အခန်း ၂ - ဗီလိန်
"သခင်ချူက အခု ဒီမှာမရှိဘူးဗျ" ဂိတ်စောင့်က ဖော်ရွေသည့် အမူအရာဖြင့် ရှင်းပြသည်။
တွမ့်စစ် ထိုကဲ့သို့ ဖော်ရွေသည့်အပြုံးမျိုး တွေ့ခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်ကာ မျက်ရည်ကျလုဆဲဆဲ ဖြစ်သွားသည်။ သူမ နှာရှုံ့ကာ မေးလိုက်သည်။ "သူ ဘယ်အချိန် ပြန်လာမလဲ မသိဘူး"
"အာ… ဒီနိမ့်ကျတဲ့အစေခံ မသိပါဘူး" ဂိတ်စောင့်က တံခါးအား ပိုကျယ်ကျယ် ဖွင့်လိုက်သည်။ "မယ်မယ် နဲ့ အရှင့်သားတို့ ဘာလို့ အထဲမဝင်စောင့်နေကြတာလဲ၊ သခင်ချူက မယ်မယ် သူ့ကို အခုလာရှာရင် မယ်မယ့်ကို ကောင်းကောင်းစောင့်ရှောက်ရမယ်လို့ မှာထားပါတယ်..."
မယ်မယ်...
တွမ့်စစ် မျက်ရည်များ တစ်ဖန်ပြန် စီးကျလာသည်။
သူမက အမြဲတမ်း နိမ့်ကျသည့်ရာဇဝတ်သား၏ သမီးဖြစ်နေခဲ့ကာ 'မယ်မယ်' ဟု တစ်ခါမျှ ညွှန်းဆိုခြင်း မခံရဖူးပေ။
ကတိုက်ကရိုက်ပင် သူက ကျန်းယန်ချီကို တော်ဝင်ခြံဝင်းအတွင်း ဝင်ခိုင်းလိုက်သည်။
ကျန်းယန်ချီက လမ်းတစ်လျှောက်လုံး စကားသိပ်မပြောပေ။ သူတို့ ဖြတ်လာသည့်နေရာတိုင်းတွင် စေ့စေ့စပ်စပ် စိစစ်ထားသော ပန်းပင်နှင့် အပင်များရှိပြီး သူတို့ ခြေဖဝါးအောက်ရှိ လမ်းခင်းကျောက်များကိုလည်း ချောမွေ့အောင် အချောသပ်ထားသည်။ ယခင်နှစ်ကမှ အသစ်စက်စက် ယွန်းဖြင့်ပြုလုပ်ထားသော သစ်သားအထိန်းအမှတ် ကျောက်တိုင်သည်လည်း တောက်ပြောင်နေသည်။
အစွန်ဘေးပတ်လည်တွင် တင့်တယ်သည့် လူလုပ်တောင်ရှိကာ တောင်၏အနောက်တွင် စီးဆင်းနေသည့် ချောင်းငယ်နှင့် ဝါးတောငယ် တည်ရှိသည်။
တော်ဝင်မြို့တော် အလယ်ဗဟိုရှိ နေရာထိုင်ခင်းက အံ့ဩသင့်စရာ ခမ်းနားလှသည်။
ကျန်းယန်ချီ တွေးလိုက်မိသည်ကို တွမ့်စစ် ထုတ်ပြောလာသည်။ "ဘယ်လောက်ကြီးလိုက်တဲ့ အိမ်တော်လဲ..."
"အို အရှင်က ဒီမြေကို အရှင်မင်းကြီးဆီကနေ ရခဲ့တာမဟုတ်ဘူး။ သူ့ဘာသာ ဝယ်ခဲ့တာ၊ အစက ဒီမြေက သေးသေးလေးပဲ… ဒါမဲ့ ကြာလာတော့ သူ့ဘေးနားက မြေတွေကို တခြားတွေက ဝယ်ပြီး လက်ဆောင်ပေးကြတယ်။ ဒါကြောင့် အရှင်က ကိုယ်ပိုင်ခြံဝင်းအဖြစ် ပြန်ပြုပြင်၊ စီစဉ်ခဲ့တာ… ဒါပေမဲ့ ကိုယ်ပိုင်ခြံဝင်းက ဒီလောက်ထိ ကျယ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ.." ဂိတ်စောင့်က လေးစားစွာ လမ်းပြနေသည်။ "ဒီဘက်"
အခြားသူတွေက လက်ဆောင်ပေးတယ်...
ဒီလို အဓိကခြံဝင်းမျိုးကို ဘယ်လို ကြင်နာတဲ့လူကများ မြေယာတွေ လက်ဆောင်ပေးနိုင်ရတာလဲ...
