Ch 4
Viewers 537

အခန်း(4)ဖယောင်းရုပ်ပြတိုက် (4)


တစ်စုံတစ်ဦး၏ အသည်းခိုက်မတတ် အော်ဟစ်သံကြောင့် ချန်ချိုက်ရှင်း အိပ်မက်ထဲမှ လန့်နိုးလာခဲ့၏။


အခန်းထဲက မှောင်မည်းနေပြီး မီးက မည်သည့်အချိန်ကငြိမ်းသွားသည်မသိပါချေ။ မှောင်မည်းနေသည့်ကြားမှ ချန်ချိုက်ရှင်းတစ်ယောက် မာကျောပြီး ရေခဲကဲ့သို့ အေးစက်နေသော အရာတစ်ခုကို ထိမိလိုက်သည်။ သို့သော်လည်း သူ မတုံ့ပြန်နိုင်သေးပေ။ 


ထိုအခိုက်တွင် အတွင်းဘက်မှ ယွမ်ကျို့ဝမ်၏ အသံထွက်ပေါ်လာပေသည်။


“ကောကော၊ ဘာဖြစ်လို့လဲဟင်”


အိပ်ရာမှနိုးခါစ ဖြစ်၍လားမသိပါချေ။ မူလတန်းကျောင်းသားလေး၏ အသံမှာ အနည်းငယ်ဝေဝါးနေပြီး နူးညံ့ပျော့ပြောင်းကာ ချွဲပြစ်နေခဲ့သည်။ ချန်ချိုက်ရှင်းက ပြန်မဖြေဘဲ သူ၏လက်ကို အောက်ဘက်သို့ ထပ်မံရွှေ့လိုက်မိလေ၏။ 


မူလက အေးစက်မာကျောသော အတွေ့အထိမှာရေခဲကဲ့သို့ အေးစက် နေသော်လည်း နူးညံ့သော အထိအတွေ့သို့ ပြောင်းလဲသွားပေသည်။ 


ထိုသည်က ယွမ်ကျို့ဝမ်၏ လက်မောင်း ဖြစ်ပုံရသည်။


သူ နိုးလာကာစဖြစ်၍  မှားသွားခြင်းဖြစ်နိုင်ပေ၏။



ချန်ချိုက်ရှင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။  မတိုင်မီက ခံစားချက်မှာ အကြောက်တရားကြောင့်စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်နိုင်လောက်သည်။


“ ဘာမှမဖြစ်ပါဘူး၊ မင်း ချမ်းနေလို့လား  မင်းလက်မောင်းက ဘာလို့ဒီလောက်တောင် အေးနေရတာလဲ”


“...ကျွန်တော် တကယ် ချမ်းနေတာ”


ယွမ်ကျို့ဝမ်၏ သနားစဖွယ် အသံလေး ထွက်ပေါ်လာခဲ့သည်။


“ကောကော၊ ကျွန်တော့်ကို ဖက်ထားပေးလို့ ရမလား”


အမျိုးသား အချင်းချင်းကြားတွင် အားနာစရာ မလိုသကဲ့သို့ ယွမ်ကျို့ဝမ်မှာလည်း ကလေးတစ်ယောက်သာ ရှိသေးသောကြောင့် ချန်ချိုက်ရှင်းက ယွမ်ကျို့ဝမ် တိုးဝင်လာနိုင်ရန် နေရာဖယ်ပေးလိုက်သည်။


ကလေးငယ်၏ တစ်ကိုယ်လုံးမှာ အေးခဲမတတ် အေးစက်နေသော်လည်း ခဏအကြာတွင်မူ နွေးထွေးလာခဲ့လေ၏။


အနှောင့်အယှက်တစ်ခုနှင့် ကြုံလိုက်ရသည့်အပြင် အိမ်တစ်ခုလုံးမှာလည်း ထူးဆန်းသော အော်ဟစ်သံများ မရှိတော့ဘဲ ပြန်လည်တိတ်ဆိတ်သွားသောကြောင့် ချန်ချိုက်ရှင်းအနေဖြင့် သူ့ကို လန့်နိုးစေခဲ့သော အမျိုးသမီး၏ အကူအညီတောင်းရန်အော်ဟစ်သံကို မေ့လျော့သွားလေသည်။


