အခန်း(3) ဖယောင်းရုပ်ပြတိုက်(3)
“ဖာ.. ‘နေရောင်ခြည်က အမွှေးတိုင် ထွင်းတဲ့ကျောက်တုံးကို ဖြာကျတဲ့အချိန်မှာ ခရမ်းရောင် မြူခိုးတွေ ထွက်ပေါ်လာတယ်’ ဆိုတဲ့အကြောင်းကို မင်း သင်ဖူးလား”
အခန်းထဲရှိ မူလတန်းကျောင်းသားလေးကို အားနာသောကြောင့် ချန်ချိုက်ရှင်းတစ်ယောက် သူ၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာကို ထိန်းချုပ်ကာ ပါးစပ်မှ ထွက်လုနီးပါးဖြစ်သော ဆဲဆိုသံကို ဉာဏ်စမ်းမေးခွန်းတစ်ခုအဖြစ်သာ ပါးနပ်စွာ ပြောင်းလဲလိုက်ရလေ၏။
သို့သော်လည်း သူ၏မျက်လုံးများက ဝမ်းဗိုက်ပေါ်မှ မခွာနိုင်သေးပေ။
ယွမ်ကျို့ဝမ်၏ အဖြေကိုလည်း သူ အမှန်တကယ် ကြားချင်နေခြင်း မဟုတ်ပါချေ။ သူ၏ တခြားလက်တစ်ဖက်က ပါကင်ဆန်ရောဂါသည် တစ်ဦးကဲ့သို့ တုန်ယင်နေလျက် ဝမ်းဗိုက်ကို ထိတွေ့ကြည့်လိုက်သည်။
“!!!”
... အမှန်တကယ်ပင် ဖောင်းကားနေခဲ့သည်။
သူ ခြောက်လခန့် အပြင်းအထန် ဂျင်ဆော့၍ ရရှိထားသော ဝမ်းဗိုက်ကြွက်သားလေးခုမှာ အဘယ်ကြောင့် ဘီယာဗိုက်အဖြစ်သို့ ပြောင်းလဲသွားရပါသနည်း။
အပြင်ဘက်ကမ္ဘာတွင် ဆောင်းရာသီဖြစ်သောကြောင့် ချန်ချိုက်ရှင်းအနေဖြင့် ချောင်ချိပြီး သက်သောင့်သက်သာရှိနေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့သည်။
သူ့အနေဖြင့် ဖယောင်းရုပ်ပြတိုက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည့်အတွက် တစ်ချိန်လုံး စိတ်တင်းကျပ်နေခဲ့ရလေ၏။
ထို့ကြောင့် အစပိုင်းတွင်သူ၏ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော ပြောင်းလဲမှုကို သတိမမူမိဘဲ ကျော်လွန်သွားခဲ့မိသည်။
ထို့အပြင် ဤဘီယာဗိုက်က နေရထိုင်ရသည်မှာ အဆင်မပြေမှုများမရှိဘဲ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေပုံရသည်။
ချန်ချိုက်ရှင်းတစ်ယောက် ထိုဗိုက်က သူ၏ခန္ဓာကိုယ်နှင့် အလွန်အမင်း တစ်သားတည်းကျနေကြောင်းကို တွေးတောမိပြီး ပို၍ပင်အံ့အားသင့်သွားရပြန်သည်။
“ဒီဂိမ်းကမ္ဘာက ခန္ဓာကိုယ်ကိုတောင် ပြောင်းလဲပစ်တာလား”
*
ချန်ချိုက်ရှင်းတစ်ယောက် သူ၏ဝမ်းဗိုက်ပြောင်းလဲသွားရသည့်အချက်ကို လက်မခံနိုင်ဖြစ်နေခဲ့ရ၏။
သူ ခြောက်လတိုင်တိုင် ကြိုးစားပြီး လေ့ကျင့်ယူခဲ့ရသော ကြွက်သားလေးမြောင်းကို ပြန်လည်တွေးတောပြီး မနေနိုင်ဘဲမေးမြန်းလိုက်မိသည်။
