Chapter 3
Viewers 245

အပိုင်း (၃) - အမိန့်အာဏာ

 

 

 

 

"အိမ်တော်ထဲက အစေခံတွေရဲ့ ဧည့်ခံမှုက တစ်ခုခုများ လိုအပ်နေလို့လား" ချူရှဲ့က ကျန်းယန်ချီထံမှ အကြည့်လွှဲကာ နောင်တများပြည့်နေသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည် ။ "အဲ့လိုမျိုးဖြစ်သွားတယ်ဆို... ကျွန်တော်လည်း ဒီနေ့ တစ်ခုခုကြောင့် အပြင်သွားစရာရှိတာနဲ့ လေးစားဖွယ် ဧည့်သည် ၂ ဦးကို သေချာမဧည့်ခံမိတာ၊ တကယ် ကျွန်‌တော် ပေါ့ဆမိပါတယ်လေ.."

 

 

 

ကျန်းယန်ချီက ချက်ချင်းပင် သူ့အမေထံမှ စိုက်ကြည့်ခြင်း ခံလိုက်ရသည်။

 

 

 

တွမ့်စစ် ကြောင့်ကြသွားကာ သူမ၏နားများ နီရဲလာသည်။ သူမက ရှင်းပြရန် လက်ကို လျင်မြန်စွာ ဝေ့ယမ်းလိုက်သည်။ "အရမ်းတွေးပေးတာပါ၊ အလွန်အမင်းကို တွေးပေးတာ။ သင် ဒီထက်ပိုပြီး ညှာတာစရာတောင် မလိုတော့ပါဘူး။ ကလေးက စကားမပြောတတ်တော့ အရှင်ချူကပဲ စိတ်ထဲမသွင်းပါနဲ့ရှင်"

 

 

 

သူမ ကျန်းယန်ချီ၏ အင်္ကျီအနောက်သို့ လက်လှမ်းကာ နှစ်ခါလှမ်းဆွဲလိုက်သည်။

 

 

 

"ဒါဆိုလည်း ကောင်းပါပြီ" ချူရှဲ့က ဆက်ပြောသည်။ "နေ့လယ်စာက ရနေပြီ။ စိတ်မရှိရင် အဓိကခန်းမထဲ ကြွထားနှင့်ပါ။ ကျွန်တော် အဲ့ကိုမလာတွေ့ခင် လန်းဆန်းတဲ့အဝတ်မျိုး ပြောင်းလဲလိုက်ဦးမယ်"

 

 

 

ထိုလူက ဖြည်းညင်းစွာ စကားပြော၍ မွေးဖွားရာ အထက်တန်းဆန်မှုကို သယ်ဆောင်ထားသည်ကို မြင်သောအခါ တွမ့်စစ် လေးစားမှုအား ခံစားရသည်မှလွဲ၍ မတတ်နိုင်တော့ပေ။

 

 

 

ထိုအမျိုးသား ထွက်သွားသည်ကို မြင်သောအခါ တွမ့်စစ် နောက်လှည့်၍ သူမ၏ သားအား လှည့်ကြည့်ကာ ဒေါသတကြီး ပြောလေသည်။ "အားယွီ၊ သား အဲ့လိုစကားမျိုး ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ သူက အမေတို့ရဲ့ ကျေးဇူးရှင်ပဲ"

 

 

 

ကျန်းယန်ချီက တိတ်ဆိတ်နေကာ ဖြည်းညင်းစွာ ပျောက်သွားသော ပုံရိပ်အား ပြတင်းပေါက်ကို ကျော်၍ စိုက်ကြည့်နေသည်။

 

 

 

ချူရှဲ့၊ ထိုလူက တစ်ခုခု မူမမှန်ပေ။

 

 

 

ကျန်းယန်ချီ သူ အအေးနန်းဆောင်၌ ရှိနေစဉ်ကတည်းက ထိုလူ၏ အချက်အလက်များကို စုဆောင်းပြီးဖြစ်သည်။ သူ့တွင် ရာထူးမရှိ၊ နောက်ခံမရှိပေ။ ထို့အပြင် အဓိက မြို့စားအိမ်တော် သို့မဟုတ် ဌာနသုံးခု၊ ဝန်ကြီးဌာနခြောက်ခု၏ အင်အားကြီးအရာရှိများ၏ ဆက်ခံသူလည်း မဟုတ်ပေ။ သူ့တွင် အထက်တန်း မုဆိုးမ သို့မဟုတ် မဟာဆန်သည့်မိသားစုများနှင့်လည်း အချိတ်အဆက်မရှိချေ။