*




ဒုတိယမြောက်နေ့ မနက်တွင် ချန်ချိုက်ရှင်းတစ်ယောက် မျက်နှာသစ်ရန် အိပ်ရာမှ ထလာခဲ့ပြီးနောက် လူတချို့က အိမ်သာတံခါးဝတွင် ပိတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။


“...ဘယ်သူ သေသွားတာလဲ”


“ရှောင်လင်းနဲ့ သူမရဲ့ အခန်းဖော် ထင်တယ်”


“နှစ်ယောက်တောင် သေတာလား”


ဟောက်ဇီ ကျင်းကောကို  အံ့သြတကြီးကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ သူက လူအုပ်ကို ဖယ်ရှားကာ အထဲသို့ ဝင်သွားခဲ့လေ၏။


ထိုအချိန်မှသာ ချန်ချိုက်ရှင်းလည်း မနေ့ညက လူသေဆုံးမှု ရှိခဲ့ကြောင်းကို သိလိုက်ရသည်။


အမျိုးသမီးငယ် နှစ်ဦးမှာ တံခါးဝတွင် ရပ်နေကြပြီး တစ်ဦးက ဆံပင်ရှည်ကာ ကျန်တစ်ဦးမှာ ဆံပင်တိုတို့ရှိနေလေသည်။ 


ဆံပင်ရှည်နှင့် အမျိုးသမီးမှာ မနေ့ညက သူ့ကို တစ်ခန်းထဲတွင် အတူနေရန် ဖိတ်ခေါ်ခဲ့သူ ဖြစ်ပေ၏။ သူမ၏ မျက်နှာအမူအရာတို့က ချက်ချင်း ဖြူလျော့သွားပြီး နဖူးတွင်လည်း ချွေးစေးများဖြင့် ပြည့်နှက်နေကာ တစ်ကိုယ်လုံး တုန်ယင်ပြီးငိုကြွေးလာသည်။


“မနေ့... မနေ့ညက ကျွန်မ ထူးဆန်းတဲ့ တဒုန်းဒုန်း မြည်သံ ကြားရတယ်၊ ပြီးတော့... ပြီးတော့ အဲဒီအသံက ကျွန်မတို့ရဲ့ အခန်းတံခါးဝမှာ ရပ်သွားတာ...”


“ငါပဲ ပြောပြလိုက်မယ်” 


ဝမ်ရှောင်ရှောင်က ကျောက်ရူ၏ ရှေ့နောက်မညီဘဲ ထစ်ငေါ့နေသော ရှင်းပြချက်ကို ဖြတ်ပြောလိုက်ပေသည်။ သူမသည် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး တစ်ခေါက် ပြောပြလိုက်လေ၏။


“...ကျွန်မတို့တော့ သေပြီလို့ ထင်ထားတာ၊ ဒါပေမဲ့ အဲဒီတဒုန်းဒုန်း မြည်တဲ့အသံက ခဏလောက်နေတော့ ပြန်ထွက်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ၊ ဒီတော့ အဲဒီတဒုန်းဒုန်းမြည်တဲ့အသံက ဘာများလဲ”


ကျင်းကောက သူတို့ကို ကြည့်လိုက်သည်။


“မင်းတို့ ကံကောင်းသွားတာပဲ၊ တစ်စုံတစ်ယောက်က မင်းတို့အတွက် အသေခံပေးလိုက်တာ” 



“ဒီအသစ်နှစ်ယောက်ကတော့ တကယ့်ကို သတ္တိကောင်းကြတာပဲ၊ သန်းခေါင်ကျော်မှ အိမ်သာကို ပြေးရဲတယ်” 


ဟောက်ဇီက ရှင်းပြပြီးနောက်ပြောလာသည်။


“ဒါကြောင့် မင်းတို့လူသစ်တွေအနေနဲ့ ငါတို့ရဲ့စကားကို သေချာနားထောင်ရမယ်၊ မိုက်မိုက်ကန်းကန်းတွေ မလုပ်ကြနဲ့”


အလောင်းများကို ကြည့်ရှုပြီးနောက် ဝါရင့်ကစားသမား လေးဦးမှာ တည်ငြိမ်သော အမူအရာများဖြင့်ပင် ထွက်ခွာသွားကြလေ၏။


ကျောက်ရူမှာ အလွန်အမင်း ကြောက်လန့်နေသောပြောင့် ခြေထောက်များ ပျော့ခွေနေပြီး လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့ပေ။ 


