အခန်း၁ - မင်းသားလေး
“ဒီမှာ မင်းသားတစ်ယောက် နေတယ်ဆို… ဒီအကြောင်း မင်းသိလား”
“ရှူး.. သူ့အကြောင်း မပြောနဲ့”
သစ်ပင်အရိပ်အောက်တွင် မိန်းမစိုးနှစ်ယောက်က အဝေးမှ ဆယ်ပေမြင့်သည့် နံရံအား ကြည့်လျက် အတင်းတီးတိုးပြောနေကြသည်။
အဖြူရောင်နံရံနှင့် အပြာရောင်ကြွေပြားများက သက်တမ်းကုန်ကာ ဟောင်းနွမ်းနေပုံပေါ်၍ ပင့်ကူအိမ်များက ချိတ်ဆွဲနေသည်။ သူတို့စကားပြောနေစဉ် ပိုးဖလံတစ်ကောင်၏ အတောင်ပံများက ပင့်ကူအိမ်အတွင်း ဖမ်းမိသွားကာ ပင့်ကူအိမ်တစ်ခုလုံး လှုပ်ရမ်းနေတော့သည်။
“မင်းက နန်းတော်ထဲ ရောက်တာ နောက်ကျတော့ ဒီအကြောင်းကို မသိလောက်ဘူး၊ ဒါက လွန်ခဲ့တဲ့နှစ်တွေက ဧကရာဇ်မူးရင်း လုပ်မိတဲ့ ရူးသွပ်တဲ့ကိစ္စတစ်ခုပဲ၊ ဒီအမေနဲ့ ကလေးကို နန်းတော်ကနေ စွန့်ပစ်ထားလိုက်တာ၊ ကလေးက မွေးကတည်းက အအေးနန်းဆောင်ကနေ မထွက်ဖူးဘူး၊ ကံဆိုးခြင်းတွေ သယ်ဆောင်လာတာလေ၊ ဒါပေမဲ့ ဒီကိစ္စကို ဆက်မပြောကြရအောင်”
“ဒါပေမဲ့ အခု အိမ်ရှေ့စံက အကျဉ်းချခံထားရတာ၊ ဒီအထဲက လူက အခြေအနေတွေကို ပြောင်းပြန်လှန်မဲ့ အခွင့်အရေးရသွားရင်ရော” ရှောင်ရှီဇီက အစားအသောက်ဘူးကို ကိုင်ထားလျက် မေးလိုက်သည်။
“အိမ်ရှေ့စံ? သူ့ဦးလေး ဝန်ကြီးချုပ်စွန်းနဲ့ သူ့အဒေါ်က မြို့စားမိန်းမဖြစ်နေတာ ဒီလိုနောက်ခံမျိုးနဲ့ သူက ဒီလိုလူမျိုးလက်ထဲ ကျရှုံးမယ်ထင်နေတာလား”
စကားပြောပြီးသည်နှင့် သူက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အချိန်ကျတော့မည်၊ ထို့ကြောင့် သူက ထိုသူ့အား နံရံတစ်လျှောက်လာလိုက်ရန် လက်ယပ်ခေါ်လိုက်သည်။ “အာ, ငါတို့လို သာမန်လူတွေအနေနဲ့ ငါတို့အလုပ်ကိုသာ ကောင်းကောင်းလုပ်နေရင် ရပြီ။ ငါတို့အထက်ကလူတွေရဲ့ အကြောင်းက အတင်းတုပ်လို့ ကောင်းတဲ့အရာ မဟုတ်ဘူး..”