 

 

 

သူ့တွင် နောက်ခံမရှိ၊ အစစ်အမှန်အင်အားမရှိ၊ စစ်အေး အင်အားလည်း မရှိ။

 

 

 

အစ၌ သူက သန့်ရှင်းသေသပ်သော မိန်းမစိုးဖြစ်သည့် လူထောင်ပေါင်းများစွာ နင်းခံသွားနိုင်သည့် အစေခံတစ်ယောက်သာပင်။

 

 

 

လွန်ခဲ့သည့်ခြောက်နှစ်က သူ၏ ထက်မြတ်သည့်ပုံရိပ်ကြောင့် မြို့စား ယွဲ့ရှိ ရှစ်ဇီ၏ စာဖတ်‌အဖော်ဖြစ်လာခဲ့သည်။ ထို့နောက် ဧကရီ ဒေါ့ဂျာ (dowager)ဘက်မှ မိန်းမစိုးချုပ် ဖြစ်လာသည်။ သုံးနှစ်ကြာပြီးနောက် သူက လက်ရှိ ဧကရာဇ်လက်အောက်မှ မိန်းမစိုး ခေါင်းဆောင် ဖြစ်ခဲ့သည်။

 

 

 

နက်နဲသည့် အစိမ်းရောင်အရိပ်အယောင်အတွင်း ထိုပုံရိပ် ပျောက်ကွယ်သွားသည်ကို သူစောင့်ကြည့်၍ ကျန်းယန်ချီက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

 

 

 

ထိုလူက သေချာပေါက်ကို မရိုးရှင်းပေ။

 

 

 

***

 

 

ချူရှဲ့ မျက်နှာပေါ်၌ စိတ်မရှည်သည့်ပုံစံဖြင့် သူ့အခန်းသူ ပြန်လာခဲ့သည်။ သူက ဇလုံထဲ ဆေးအများကြီးထည့်ကာ သူထိမိခဲ့သော သွေးများအား ဖယ်ရှားပစ်ရန် သူ့လက်တစ်ဖက်ကို ဇလုံထဲထည့်ပြီး အပြင်းအထန် ပွတ်တိုက်နေသည်။

 

 

 

ရေတစ်ဇလုံပြီးနောက် နောက်ရေတစ်ဇလုံ ထပ်ထည့်ပြန်သည်။

 

 

 

အစေခံများက သူ တွေးနေသည့်အရာကို နားမလည်သော်ငြား သူတို့ကျင့်ဝတ်ကို လိုက်နာကာ ရေများ ဆက်၍ ယူဆောင်လာပေးသည်။

 

 

 

အကြိမ်အနည်းငယ် ရေဆေးပြီးနောက် သူ့လက်ချောင်းထိပ်များ ‌နီ‌ရဲနေသော်လည်း သူနောက်ဆုံးတွင် သန့်ရှင်းသွားသလို ခံစားလိုက်ရသည်ာ

 

 

 

သူ သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

 

 

 

"သေစမ်းပါတော့၊ ငါ ကျောင်းအကျဉ်းထောင်ကို ထပ်သွားရလို့ကတော့ ခွေးထဲက ခွေးဖြစ်တော့မှာပဲ" ချူရှဲ့ သူ့စိတ်အတွင်း၌ တိုးတိုးတိတ်တိတ် ဆဲကာ ကြေးဇလုံကို မကုန်မိစေရန် စိတ်တင်းထားရသည်။

 

 

 

လူများကို ထွက်သွားခိုင်းပြီး သူက ခုံပေါ်တွင် ဒူးအပေါ် ခြေထောက်တစ်ဖက်တင်ထိုင်၍ လက်များကို သူ့ခေါင်းနောက်တွင် ထားလိုက်သည်။

 

 

 

သူ ခေတ္တမျှ တွေးလိုက်သော်လည်း မည်သည်ကိုမျှ အာရုံခံမရပေ။ ထို့ကြောင့် သူက သုံးစားမရသည့် system အား ထပ်မံ ဖွင့်လိုက်သည်။

 

 

 

"ဉာဏ်နီဉာဏ်နက်မရှိတဲ့ တွမ့်စစ်နဲ့ ကျန်းယန်ချီတို့ အအေးနန်းဆောင်ထဲ မသေဘဲ ဘယ်လိုနေလာတယ်လို့ မင်းထင်လဲ" ချူရှဲ့ သူ့စိတ်ထဲမှ မေးလိုက်သည်။

 

 

 