သူ၏အမူအရာကို မြင်လျှင် ဝမ်ရှောင်ရှောင်က သူမ၏လက်ကို တွဲကူပေးလိုက်၏။ ချန်ချိုက်ရှင်း၏ ဘေးမှ ဖြတ်သွားသောအချိန်တွင် ဝမ်ရှောင်ရှောင်က သူ့ကို ကျေးဇူးတင်စကား ဆိုလာခဲ့လေသည်။


ထိုအချိန်က သူမ၏ စိတ်ထဲတွင် ဤနေရာက  မည်သို့သို့နေရာမျိုးဖြစ်ကြောင်းနှင့် အိမ်ကို မည်သို့ပြန်ရမည်ဖြစ်ကြောင်းကိုသာ တွေးတောနေသောကြောင့် NPC ၏ စကားကို ဂရုမထားမိခဲ့ပေ။ 


အကယ်၍ ဤလူငယ်လေး၏ သတိပေးချက်သာ မရှိခဲ့ပါလျှင် သို့မဟုတ် ကျောက်ရူကသာ နားမထောင်ခဲ့လျှင် သူတို့နှစ်ဦးသည်လည်း မသိလိုက်ဘဲ ထောင်ချောက်ထဲသို့ ကျရောက်သွားကြပေလိမ့်မည်။


ချန်ချိုက်ရှင်းက မမျှော်လင့်ဘဲ ကျေးဇူးတင်စကား အပြောခံလိုက်ရသော်လည်း သူ၏ အာရုံက အိမ်သာထဲသို့သာ ရောက်ရှိနေ၏။


အိမ်သာတံခါးဝတွင် ရပ်နေရုံဖြင့်ပင် သွေးညှီနံ့ကို  ပြင်းထန်စွာရရှိနိုင်ပေသည်။


အိမ်သာ၏ တည်ဆောက်ပုံက မရှုပ်ထွေးသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အရာအားလုံးကို မြင်နိုင်၏။ 


အတွင်းဘက်တွင် အိမ်သာခန်းများကို ခွဲထားပြီး အပြင်ဘက်တွင်မူ လက်ဆေးဘေစင်များကို စီတန်းထားသည်။ 


အမျိုးသား၏အလောင်းမှာ လက်ဆေးဘေစင်များအနီးမှ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ကြမ်းပြင်တစ်ခုလုံးတွင်လည်း သွေးများဖြင့် ပြည့်နှက်နေ၏။ 


ပထမဆုံး အိမ်သာ၏တံခါးမှာလည်း ပွင့်နေပြီး ဖြူလျော့ပြီး သွယ်လျသော လက်မောင်းတစ်ဖက်က တစ်စိတ်တစ်ပိုင်း ထွက်ပေါ်နေခဲ့သည်။


ကြမ်းပြင်ပေါ်ရှိ သွေးများမှာ ခဲနေခဲ့ပေပြီ။


သေဆုံးသူများက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကြပေ၏။ ၎င်းတို့အနေဖြင့် ခြေဆုံးခေါင်းဆုံးကို ဆိုးဆိုးရွားရွားဖြင့် အပိုင်းပိုင်းဖြတ်တောက်ခံထားရပြီး ကောင်းမွန်သော အရေပြားဟူ၍ မရှိတော့ပေ။


သူတို့မှာ မနေ့က နောက်ဆုံးမိနစ်မှသာ အသင်းဖွဲ့လိုက်ကြသော လူသစ်ကစားသမားအတွဲဖြစ်ပေသည်။


အမျိုးသမီးက အိမ်သာသွားချင်သောကြောင့် အမျိုးသားက လိုက်ပါပို့ဆောင်ပေးပြီး အိမ်သာအပြင်ဘက်မှ စောင့်ဆိုင်းနေချိန် နှစ်ဦးလုံး အသတ်ခံလိုက်ရခြင်း ဖြစ်ပုံရသည်။


အလောင်းများကို မည်သူကမျှ မထိကြဘဲ အိမ်သာအတွင်း၌ပင် ခြောက်သွေ့နေရန် ပစ်ထားလိုက်ကြလေ၏။


တခြားလူများက မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးပြီလားဆိုသည်ကို ချန်ချိုက်ရှင်း မသိပေ။ 


