🐍Chapter 113
ယခင်ကနေ့ရက်များ ပြန်လည်ရောက်ရှိလာသည်။ စားသောက်ခြင်းနှင့် သေခြင်းတရားကို စောင့်ဆိုင်းနေခြင်း...။
ယင်ရှောင်ရှောင်း သူ့ပုံရိပ်ကို ကြည့်ရင်း အကြီးအကျယ် စိတ်ပျက်နေမိသည်။ ကိုယ်အလေးချိန်က မကျသွားသလို လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာကလည်း ဝေလာဝေးစွ။ ဟိုနားဒီနား နှစ်မိနစ်လောက် လမ်းလျှောက်တာတောင် ဟောဟဲလိုက်နေသည်။ လေ့ကျင့်ခန်းမလုပ်နိုင်သည့်အဆုံး အစားလျှော့မည်ဟု ယင်ရှောင်ရှောင်း တွေးလိုက်သေးသည်။ သို့သော် ကယ်လိုရီနည်းနည်းပဲ စားဖို့လိုအောင် သိပ်ပြီးလှုပ်လှုပ်ရှားရှား မနေပြန်လျှင်လည်း သူ့ဗိုက်က အချိန်တိုင်း ဆာလောင်နေမြဲပင်။
ယင်ရှောင်ရှောင်း စိုးရိမ်သလို မော့လောင်တမှာ ပျော်ရွှင်မိသလို တစ်ချိန်တည်းမှာပင် စိုးရိမ်နေမိသည်။ ပျော်ရွှင်မိသည်မှာ ဒီပုံစံအတိုင်းသာဆိုလျှင် အရူးပေါက်လေးကို ဘယ်မြွေမှ လိုချင်လိမ့်မည် မဟုတ်ပေ။ သူနှင့်အရူးပေါက်လေး၏ မိတ်ဖက်ပွဲတွင် လန်ယိယိဟုခေါ်သည့် မြွေတစ်ကောင်ကို သူတွေ့ခဲ့ရသည်။ သူစိုးရိမ်မိသည်မှာ အရူးပေါက်လေးသာ ဒီလိုဆက်ပြီး ဝနေလျှင် နောက်ပိုင်းကျ သူပွေ့ရော ပွေ့နိုင်ပါတော့မလား။
အဟွတ်... အဟွတ်... အင်း... အဲဒီမြွေနှစ်ကောင်က တကယ့်ကို ထူးဆန်းလွန်းနေတယ်။
ဤရက်ပိုင်းအတွင်း ယင်ရှောင်ရှောင်းသည် ကျိခန်း၏ အုတ်ဂူဟောင်းဆီသို့ မကြာခဏ သွားလည်ဖြစ်သည်။ မော့လောင်တကိုလည်း အပွေ့မခံတော့ပေ။
ကျိခန်းက ယင်ရှောင်ရှောင်းကို တွေ့သည်နှင့် မျက်နှာအမူအရာ တစ်မျိုးပြောင်းသွားတော့သည်။
"ကဲ... ရှောင်ရှောင်းရေ... ကိုယ်တို့ မတွေ့ဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ... ဒီအတောအတွင်း ဘာလို့ အဲ့လောက်ဝလာရတာတုန်း"
ကျိခန်းသည် ယင်ရှောင်ရှောင်း၏ ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို ထိကိုင်ကြည့်ရင်း ပြောလာသည်။
“ဟမ်.. တကယ်ကြီး မာနေတာလား..”
ယင်ရှောင်ရှောင်းသည် ကျိခန်း၏လက်ကို အမြီးဖြင့် ရိုက်ချလိုက်သည်။
“ဟမ့်.. ငါ့ကိုမထိနဲ့..”