သူတို့ကို အရေးနည်းနည်းပေးလိုက်သည်နှင့် ကျေးဇူးတင်စွာ သိုကြွေးလာသည်။ ချူရှဲ့သာ ဗီလိန်ဇာတ်ကြောင်းအတိုင်း လိုက်လုပ်ရန် အတင်းတွန်းအားပေးမခံရဘူးဆိုလျှင်  သူ ထိုလူနှစ်ယောက်အား တော်ဝင်မြို့တော်မှ ချက်ချင်း ထွက်ခွာခိုင်းရန် စဉ်းစားပြီး ဖြစ်သည်။

 

 

 

"သူတို့က ဒီ‌နေရာနဲ့ မလိုက်ဖက်ဘူး" သူ တွေးလိုက်သည်။

 

 

 

"အခုအချိန်မှာ ဒီဇာတ်ကြောင်းထဲက ချူရှဲ့ကာရိုက်တာကိုဘဲ ခွင့်ပြုထားနိုင်တယ်။ ငါတို့ တစ်ခုပြီးတစ်ခု ဖွင့်ကြမယ်.... နောက်လာမဲ့ ဇာတ်လမ်းတွေမှာ... ငါတို့ အခြားကာရိုက်တာတွေဖွင့်ဖို့ အာဏာရှိချင် ရှိလာမှာပေါ့၊ ဒါပေမဲ့....

 

ဒါက အရေးမကြီးဘူး၊ ဟုတ်တယ်မလား host? သူတို့ ဘယ်လို ဇာတ်လိုက်တွေလဲဆိုတာ အလေးမထားဘဲ ကျွန်တော်တို့ အဲ့အကြောင်း သိပ်စဉ်းစားဖို့မှ မလိုတာ။ ကျွန်တော်တို့ ဇာတ်ကြောင်းထဲက တာဝန်တွေကိုပဲ ပြီးမြောက်အောင် လုပ်ဖို့လိုတာလေ..."

 

 

 

အဓိပ္ပာယ်ရှိသည်။

 

 

 

သူတို့က စာရွက်ထဲက ကာရိုက်တာတွေပဲကို ဘာလို့ စိတ်အနှောင့်ယှက် ဖြစ်ခံနေမှာလဲ...

 

 

 

ဇာတ်လမ်းကို ပြီးအောင်လုပ်၊ ပြန်လည်မွေးဖွားလိုက်ရင်… ဒါက ကောင်းတာထက် ပိုနေပြီ။ 

 

 

 

"အခုအချိန်မှာတော့ ကာရိုက်တာ လိုက်ဖက်မှုနှုန်းက ၁၀၀% ပါ။ မင်းက ကျွန်တော် တွေ့ဖူးသမျှ host တွေထဲ ပါရမီ အရှိဆုံးပဲ" systemက စိတ်အားထက်သန်စွာ မြှောက်ပင့်ပြောသည်။ "မင်း သရုပ်ဆောင်စကေးက လက်ဖျားခါရတယ်"

 

 

 

"အမှန်ပဲ"

 

 

 

ချူရှဲ့ သူ့ကိုယ်သူ အရမ်းကျေနပ်သွားကာ ဗာဆိုင်းပုံစံ ယဉ်ကျေးမှုကိုပင် ပေးလိုက်သေးသည်။ "ကာရိုက်တာက မရှုပ်ထွေးလို့ ဖြစ်မှာပေါ့၊ သူက ယုတ်မာပြီး ရစ်ပတ်နေတာ...."

 

 

[ဒီနား သိပ်နားမလည်လို့ တိုက်ရိုက်ပြန်ထားပါတယ်]

 

.

 

ဂလူးး 

 

 

 

သူ့ဗိုက်ထဲမှ မြည်ဟည်းလာသည်။

 

 

 

အာ.. လူမှုအသိုင်းအဝိုင်းထဲမှ တိရစ္ဆာန်များ၏ နေ့လယ်စာအားလပ်ချိန်မှာကား တိုတောင်းလွန်းလှသည်။

 

 

 

သူ မတ်တပ်ရပ်ကာ သူ့ပုံရိပ်ကို ပြင်ဆင်ချိန်ညှိပြီး မှန်ထဲ၌ အပြစ်ကင်းစင်ကာ သိမ်မွေ့သည့် အပြုံးကို လေ့ကျင့်တော့သည်။

 

 

 

သူ ညစာစားခန်းမထဲ အပြေးသွားသောအခါ ကျန်းယန်ချီနှင့် တွမ့်စစ်တို့ နေရာယူထားကြပြီး ဖြစ်သည်။

 

 

 