ရှောင်ရှီဇီ ခေါင်းညိတ်ကာ ဟုတ်သည်ဟု တွေးလိုက်သည်။
“သွားကြစို့.. အစားအသောက်ကို အထဲယူသွားလိုက်၊ ငါမင်းကို အသိပေးရလို့ အပြစ်မတင်နဲ့… ဒါပေမဲ့ သူ့ကို သွားစကားမပြောနဲ့နော်” ဆရာနှင့် တပည့်က အနီးအနားရှိ ဂိတ်ကိုကြည့်နေကြကာ ထို့နောက် သူ့ကို တွန်းလိုက်သည်။ ရှောင်ရှီဇီ အအေးနန်းဆောင်ထံ အစားအသောက်ပို့သည်က ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူ့ဆရာက အသိပေးလိုက်သည်။
“ဘာလို့လဲ”
“ဧကရာဇ်က သူ့ကိုမနှစ်သက်ဘူး၊ သူနဲ့ ဆက်ဆံရေးထူထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြဿနာဖြစ်ခံမနေနဲ့... ငါပြောတာ နားထောင်”
ရှောင်ရှီဇီ သေချာနားမလည်သေးဘဲ ခေါင်းညိတ်ကာ အစားအစာဘူးကို ကိုင်၍ လျှောက်သွားသည်။
သူ ကျွီခနဲ တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးအဟလေးမှ ၁၂နှစ် သို့မဟုတ် ၁၃နှစ်အရွယ် ကလေးတစ်ယောက် အလွန်အကျွံပေါက်နေသော မြက်ခင်းဧရိယာအလယ်တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခု တူးနေသည်ကို တွေ့လိုက်ရသည်။ ကောင်ငယ်လေးက နှင်းဆီရောင် နှုတ်ခမ်း၊ အဖြူရောင်သွားများနှင့် ရှင်းလင်း၍ ချောမောသည့် ပုံပန်းသွင်ပြင်ရှိကာ အကျင့်စာရိတ္တကောင်းမွန်သည့်ပုံ ပေါ်လေသည်။
ရှောင်ရှီဇီ တစ်ခဏချင်း သူ့ဆရာ၏ အသိပေးချက်ကို မေ့သွားကာ အစားအစာဘူးကိုပို့ပြီး လှမ်းမပြောဘဲ မနေနိုင်ပေ။ “အစား စားဖို့ အချိန်ရောက်ပြီနော်..”
ကောင်လေးက မြေကြီးအား တူးဆွနေသော ပေါက်တူးကိုချကာ ကိုယ်ပေါ်မှ သဲများကို ခါလိုက်သည်။ စကားတစ်လုံးမှ မဆိုဘဲ သူက တံခါးနားသို့ လျှောက်လာကာ အစားအစာဘူးကို ကောက်ပြီး ပြန်သွားရန် လှည့်လိုက်သည်။
ဒီဇင်ဘာနှောင်းပိုင်းရောက်နေပြီ ဖြစ်သော်လည်း ရှောင်ရှီဇီက မင်းသားလေးကား ပါးလွှာသော ဝတ်ရုံတစ်လွှာထဲကိုသာ ဝတ်ဆင်ထားကြောင်း သတိပြုမိလိုက်သည်။ သူ နှင်းကျတော့မည်ကို ကြည့်ကာ မနေနိုင်မထိုင်နိုင် ထပ်ပြောလိုက်သည်။ “အထဲကို မြန်မြန် ပြန်ဝင်သင့်ပြီ..”
နက်မှောင်ကာ စပျစ်သီးနှင့်တူသော ဝိုင်းစက်နေသည့် မင်းသားလေး၏ မျက်လုံးများက သူ့ထံ ရောက်လာကာ စိုက်ကြည့်နေသည်။
“အမ်း..” မင်းသားလေး၏ အသံက မတူကွဲပြားစွာ ညင်သာနေသည်။ “ကျေးဇူးတင်ပါတယ်..”
ရှောင်ရှီဇီ ထွက်သွားတော့မည့်အချိန် ဆွဲအားတစ်ခုကို ခံစားမိလိုက်၍ နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ မင်းသားလေးက ညစ်ပတ်နေသော သူ၏လက်များဖြင့် တံခါးအခွဲလေးမှ သူ၏ ခါးပတ်ကို ဆုပ်ကိုင်ထားသည်။
“ကျွန်တော့်ကို မီးသွေးနည်းနည်းလောက် ယူလာပေးလို့ရမလားဟင်၊ ဒီမှာ အေးတယ်...” မင်းသားလေးက နူးညံစွာ ပြောလာကာ သနားစဖွယ် ဖြစ်နေသည်။
ရှောင်ရှီဇီ အနောက်သို့ ပြန်ဆွဲခံလိုက်ရသည်။ ယခုကဲ့သို့ အေးစက်သောနေ့မျိုးတွင် အခန်းထဲ၌ နွေးထွေးသည့် အဝတ်အစား သို့မဟုတ် နွေးနွေးထွေးထွေး နေရန် မီးသွေးမီးပင် မရှိချေ။
အနိမ့်ကျဆုံး အစေခံတွေတောင် ဒီလို မနေသင့်ဘူး...
သို့သော် အအေးနန်းဆောင်ထံ ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်ခြင်းက မလုပ်သင့်ပေ။ ထို့ကြောင့် ရှောင်ရှီဇီ တုံ့ဆိုင်းသွားကာ နောက်ဆုံး၌ ငြင်းဆန်လိုက်သည်။
သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူ့နောက်မှ ငိုရှိုက်နေသံကို ကြားလိုက်ရသည်။ ရှောင်ရှီဇီ၏ နှလုံးသား နူးညံ့သွားပြီး တံခါးဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။ “မင်းသားလေး ဘာလို့ ငိုနေရတာလဲ..”