ယင်ရှောင်ရှောင်း၏ ထိုအပြုအမူကို ကျိခန်းက စိတ်ထဲမထားပေ။ လက်ကိုရိုက်ချလိုက်သော်လည်း အားမပါသောကြောင့် မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။ သို့သော် ယင်ရှောင်ရှောင်းကို ကြည့်နေရင်း ပိုပိုပြီး ထူးဆန်းလာသလို ခံစားလိုက်ရသည်။
ယင်ရှောင်ရှောင်း အနည်းငယ် ဒေါသထွက်သွားမိသည်။ ကျိခန်းက တကယ့်ကို အလိုက်မသိတတ်တဲ့လူပဲ... သူ့ကိုများ ဝတယ်လေး ဘာလေးနဲ့... အဲ့လိုပြောတာကို ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။ ယင်ရှောင်ရှောင်း အမြီးတစ်ချက်ယမ်းပြီး မော့လောင်တဘေးသို့ ပြန်သွားလိုက်သည်။
ကျိခန်းတစ်ယောက် ယင်ရှောင်ရှောင်းအား မယုံနိုင်သော အကြည့်တို့ဖြင့် ကြည့်နေရင်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ နေပါဦး... ရှောင်ရှောင်းပုံစံက ကိုယ်ဝန်ရှိနေသည့် မြွေပွေးတစ်ကောင်၏ ပုံစံပေါက်နေသည်။ သို့သော် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ အကြင်လင်မယားအရာမြောက်သည်မှာ သိပ်မကြာသေးကြောင်း သူသတိရသွားသည်။ ရှောင်ရှောင်းက... ဘယ်လိုလုပ်ပြီး ဒီလောက်ခပ်မြန်မြန် ကိုယ်ဝန်ရှိသွားရတာလဲ။
ကျိခန်းလည်း မနေနိုင်တော့သောကြောင့် မေးလိုက်သည်။
"ရှောင်ရှောင်း...ကိုယ်ဝန်ရှိနေတာလား"
"ဘာကြီး... ကျွန်တော်က ဘာကိစ္စ ကိုယ်ဝန်ရှိရမှာလဲ"
မော့လောင်တဘေးသို့ သွားရပ်သည့် ယင်ရှောင်ရှောင်းက ကျိခန်းဆိုလိုသည့် အနက်အဓိပ္ပါယ်ကို လုံးဝနားမလည်သလို မော့လောင်တကလည်း နားလည်ပုံမပေါ်ပေ။
အင်းပေါ့လေ... ရှောင်ရှောင်းက ဒီလိုကိစ္စမျိုးကို တစ်ခါမှ တွေးဖူးမှာတောင် မဟုတ်သလို... မော့လောင်တကလည်း နှစ်ဦးသား မိတ်ဖက်ထားသည်မှာ မကြာသေးသောကြောင့်... ထိုကိစ္စဖြစ်နိုင်ချေကို မမျှော်မှန်းထားလောက်။
ကျိခန်းတစ်ယောက် သူ့ကိုယ်သူ ညည်းညူပြောဆိုမိသည်။
"ဘုရားရေ...ဒီမြွေနှစ်ကောင်ကသိပ်တုံးတာပဲ"
ကျိခန်းလည်း မျက်စောင်းထိုးရင်း ပြောလိုက်သည်။
“ရှောင်ရှောင်း... မင်းအခု ကိုယ်ဝန်ရှိနေတာလေ”
ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ တောင့်ခဲသွားကြသည်။
ထိုမြွေနှစ်ကောင်ကို ကျိခန်းနှင့် ကျိကျောက်တို့ အချိန်အတန်ကြာအောင် တိတ်တဆိတ် ကြည့်နေမိသည်။ သို့သော် အသိပြန်ဝင်မလာသေးသောကြောင့် စိတ်မရှည်ဖြစ်လာကာ ကျိကျောက်က ကျိခန်းအား သင်္ချိုင်းဟောင်းထဲသို့ ပြန်ဆွဲခေါ်သွားသည်။ သင်္ချိုင်းတွင်းသို့ ပြန်လျှောက်သွားရင်း ယင်ရှောင်ရှောင်း၏ ဗိုက်ကလေးကို မနာလိုမုန်းတီးမှုများနှင့် ပြည့်နှက်နေသော ပုံမှန်မဟုတ်သည့် အကြည့်ဖြင့် လှည့်ကြည့်မိကြသည်။
လေပြည်လေညှင်းလေးများ ဝေ့ဝဲတိုက်ခတ်သွားမှုက မော့လောင်တအား လှုပ်နှိုးကာ လက်တွေ့ကမ္ဘာထဲသို့ ပြန်လည်ဆွဲခေါ်လာသည်။
ထို့နောက် မော့လောင်တ ယင်ရှောင်ရှောင်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကာ ရှောင်ရှောင်း၏ ဝမ်းဗိုက်လေးကို စိုက်ကြည့်ရင်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ သူသိသလောက် မှတ်သလောက် အချက်အလက်လေးများကို ပြန်တွေးနေမိသည်။