သူက အိမ်သာသို့ မသွားတော့ဘဲ အစွန်ဆုံးတွင်ရှိနေသော လက်ဆေးဘေစင်တွင် အလျင်အမြန် ပလုတ်ကျင်းပြီး မျက်နှာသစ်လိုက်လေ၏။ 



သို့သော်လည်း ပတ်ဝန်းကျင် အနေအထားမှာ အလွန်ပင် စိတ်ပျက်ဖွယ် ကောင်းလွန်းပေသည်။


“ကောကော”


ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်ချိုက်ရှင်းတစ်ယောက် လန့်သွားရပြီး တစ်ဖက်လူက ယွမ်ကျို့ဝမ်ဖြစ်နေကြောင်းကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်ခဲ့၏။ 


အတွင်းဘက်ရှိ အခြေအနေများက အလွန်ပင် ရက်စက်လွန်းသောကြောင့် သူက မူလတန်းကျောင်းသားလေး၏ ရှေ့မှ ပိတ်ရပ်လိုက်လေ၏။


“မြန်မြန်လေး မျက်နှာသစ်လိုက်၊ ပြီးရင် အောက်ထပ်ကိုဆင်းကြမယ်” 



ယွမ်ကျို့ဝမ်သည်လည်း ချန်ချိုက်ရှင်း ပြောသည့်အတိုင်း လုပ်ဆောင်ပြီး အထဲဘက်တွင် မည်သည့်အရာဖြစ်နေကြောင်းကို စူးစမ်း၍ ချောင်းမကြည့်ခဲ့ပေ။ 


သူက ခြေဖျားထောက်လျက် သူ၏မျက်နှာနှင့် လက်များကို ဆေးကြောလိုက်၏။


ထို့နောက် သူတို့နှစ်ဦးလုံး အောက်ထပ်သို့ အတူတူ ဆင်းလာခဲ့ကြ၏။


မူလက လူ (၁၃)ဦး ရှိခဲ့သော်လည်း ဝင်စအချိန်၌ပင် သေဆုံးသွားသော ဦးလေးကြီးနှင့် မနေ့ညက သေဆုံးသွားသူနှစ်ဦးကို ဖယ်လိုက်လျှင် ယခုအချိန်တွင် စုစုပေါင်း (၁၀)ဦးသာ ကျန်ရှိတော့၏။


မနက်စာမှာ ထမင်းစားပွဲပေါ်တွင် ရှိနေခဲ့သည်။ ဝါရင့်ကစားသမား လေးဦးက အေးဆေးတည်ငြိမ်စွာထိုင်စားနေကြသော်လည်း တခြားလူများမှာ  စားချင်စိတ် မရှိကြပါချေ။


အထူးသဖြင့် အိမ်သာထဲမှ အလောင်းများကို မြင်တွေ့ခဲ့ရသူများမှာ မျက်နှာများ ဖြူလျော့ပြီး ထိတ်လန့်တုန်လှုပ်နေခဲ့ကြပြီး စိတ်ဓာတ်များကလည်း ပြိုလဲနေခဲ့ကြပုံရသည်။


ချန်ချိုက်ရှင်းသည်လည်း စားချင်စိတ် မရှိသော်လည်း အသက်ရှင်သန်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အားအင်ကုန်ခမ်းအောင် မလုပ်သင့်ကြောင်း  နားလည်ထားခဲ့သည်။


နံနက်စာမှာ နို့ပေါင်မုန့်သာဖြစ်သော်လည်း ပါဝင်သော နို့ထွက်ပစ္စည်းများက အရည်အသွေး ညံ့ဖျင်းလွန်းသောကြောင့် ပေါင်မုန့်က အနည်းငယ် ခြောက်ကပ်နေခဲ့သည်။ 


ချန်ချိုက်ရှင်း နို့ကိုတစ်ငုံ သောက်ကာ မျိုချရန် ကြိုးစားလိုက်သော်လည်း နို့၏ ညှီစို့စို့အရသာကြောင့် ပျို့တက်လာရပြီး အကြိမ်အနည်းငယ်ခန့် ပျို့လိုက်မိသည်။