ကျန်းယန်ချီက စီးဆင်းနေသည့်ရေအတွင်း၌ ကူးခတ်နေသော koi ငါးအား စိုက်ကြည့်နေသည်။
သူတို့၏ အရောင်အဆင်းများက အလွန်ရှားပါးကာ တစ်ကောင်ချင်းစီကပင် *တေးရာနဲ့ချီ တန်သည်။
[*တေး ဆိုတာ သူတို့ရဲ့ ငွေကြေးဖြစ်ပါလိမ့်မယ်]
သူတို့ကို လမ်းပြပေးနေသည့် ဂိတ်စောင့်ပင် တန်ဖိုးကြီး မုယွင်ချည်ဝတ်စုံနှင့် ရွှေရောင်ပုံစံများထိုးထားသည့် ဖိနပ်ကို ဝတ်ဆင်ထားသည်။
ချူအိမ်တော်၊ ချူရှဲ့...
ကျန်းယန်ချီ၏ အကြည့် ရုတ်တရက် စူးရှသွားသည်။
"ကျွန်တော်တို့ ရောက်ပါပြီ"
အစေခံက တံခါးကိုတွန်းဖွင့်ကာ အခြားတစ်ယောက်အား လက်ဖက်ရည်ယူဆောင်လာခိုင်းလိုက်၍ သူတို့နှစ်ဦးအား ဂုဏ်သရေရှိ ဧည့်သည်များအလား ဆက်ဆံနေသည်။
ကျန်းယန်ချီ နှင့် တွမ့်စစ်ကား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ရှင်သန်လာသည့်သက်တမ်းတစ်လျှောက် သူတို့က ပထမဆုံးအကြိမ် ထိုကဲ့သို့ ထောက်ထားညှာတာသည့် အမူအရာမျိုးဖြင့် ဆက်ဆံခံရခြင်းပင်။
"အရှင်မင်းသားနဲ့ မယ်မယ်တို့ ရေအရင်ချိုးပြီး အမွှေးနံ့သာခံလိုက်ကြပါ၊ ပြီးရင် နေ့လယ်စာ သုံးဆောင်လို့ရပါတယ်။ ကျွန်မသွားပြီး ပြင်ဆင်ပေးပါ့မယ်" အစေခံက တလေးတစားပြောပြီး နောက်ပြန်ဆုတ်ကာ တံခါးကို ဂရုတစိုက် ပိတ်ပေးသွားသည်။
ကျန်းယန်ချီ ဤအိမ်အတွင်းရှိ လေးဘက်လေးတန်စလုံး၌ ပြတင်းပေါက်များ ရှိသည်ကို သတိပြုမိကာ အနည်းငယ် ထူးဆန်းသွားသည်။ လာရာလမ်းတစ်လျှောက်မှ ချူအိမ်တော်ရှိ အခန်းများအားလုံး၌ ပြတင်းပေါက် အများအပြား ရှိသည်ကိုလည်း သတိထားမိခဲ့သည်။
"ကြည့်ရတာ အိမ်ရှေ့စံ ထောင်ကနေ မလွတ်နိုင်တော့ဘူး ထင်တယ်..." တွမ့်စစ်က ကောင်းမွန်ကာ တန်ဖိုးကြီးပစ္စည်းများဖြင့် အလှဆင်ထားသော အခန်းအား ကြည့်ကာ သူမမျက်လုံးများ၌ မျက်ရည်များ ရစ်ဝဲလာပြန်သည်။ "အမေ တစ်ခါမှ ဒီအမေနဲ့ ဒီသား အခုလို နေ့မျိုး ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဖူးဘူး...."
သူတို့က အပျော်စောနေကြသည်။
ကျန်းယန်ချီ အခန်းအား စစ်ဆေးကာ မသိမသာ နဖူးတွန့်လိုက်မိသည် ။
ဒီနေရာက....
အအေးနန်းဆောင်ထက် ပိုကြောက်ဖို့ ကောင်းနိုင်တယ်....
***
…
ဆွဇ်...
အေးစက်မှောင်မှိုင်းသော မြေအောက်အကျဉ်းတိုက်အတွင်း၌ ကြိမ်ဒဏ်ပေးခံရသူများ၏ နာကျင်စွာအော်ဟစ်သံများက အတောမသတ် ထွက်ပေါ်နေသည်။
ကြာရှည်သည့်ကြာပွတ်သံက သက်ညှာမှု လုံးဝမပေးဘဲ ငိုသံများက အားဖျော့လာကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ခြေသံများက ချည်းကပ်လာပြီး ထောင့်နားမှ ထောင်မှူးပေါ်လာကာ လျင်မြန်စွာဖြင့် ခြေလှမ်းစိတ်စိတ်လှမ်း၍ ချူရှဲ့၏ ခြေထောက်အား ဒူးထောက်၍ နှိပ်ပေးနေကာ မျက်နှာလုပ်နေသည်။ သူက တခစ်ခစ်ရယ်၍ မျက်နှာပေါ်ရှိ သွေးများကို သုတ်ကာ ပြောသည်။ "သခင် သူ သတိလစ်သွားပါပြီ"
ထိုသူက သိမ်မွေ့သောလက်ချောင်းများဖြင့် အဖြူရောင်ကြွေခွက်အား ကျက်သရေရှိစွာ ကောက်ယူပြီး လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ ထို့နောက် မော့ပင်မကြည့်ဘဲ မေးသည်။ "သူ သေခါနီးနေပြီလား"
"မသေတော့ မသေသေးဘူး။ သူက အဖိုးတန်လူတစ်ယောက်လို ဆက်ဆံခံရပြီး အခုလို နှိပ်စက်မှုမျိုးကို အရင်က တစ်ခါမှ ကြုံဖူးမှာမဟုတ်ဘူး၊ နာကျင်မှုကို သူတောင့်မခံနိုင်ဘူး။" ထောင်မှူးက ချူရှဲ့၏ အမူအရာအား ဂရုတစိုက်ကြည့်ပြီးမှ လက်နှစ်ဖက်လုံး မြှောက်ကာ ချူရှဲ့ ကမ်းပေးသော လက်ဖက်ရည်အား လက်ခံလိုက်သည်။ "လက်ဖက်ရည်က အေးသွားပြီ၊ ကျွန်တော် နောက်တစ်ခွက် ယူလာပေးပါရစေ.."