စားပွဲပေါ်တွင် ဟင်းပွဲ ၂၇ ပွဲ ခင်းကျင်းထားပြီး ထိုအထဲတွင် ကောင်းကင်၊ မြေကြီး၊ ရေထဲ၊ မြေအောက် သင် မှန်းကြည့်၍ရသမျှ အရာအားလုံး ပါဝင်နေပေသည်။

 

 

[ပြောချင်တာက နေရာပေါင်းစုံက အစားအသောက်အကုန် စားပွဲပေါ် ခင်းကျင်းထားတယ်လို့ပါ။]

 

 

 

ဟင်းပွဲများအားလုံးက တွမ့်စစ် ဆယ်စုနှစ်တစ်ခုကြာအောင် မမြည်းစမ်းဖူးသည့် အရာများပင်။

 

 

 

ထိုအရာများက ချူရှဲ့ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စားသောက်ရသည်ကို ငြီးငွေ့သွားသော ဟင်းများလည်း ဖြစ်သည်။

 

 

 

ကျန်းယန်ချီ တူကောက်ကိုင်ရန် အလျင်မလိုဘဲ တွမ့်စစ်ကိုလည်း အလျင်မလိုရန် အချက်ပြလိုက်သေးသည်။ သူ၏ တစ်ဖက်စွန်းအမြင်အရ သူက အစားအသောက်ကို စစ်ဆေး၍ စားသောက်နေသော မိန်းမစိုးကို ကြည့်နေခဲ့သည်။ သူ ဟင်းအားလုံးကို မြည်းပြီးမှသာ သူ့အမေထံ ခေါင်းအသာညိတ်ပြလိုက်သည်။

 

 

 

သို့သော် တွမ့်စစ်ကမူ သူအလွန်အမင်း သတိထားနေသည်ဟု ခံစားရသည်။

 

 

 

ချူရှဲ့တွင် တော်ဝင်ဆန်သည့် အကျင့်စရိုက်ရှိကာ သိသာသောအကြောင်းအရင်းလည်း မရှိပါဘဲနှင့် အဘယ်ကြောင့် သူတို့အား အဆိပ်ရမည်နည်း..

 

 

 

ထို့အပြင် အစားအစာများက အလွန် အရသာရှိလှသည်။

 

 

 

တွမ့်စစ်၏ မျက်လုံးများ နီရဲကာ မျက်ရည် ထပ်ကျတော့မည်။ ချူရှဲ့ အလောတကြီး ထရပ်ကာ သူမထံ အစားထည့်ပေး၍ ပြောလိုက်သည်။ "မြန်မြန်စားပါ၊ ဒါက ပျော်စရာအချိန်ပဲကို ဘာလို့ အမြဲ ဝမ်းနည်းတဲ့ အကြည့်ဖြစ်နေရတာလဲ.."

 

 

 

တွမ့်စစ် သူမ၏ စားချင်စိတ်ကို ဖျက်ဆီးမိသကဲ့သို့ ဖြစ်သွားမည်စိုးသောကြောင့် သူမ မျက်ရည်များကို ထိန်းကာ ကြီးမားသည့် ပန်းကန် ၂ပန်းကန်စာကို တိတ်တဆိတ်နှင့် စားသောက်လိုက်သည်။ 

 

 

 

သို့သော်လည်း သူမ မတတ်နိုင် ; ဗိုက်ပြည့်သည်အထိ စားပြီးသော်လည်း သူမ ပို၍ ငိုချင်လာသကဲ့သို့ ခံစားလိုက်ရသည်။

 

 

 

အလွန် အရသာရှိလွန်းသည်။ ဘယ်သူကများ အစားအစာတွေက အဲ့လောက် အရသာရှိမှန်း သိမှာလဲ...

 

 

သူမက ပန်းကန်လုံးကို ကိုင်ထားလျက် မျက်ရည်များ တစ်လိပ်လိပ် ကျဆင်းလာသည်။

 

 

 

"အမေ" ကျန်းယန်ချီက တွမ့်စစ်၏ လက်ကို သူ့လက်ဖြင့် ဖုံးအုပ်၍ ကိုင်ကာ သူမအား ညင်ညင်သာသာ  နှစ်သိမ့်ပေးလိုက်သည်။

 

 