အနီရောင်မျက်လုံးများနှင့် ဒုတိယမင်းသားလေးက တွေဝေနေကာ သူ့ကိုယ်သူ သေချာမဖော်ပြနိုင်ဘဲ ဆို့နင့်နေသောအသံဖြင့် ပြောသည်။ “အရမ်းအေးတယ်၊ ကျွန်တော့်အမေက နေမကောင်းဘူး၊ ကြင်နာတဲ့ကုန်းကုန်း မီးသွေးနည်းနည်းလောက် ပေးလို့ရမလားဟင်... ကျေးဇူးပြုပြီး..” သူ၏ အသံက ကူကယ်ရာမဲ့များမှုနှင့် တောင်းဆိုမှု ပြုနေသော လေသံဖြစ်နေခဲ့သည်။
အနားတွင် မည်သူမျှ မရှိကြောင်း အတည်ပြုကာ ရှောင်ရှီဇီက သူ့အား လူမမြင်နိုင်သည့် မြင်ကွင်းမှ သူ့ကိုယ်ပိုင် အိပ်ခန်းထံပြန်၍ မီးသွေးအနည်းငယ် ယူလာပေးသည်။ တံခါးအခွဲလေးမှနေ၍ မီးသွေးတုံး တစ်တုံးပြီးတစ်တုံး တွန်းထည့်ပေးကာ မင်းသားလေးအား မီးညှိတံ ကမ်းပေးလိုက်သည်။
ဤအရာက ကြင်နာမှု၏ လုပ်ရပ်ပေ။ နောက်ဆုံးတော့ အခုလို ဘဝမျိုးခံစားရဖို့ ဒီကလေး ဘာလုပ်ခဲ့ဖူးလို့လဲ...
သူ့ဆရာပြောဖူးသကဲ့သို့ပင် နန်းတွင်းကိစ္စများက အမြဲတစေ ပြောင်းလဲနေသည်။ မင်းသားလေးထံ မီးသွေးသွားပို့၍ သူ့အခန်းသို့ ပြန်လာသော ခဏလေးအတွင်း ရှောင်ရှီဇီတစ်ယောက် လမ်း၌ အင်ပါယာအမိန့်ပြန်တမ်းကို သယ်ဆောင်ရန် တာဝန်ရှိသော ခမ်းနားသေသပ်စွာ ဝတ်ဆင်ထားသည့် မိန်းမစိုးအကြီးအကဲက အဓိကဂိတ်ပေါက်မှနေ၍ ဂုဏ်ယူစွာ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူက သူ့ဆရာကို မေးလိုက်သည်။ “ဘယ်အမိန့်ပြန်တမ်းကို သွားပို့ရတာလဲ”
သူ့ဆရာ မည်သည် ပြန်မပြောနိုင်မီတွင် အခန်းတစ်ခုလုံး တိတ်ကျသွားသည်။
အသံကိုနိမ့်ကာ ဆရာက သူ့အား အခန်းထောင့်သို့ ခေါ်သွားကာ ပြောသည်။ “ရှောင်ရှီဇီ ဆက်ပြီး စုံစမ်းမေးမြန်းမနေနဲ့တော့..”
ထို့နောက် သူက သူ့(ရှောင်ရှီဇီ)ကို အခန်းထဲမှ ဆွဲထုတ်ပြီး တီးတိုးပြောသည်။ “ဒါက ဝန်ကြီးချုပ်စွန်းကို ပြည်နှင်ဒဏ်ပေးမဲ့ အမိန့်ပြန်တမ်းစာပဲ..”
ရှောင်ရှီဇီ မယုံနိုင်ပေ။ အိမ်ရှေ့စံ ထောင်ကျသည်မှာ လဝက်ပင် မကြာသေးပေ… သူ့ဦးလေး၊ ဝန်ကြီးချုပ်စွန်းကပါ ပြည်နှင်ဒဏ်ခံလိုက်ရချေပြီ။ အိမ်ရှေ့စံလူတွေ တစ်ယောက်ယောက်လက်ထဲ ကျရှုံးသွားတာ ဖြစ်နိုင်မလား...