ချူရှဲ့ သွေးပေနေသော ထောင်မှုး၏ လက်ကို မျက်လုံးဝေ့ကြည့်ကာ ကမ်းပေးသော ခွက်ကိုမယူခဲ့ပေ။
ထောင်မှူးက အလျင်အမြန် လက်ပြန်ရုတ်ပြီး ကိုယ်ပေါ် ထင်ကျန်နေသော သွေးများကိုသုတ်ကာ ကိုယ်ကိုညွန့်ကိုင်း၍ အကြံပြုသည်။ "ဘာလို့ အပြင်မှာ မစောင့်နေတာပါလဲ၊ ဒါဆို သခင့်ရဲ့ မျက်လုံး မညစ်ညမ်းတော့ဘူးပေါ့"
မှုန်မှိုင်းနေသည့် ကျောင်းအကျဉ်းထောင်အတွင်း၌ ချူရှဲ့၏ ဖြူစင်သောပုံရိပ်က စိုထိုင်းသောကျောက်တုံး နံရံပေါ် အရိပ်ထင်ရစ်နေသည်။ သူ၏ နဂိုကတည်းက ပိန်ပါးသော ပုံပန်းသွင်ပြင်ကား ပို၍ပင် ပါးလှပ်သွားသည့်အတိုင်း ထင်ပေါ်နေကာ သူ့ဖီးနစ်မျက်လုံးများက အေးစက်သည့်အလင်းနှင့်အတူ တောက်ပနေသည်။
ချူရှဲ့ ပြုံးလိုက်သည်။
"ရတယ်၊ ငါ လူတွေ ငိုတာကို ကြည့်ရတာကြိုက်တယ်"
သူ၏ ရင်းတိုက်သားအရောင် မြေခွေးမွှေးဝတ်ရုံကို စုစည်းပြီး ထောင့်သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ သူပိုနက်နက်သွားလေလေ အသက်ရှူကြပ်သည့် မွန်းကျပ်သောခံစားချက် ပိုရလာလေလေ ဖြစ်သည်။ သူ့လက်များက မသိမသာတုန်ယင်သွားကာ ခြေလှမ်းများ ခေတ္တမျှ ဒယိမ်းဒယိုင်ဖြစ်သွားသည်။
"သခင်" ထောင်မှူးက အံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်သည်။
ထောင့်သို့ချိုးလိုက်သည့်အခါ ချူရှဲ့က ဒဏ်ရာများ ပြည့်နှက်နေသော လူတစ်ယောက်က သစ်သားဘောင်အတွင်း၌ အချုပ်ခံထားရသည်ကို မြင်လိုက်ရသည်။
ထို မှောင်မည်းသော အကန့်အတွင်းရှိ တစ်ခုတည်းသော ပြတင်းပေါက်ကို ချူရှဲ့ အမြန်ပင် တွေ့ရှိသွားသည်။ သူ့ မျက်လုံးများက ထိုနေရာကို ကြည့်လျက် ဖြည်းညင်းစွာဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။
ထောင်မှူးက သစ်သားတံခါးကို ဖွင့်ပေးရာ ချူရှဲ့ ခေါင်းငုတ်ပြီး အထဲဝင်လိုက်သည်။
သူ့အနောက်ရှိ တံခါးကို ပိတ်တော့မည့်အချိန်၌ ချူရှဲ့ ချက်ချင်း လက်ကိုမြှောက်တားကာ ပြောလိုက်သည်။ "တံခါးမပိတ်လိုက်နဲ့"
"အာ.." သူ ထိုအမျိုးသားကိုယ်ပေါ်ရှိ သွေးများပြည့်နေသော ဒဏ်ရာများကိုကြည့်ကာ ဝံပုလွေတစ်ကောင်က သူ့သားကောင်ဖြစ်သည့် သိုး၏ ဒဏ်ရာများအား သနားနေသကဲ့သို့ ပြောကာ ဆူလိုက်သည်။ "မင်းတို့ကောင်တွေ အရမ်းရက်စက်တာပဲ"
သူ့အကြည့်က သတိလစ်နေသောအမျိုးသား၏ မျက်နှာပေါ် ကျရောက်နေသည်။
ထို့နောက် သူက ထိုလူ၏ ပါးကိုညှစ်ကိုင်ကာ အောက်ငုံ့ကျနေသော ခေါင်းအား အပေါ်ဆွဲမ,လိုက်သည်။
သူက အေးစက်သောအသံဖြင့် ပြောသည်။ "ရေနဲ့ပက်ပြီး သူ့ကို နှိုးလိုက်စမ်း"
ရေအေးတစ်ပုံးက ပက်ဖြန်းသွားကာ အေးခဲသည့်ရေစက် အနည်းငယ် ချူရှဲ့၏ ဖိနပ်ပေါ် ဖိတ်စင်သွားသည်။
"မင်းတို့ စည်ကမ်းတွေ နားလည်ရဲ့လား.." ထောင်မှူးက ရေပုံးကို အညှာအတာမဲ့စွာ ကန်ပြီး သူ့ဝတ်ရုံကိုချွတ်ကာ ချက်ချင်းပင် ဒူးထောက်၍ ဂရုတစိုက်နှင့် ချူရှဲ့၏ ဖိနပ်များကို သုတ်ပေးသည်။ "သခင်၊ အသစ်ရောက်တဲ့သူက နမော်နမဲ့ဖြစ်တတ်တယ်... ကြည့်ပါလား သူလုပ်လိုက်တာ...."