“ရှောင်ကျို့၊ မင်းဆီမှာရော ဒီကိုရောက်လာတော့ အပြင်ဘက်ကအခြေအနေနဲ့ ဘာတွေကွာခြားသွားတာရှိသေးလဲ”
တစ်ဖက်လူက ကလေးဖြစ်နေသောကြောင့် နားမလည်မည်စိုးရိမ်သည့်အတွက် ချန်ချိုက်ရှင်းက အိပ်ရာဘေးသို့ လျှောက်သွားရင်း ဥပမာပေးကာ ရှင်းပြလိုက်လေ၏။
“ဆိုလိုတာက.. မင်းက အပြင်မှာ အရပ်ရှည်ပြီး ချောမောခန့်ညားတဲ့လူဖြစ်ပေမဲ့ ဒီနေရာကိုရောက်တော့မှ အရပ်ပုပြီး ဝလာတာမျိုး ဖြစ်နေတာမျိုးလေ”
ယွမ်ကျို့ဝမ်က အိပ်ရာပေါ်တွင် နာခံသွာ ထိုင်နေရင်းမှခေါင်းခါပြလိုက်ပြီး ပြောလာလေသည်။
“ကောကော၊ ကျွန်တော် မသိဘူး ကျွန်တော် မှန်မကြည့်ရသေးဘူးလေ”
ကောင်းပြီ။ လူတိုင်းက ဒီကမ္ဘာကို ရောက်လာတာနဲ့ ဧည့်ခန်းထဲမှာပဲ ရှိနေကြတာပဲ။
ချန်ချိုက်ရှင်းတစ်ယောက် သူ၏ ဘီယာဗိုက်ကြောင့် ဉာဏ်ရည်များပင် ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူက မူလတန်းကျောင်းသားလေးကို ကြည့်ရင်းအားပေးစကား ဆိုလိုက်ပေသည်။
“စိတ်မပူပါနဲ့၊ မင်းက ဒီအရွယ်မှာတောင် အရမ်းကို စတိုင်ကျပြီး ချောနေသေးတယ်”
သူ၏ ကြွက်သားလေးခုမှာ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းစက်သွားပြီဆိုသည်က ငြင်းဆန်မရနိုင်သော အမှန်တရားပင် ဖြစ်ပေသည်။
သူ မည်မျှပင် ရှုပ်ထွေးနေပါစေ ပြောင်းလဲ၍ ရတော့မည် မဟုတ်ပေ။
ချန်ချိုက်ရှင်း အိပ်ရာပေါ်တွင် ငေးကြောင်စွာဖြင့် လဲလျောင်းလိုက်မိသည်။ သို့သော်လည်း ဤအကြောင်းအရာကြောင့် ဤထိတ်လန့်ဖွယ် ကမ္ဘာအပေါ်တွင် ထားရှိသော သူ၏ ကြောက်ရွံ့မှုများမှာလည်း အာရုံပြောင်းသွားခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ လက်တလောတွင် ဤမေးခွန်းများကြောင့် ရှုပ်ထွေးမနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ ထိုအကြောင်းကို ဂရုမစိုက်တော့ဘဲ အရင်ဆုံး အိပ်စက်အနားယူရန်သာ ပြင်ဆင်လိုက်လေ၏။
“ရှောင်ကျို့၊ မင်း အတွင်းဘက်မှာ အိပ်လိုက်လေ”
ချန်ချိုက်ရှင်းက ဆွယ်တာအင်္ကျီကို ဝတ်ထားလျက်ပင် အိပ်ရာပေါ်၌ လဲလျောင်းလိုက်၏။
“ကောင်းပါပြီ ကောကော”
ယွမ်ကျို့ဝမ်က သူ ပြောသည့်အတိုင်း နာခံစွာဖြင့် အထဲဘက်သို့ တိုးဝင်သွားခဲ့သည်။