အလောင်းများကို မြင်တွေ့ခဲ့ရခြင်းက သူ့ကို ပျို့အန်ချင်စိတ်များဖြစ်စေပေလိမ့်မည်။


“မင်း  ဘာလို့ ပျို့အန်နေတာလဲ?! ရွံစရာကောင်းလိုက်တာ၊ မင်းသာ ဒီလိုတွေလုပ်နေရင် တခြားလူတွေ စားသောက်နိုင်ပါဦးမလား”


စားပွဲတွင် ထိုင်နေသော လူသစ် အမျိုးသားတစ်ဦးက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။


ချန်ချိုက်ရှင်းက ပါးစပ်ကို အုပ်ထားလျက် ပြန်လည်တောင်းပန်လိုက်၏။


“တောင်းပန်ပါတယ်၊ ကျွန်တော် နေလို့ သိပ်မကောင်းလို့ပါ” 


ဤကဲ့သို့ လူတိုင်း၏ စိတ်ဓာတ်များက တင်းအားမြင့်လျှပ်စစ်ကြိုးပေါ်သို့ ရောက်နေသကဲ့သို့ ဖြစ်နေချိန်တွင် သေးငယ်သော ကိစ္စလေးများဖြင့်ပင် ပေါက်ကွဲတတ်ကြပေသည်။ 


ထိုအမျိုးသားမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး အကြောင်းပြချက်ရှာကာ ရိုင်းစိုင်းသော စကားလုံးများဖြင့် ချန်ချိုက်ရှင်းကို ဒေါသတကြီး ရန်တွေ့လာတော့သည်။


သူ၏ဘေးမှ အမျိုးသမီးက ဖျောင်းဖျသော်လည်း မရခဲ့ပေ။


နောက်ဆုံးတွင်မူ ထိုအမျိုးသားက သူ၏ ပေါင်မုန့်ကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏ဒေါသကို ဖော်ပြသည့်အနေဖြင့် နို့ခွက်ကို တိုက်ချလိုက်သောကြောင့် နို့များက စားပွဲပေါ်သို့ ဖိတ်စင်သွားလေ၏။


ချန်ချိုက်ရှင်းတစ်ယောက် စားသောက်ချင်စိတ်တို့ လုံးဝပျောက်ဆုံးသွားခဲ့ပေပြီ ။


စားပွဲတွင် ထိုင်နေသော ဝါရင့်ကစားသမားလေးဦးကတော့ မည်သည့်အရာကိုမှမမြင်သကဲ့သို့ ပြုမူနေကြပြီး စားသောက်ပြီးသည်နှင့် ဧည့်ခန်းသို့ ထွက်ခွာသွားကြလေ၏။


ဒေါသကြီးသော အမျိုးသားသည်လည်း ထွက်သွားခဲ့သည်။


“ကောကော၊ ကျွန်တော် သူ့ကို မုန်းတယ်”


ချန်ချိုက်ရှင်း လှည့်ကြည့်လိုက်လျှင်  ပါးကိုဖောင်းကားလျက် ထွက်သွားသော အမျိုးသား၏ နောက်ကျောကို  ကလေးဆန်စွာ စိုက်ကြည့်နေသည့် ရှောင်ကျို့ကို တွေ့လိုက်ရလေ၏။ 


သူ လှည့်ကြည့်လာသည်ကို မြင်လျှင်ရှောင်ကျို့က  နူးညံ့ပျော့ပြောင်းသော အသံလေးဖြင့် တိုင်တမ်းလာခဲ့သည်။


“သူက ကောကောကို အနိုင်ကျင့်တယ်၊ သူက လူဆိုးကြီးပဲ” 


“ဒါက ကိစ္စအသေးလေးပါပဲ၊ ဒါပေမဲ့ ငါလည်း သူ့ကို မကြိုက်ဘူး” 


ချန်ချိုက်ရှင်းက မူလတန်းကျောင်းသားလေး၏ ခေါင်းကို ပုတ်ပေးလိုက်၏။ 


မနက်ခင်းမှ စိတ်မကြည်လင်မှုမှာ အနည်းငယ် သက်သာသွားခဲ့ပေပြီ။ 


တစ်ပါးသူကို မည်သို့ကာကွယ်ပေးရမည်ကို သိရှိနေသည့် ဤချစ်စရာကောင်းပြီး လိမ္မာသည့် မူလတန်းကျောင်းသားလေးမှာ အမှန်တကယ်ပင် ချစ်စရာကောင်းလွန်းပေ၏။



*