ဖော်လံဖော်ဖားလုပ်တဲ့ ကောင်ပဲ...
"ဘာမှမဖြစ်ဘူး...."
ကံကောင်းစွာဖြင့် ချူရှဲ့ စိတ်ကောင်းဝင်နေပုံရသည်။ ထောင်မှူး သူ့ဖိနပ်အား သုတ်မပြီးမီပင် ရေအိုင်အားနင်း၍ နှိပ်စက်ခံထားရသော အမျိုးသားထံ လျှောက်သွားသည်။ သူက ထိုအမျိုးသား၏ အစက တွေဝေနေသော မျက်လုံးအကြည့်တစ်စုံမှ ချက်ချင်းပင် စွန်ရဲတစ်ကောင်က သူ့အသားအား စုတ်ဖြဲပစ်ချင်သကဲ့သို့ စူးရှသွားသည့် အကြည့်အား ကြည့်နေလိုက်သည်။
"ချူရှဲ့ မင်းမိန်းမစိုးကောင်!!"
"ဒီလက်အောက်ငယ်သား စည်းကမ်းတွေကို နားမလည်ဘဲ ကိုင်တွယ်တာ နည်းနည်းကြမ်းသွားပါတယ်" သူက ပျင်းရိစွာ ပြောနေသော်လည်း ပါးစပ်ထောင့်တွင် အားရနေသည့် အရိပ်အယောင် ပေါ်လွင်နေသည်။ "အိမ်ရှေ့စံမင်းသားပဲ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးတော်မူပါ"
"မင်း လူမဆန်တဲ့ကောင်၊ မိမစစ်ကောင်!! အနှေးနဲ့ အမြန် မင်းပြိုလဲအောင် ငါလုပ်ပြမယ်၊ ငါ့ကိုလွှတ်စမ်း၊ မင်း.... ငါထီးနန်းရပြီးတဲ့အထိသာ စောင့်၊ မင်းကို...."
ထောင်မှူး ရယ်မောမိကာ လက်တစ်ဖျောက်အတွင်း ကြာပွတ်ဖြင့် အမျိုးသား၏ ခန္ဓာကိုယ်အား ရိုက်လိုက်ရာ သွေးများ ပန်းထွက်လာသည်။ "သခင်က မင်းကို 'အရှင့်သား' လို့ တစ်ခါခေါ်လိုက်ရုံနဲ့ မင်းကိုယ်မင်း မြင့်မြတ်တဲ့ အိမ်ရှေ့စံလို့ ထင်နေတာလား။ စွန်းယန်ချင်၊ အဲ့အဖိုးကြီးတောင် ပြည်နှင်ဒဏ်ပေးခံလိုက်ရပြီ။ မင်းဦးလေး မိသားစု တစ်ခုလုံး ပြိုလဲသွားတာ… နောက်ခံမရှိဘဲ မင်းကိုယ်မင်း ထီးနန်းဆက်ခံနိုင်ဦးမယ် ထင်နေတာလား... မင်းက စိတ်ကူးယဉ်နေတာပဲ!!"
နန်းကျအိမ်ရှေ့စံခမျာ ဇကာတစ်ခုအလား တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
"မင်းငါ့ကို ဘယ်လိုတောင် ထိရဲတာလဲ၊ ငါက တိုင်းပြည်ရဲ့ တစ်ဦးတည်းသော အိမ်ရှေ့စံ၊ အဖေ့ရဲ့ တစ်ဦးတည်းသော သားပဲ!!!"
