်းသား ခိုးယူသွားတာ ခံလိုက်ရမယ်နော်..."

 

"မင်း၊ သေလိုက်ပါလား.... အမြဲတမ်း ဖြေရှင်းနည်း စဉ်းစားဖို့ပဲ ပြောနေတာ။ ငါတို့ တစ်လျှောက်လုံး နည်းလမ်းတွေ အများကြီး စဉ်းစားလာပြီးပြီ။ ဒါပေမဲ့ ဇာတ်လိုက်က အရမ်း အသုံးမကျတဲ့ဟာ… သူ့ရဲ့ အိမ်ရှေ့စံနေရာကိုတောင် သေချာမယူနိုင်ဘူး။ မင်းက ဗီလိန်ကို ‌ဖြေရှင်းနည်း စဉ်းစားခိုင်းတာ သင့်တော်တယ် ထင်နေတယ်‌ပေါ့" ချူရှဲ့ အလွန် ‌ဒေါသထွက်ကာ မတတ်နိုင်ဘဲ ပေါက်ကွဲတော့သည်။ "ဗီလိန်က ဘာလုပ်နိုင်မှာလဲ၊ ဗီလိန်ဆိုတာ အမြဲ ကြမ်းတမ်းရိုင်းစိုင်းနေတာ!!" 

 

 

"ဝူးဝူးဝူးးး..." 

 

 

"ငိုငို၊ မင်းသိတာ ငိုဖို့ကြီးပဲ" 

 

 

မျက်ရည်ကျသည့် အသံများကြောင့် ချူရှဲ့ system ကို ပိတ်ချလိုက်သည်။

 

 

ချူရှဲ့ သူ့မျက်နှာကို ရိုက်ခတ်လာသော လေကို ခံစားမိကာ သဘာဝကျကျ ဝတ်ရုံအား သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်ပြီး ရွှေရောင်အနွေးမီးဖိုကို ဖက်ထားလိုက်သည်။

 

 

"အနည်းဆုံးတော့ ဒီမီးဖိုက အနွေးဓာတ်နည်းနည်း ကျန်ပါသေးတယ်လေ" 

 

 

"အထမ်းစင်ပြင်ထားလိုက်၊ ငါတို့ အပြင်ထွက်မယ်"

 

 

 

 

 

မြို့မှ မိုင်အနည်းငယ် ဝေးသည့် အဓိကလမ်းမကြီး၏ သေးငယ်သော တည်းခိုခန်းထဲတွင် တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော အရာရှိတစ်စု ထိုင်နေကြကာ လက်ဖက်ရည်သုံးဆောင်နေကြသည်။

 

 

မြင်းလှည်းက သိသာသည့်ဇာတ်ကောင် 'နျင်းအန်း' အား တင်ဆောင်လာသည်။

 

 

ထိုသူက နျင်းအန်းဝမ်၏သား ကျန်းကျင့်အန်းအား အဖော်ပြုပေးနေသည့် အခြွေအပါးပင်။

 

 

ကျန်းယန်ချီက အဝေးမှ ကြည့်ရှုနေကာ သစ်တောအရိပ်များကြားတွင် သူ့ကိုယ်သူ ဖုံးကွယ်ထားသည်။ ရပ်နားနေရာသို့လာသည့် မြင်းများက လူအားလုံး၏ အာရုံကို ဖမ်းစားကာ လှပစွာ ထွင်းထုထားသော ပုတီးစေ့ လိုက်ကာ စီခြယ်ထားသည့် အနီရောင်သစ်သား ထမ်းစင်ထံ အကြည့် ရောက်သွား‌စေသည်။

 

 

နျင်းအန်းဝမ်က အနောက်မြောက်ပိုင်း၌ နေသည်မှာ အတော်ကြာပြီ ဖြစ်ပြီး သူ၏ နောက်လိုက်အများစုက ကြမ်းတမ်းသည့် အအေးဒဏ်ကို ကျင့်သားရကာ ကြီးပြင်းလာကြသည်။

 

 

ဤတစ်ကြိမ်တွင်သာ သူတို့က ထိုကဲ့သော လှပသည့် ထမ်းစင်မျိုးကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။

 

 

ပုတီးစေ့လိုက်ကာများက ပင့်မခြင်း ခံခဲ့ရကာ ရွှေရောင်အနွေးမီးဖိုးနှင့် အဖြူရောင်သန့်စင်သည့်ဝတ်ရုံကို ဝတ်ထားသည့် ချူရှဲ့က ကျက်သရေရှိစွာဖြင့် လှည်းအတွင်းမှ ခြေချလာသည်။ နန်းတွင်းအစောင့်များက သူ့အား အကူညီပေးကြသည်။

 

 

အရာရှိများက မတတ်နိုင်ဘဲ စိုက်ကြည့်နေမိကာ သူတို့ လက်ထဲရှိ လက်ဖက်ရည်ခွက်များကိုပင် မေ့လျော့နေကြပြီး လက်ဖက်ရည်အပူကြောင့် အနီရောင် အမှတ်အသားများပင် ပေါ်ပေါက်လာလေသည်။

 

 

လှပတဲ့ လူပဲ…

 

 

လခြမ်းသဏ္ဍာန်ဆောင်းဦးမျက်လုံးများက နဖူးမှ တောင်များသဖွယ် ဝေးကွာလှသည်။ အနုစိတ်လှသော လက်များက အမျိုးသမီးများထက်ပင် ဖြူဖွေးနေသေးသည်။

 

 

သူက အလွန်-မယုံနိုင်ဖွယ်ကောင်းအောင်-ကြည့်ကောင်းလေသည်။ မြို့တော်အတွင်းက လူအားလုံး အခုလိုတွေကြီးပဲလား...