အခန်းထဲရှိ မီးရောင်မှာ မှိန်ပျပျသာ ရှိနေခဲ့သည်။ ချန်ချိုက်ရှင်းတစ်ယောက် တစ်ပတ်လုံး အချိန်ပိုအလုပ်များကို ဆက်တိုက်ဆင်းခဲ့ရပြီး ဤနေရာသို့ ရောက်လာသောအချိန်တွင်လည်း စိတ်ပင်ပန်းနွမ်းနယ်နေခဲ့၏။
ယခု အိပ်ရာပေါ်တွင် ခဏမျှ လဲလျောင်းလိုက်ရုံဖြင့် အိပ်ချင်စိတ်များ လွှမ်းမိုးလာခဲ့ပေသည်။
အိပ်ရာ၏ တခြားတစ်ဖက်မှ တဂျွတ်ဂျွတ်အသံများကို ကြားလိုက်ရသည့်အချိမ်တွင် ရှုပ်ထွေးသွားရသော်လည်း မျက်လုံးဖွင့်ရန်ပင် ခက်ခဲနေသောကြောင့် အိပ်ချင်မူးတူးဖြင့်သာပြောလိုက်မိသည်။
“ရှောင်ကျို့၊ အိပ်တော့လေ”
တဂျွတ်ဂျွတ် မြည်နေသောအသံကလည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့၏။
“ ကောင်းပါပြီ ကောကော”
သူ့အနေဖြင့် အိပ်ချင်မူးတူး ဖြစ်နေ၍လားမသိသော်လည်း ချန်ချိုက်ရှင်းတစ်ယောက် ထိုမူလတန်းကျောင်းသားလေး၏ အသံမှာ ယခင်ကဲ့သို့ ချစ်စဖွယ်ကောင်းပြီး နူးညံ့ပျော့ပြောင်းသော အသံမျိုးမဟုတ်ဘဲ အေးစက်သည့်အသံမျိုးဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
သူ ကိုယ်ကိုတစ်ဖက်သို့လှည့်လိုက်လေ၏။ စောင်က အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ စိုထိုင်းထိုင်းအနံ့များ ရနေပြီး နွေးထွေးမှုလည်း သိပ်မပေးနိုင်ပေ။
သူ အိပ်လေလေ ပို၍ အေးလာလေလေဖြစ်သောကြောင့် ချန်ချိုက်ရှင်းတစ်ယောက် အလွန်အိပ်ချင်နေသော်လည်း ကောင်းမွန်စွာ အိပ်မပျော်နိုင်ဘဲ ရှိနေခဲ့ရသည်။
ခဏအကြာတွင် သူ၏နောက်ကျောဘက်မှ ကိုယ်လုံးလေးက သူ့ထံသို့ ပို၍ နီးကပ်စွာ တိုးဝင်လာခဲ့လေ၏။
ဖြူလျော့နေသော ထိုမျက်နှာလေးမှာ ချန်ချိုက်ရှင်း၏ နောက်ကျောသို့ ကပ်ထားခဲ့ကာ နှာခေါင်းလေးဖြင့် သူ့ထံမှ အနံ့ကို ရှူရှိုက်နေခဲ့သည်။
လက်မောင်းတစ်ဖက်မှာ သူတို့ကို ဖုံးလွှမ်းထားသော စောင်ပေါ်မှ ကျော်တက်လာပြီး သူ၏လက်ကလည်း ချန်ချိုက်ရှင်း၏ ဘီယာဗိုက်ပေါ်သို့ အမှတ်မထင် ရောက်ရှိလာခဲ့၏။
မကြာခင် နွေးထွေးမှုတို့က ကူးစက်လာခဲ့ပြီး စောင်မှရနေသော မှိုနံ့များမှာလည်း အမည်မဖော်နိုင်သည့်သင်းပျံ့သည့် ရနံ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဤသည်က ရင်းနှီးနေသော အနံ့တစ်ခုဖြစ်ကြောင်း ချန်ချိုက်ရှင်း တွေးလိုက်မိပြီးနောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့လေ၏။