ချူရှဲ့ ယဲ့ယဲ့လေး ပြုံးလိုက်သည်။ "ဟင့်အင်း၊ မင်းက တစ်ဦးတည်းသောသား မဟုတ်ဘူး"
"မေ့သွားတာလား၊ မင်းမှာ ညီလေးတစ်ယောက်ရှိတယ်လေ"
နန်းကျအိမ်ရှေ့စံမင်းသား၏ မျက်နှာအမူအရာကား ရုတ်တရက် ပြောင်းလဲသွားသည်။ "မင်းပြောတာ အဲ့ကြွက်စုတ် ကျန်းယန်ချီလား... သူ ဧကရာဇ်ဖြစ်အောင် မင်းက ပံ့ပိုးချင်တယ်ပေါ့... အဓိပ္ပာယ်မရှိတာ.... တကယ် အဓိပ္ပာယ်မရှိတာပဲ!!!"
ကြာပွတ်၏ နောက်တစ်ကြိမ် ရိုက်ချက်ကြောင့် လတ်ဆတ်သည့်သွေးများ ပေါ်ပေါက်လာကာ သူထပ်၍ မရယ်နိုင်တော့ချေ။
ထိုသူက ပြင်းထန်စွာ ကျိန်ဆဲသည်။ "မင်း အခြေအမြစ်မရှိတဲ့ သားရဲကောင်၊ ငါသရဲဖြစ်သွားရင်တောင် မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး!!"
ချူရှဲ့ ပွဲကြည့်ရသည်ကို ဝသွား၍ အေးစက်သည့်အပြုံး ပြုံးလိုက်သည်။ အကျဉ်းထောင်က မှောင်မည်းနေဆဲဟု ခံစားရကာ အသံမထွက်အောင် လည်ပင်းကော်လံအား အနည်းငယ် ဖြေလျော့လိုက်သော်လည်း သူ့ခေါင်းက ထိန်းချုပ်မရတော့သည်အထိ မူးဝေနေပြီဖြစ်သည်။ "မင်း စိစစ်မေးမြန်းတာကို ဖြည်းဖြည်းချင်း လုပ်လို့ရတယ်၊ ငါအိမ်တော်ကိုပြန်ပြီး သတင်းစောင့်နေမယ်။ ငါ့ကို စိတ်မပျက်စေနဲ့"
ချူရှဲ့ အေးမြသည့်အကျဉ်းထောင်မှ ထွက်လာပြီး နောက်ဆုံး၌ နေရောင်ခြည်၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။
သူ ရှည်ကြာစွာ အသက်ပြင်းပြင်းရှူလိုက်သည်။
ဝတ်ရုံအောက်ထဲ ဝှက်ထားသော အဆက်မပြတ် တုန်ယင်နေသည့် သူ၏ ဘယ်ဘက်လက်ကား နောက်ဆုံးတွင် တည်ငြိမ်သွားသည်။
သူ့လိုမျိုး သွေးအရိပ်အယောင်မြင်တာနဲ့ မူးဝေတဲ့ရောဂါရှိပြီး အလေးအနက် စိတ်ဓာတ်ရေးရာပြဿနာရှိတဲ့သူက ဘယ်လိုလုပ်ပြီး ဗီလိန်ဇာတ်ကြောင်းနဲ့ အဆုံးသတ်သွားရတာလဲ....
ထိုအရာက သေချာပေါက် စိတ်ပျက်စရာပင်။
အဝေးမှကြည့်လျှင် အင်အားကြီး အရာရှိတစ်ဦးက ကျောင်းအကျဉ်းထောင်အပြင်၌ တစ်ဦးတည်း ရပ်နေသယောင်ပင်။ နေရောင်ခြည်က လင်းထိန်နေသော်လည်း သူ့အား စွဲကပ်နေသော အေးစိမ့်မှုကို မလွင့်ပြယ်စေနိုင်။
သူ့လက်အောက်ငယ်သားက အဝေးမှ လေးစားစွာ ဦးညွတ်နေကာ ရထားလုံး ခေါ်ပေးချင်သော်လည်း အနားသွားရန် မဝံ့ရဲကြပေ။
နောက်ဆုံးတွင် သူတို့ ခစားနေသည့်သူမှာ ကြီးမြတ်သည့် ဝေ့တွင် သူမတူသည့် အာဏာရှိသော ချူရှဲ့ကား နန်းတွင်းဌာန၏ မိန်းမစိုးခေါင်းဆောင်ပင်။
လွန်ခဲ့သည့် နှစ်ဝက် ဧကရာဇ်ချန်ပင်း ဖျားနာသွားစဥ်ကတည်းက အခစားဝင်နေသော မိန်းမစိုး၊ ချူရှဲ့သည် ဧကရာဇ်၏ အာဏာကို လွှဲယူသွားကာ သံကိုပူတုန်းထုကာ အုပ်ချုပ်နေသည်။ ခြောက်လ သို့မဟုတ် ခုနှစ်လအတွင်း သူက ယခင်မင်းဆက်၏ ရက်စက်ဖွယ် အုပ်ချုပ်မှုအား မွှေနှောက်ပစ်လိုက်သည်။
သူက သဘောထားကွဲလွဲမှုများကို ရှင်းထုတ်ကာ ကိုယ်ပိုင်အကျိုးရရန် ဂိုဏ်းတစ်ခုဖွဲ့စည်းခဲ့သည်။