"မယ်မယ်၊ အရှင့်သား… တစ်ယောက်ထဲ ခြံဝင်းထဲမှာ တွေးမှိုင်နေတာက ဝမ်းနည်းခြင်းကိုဘဲ ဖြစ်စေတယ်။ ဒီနေ့နဲ့ မနက်ဖြန် ကျွန်တော့်မှာ တာဝန်မရှိဘူး။ နေ့လယ်စာ စားပြီးတာနဲ့ ကျွန်တော် နှစ်ယောက်လုံးကို မြို့အပြင်က အနောက်ဘက်တောင်တန်းတွေအပေါ် အမဲလိုက်ဖို့ ခေါ်သွားပေးမယ်" ချူရှဲ့က ပြောသည်။ ထို့နောက် သူက တွမ့်စစ်အား ကိုယ်တိုင် ဟင်းရည်တစ်ပန်းကန် ထည့်ပေးလိုက်သည်။ "စိတ်လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေလိုက်ပါ ။ ဒီလိုဆို အတိတ်အကြောင်းတွေ တွေးမိတော့မှာ မဟုတ်ဘူး"

 

 

 

ကျန်းယန်ချီက သိပ်မစားချေ။

 

 

 

သူ့အရွယ်ကလေးများက အနည်းငယ်မျှသာစားလျှင် ကောင်းကောင်း ကြီးမထွားနိုင်ပေ။ 

 

 

 

ချူရှဲ့ ခေတ္တမျှ တွေးပြီး မေးလိုက်သည်။ "အရှင့်သား ဟင်းတွေကို အကြိုက်မတွေ့လို့လား"

 

 

 

ထို့နောက် ခေတ္တရပ်ဆိုင်းကာ ထပ်မံ ပြောသည်။ "သင်က အချို‌တွေ နှစ်သက်တယ်မလား"

 

 

 

ကျန်းယန်ချီ ပြန်မပြောနိုင်မီတွင် တွမ့်စစ်က ခေါင်းညိတ်ကာ ပြောလာသည်။ "ဟုတ်တယ်၊ အရှင်ချူ ဘယ်လိုသိတာလဲ”

 

 

 

ချူရှဲ့၏ မျက်လုံးအတွင်းဝယ် နွေးထွေးမှုများ ပြည့်နှက်လျက် ရှိသည်။

 

 

 

"အရှင်မင်းကြီးလည်း အချိုကြိုက်တယ်လေ"

 

 

 

တွမ့်စစ်၏ လက်များ မသိမသာတုန်ယင်သွားကာ ကျန်းယန်ချီသည်လည်း ခေတ္တတုန့်ဆိုင်းသွားသည်။ 

 

 

 

ချူရှဲ့ : "အမြဲ ညလယ်ခေါင်ကြီး ချိုတဲ့ ဟင်းရည်တစ်ပန်းကန်ကိုပဲ တောင့်တနေတာ၊ ပြီးတော့ စားလို့ကို မဝဘူးလေ... ကြည့်ရတာ မင်းသားလေးလည်း အရှင်မင်းကြီးနဲ့ တူတယ်ထင်တယ်"

 

"အရှင်မင်းကြီး၊ သူ...." တွမ့်စစ်က သူမလက်ချောင်းများကို မသိမသာ လိမ်ဖယ်ကာ မေးသည်။ "သူဘယ်လိုနေလဲ"

 

 

 

"သိပ်တော့ မကောင်းဘူး။ လွန်ခဲ့တဲ့ ၂နှစ်က ရောဂါလက္ခဏာအချို့ တွေ့ရပြီး ရုတ်တရက် အပြင်းအထန် ၈လ/၉လလောက် ဖျားသွားတာ။ အခု သူက အိပ်ရာထဲမှာပဲ လှဲနေနိုင်တယ်။ တစ်ရက်နိုး ငါးရက်လောက် ပြန်အိပ်မောကျပြီး အိပ်ရာထဲက မထွက်လာနိုင်ဘူးးး.... ဟူးးး"

 

 

 

တွမ့်စစ်သည်လည်း သက်ပြင်းချလိုက်သည်။ "ဟူးး..."

 

 

 

"အရှင်မင်းကြီး လာမဲ့ရက်ထဲ ပို‌သက်သာလာရင် ကျွန်တော် မယ်မယ်တို့ မိသားစု ပြန်လည်စုံစည်းတဲ့ ညစာစားနိုင်အောင် မေးပေးပါ့မယ်..."