အမိန့်စာက တော်ဝင်မြို့တော်၏ လမ်း၊ လမ်းကြားများအတွင်း အလျင်အမြန် ပျံ့နှံ့သွားကာ သဘာဝကျစွာပင် အကျဉ်းထောင်အတွင်းလည်း ရောက်ရှိသွားသည်။
တော်ဝင်မြို့တော်တစ်ခုလုံးကား ညတွင်းချင်းပင် မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခုအား ကြုံတွေ့လိုက်ရသည်။
ဝန်ကြီးချုပ် စွန်းယန်ချင်နှင့် သူ့မိသားစုအား အကျဉ်းချလှည်းပေါ်၌ တင်ဆောင်လာကာ တော်ဝင်မြို့တော်မှ ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်လုပ်နေသည်ကို ချူရှဲ့ မြို့တံတိုင်းပေါ်မှနေ၍ မတ်တပ်ရပ်ကာ ကြည့်နေသည်။ သူ၏ မျက်လုံးအတွင်း ဝမ်းနည်းမှုနှင့် အပျော်များ ရောင်ပြန်ဟပ်နေလေသည်။
ထိုည၌ တော်ဝင်မြို့တော်အတွင်းတွင် အေးစက်သည့် ဆောင်းမိုးက ခါးခါးသီးသီးရွာကျကာ မိုးစက်များ တံစက်မြိတ်ထံ ကျရောက်သည့် အသံများ ကြားနေရသည်။
အအေးနန်းဆောင်၌ ကျန်းယန်ချီက သူ့အမေ၏ အဖျားတက်နေသော ခန္ဓာကိုယ်ကိုထိကာ ဝင်းအတွင်း စုဆောင်းမိသည့် ဆေးပင်များကို အလုံးဖြစ်အောင်နယ်၍ သူမကို ကျွေးရန် ကြိုးစားနေသည်။ “အမေ...အမေ ဒါလေးကို စားလိုက်နော်”
“ဒါ ကျွန်တော် အပြင်လူတစ်ယောက်ဆီကနေ ရတဲ့ မီးသွေးပဲ၊ ဒါလောင်သွားတာနဲ့ အမေ အေးတော့မှာမဟုတ်ဘူး။ အမေ မီးဘေးနားမှာ ကိုယ့်ကိုယ်ကိုယ် နွေးထွေးအောင်နေနော်..” သူက ညင်သာစွာပြော၍ သူ့အမေ ထထိုင်နိုင်ရန် ကူညီပေးနေသည်။
“အမေ...အမေ ကြောက်တယ်၊ အမေ ကျော်ဖြတ်နိုင်တော့မယ် မထင်ဘူး” တွမ့်စစ်က တုန်ယင်ကာ သူမ၏သား ခေါင်းကို ထိရန် တုန်ရီနေသော လက်ကို ဆန့်ထုတ်လိုက်သည်။ “အားယွီ အမေတောင်းပန်ပါတယ်... ဒီဘဝမှာ သားအပေါ် ဝန်လေးစေမိပြီ”
ကျန်းယန်ချီ၏ အမူအရာက သူမနှစ်သိမ့်နေသည့်အတိုင်း ညင်သာနေသည်။ “ဒီလိုမျိုးတွေ မပြောပါနဲ့၊ ဒါကိုသာစားလိုက်...အမေ အဆင်ပြေသွားမှာပါ”
“အလုပ်မဖြစ်ဘူး၊ အဲ့တာအလုပ်ဖြစ်မှာ မဟုတ်ဘူး...”
ကျန်းယန်ချီ ညင်သာစွာ သူ့အမေကို လှဲခိုင်းပြီး အေးစက်နေသော အပြင်ဘက်မှ ညကို စိုက်ကြည့်လိုက်သည်။ သူက မိုးရေအတွင်းသို့ ပြေးထွက်သွားကာ အအေးနန်းဆောင်၏ တံခါးကို ထုရိုက်နေတော့သည်။ “ကုန်းကုန်း… အပြင်မှာ ကုန်းကုန်းရှိလားဟင်... ကျေးဇူးပြုပြီး ကျွန်တော့်အမေ အရမ်းဖျားနေလို့ ကျွန်တော်တို့ကို ဆေးလေးပေးပါ.....”
သူ့အသံက အားနည်းပြီး အကူညီမဲ့နေသော တိရစ္ဆာန်လေးနှင့် တူကာ အလွန်အမင်း သနားစရာကောင်းနေသည်။
သို့သော်လည်း အပြင်တွင် ယခင်ရက်များက စောင့်ကြပ်ရန် တာဝန်ကျခဲ့သော ရှောင်ရှီဇီမဟုတ်ခဲ့ပေ။
ထိုအပြင်မှလူက သူတို့အား အမြဲဖိနှိပ်သော မိန်းမစိုးအိုကြီးဖြစ်ကာ ယခုကဲ့သို့ မိုးရွာနေသည့်ညတွင် တာဝန်ကျသည်ကို တွေ့ရှိခဲ့ပြီး အလွန်အမင်း ကံမကောင်းဟု သူတွေးနေခဲ့သည်။ အထဲမှ တစ်စုံတစ်ယောက် သေတော့မည် ဟူသည်ကို ကြားသောအခါ ထိုသူက ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။
“သူမကို သေခိုင်းလိုက်၊ သူမ သေသွားရင် ပိုကောင်းတယ်!!”