 

 

အပြင်ဘက်မှ ပွက်လောရိုက်သံများကို ကြားသောအခါ ကောင်တီမင်းသားလေး ကျန်းကျင့်အန်းက နေရာမှ လမ်းလျှောက်လာပြီး အထမ်းစင်မှ ထွက်လာ‌သည့် ချူရှဲ့နှင့် အမှတ်မထင် မျက်လုံးချင်း ဆုံသွားသည်။

 

 

ကျန်းကျင့်အန်း၏ လည်ချောင်း တင်းကျပ်သွားကာ သူ ခဏကြာ ‌တုံဆိုင်းသွားသည်။

 

 

ချူရှဲ့ စကားမပြောရသေးသော်လည်း သူ၏ ကတ္တရာကဲ့သို့ အနက်ရောင် မျက်လုံးများက ‌ဝေ့ဝိုက်ကာ ကျန်းကျင့်အန်းနှင့် အကြည့်ချင်းဆုံသွားသည်။

 

 

သူ တွေးလိုက်သည်။ "နောက်‌ဆုံးတော့ ငါမင်းကို ဖမ်းမိပြီ။ လူရှုပ်ကလေး.." 

 

 

ဒီအချိန်မှာ ပရမ်းပတာဖြစ်နေပြီး ထီးနန်းအတွက် တိုက်ခိုက်နေရမဲ့ အဓိကအချက်က ဘာလဲ...

 

 

သခင်ချူက မင်းကို ဘယ်လိုနေထိုင်ရမလဲဆိုတာ လာပြီး သင်ပေးမယ်…

 

 

ကြည်လင်အေးချမ်းသော အပြုံးက သူ့မျက်နှာပေါ် ထင်ရစ်နေကာ လှပသည့် ပုံရိပ်က သူ့ထံ ချဉ်းကပ်လာသည်။ အေးစက်သည့်လေညှင်းက တိုက်ခတ်လာရာ သူ့ဆံသားပေါ်ရှိ ညှင်သာသော ထင်ရှူးသားအနံ့က လေညှင်းနှင့်အတူ ပါလာပြီး နှစ်သက်ဖွယ်ကောင်းသည့်မြင်ကွင်းကို ဖော်ဆောင်နေသည်။

 

 

"ဒါ ကောင်တီမင်းသား မဟုတ်ဘူးလား" 

 

 

အာ၊ အလှလေးရဲ့ အသံကလည်း သာယာပျော်ရွှင်ဖွယ် ကောင်းတာပဲ။

 

 

ကျန်းကျင့်အန်းက သူ့နှလုံးသား အရည်ပျော်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ့အကြည့်များက ချူရှဲ့ထံတွင်သာ ပျော်ဝင်နေပြီး သတိမမူဘဲ ခေါင်းညိတ်ပြလိုက်မိသည်။ သူ လည်ချောင်းရှင်းပြီး တည်ငြိမ်ဟန်ဆောင်လျက် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ "မြို့တော်ကို ကျွန်တော်ရောက်တာ မကြာသေးတာမလို့ ခင်ဗျားက ညီလာခံရဲ့ ဘယ်လေးစားဖွယ်ပုဂ္ဂိုလ်လဲ မသိဘူး" 

 

 

"ကျွန်တော်မျိုးက ချူရှဲ့ပါ" 

 

 

ထိုစကား‌လေးလုံးက နေသာသည့်နေ့တစ်နေ့တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သူ့အား ရိုက်ခတ်သွားလေသည်။

 

 

တစ်ဖက်ရှိ ချူရှဲ့ကမူ လုံးဝ တည်ငြိမ်နေသည်။ သူက သန့်ရှင်းသည့် နေရာတစ်နေရာ ရှာတွေ့သွားပြီး သူ့လက်အောက်ငယ်သားများက နောက်တစ်ကြိမ် ထပ်မံသုတ်သင်ပေးကာ စိမ်ပြေနပြေ ထိုင်ချလိုက်သည်။ ထို့နောက် သူက လက်ဖက်ရည်နွေးနွေးတစ်အိုး မှာယူခဲ့သည်။

 

 

"ဘာလို့ ကောင်တီမင်းသားက မြို့တော်ကို လာခဲ့တာပါလဲ" 

 

 