 

 

တွမ့်စစ် ထိတ်လန့်သွားကာ သူမ နောက်ရှိခုံကို ခြေတစ်လှမ်းစာ တွန်း၍ အသံအကျယ်ကြီး ပြုလုပ်မိကာ  ရုတ်တရက် ထရပ်လိုက်မိသည်။

 

 

 

"မလုပ်နဲ့၊ အရှင်မင်းကြီးက ကျွန်မကို မကြိုက်ဘူး။ ကျွန်မအကြောင်း သူ့အရှေ့မှာ မပြောပါနဲ့… ပြီးတော့ ယွီအာ အကြောင်းရောပဲ.... အခုလိုလေးအတိုင်းပဲ အ‌ဆင်ပြေနေပါပြီ။ အအေးနန်းဆောင်ကနေ ထွက်လာနိုင်တာပဲ အတော်ကောင်းနေပြီ။ ကျွန်မ ဘာကိုမှ ထပ်ပြီး မမျှော်လင့်ထားဘူး...."

 

 

 

ကျန်းယန်ချီက ချူရှဲ့ထံသို့ အကြည့်လွှဲလိုက်သည်။

 

 

 

သို့သော်လည်း ချူရှဲ့၏ အပြုံးက မှိန်ဖျော့စွာ ကျန်ရှိနေဆဲ ဖြစ်ကာ ချက်ချင်း တုန့်ပြန်မှုမပေးချေ။ ထိုသူက မည်သည်မျှ ပြန်မပြောဘဲ တိတ်တဆိတ်သာ နေနေသည်။

 

 

လ၏ အစတစ်ဝက်တွင် မိုးများ ရွာသွန်း‌နေခဲ့သည်။ သို့သော်လည်း ယနေ့တွင်မူ ရာသီဥတုက နေသာပြီး ရှင်းလင်းနေကာ အမဲလိုက်ရန် သင့်တော်ပေသည်။

 

 

 

ချူရှဲ့က မြင်းထိန်းနှင့် မြှားပစ်နည်းပြကိုပင် စီစဉ်ပြီးပြီဖြစ်ရာ သူတို့ မြင်းမစီးတတ်မည်ကို စိုးရိမ်နေမိသည်။ သူက ထိုသူ့အရွယ်ကလေးမျိုးက အသက်ဝင်လျက် စိတ်လှုပ်ရှားစရာများ ပြည့်နှက်နေမည်ဟု မျှော်လင့်မိသည်။

 

 

 

သို့သော် မင်းသားလေးက စိတ်ထိန်းနိုင်လိမ့်မည်ဟု ကြိုတင်မမျှော်မှန်းခဲ့မိပေ။

 

 

 

တွမ့်စစ်ကသာ စိတ်လှုပ်ရှားသည့်သူ ဖြစ်နေခဲ့သည်။

 

 

သူမ အလျင်အမြန် မြင်းစီးကာ ‌လေးကြိုးကိုဆွဲ၍ ခြေလှမ်းရာချီဝေးသည့်နေရာမှ တိကျစွာ မြှားပစ်ခတ်လိုက်သည်။ နေရောင်အောက်တွင် တွမ့်စစ်၏ အပြုံးက ရောင်ပြန်ဟပ်နေကာ လေးလံသော မြှားအား ကိုင်၍ သူတို့နှစ်ဦးထံ လက်ယမ်းပြနေသည်။ "ကျွန်မ အရင် တောထဲ သွားနှင့်ပြီနော်"

 

 

 

ချူရှဲ့ အံ့ဩသင့်သွားရသည်။

 

 

 

နည်းပြပင် မလိုက်နိုင်သော မယုံနိုင်လောက်စရာအရှိန်ဖြင့် သူမ မြင်းစီးနေသည်ကို ကြည့်၍ သူမ စစ်ပွဲထဲ သွားတော့မည်ဟုပင် သူတွေးမိလိုက်သည်။

 

 

 

"ကျွန်တော် မယ်မယ်ကို ဒီလောက်တောင် မြင်းစီးတာရော မြင်းပစ်တာမှာပါ ကျွမ်းကျင်နေလိမ့်မယ် မထင်ထားဘူး..."

 

 

 

"သူမရဲ့ မြှားပစ်စကေးက သူမ အားဝမ်(အဖေ) ယွဲ့ကလန် ချေမှုန်းမခံရခင်က ကိုယ်တိုင်သင်ပေးခဲ့တာ" ကျန်းယန်ချီက ရှင်းပြသည်။

 

 

 

"အရှင့်သားရော မြင်းစီးတာနဲ့ မြှားပစ်တတ်လား"

 

 

 

"မတတ်ဘူး" ကျန်းယန်ချီ ချူရှဲ့အား ရှက်ရိပ်သမ်းစွာ ကြည့်လိုက်သည်။ "ကျွန်တော်က အအေးနန်းဆောင်ထဲမှာ ကြီးလာတာ ဘာမှ မသင်ဖူးဘူး"

 

 

 