မိန်းမစိုးအိုကြီးက မြေပြင်ပေါ် တံထွေး ထွေးလိုက်သည်။ “ရွံစရာမိန်းမမျိုးက အရင်ကတည်းက သေသွားသင့်တာ၊ သူမကြောင့်နဲ့ ငါဒီလို ဒုက္ခခံမနေသင့်ဘူး... သူမ သေတော့မယ်ဆိုလည်း မြန်မြန်သာ သေခိုင်းလိုက်!!”
“ကုန်းကုန်း, အရှင်... အရှင်ကျောင်း ကျွန်တော် တောင်းပန်ပါတယ်....”
ကျန်းယန်ချီက မျက်လုံးများ နီရဲကာ မိန်းမစိုးအိုကြီး၏ လက်အနားစကို လှမ်းဆွဲလိုက်သော်လည်း သူက အပြင်းအထန် တွန်းခံလိုက်ရသည်။ “မင်း စက်ဆုပ်စရာကြွက်စုတ်ကောင်၊ ငါ့ကိုမထိနဲ့ မင်း မျိုးမစစ်လေး!!”
စကားလုံးများက သူလွန်ခဲ့သည့် ၁၃နှစ်လုံးလုံး အစော်ကား ခံခဲ့ရသည်အတိုင်း စူးရှကာ ရက်စက်လှသည်။
ကျန်းယန်ချီ လက်ပြန်ရုတ်ကာ ၁၃နှစ်တိုင်အောင် တစ်ခါမျှ မဖွင့်ခဲ့ဖူးသော ရှည်လျားသည့်သံကြိုးကို စိုက်ကြည့်လိုက်သည်။ သူက မိန်းမစိုး၏ ခါးနားမှ ဓားအတိုလေးကိုလည်း သတိပြုမိလိုက်သည်။
သူ့အသံက ယခင်အတိုင်း သိမ်မွေ့နေဆဲပင်။ “အရှင်ကျောင်း... ကျွန်တော်တောင်းဆိုပါတယ်၊ ဆေးနည်းနည်းပဲ ယူလာပေးပါ၊ နည်းနည်းလောက် ညှာတာပေးပါနော်...”
“ထွီ!! ထွက်သွားစမ်း၊ ဝေးဝေးသွား... မင်းသေချင်နေရင်လည်း မင်းအမေနဲ့အတူသွားသေလိုက်၊ ငါ မနက်ကျမှ မင်းတို့ နှစ်ယောက်လုံးကို မြေမြှပ်ပေးမယ်”
သူ၏ ရှည်လျားကာ ဆန့်ထုတ်ထားသောလက်ဖြင့် မိန်းမစိုးအို၏ အဝတ်နားစကို နောက်တစ်ကြိမ် ထပ်ဆွဲလိုက်သည်။ ဤအကြိမ်၌ မိန်းမစိုးက အနီးနားရှိ သစ်ကိုင်းခြောက်တစ်ခုကို ဆွဲယူကာ သူ့လက်အား အပြင်းအထန် ၂ကြိမ်ရိုက်လိုက်သည်။ “လစ်လိုက်တော့လို့!!”
ကြောက်ရွံ့သွားသော ကောင်လေးက လက်ကိုပြန်ရုတ်လိုက်ရကာ နောက်တစ်ကြိမ် ပြန်မထုတ်ရဲတော့ပေ။
တစ်ဖြည်းဖြည်း ညနက်ကာ မနက်အစောပိုင်းအချိန် ရောက်ရှိလာသည်။ မိန်းမစိုးအိုက အိပ်ငိုက်လာကာ တံစက်မြိတ်ပေါ် မိုးရေကျသံများ နားထောင်လျက် တံခါးကို မှီလိုက်သည်။ နောက်ဆုံး သူ အိပ်ပျော်သွားသည်။
တံစက်မြိတ်အောက်ရှိ ပင့်ကူအိမ်မှ ပိုးဖလံကို ပင့်ကူက စားသောက်ပြီးသွားကာ လှပသည့် အတောင်ပံတစ်စုံသာ ချိတ်ဆွဲ ကျန်ရစ်ခဲ့တော့သည်။
ရုတ်တရက် သော့ဖျက်လိုက်သည့် ‘ကလန်’ဟူသော အသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
မိန်းမစိုးအိုကြီး မျက်လုံးမဖွင့်နိုင်လိုက်မီ သူ့လည်ပင်းမှ အေးစက်သည့် အထိအတွေ့ကို ခံစားလိုက်ရကာ ဖြူဖျော့ပြီး သိမ်မွေ့သောလက်တစ်စုံပေါ် သွေးများ ပက်ဖြန်းသွားသည်။ သူ့လည်ချောင်းကို ထိတ်လန့်စွာ ဆုပ်ကိုင်ထားပြီး ထက်ရှသောဓားသွားအား ကိုင်ထားသော အရှေ့ရှိ လူငယ်လေးထံ စိုက်ကြည့်လိုက်သည်။ အနိုင်ကျင့်ရလွယ်ကူပြီး မျက်လုံးထဲ ညင်သာမှုများသာ ရှိခဲ့သော ထိုကောင်လေး၏ မျက်လုံးများအတွင်း၌ နွေးထွေးမှုများ ပျောက်ဆုံးနေကာ အဆုံးစွန်နက်ရှိုင်းသည့် တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။
မိုးကြိုးကြောင်းတစ်ခုက ညကောင်းကင်ယံထက်တွင် လင်းလက်သွားကာ ကောင်လေး၏ အေးစက်ပြီး ညှို့မှိုင်းသည့်အရိပ်အယောင်ကို ရောင်ပြန်ဟပ်သွားစေသည်။
ကျန်းယန်ချီ..