ဒီတစ်လော အရူးပေါက်လေးက ကိုယ်အလေးချိန် အများကြီးတိုးလာပြီး အစားအသောက်လည်း ကြီးလာသလို တစ်အားလည်း အအိပ်မက်လာသည်။ ဟိုနားဒီလေးနားကိုတောင် သိပ်ပြီး မသွားနိုင်တော့ချေ။
မော့လောင်တက ယင်ရှောင်ရှောင်းအနားသို့ ကပ်သွားပြီး သူ့အမြီးထိပ်လေးဖြင့် ရှောင်ရှောင်း၏ ဗိုက်လေးကို ထိကြည့်သည်။ အိုး... တကယ့်ကို မာတောင့်နေတာပဲ... အစားများလို့ ဗိုက်ဖောင်းနေတယ်လို့ပဲ သူထင်နေခဲ့တာ။
ဒါဆိုရင် သူနဲ့အရူးပေါက်လေးတို့မှာ မြွေကလေးလေးတွေ ရှိလာတော့မှာလား။ ကိစ္စတစ်ခုလုံးကို နားလည်သွားဖို့ မော့လောင်တ၏ ဦးနှောက်က အတော်လေး အချိန်ယူလိုက်ရသည်။ နားလည်သွားသောအခါ တဖြေးဖြေးနှင့် ပို၍ပင် အံ့အားသင့်သွားရသည်။ သူနဲ့အရူးပေါက်လေးတို့ မိတ်ဖက်ဖြစ်သည်မှာ တစ်နှစ်ဆိုသည့်အချိန်ပင် မရှိသေးပေ။ တစ်နှစ်မပြည့်သေးသော အချိန်တွင် အရူးပေါက်လေးက မြွေကလေးလေးတွေကို ကိုယ်ဝန်လွယ်ထားရပြီတဲ့လား။ ဘုရားရေ... ဒါကမြွေပွေးမျိုးနွယ်စုရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ဒီလောက်မြန်မြန် ကိုယ်ဝန်ဆောင်နိုင်တဲ့... ပထမဆုံးမြွေပွေးပဲ။
မော့လောင်တ အတွေးရေယာဥ်ကြောထဲ စီးမြောနေသော်လည်း ယင်ရှောင်ရှောင်းကမူ အသိပြန်မလည်လာသေးပေ။ ကျိခန်းပြောသွားသည့် စကားလုံးတစ်လုံးချင်းစီကို သူနားလည်သော်လည်း ယင်ရှောင်ရှောင်း လုံးလုံးလျားလျား လက်မခံနိုင်သေးပေ။ ချဥ်ခြင်းတက်တာ... ကိုယ်ဝန်ဆောင်တာ။ လခွမ်းပဲ...။ ထိုကိစ္စများအတွက် သူလုံးဝ အဆင်သင့်မဖြစ်သေးပေ။
မြွေပွေးများက ဥဥပြီး ကလေးမွေးကြောင်းကို ယင်ရှောင်ရှောင်းသိသည်။ မြွေပွေးအထီးများကလည်း ဥဥနိုင်ကြောင်းကို သူသိသည်။ မော့လောင်တ၏ ဥများကို သူဥပေးရမည်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိသည်။ သို့သော် မိတ်ဖက်ပြီးပြီးချင်း သိပ်မကြာသေးသော အချိန်တွင် သူ့အနေနှင့် ဤမျှမြန်မြန် ကလေးလိုချင်သည်ဟု မဆိုလိုပေ။ ထိုကိစ္စများအတွက် သူ့မှာပြင်ဆင်ဖို့ အချိန်တော့ ရှိသင့်တယ် မဟုတ်လား။
ထို့အပြင်.. မော့လောင်တက မြွေလိမ်တစ်ကောင် ဆိုတာကိုပါ သိလိုက်ရသည်။ မြွေပွေးများက မျိုးပွားဖို့ အလွန်ခက်ခဲပြီး ဥဥနိုင်ရန် ဆယ်စုနှစ်နှင့်ချီအောင် ကြိုးစားအားထုတ်ရကြောင်း မော့လောင်တက သူ့အားပြောဖူးသည်ကို ယင်ရှောင်ရှောင်း အသေအချာ မှတ်မိနေသည်။ သို့သော် သူ့အပြောနှင့် လက်တွေ့က တစ်ခြားစီပင်။ အတူရှိနေသည့်အချိန်က တစ်နှစ်ပင်မပြည့်သေးသော်လည်း ကလေးရလာတော့မည့် အနေအထား ဖြစ်နေသည်။ ယင်ရှောင်ရှောင်း အလွန်ဒေါသထွက်မိသည်။ မော့လောင်တက တကယ့် မြွေလိမ်အကြီးစားပင်။
ထိုအကြောင်းကို စဥ်းစားရင်း ယင်ရှောင်ရှောင်း အသိစိတ်ပြန်ဝင်လာသည်။ ထို့နောက် မော့လောင်တကို တစ်ချက်စူးစိုက်ကြည့်ကာ ပြေးကိုက်လိုက်ပြီး ပါးစပ်မှလည်း တစ်ဝူးဝူးတစ်ဝါးဝါး အော်ပြောနေသည်။
“မော့လောင်တက မြွေလိမ်အကြီးစားကြီး.. အလိမ်အညာကောင်ကြီး..”