ချုရှဲ့ သူ့လက်ကို ကျန်းယန်ချီပုခုံးပေါ်တင်ပြီး ကိုယ်ကို အနည်းငယ်ကိုင်းကာ မျက်လုံးချင်းစုံရန် ချဉ်းကပ်လာသည်။ "ဒါက အရှင့်သား အမှား မဟုတ်ပါဘူး။ သေချာပေါက်ပြောရဲတယ်… အနာဂတ်မှာ ကျွန်တော် အရှင့်သားအတွက် အကောင်းဆုံး နည်းပြတွေရှာပေးမယ်။ အရှင့်သားက ငယ်ပါသေးတယ် ; သင်ဖို့ အလောတကြီး ဖြစ်စရာမလိုသေးဘူး။ စာဖတ်တာဖြစ်ဖြစ် စာရေးတာဖြစ်ဖြစ် မြင်းစီးတာဖြစ်ဖြစ် မြှားပစ်တာပဲဖြစ်ဖြစ် သင်ဖို့ အချိန်အများကြီး ကျန်သေးတာပဲ.."

 

 

 

ကျန်းယန်ချီက မည်သည်မှမပြောဘဲ ခေါင်းအောက်ငုံ့ကာ ခြေထောက်အောက်ရှိ ကျောက်စရစ်ခဲ အချို့ကို ကန်နေသည်အား မြင်သောအခါ ချူရှဲ့ အကြောင်းအရာ ပြောင်းလိုက်သည်။ "အရှင့်သား အိမ်ခေါ်နာမည်က 'ယွီ' ဟုတ်တယ်မလား။ ကျွန်တော် မယ်မယ့်ဆီကနေ ခေါ်နေတာ တစ်ခါတစ်လေ ကြားရတယ်...." 

 

 

 

"ဖုန်းယွီ။ လေလိုမျိုး 'ဖုန်း' ၊ ခွင့်ပြုတာ ဒါမှမဟုတ် ရှာဖွေတာရဲ့ 'ယွီ' ။ ဒါက ကျွန်တော့်အမေ ပေးထားတဲ့ နာမည်"

 

 

 

ကျန်းယန်ချီအသံကမူ ခြင်တစ်ကောင်ကဲ့သို့ပင် တိုးညှင်းလွန်းလှသည်။

 

 

 

ချူရှဲ့ ညင်သာစွာ ပြုံးလိုက်သည်။ "အရှင့်သား စာအုပ်များများ ဖတ်သင့်တယ်။ သင့်ရဲ့ အိမ်ခေါ်နာမည်က အဲ့လို အဓိပ္ပာယ်မရဘူး။ 'ဖုန်းယွီ' က အကြောက်တရားကို တွန်းခံနေတဲ့လေနဲ့ ဘဝကို ယူဆောင်သိမ်းပိုက်တယ် လို့ ဆိုလိုတာ"

 

 

 

ကျန်းယန်ချီ ရှုပ်ထွေးသွားသလို မော့ကြည့်လာသည်။

 

 

 

သို့သော် ချူရှဲ့က ပိုနက်နဲသည့် ရှင်းပြမှုမျိုးမလုပ်တော့ဘဲ သိမ်မွေ့သည့်မြင်းတစ်ကောင်ယူလာရန် အချက်ပြလိုက်သည်။ ထို့နောက် သူ ပြောလိုက်သည်။ " အရှင့်သား ဘာလို့ မစမ်းကြည့်ရတာလဲ "

 

 

 

မြင်းထိန်းနှင့် မြှားပစ် နည်းပြ၏ အကူအညီဖြင့် ကျန်းယန်ချီက မြင်းပေါ်တက်စီးသောအခါ ဟန်ချက်မညီဘဲ ယိမ်းထိုးလျက် ယိုင်တိုင်တိုင်ဖြစ်နေသည်။

 

 

 

ချူရှဲ့က လူအချို့ကို အနားတွင်နေရန် ညွှန်ကြားခဲ့ပြီး ထိုသူ ရုတ်တရက်ပြုတ်ကျသွားမည်ကို စိုးရိမ်နေခဲ့သည်။

 

 

 

ကျန်းယန်ချီ သဘာဝပါရမီကို ထုတ်ပြလာသည်။ မည်မျှပင် မကြာဘဲ သူကိုယ်တိုင် ဇက်ကြိုးကိုကိုင်ကာ ဖြေးဖြေးချင်း စီးနိုင်သွားသည်။

 

 

 

သူက နောက်ပြန်လှည့်ပြီး ချုရှဲ့ကို မေးသည် ။ “ အရှင်ချူရော ဘာလို့ မြင်းမစီးတာလဲ"

 

 

 

ငါက မြင်းစီးရမယ်...