မိန်းမစိုးအို၏ မျက်လုံးအတွင်းရှိ အလင်းမှာ အလျင်အမြန်ပင် မှုန်ဝါးလာသည်။
လူငယ်လေးက အလောင်းကို အထဲသွင်းကာ ပေါင်းမြက်များဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် အအေးနန်းဆောင်မှ ဆေးဖော်ဆောင်ရှိရာ ဦးတည်ဘက်သို့ အလျင်အမြန်ထွက်လာတော့သည်။
သူက ခိုးလာသော ဆေးပင်များကို မီးသွေးမီးအထက်တွင် မြေအိုးဖြင့် ပြုတ်ကာ သူ့အမေအား ထူထဲသည့်ဆေးရည် တိုက်လိုက်သည်။ ညလယ်တွင် သူမကိုယ်၌ ရှိနေသော ပြင်းထန်သည့် အဖျားက နောက်ဆုံးတွင် ဖြေးဖြေးချင်း ဖြေးဖြေးချင်း ကျသွားတော့သည်။
နောက်တစ်နေ့မနက် တွမ့်စစ် နိုးလာသောအခါ ကျန်းယန်ချီက အအေးနန်းဆောင်၏ထောင့်ရှိ တွင်းကိုတူးကာ ဖို့နေကြောင်း တွေ့လိုက်ရသည်။ သူမ ထိုနေရာသို့ လျှောက်သွားသောအခါ ကျန်းယန်ချီက သူလုပ်နေသည်ကို ရပ်တန့်ပြီး ညင်သာသည့်အပြုံးဖြင့် မေးလိုက်သည်။ “အမေ သက်သာသွားပြီလား...”
“ဟုတ်တယ်၊ ပိုသက်သာလာပြီ” တွမ့်စစ် နူးနူးညံညံဖြင့် သူ့ကလေးခေါင်းအား ပွတ်သပ်ပေးကာ ဆိုသည်။ “သားရလာတဲ့ ဆေးပင်တွေကို ကျေးဇူးတင်ရမယ်”
“ဒါတွေအကုန် မနေ့ညက တာဝန်ကျတဲ့သူ သားတို့အပေါ် ညှာတာပေးလို့ပဲ” ကျန်းယန်ချီက တွမ့်စစ်ထံ ပိုနီးအောင်ကိုင်းပြီး နွေးထွေးသော အပြုံးဖြင့်ပြောသည်။ “အမေ အခု အထဲဝင်လိုက်တော့နော်..”
“သား ဘာလုပ်နေတာလဲ” တွမ့်စစ် မြေပြင်ပေါ်မှ တူးဆွခံထားရသည့် အသစ်ဖြစ်နေသော မြေဆီလွှာအား ကြည့်လိုက်သည်။
“အမေ အမြဲတမ်း ပန်းသစ်တော်ပင်တွေ ကြိုက်ခဲ့တာမလား... အဲ့တာ သား ခြံနောက်မှာရှိတဲ့ သေတော့မဲ့ ပန်းသစ်တော်ပင်ကို အရှေ့ရွှေ့လာချင်လို့၊ အရှေ့ဘက်က ပိုပြီး နေရောင်ရတယ်လေ၊ ဒါကြောင့် နောက်နှစ်နွေဦးကျရင် ပန်းသစ်တော်ပင် ပန်းတွေ လှလှပပ ပွင့်လာမှာ သေချာတယ်...”