သူ့လုပ်ရပ်က အလွန်အမင်းရက်စက်ကာ လူများ ဝပ်တွားခယသည်အထိ လုပ်နိုင်ပေသည်။
ချူရှဲ့ ဘေးသို့လှည့်ကြည့်လိုက်ရာ သူ၏ ကိုယ်ပိုင်အစောင့်တပ်သားတစ်ယောက်သာ အဝေးမှ ပုန်းကွယ်၍ စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံး၌ သူတစ်ယောက်ထဲသာ ကျန်တော့သည်။
သူ့မျက်နှာ၌ အမြဲချိတ်ဆွဲထားသည့် အပြုံးသည် နောက်ဆုံးတွင် ဖြေလျော့သွားသည်။ ထို့နောက် ပါးကြွက်သားများကို ပွတ်ကာ အမူအရာဖယ်လျော့လိုက်သည်။
ရွှေရောင်ကကြိုးနှင့် ကျောက်စိမ်းများ တန်ဆာဆင်ထားသော ခမ်းနားသည့် ရထားလုံး(ထမ်းစင်)အား သူ့လက်အောက်ခံများက သယ်လာကြသည်။ ချူရှဲ့ သူ့အမူအရာကို ထိန်းညှိကာ ပါးရိုးမြင့်လိုက်ပြီး ထမ်းစင်အတွင်း လှမ်းဝင်သွားပြီး ယခင်က ချထားသော နှစ်ဖက်စလုံးရှိ လိုက်ကာများအား ဆွဲတင်လိုက်သည်။ သို့သော်လည်း ချူရှဲ့ ထမ်းစင်အား စီးနင်းရမည့် အကြံအား ငြင်းဆန်ချင်နေဆဲပင်။
"Host ကို 'အရင်အိမ်ရှေ့စံမင်းသားအား နှိပ်စက်ခြင်း' ဇာတ်ကြောင်း အောင်မြင်စွာ ပြီးဆုံးသွားလို့ ဂုဏ်ပြုပါတယ်..."
"အမ်း.."
သူ့လည်ပင်ကော်လံအား ပိုလျော့ကာ လတ်ဆတ်သည့်လေကို အားပြင်းပြင်းနှင့် ပြင်းထန်စွာ ရှူလိုက်သည်။
"နောက် ဇာတ်ကြောင်းက ဘာလဲ"
"ငါ့ကို သော့ဖွင့်ခွင့်ပေး... အာ… အဲ့တာ ပေါ်လာနေပြီ၊ 'ဇာတ်လိုက်နှင့် ပထမဆုံးတွေ့ဆုံခြင်း' ဇာတ်ကြောင်းတဲ့၊ ဒီတစ်ခုက ရိုးရှင်းတယ်။ သွေးထွက်သံယိုတွေနဲ့ လျှို့ဝှက်ခန်းတွေ မပါဘူး" systemက ပျော်ရွှင်စွာ ပြောလာသည်။
နောက်ဆုံးတော့ သူ ဇာတ်လိုက်လေးကို တွေ့နိုင်ပြီပေါ့..
ချူရှဲ့၏ ထမ်းစင်ရပ်သွားသည်နှင့် အစောင့်များထံမှ တွမ့်စစ် သူမ၏ကလေးနှင့်အတူ ရောက်ရှိနေကြောင်း သတင်းတင်ပြခြင်းခံရသည်။
အဝေးရှိ အဆောက်အအုံအမြင့်မှနေ၍ ပြတင်းပေါက်ကို ဖြတ်ကာ ချူရှဲ့ အမေနှင့်သားက အထဲတွင် ရှိနေသည်ကို သူမြင်လိုက်သည်။
၁၃နှစ်အရွယ် ကျန်းယန်ချီ
နှင်းဆီရောင် နှုတ်ခမ်း၊ အဖြူရောင်သွားတွေနဲ့ သိမ်မွေ့တဲ့ ပုံပန်းသွင်ပြင် ရှိတယ်...
ချူရှဲ့ အသာအယာ မျက်လုံးဝေ့ကြည့်လိုက်သည်။
ဒါက နောက်လေးနှစ်ကြာရင် ဈေးတန်းထဲမှာ သူ့ကို ထိုးချပြီး သူအသက်ရှင်နေတုန်း ဓားနဲ့ တစ်ရာ့ရှစ်ကြိမ် ထိုးမဲ့ ခွေးမသားလေးလား...
ကောင်လေး၏ မျက်အိမ်များက ညကဲ့သို့ မည်းနက်နေကာ သူ့အမေ၏ ငယ်ရွယ်မှု ထင်ဟပ်နေသည့်အလား မဖော်ပြနိုင်သည့် ထက်မြ၍ သိမ်မွေ့သည့် အင်္ဂါရပ်များ ပေါ်လွင်နေသည်။
လူငယ်လေးက တစ်စုံတစ်ရာ အာရုံခံမိသည့်အလား ခေါင်းလှည့်လာကာ ချူရှဲ့နှင့် မျက်လုံးချင်းစုံသွားသည်။
ချောင်းကြည့်သည်ကို လူမိသွားသကဲ့သို့ ခံစားချက်မျိုးပင်။
ချူရှဲ့ စင်စစ်ပင် အနောက်သို့ တွန့်ဆုတ်သွားသည်။ သူ တကယ်ကြီး အဝေးကနေတောင် သတိပြုမိတယ်ပေါ့...