“ရှောင်ရှောင်၊ ရှောင်ရှောင်၊ နင်နိုးနေလား ထပါဦး၊ ငါ အိမ်သာသွားချင်လို့”
ကျောက်ရူတစ်ယောက် သူမ၏ သူငယ်ချင်းကို မေးမြန်းနေရင်း အသံက တုန်ယင်နေခဲ့သည်။ သူမက အမှန်တကယ်ပင် ထိတ်လန့်နေပေ၏။
သူမအနေဖြင့် စိတ်လှုပ်ရှားလာသည့်အချိန်တိုင်း အိမ်သာသွားလိုစိတ်တို့ ပိုမိုပြင်းထန်လာတတ်ပေသည်။
ဖယောင်းရုပ်ပြတိုက်၏ ဧည့်သည်ခန်းများတွင် ခုတင်တစ်လုံးသာရှိပြီး အိမ်သာမှာ ဒုတိယထပ် စင်္ကြံလမ်း၏ အဆုံးတွင် ရှိပေသည်။ ကျောက်ရူအနေဖြင့် တစ်ယောက်တည်းသွားရန်ကို ကြောက်ရွံ့နေသော်လည်း ထိန်းမထားနိုင်တော့ပေ။
“ရှောင်ရှောင်၊ ငါနဲ့အတူ လိုက်ပေးလို့ရမလား”
“မလိုက်ဘူး”
ဝမ်ရှောင်ရှောင် ငြင်းပယ်လိုက်ပြီး အိပ်ရာမှထကာ ကျောက်ရူ အသုံးပြုနိုင်ရန်အတွက် ပန်းအိုးတစ်လုံးကို ရှာဖွေပေးလိုက်ပေသည်။
“ဒါကိုပဲ လောလောဆယ် သုံးလိုက်တော့”
ကျောက်ရူတစ်ယောက် ရှက်ရွံ့သွားရသည်။
“နင်... နင် တကယ်ပြောနေတာလား”
သူတို့နှစ်ဦးလုံးက အမျိုးသမီးများ ဖြစ်ကြသော်လည်း..
“သုံးတာ မသုံးတာက နင့်သဘောပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ နင်နဲ့အတူ အိမ်သာကို လိုက်မပေးနိုင်ဘူး”
ကျောက်ရူတစ်ယောက် ဝမ်းနည်းသွားသော မျက်နှာဖြင့် အနည်းငယ် ညည်းတွားမိသည်။ အကယ်၍ သူမသာ အမျိုးသားတစ်ဦးနှင့် အတူရှိနေပြီး ယခုကဲ့သို့တောင်းဆိုလိုက်ပါက တစ်ဖက်လူမှ သူမနှင့်အတူ လိုက်ပေးမည်မှာ သေချာပေသည်။
“စင်္ကြံလမ်းမှာတုန်းက ဟိုလူချောလေး ပြောသွားတာကို နင်မှတ်မိလား၊ ညဘက် အခန်းပြင်မထွက်ပါနဲ့တဲ့”
ဝမ်ရှောင်ရှောင်သည်က အပြင်ဘက်ကမ္ဘာတွင် သတ္တိရှိသူဖြစ်ပြီး ငယ်စဉ်ကတည်းက ယောကျ်ားလျာပုံစံမျိုး ရှိသော်လည်း သူမကိုယ်တိုင်ပင်လျှင် ဤနေရာကို ကြောက်ရွံ့နေခဲ့သည်။
“ဟို NPC ကလည်း ငါတို့ကို သတိပေးသွားသေးတယ်၊ နင်က သေရမှာကိုမကြောက်ဘူးဆိုရင်တော့ သွားလေ”
ခဏအကြာတွင် အခန်းထဲ၌ ရေကျသံများ ထွက်ပေါ်လာခဲ့သည်။
ကျောက်ရူတစ်ယောက် ဆက်လက် ထိန်းမထားနိုင်တော့သည့်အတွက် ကိစ္စကိုပြီးစီးအောင်ရှင်းလိုက်ရလေ၏။
သူမက အိပ်ရာသို့ ပြန်ဝင်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်ကာ ဒေါသထွက်နေခဲ့သည်။