"အို၊ ကျွန်တော် အရှင်မင်းကြီးက အပြင်းအထန်ဖျားနာပြီး မြို့စားကတော်ကလည်း ကျွန်တော့အဒေါ်လေ။ အရှင်မင်းကြီးက ကျွန်တော့်ကို သူ့နေရာ‌ဆီ အလည်လာဖို့ ခွင့်ပြုပေးအောင် သူမခွင့်တောင်းခဲ့တာလေ"

 

"ကျွန်တော် သိပြီ"  ချူရှဲ့က နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်ရာ ဝေးလံ၊ ပျက်ယွင်းသည့် နေရာမှလာသော ကောင်တီမင်းသားအား မျက်စိကျိန်းစပ်သွားတော့မတတ်ပင်။

 

 

"ဒါပေမဲ့ အခုချိန်က သင့်တော်တဲ့အချိန်မဟုတ်ဘူး။ မြို့တော်က အခုနောက်ပိုင်း အတော်လေး ရုန်းရင်းဆန်ခတ်ဖြစ်နေတာ"

 

 

ကျန်းကျင့်အန်းက မေးမြန်းသည်။ "ခင်ဗျား အိမ်ရှေ့စံကိစ္စအကြောင်းကို ရည်ညွှန်းတာလား။ အမှန်အတိုင်းပြောရရင် ကျွန်တော် ဒီကိုလာတာ ကျွန်တော့်ဝမ်းကွဲ အိမ်ရှေ့စံကို တွေ့ချင်လို့လည်းပါတယ်။ ပြီးတော့ ..." 

 

 

 

ချူရှဲ့က ထိုသူ့စကားအား ကြားဖြတ်ကာ ပူပန်သယောင် ဟန်ဆောင်လိုက်သည်။ "အိမ်ရှေ့စံက ကျောင်းအကျဉ်းထောင်မှာ အကျဉ်းချခံထားရပြီးပြီ"

 

 

ကျန်းကျင့်အန်း၏ နောက်ကျော တောင့်တင်းသွားသည်။

 

 

အရိုးထဲထိစိမ့်နေသော အအေးဓာတ်က သူ့ခြေဖဝါးမှစ၍ ဦးခေါင်းထိပ်ထိတိုင်အောင် ထိုးဖောက်သွားသည်။

 

 

"ခင်ဗျား ဘာပြောလိုက်တာလဲ"

 

 

"ကျွန်တော် အိမ်ရှေ့စံမင်းသားက ကျောင်းအကျဉ်းထောင်ထဲ ရောက်နေတာ ၁၀ရက်ရှိပြီလို့ ပြောတာပါ" 

 

 

ဤအရာအား ကြားသောအခါ ကျန်းကျင့်အန်း လေအေးတစ်ရှိုက် ရှူသွင်းလိုက်မိသည်။

 

 

ချူရှဲ့၏ အမူအရာက မည်မျှပင် ပူပန်သောကနှင့် နောင်တများ ပြည့်နှက်စေပါစေ သူ့မျက်လုံးများကမူ ရေခဲအလား အေးစက်မှုများဖြင့် ဝင်းလက်တောက်ပနေသည်။

 

 

"ဘယ်လိုတောင် သနားစရာကောင်းတာလဲ။ ကျွန်တော် ကျောင်းအကျဉ်းထောင်မှာ သူ့ကိုသွားတွေ့ဖို့ တစ်ခေါက်ရောက်သွားတာ… သူ့ခန္ဓာကိုယ်က အမာရွတ်မရှိတဲ့နေရာ တစ်နေရာမှ မကျန်တော့ဘူး။ သူတို့က ဝံပုလွေ-သွားခြစ်ရာ ကြာပွတ်ကို အသုံးပြုထားလို့ တစ်ချက်ရိုက်တိုင်း အဆူးချွန်တွေ အသားထဲ ကျန်ရစ်နေတာ" ချူရှဲ့ စကားပြောလျက် ကျန်းကျင့်အန်းကို ကြည့်နေပြီး ကျန်းကျင့်အန်း၏ ပုခုံးများ တုန်ယင်နေသည်ကို သတိထားမိလိုက်သည်။ ရက်စက်ယုတ်မာတော့မည့်ပုံပေါ်သည့် အပြုံးက ချူရှဲ့၏ နှုတ်ခမ်းပါးလွှာ၌ ပေါ်ပေါက်လာခဲ့သည်။ "သွေးတွေဆိုလည်း ပုလဲလုံးလို ပျစ်ခဲပြီး နည်းနည်းချင်းစီ အောက်ကို စီးကျလာတာ"

 

 

သူ့အရှေ့ရှိ ကောင်တီမင်းသား၏ မျက်လုံးများအတွင်း တုန်ရီကာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

 

 

သူ့ဒူးများ အားနည်းသွားပြီး ခြေလှမ်း အနည်းငယ် နောက်ဆုတ်ကာ ကြမ်းပြင်ပေါ်သို့ ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားရသည်။ ကံကောင်းစွာနှင့် သူ၏ နောက်လိုက်တစ်ဦးက သူ့အား အကူအညီပေးရန် ရောက်လာပြီး သူ့ခြေထောက်ပေါ်သူ ရပ်နေနိုင်ရန် ကူညီပေးလိုက်သည်။