ကောင်းပြီလေ အလုပ်လုပ်ကြတာပေါ့…
ဇာတ်ကြောင်းကို ဆက်ကြမယ်…
***
"သူ ရောက်လာပြီ"
ကျန်းယန်ချီ ပြောပြီးသည်နှင့် သူ အပြင်မှ လျှောက်လှမ်းလာသော ခြေသံများအား ကြားလိုက်ရသည်။ ဦးစွာပထမ အစေခံများက တံခါးကို တွန်းဖွင့်ကာ မီးသွေးမီးဖိုကို ကိုင်ထားသော အစေခံနှစ်ယောက်ဝင်လာပြီး မီးဖိုကို နေရာချလိုက်သည်။
ထို့နောက် သူတို့က ပြတင်းပေါက် အကုန်ဖွင့်ကာ အထဲသို့ လေများ ဝင်ရောက်စေပြီး ကျန်းယန်ချီက ထင်ရှူးသားအနံ့ကို ရှူသွင်းမိလိုက်သည်။
သူမော့ကြည့်သောအခါ ထိုလူ ဝင်လာနေသည်ကို တွေ့လိုက်ရသည်။
အနက်ရောင် မြေခွေးသားမွေးဖြင့် နွေးထွေးသည့် ရွှေရောင် ပိုးသား လက်အပူပေးချည်ထည်ကို ပတ်ဆင်ထားကာ သူ၏ အနက်ရောင် ဘွတ်ဖိနပ်များက ရှည်လျားသော ဝတ်ရုံအောက်ရှိ သွယ်လျသော ခြေထောက်များအား ဝှက်ထားသည်။
အပေါ်ဝတ်ရုံက ကောင်းမွန်သည့် အနီရောင် ကတ္တီပါသားနှင့် နှင်းထဲ၌ ပွင့်ဖူးသော အနီရောင်ဇီးပန်းအလား တန်ဆာဆင်၍ ဆင်မြန်းထားပြီး အဖြူရောင်ကျောက်စိမ်းကဲ့သို့ ဖြူဖျော့သည့် အသားအရည်အား ပေါ်လွင်စေကာ သူ့မျက်နှာ တစ်ဝက်အား ဖုံးလွှမ်းနေသည်။
မိန်းမစိုးခေါင်းဆောင်မှာ ကျန်းယန်ချီ တွေးထားသည်ထက် ပို၍ ငယ်ရွယ်နေသည်။
မမျှော်လင့်ထားစွာပင် သူက အလွန်တွေဝေစေလောက်သည်အထိ ချောမောသောသူ ဖြစ်နေခဲ့သည်။
ကျန်းယန်ချီက တွမ့်စစ်နောက်မှ လိုက်၍ မတ်တပ်ရပ်သည်။ သူတို့ မတ်တပ်ရပ်၍ မပြီးမီပင် ချူရှဲ့က ယဉ်ကျေးစွာ ပြောလာသည်။ "ကျေးဇူးပြုပြီး ထိုင်ကြပါ၊ အရှင့်သားနဲ့ မယ်မယ်တို့… အရမ်း ယဉ်ကျေးနေစရာမလိုပါဘူး"
ချူရှဲ့က အမွှေးများဖြင့် ဖုံးထားသော ကုလားထိုင်ပေါ် ထိုင်ကာ လက်အပူပေးအိတ်အား သူ့လက်အတွင်း၌ ပွေ့ပိုက်ထားလိုက်သည်။ ထို့နောက် တစ်ဖက်သားအား တွေးပေးကာ နောင်တရသော လေသံဖြင့် ပြောသည်။ "နှစ်တွေအများကြီးကြာအောင် အရှင့်သားနဲ့ မယ်မယ်တို့ အများကြီး ခံစားခဲ့ရတာပဲ..."
ထိုသည်ကို ကြားသောအခါ တွမ့်စစ် နှာခေါင်းချဉ်စူးသွားပြီး မျက်ရည်များက ပါးပြင်ပေါ်မှ သူ့အလိုလို ကျဆင်းလာသည်။
"အဲ့လို အတိအကျ ခံစားခဲ့ရတာ မဟုတ်ပါဘူး..... ငါ့ထက်ပိုပြီး အားယွီက ပိုခက်ခဲခဲ့တာ...."
ချူရှဲ့၏ မျက်ခုံးများ အသာအယာကြုတ်သွားပြီး သိမ်မွေ့သော အပြုအမူလုပ်ကာ သူ့လက်အောက်ငယ်သားအား တွမ့်စစ်အတွက် လက်သုတ်ပုဝါ ပေးခိုင်းလိုက်သည်။
"သခင်ချူ၊ သင်က တကယ်ကြင်နာတဲ့ လူပဲ၊ ဒီကမ္ဘာမှာ ဒီအမေနဲ့သား၊ ကျွန်မတို့ကို သနားကရုဏာပြတဲ့သူ မရှိသလောက်ပဲ၊ ကျွန်မတို့ကို အအေးနန်းဆောင်ကနေ ထုတ်လာပေးလို့ ကျေးဇူးတင်ပါတယ်..."