“အပြင်ထွက်လိုက်တိုင်း သေမှာမှ မဟုတ်တာ၊ ဒါက ငါတို့ကို ခြောက်လှန့်နေတာလည်း ဖြစ်နိုင်တာပဲ”
“ဟိုလူက ဘာတွေတွေးနေလဲ မသိဘူး၊ မူလတန်းကျောင်းသားလေးတစ်ယောက်နဲ့ အသင်းဖွဲ့တာကို ငါတို့နဲ့အသင်းဖွဲ့ရမှာထက် သဘောကျနေသေးတယ်”
ကျောက်ရူတစ်ယောက် တစ်ဖက်သို့ လှည့်အိပ်ရင်း ညည်းညူပြောဆိုလိုက်သော်လည်း ဝမ်ရှောင်ရှောင်က သူမကို အရေးမလုပ်ခဲ့ပေ။
သူတို့နှစ်ဦးလုံးက အမျိုးသမီးချင်း ဖြစ်နေပြီး ကျောက်ရူတွင်လည်း အသင်းဖွဲ့စရာလူ မရှိသောကြောင့်သာ အသင်းဖွဲ့ခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင် ဝမ်ရှောင်ရှောင်အနေဖြင့် သူမကို ကိုင်တွယ်ဖြေရှင်းနေလိုစိတ် မရှိပေ။
ဒုန်း... ဒုန်း... ဒုန်း!
အသံတစ်ခုက အဝေးတစ်နေရာမှ အဆုံးမရှိ ပဲ့တင်ထပ်လာခဲ့ပြီး စည်းချက်တစ်ခုလည်း ပါဝင်နေခဲ့သည်။ အသံက ထူးဆန်းပြီး ကြည်လင်ပြတ်သားကာ ကျယ်လောင်ပေ၏။
ထို့အပြင် စိတ်ပျက်အားငယ်ဖွယ်ရာလည်း ကောင်းနေခဲ့သည်။
“ရှောင်ရှောင်၊ ရှောင်ရှောင်... အဲဒီအသံကို နင်ကြားရလား”
ကျောက်ရူတစ်ယောက် အိပ်၍မရတော့ဘဲ စောင်ကို ခေါင်းမြီးခြုံထားလျက် မျက်လုံးအစုံကိုသာ ဖော်ထားခဲ့သည်။ သူမက အခန်း၏ ထောင့်ပေါင်းစုံမှ မည်သည့်အရာမှ ထွက်မလာကြောင်းသေချာစေရန် မခွာတမ်း စိုက်ကြည့်နေမိလေ၏။
အသံက အဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး ပို၍ ပီပြင်လာပေသည်။
ဝမ်ရှောင်ရှောင်၏ မျက်နှာက ဖြူလျော့နေခဲ့သည်။ ထိုအသံကို သူမ သေသေချာချာ ကြားလိုက်ရပေသည်။ သူမသည် စောင်ကို ကိုယ်မှာ ပတ်ထားကာ မျက်လုံးများကို မှိတ်လိုက်သည်။
“မြန်မြန်အိပ်စမ်းပါ၊ အဲဒီအသံကို ဆက်ပြီး နားမထောင်နဲ့တော့”
“ငါ... ငါ အိပ်လို့မရဘူး”
ကျောက်ရူတစ်ယောက် နားကို ပိတ်ထားသော်လည်း အသုံးမဝင်ပါချေ။
အသံမှာ အရပ်မျက်နှာအနှံ့မှ သူမ၏ စိတ်ထဲသို့ စီးဝင်လာသောကြောင့် ပို၍ ပြင်းထန်စွာ တုန်လှုပ်လာခဲ့သည်။
ဒုန်း... ဒုန်း....
ထိုအသံမှာ သူတို့၏ အခန်းတံခါးဝတွင် ရပ်တန့်သွားခဲ့ပြီး အိပ်ရာဘေး၌ ထွန်းထားသော မီးအိမ်မှာ ငြိမ်းသွားလေ၏။ ကျောက်ရူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
*