ကောင်လေးက သိမ်မွေ့ကာ အပြစ်ကင်းစွာ ပြောသည်။
တွမ့်စစ် သူမ ဤကလေးအတွက် ကောင်းမွန်သည့်အချိန် တစ်ခါမျှ မယူဆောင်ပေးဖူးကြောင်း သူမဘာသာ သူမ တွေးမိလိုက်သည်။ သို့သော် သူက ယခုကဲ့သို့ သိမ်မွေ့ကြင်နာစွာ ကြီးပြင်းလာ၍ ကလိမ်ကျခြင်းမျိုး တစ်ခါမျှမရှိခဲ့ပေ။ ဒါက ကောင်းတဲ့အရာပဲ....
သူမ တွေးနေတုန်းမှာပင် တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး လူအုပ်ကြီးတစ်အုပ် ဝင်ရောက်လာ၍ မနေ့ညက ဤနေရာအား စောင့်ကြပ်ရန် တာဝန်ကျသော မိန်းမစိုးက ပျောက်ဆုံးသွားကာ ဤနေရာအား ရှာဖွေချင်ကြောင်း ပြောလာသည်။
သူတို့က အတွင်း အပြင် အကုန်ရှာခဲ့သော်လည်း မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ။ ခေါင်းဆောင်ဖြစ်သည့် ဒုတပ်မှူးကျောင်းက အသစ်စက်စက် တူးဆွထားသော မြေကြီးပေါ် သို့ အကြည့်ကျရောက်သွားသည်။ “မင်းတို့ ဘာတွေ တူးထားကြတာလဲ..”
တွမ့်စစ် ရှက်ကိုးရှက်ကန်းပြုံးပြီး သူမ၏ လေသံအတွင်း ရှိုးတိုးရှန့်တန့်အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လွင်နေသည်။ “ငါ့ကလေးက ပန်းပင်နဲ့ အပင်တွေစိုက်ရတာ ကြိုက်တယ်၊ ဒါ.....အဆင်ပြေပါတယ် ဟုတ်တယ်မလား”
ဒုတပ်မှူးကျောင်းက အန္တရာယ်ကင်းပုံပေါ်ကာ ရှင်းလင်း၍ ဖြူစင်သောအကြည့်များရှိသည့် ကျန်းယန်ချီကို စိုက်ကြည့်လိုက်သည်။ အတန်ကြာ လေးနက်စွာ စိုက်ကြည့်ပြီးနောက် သူ့လက်အား ဝှေ့ယမ်းကာ သူ့လူများကို ပြန်ခေါ်သွားတော့သည်။
ကျယ်လောင်သည့် ‘ကလစ်’မြည်သံနှင့် အတူ တံခါးက သော့ပြန်ခတ်သွားတော့သည်။
ဤကဲ့သို့ အေးချမ်းသည့်နေ့များက နောက်ထပ် ၁၀ရက် ကြာမြင့်သွားသည်။
အသစ်ဆက်ဆက် စိုက်ပျိုးထားသော ဝင်းအတွင်းမှ ပန်းသစ်တော်ပင်သည် မျှော်လင့်ထားသည့်အတိုင်း ကောင်းမွန်စွာ ကြီးပြင်းလာသည်။ ဆောင်းရာသီမှာလည်း နွေဦးသို့ ကူးပြောင်းသွားကာ ပန်းများကား ၂လအကြာတွင် ဖူးပွင့်ကြတော့မည် ဖြစ်သည်။
သို့သော်လည်း ကျန်းယန်ချီက ခေါ်ဆောင်သွားခံလိုက်ရသည်။
မည်သူမှ သူ မည်သည့်နေရာထံ ခေါ်သွားခံရမည်ကို မပြောကြပေ။ သူတို့ ခွဲခွာနေချိန် တွမ့်စစ်၏ မျက်လုံးအတွင်းမှ ကြောက်ရွံမှုကို မြင်လိုက်ရကာ သူမ သူ့ထံ အပြေးလာပြီး သူမ၏ ကလေးအား ဆွဲကိုင်ထားတော့သည်။ “သူ့ကို ဘယ်ခေါ်သွားကြမလို့လဲ.... သူက ကလေးပဲရှိသေးတာ!! ကျွန်မတို့ ဒီလို အအေးနန်းဆောင်ထဲ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျပြီးနေပြီပဲကို… အခုထိ မလွှတ်ပေးနိုင်သေးဘူးလား....”