လက်ဖက်ရည်ကို တိတ်ဆိတ်စွာ တစ်ငုံသောက်လျက် ချူရှဲ့ သူ့မျက်လုံးအကြည့်များကို သူမဘေးရှိ မင်းသားငယ်လေးထံ ထိန်းသိမ်းထားသည်။
သူနှလုံးသားထဲ၌ သူတွေးလိုက်သည်။ "သူတို့ အများကြီး ခံစားခဲ့ရသလားတော့မသိပေမဲ့ ဒီဇာတ်လိုက်နဲ့ သူ့အမေက အအေးနန်းဆောင်ထဲ ကြီးပြင်းလာပုံရပြီး သူတို့ကို သူမတူအောင် အပြစ်ကင်းစေတာပဲ"
ချူရှဲ့က မှေးမှိန်သည့် အပြုံးနှင့် သူမ၏ ခက်ခဲဆင်းရဲမှုများအား ထပ်တူစာနာနိုင်သည့်အလား ပြန်ဖြေသည်။ "မယ်မယ်၊ ဒီနှစ်တွေအတွင်း အများကြီး တောင့်ခံခဲ့ရပြီးပြီပဲ....."
ဒေါက်၊ ဒေါက်၊ ဒေါက်
တစ်စုံတစ်ယောက်က တံခါးခေါက်ကာ အစောင့်တစ်ယောက်ကမူ ချိတ်ပိတ်ထားသော စာဖိုင်အား သယ်လာပေးသည်ကို တွေ့လိုက်ရသည်။ "ဒါ ကျောင်းအကျဉ်းထောင်က လာတာပါ"
စာဖိုင်များက ထူထဲကာ သွေးစက်သွေးပျောက်များ ဖုံးလွှမ်းနေသည်။
ချူရှဲ့၏ ဖြူဖျော့သော လက်ချောင်းများက ဖိုင်အား ကမ်းယူလိုက်ရာ ခြောက်နေဆဲ ကြက်သွေးရောင် သွေးအရိပ်အမြွက်များက သူ့လက်ချောင်းများကို စွန်းထင်းသွားစေသည်။ သူ ဂရုတစိုက် စာရွက်လှန်လျက် အမူအရာ မပြောင်းလဲသွားသည်မှာ ကျက်သရေရှိရှိ ကဗျာစုစည်းမှုများ ဖတ်နေသည့်အလားပင်။
သို့သော်လည်း တွမ့်စစ်ကမူ သွေးအရိပ်အယောင်အား မြင်လိုက်ရ၍ ထိတ်လန့်သွားသည်။
"သူဘယ်မှာလဲ" စာကိုဖတ်ပြီးနောက် တည်ငြိမ်သောအသံဖြင့် ချူရှဲ့ မေးလိုက်သည်။
"သူခြေထောက်ကျိုးသွားပြီ… သတင်းပေးသူပြောတာတော့ သူ ဒီည သေမလား ရှင်မလားက ကံကြမ္မာပေါ် မူတည်သွားပြီတဲ့" အစောင့်က အလောကြီးသည့် လေသံဖြင့် ပြန်ဖြေသည်။ တွမ့်စစ်က သေချာ မကြားလိုက်သော်လည်း ကျန်းယန်ချီကမူ စကားလုံးတစ်ခုချင်းစီတိုင်း သူ့ နားထဲဝင်သွားသည်။
"ကံကြမ္မာလား...."
ချူရှဲ့ ဖျော့တော့စွာ ပြုံး၍ ဖိုင်ကို သေသပ်စွာ ပြန်ပေးလိုက်သည်။ ထို့နောက် လက်ချောင်းပေါ်မှ သွေးများကိုသုတ်ရန် လက်ကိုင်ပုဝါအား သုံးလိုက်သည်။
သူက အပြုံးဖြင့် ပြောသည်။ "ငါ့အမြင်တော့ သူ့မှာ ကောင်းတဲ့ကံ သိပ်မရှိဘူး ထင်တယ်.."
သဲလွန်စရလိုက်သော အစောင့်က ချူရှဲ့ရှေ့ရှိ လူနှစ်ယောက်အား လေးစားစွာ ဦးညွတ်ကာ အခန်းမှ ကတိုက်ကရိုက် ထွက်သွားတော့သည်။
ကျန်းယန်ချီက အပြင်ပိုင်း၌ တည်ငြိမ်နေသော်လည်း အတွင်း၌ ရုတ်တရက် မွန်းကျပ်သွားသည်။
ထို့နောက် ယခု အခြေအနေအား သတိမမူသေးသော တွမ့်စစ်အား ကြည့်ကာ သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။ "အမေ… သား ဒီမှာ မနေချင်တော့ဘူး.."