 

ချူရှဲ့ လှောင်ပြုံးပြုံးရုံကလွဲ၍ မတတ်နိုင်ပေ။ သူ၏ ဤကိုယ်ခန္ဓာအခြေအနေဖြင့်သာ ပြုတ်ကျသွားခဲ့လျှင် ဘဝသက်တမ်း၏ လေးနှစ်စာမျှ ဆုံးရှုံးရနိုင်ခြေရှိပေသည်။ ထိုနေရာတွင် သူ့သေတွင်းသူ တူးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

 

 

 

သူ၏တိုတောင်းသော ဘဝသက်တမ်းအပေါ် အရှက်ရစရာ ဒဏ်ရာတစ်ခု ထပ်ပေါင်းထည့်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ 

 

 

 

သူပြုံးကာ ခေါင်းခါလိုက်သည်။ "ကျွန်တော် မြင်းစီးတာတို့ မြှားပစ်တာတို့ မကြိုက်ဘူး။ ပြီးတော့ ကျွန်တော် ဓားတို့ လှံတို့ကို ကိုင်ရတာ မကျွမ်းဘူး"

 

 

 

ကျန်းယန်ချီ ၎င်းအချက်အလက်အပေါ် အံ့ဩသင့်စွာ မေးခွန်းထုတ်လာသည်။ "ဘာလို့လဲ"

 

 

 

"...ဒီလိုပဲ ကျွန်တော် အဲ့လို အကြမ်းဖက်တဲ့လုပ်ရပ်မျိုးကို ကိုယ်ရေးကိုယ်တာအရ မနှစ်သက်တာပါ။ ရုပ်ပိုင်းဆိုင်ရာ ရန်ဖြစ်ရတာထက် လူတွေနဲ့ ငြင်းခုံရတာကို ပိုနှစ်သက်တယ်"

 

 

 

‌အဝေးရှိ တွမ့်စစ်က သူတို့ထံ သူမမြင်းဖြင့် ကဆုန်ပေါက်ပြေးလာသည်။ ဇက်ကြိုးကို တစ်ဖက်မှ ကိုင်ထားလျက် ယုန်အချို့ကို သယ်ဆောင်လာသည်။ သူမအနောက်တွင်လည်း ဝက်ဝံငယ်ကို ကြိုးဖြင့် ချ‌ည်ကာ ဆွဲလာခဲ့သည်။

 

 

 

‌နွေဦးနေရောင်ခြည်အောက်တွင် သူမက အမှန်တကယ်ပင် ထူးကဲစွာ တောက်ပပြီး ကျက်သရေရှိနေခဲ့သည်။

 

 

 

ကျန်းယန်ချီက ချူရှဲ့ သူ့ လက်ဝတ်ရုံစကို ချိန်ညှိနေသည်ကို သတိပြုမိလိုက်ပြီး ထိုသူ၏အကြည့်သည်လည်း သူ့ထံသို့ အမှတ်မထင် ကျရောက်နေသည်။

 

 

 

"ဘာလို့ မြှားစမ်းမပစ်ကြည့်တာပါလဲ၊ အရှင့်သား" ချူရှဲ့ မေးသည်။

 

 

 

ဈေးကြီးသော ထင်ရှူးသားအမွှေးနံ့က ကျန်းယန်ချီ ခန္ဓာကိုယ်ကို မယှဉ်သာနိုင်သည်အထိ ပြင်းထန်စွာ ပတ်ရံသွားသည်။ ထိုသူအနားကပ်လာသည်နှင့်အမျှ ငုပ်လျှိူနေသော မှိန်ဖျော့ဖျော့ ကွဲပြားသည့် တစ်စုံတစ်ရာ ခါးသက်သောအနံ့ကို ရလိုက်သည်။

 

 

 

ကွဲပြားပြီးတော့ ခါးသက်တယ်...

 

 

 

ကျန်းယန်ချီတွင် စူးရှသည့် အနံ့ခံအာရုံရှိကာ သူက ချူရှဲ့အား ပထမဆုံးအကြိမ် တွေ့စဥ်ကပင် မပြတ်မသား အနံ့ခံမိပြီး ဖြစ်သည်။

 

 

 

ဆေးဖက်ဝင်အပင်အနံ့

 

 

 

သူ့ကိုယ်‌ပေါ်က ဆေးအနံ့ကို ဖုံးကွယ်ဖို့ ပြင်းထန်တဲ့ အမွှေးနံ့ကို အသုံးပြုနေတာလား....