သူမ စကားပြောလိုက်သည်နှင့် စငိုတော့သည်။
ကျန်းယန်ချီ ထိုလူများထံမှ ရုန်းထွက်ကာ သူ့အမေထံ လမ်းလျှောက်လာ၍ မျက်ရည်များသုတ်ပေးသည်။ “အမေ မကြောက်ပါနဲ့၊ ကုန်းကုန်းပြောတာ သူတို့က သားအဝတ်တွေ ချုပ်ဖို့ တိုင်းချင်လို့ ခေါ်သွားတာတဲ့၊ သားကို ဘယ်ခေါ်သွားမယ်လို့ အမေထင်လို့လဲ..”
သူ့အသံက အလွန်အမင်း တည်ငြိမ်နေသည်။
အအေးနန်းဆောင်က ပြင်ပလောကထံမှ ဖြတ်တောက်ခြင်းခံထားရကာ တွမ့်စစ်ကမူ ရိုးရှင်းသော ဘဝနှင့် နေထိုင်နေရပြီး အိမ်ရှေ့စံက လုံးဝ ကျရှုံးသွားကာ ကျန်းယန်ချီသည် လက်ရှိဧကရာဇ်၏ တစ်ဦးတည်းသော ကလေး ဖြစ်လာသည်ကို မသိရှိပေ။
သူကား အအေးနန်းဆောင်မှ ထုတ်ခေါ်ခံလာရသည်။
အရာအားလုံးက အိမ်မက်အတိုင်းပင်။
တွမ့်စစ် ထိုလူများက ကျန်းယန်ချီအား လေးစားမှုအပြည့်ဖြင့် ဆက်ဆံသည်ကို ကြည့်နေခဲ့သည်။ သူတို့က သူ ရထားလုံးပေါ် တက်ရန် ကူညီပေးပြီး လမ်းခင်းကျောက်များပေါ် ဘီးလည်သွားသံများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူမက လူတစ်ယောက် အအေးနန်းဆောင်၏ ပန်းသစ်တော်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အရပ်ရှည်ပြီး ကျက်သရေရှိကာ အေးချမ်းခြင်းအော်ရာအား ဖော်ဆောင်နေသည်။
“သင်က တွမ့်စစ်၊ ကျန်းယန်ချီရဲ့ မွေးမိခင် ဟုတ်တယ်မလား”
အသံက အလွန်သာယာနာပျော်ဖွယ်ကောင်းလှသည်။
“ကျွန်တော်က ချူရှဲ့ပါ”
ထိုလူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်သွားကာ သက်တောင့်သက်သာရှိသော အေးစက်မှုများက အပြုံးတွင် ထင်ရစ်နေသည်။
သူတို့က စကားလုံး အနည်းငယ် ချန်ခဲ့ကာ ထွက်ခွာသွားသည်။ “စဉ်းစားကြည့်ပြီး ကျွန်တော့်ကို ချူအိမ်တော်မှာ လာရှာလို့ရတယ်၊ အခုကစပြီး သင်နဲ့ သင့်သားကို ဘယ်သူမှ ကန့်သတ်ထားလို့ မရတော့ဘူး.... ကျန်းယန်ချီရဲ့ ဘဝ အောင်မြင်ချမ်းသာမှုက သင့်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်သွားပြီ..”
ခြေသံများက ဖြည်းဖြည်းချင်း ဝေးကွာသွားသည်။
တွမ့်စစ် အသစ်စိုက်ပျိုးထားသော ပန်းသစ်တော်ပင်အား သူမမျက်လုံးအတွင်း၌ မျက်ရည်များ မြူမှိုင်းရစ်ဝဲကာ သူမရှေ့ရှိ အကိုင်းအခတ်များ ဝေဝါးသွားသည်အထိ ကြည့်နေလိုက်သည်။
ကျန်းယန်ချီ ပြန်လာသောအခါ ချက်ချင်းပင် သူ့အမေ၏ မျက်လုံးများ နီရဲနေကြောင်း သတိပြုမိသွားသည်။
သူမေးလိုက်သည်။ “အမေ ငိုထားတာလား..”
“ဝမ်းသာလို့ကျတဲ့ မျက်ရည်ပါ၊ အမေ အရမ်းပျော်သွားလို့.... အမေတို့ အအေးနန်းဆောင်ကနေ ထွက်လို့ရမဲ့နေ့ရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...” တွမ့်စစ် သူမ၏ မျက်ရည်များကို သုတ်ကာ ပြောသည်။
“အားယွီ သွားကြစို့..”
“ဘယ်ကိုလဲ..”
တွမ့်စစ် လှည့်ကြည့်ကာ ပန်းသစ်တော်ပင်ထံ နောက်တစ်ကြိမ်လှည့်ကြည့်လျက် အသက်ပြင်းပြင်း ရှူလိုက်သည်။ “ချူရှဲ့ကို သွားရှာကြမယ်..”