နဂိုတည်းက ယင်ရှောင်ရှောင်းအား မတရားအလိုလိုက်ထားသော မော့လောင်တမှာ ကိုယ်ဝန်လွယ်ထားရသည်ကို သိလိုက်ရသောအခါ အော်တောင်မအော်ရဲတော့ပေ။ စကားလေသံမာမာပြောဖို့တောင် ဆင်ခြင်နေရသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်း၏ အကျိုးအကြောင်း မဆီလျော်သော ဒေါသကို သည်းခံနေလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် တစ်ခုခုက လွဲမှားနေသလို ခံစားလိုက်ရသည်။ သူဘာလုပ်မိလိုက်လို့... ရှောင်ရှောင်းက သူ့ကို မြွေလိမ်အကြီးစားလို့ ခေါ်နေတာပါလိမ့်။
မော့လောင်တအား ကိုက်လိုက်ရိုက်လိုက် လုပ်ပြီးနောက် အချိန်ကြာလာသောအခါ ယင်ရှောင်ရှောင်းလည်း ခြေကုန်လက်ပန်း ကျသွားတော့သည်။ တကယ်တမ်း မော့လောင်တကို နာကျင်သွားအောင် သူမလုပ်ရက်ပေ။ သို့သော် ဒေါသမပြေသေးသောကြောင့် မော့လောင်တ၏ ကျောကုန်းပေါ်သို့ အတင်းတွယ်တက်လိုက်သည်။
"မော့လောင်တ...အိမ်ပြန်ကြမယ်"
ဟေး... နည်းနည်းလေးတော့ ဣန္ဒြေလေးဘာလေး ဆယ်စမ်းပါဦး... အစောပိုင်းကပဲ မော့လောင်တကို စိတ်ဆိုးမာန်ဆိုးနဲ့ ထုရိုက်နေပြီးတော့ အခုကျပြန်တော့လည်း... မျက်နှာပြောင်တိုက်ပြီး သူ့ကျောပေါ် တက်သွားပြန်ပြီ။
ဂူထဲသို့ ပြန်ရောက်သည်နှင့် ယင်ရှောင်ရှောင်းက မော့လောင်တကိုယ်ပေါ်မှ တန်းဆင်းသွားသည်။ မော့လောင်တလည်း ထိတ်လန့်တကြားဖြင့် တစ်ခုခုမှားယွင်းသွားမည်စိုး၍ ရှောင်ရှောင်း၏ အပြုအမူ တစ်ခုချင်းစီတိုင်းကို လိုက်မှတ်ထားသည်။ ရုတ်တရက်ဆိုသလို ယင်ရှောင်ရှောင်းက သူနှင့်မျက်နှာချင်းဆိုင်တွင် လာရပ်ပြီး ဒေါနှင့်မောနှင့် ပြောလာသည်။
“မော့လောင်တ.. ခင်ဗျား ကျွန်တော့်ကို ရိုးရိုးသားသား ဖြေရှင်းချက် ပေးရမယ်..”
မော့လောင်တ ကြောင်အမ်းအမ်းဖြစ်သွားသည်။
“ဘာကိုဖြေရှင်းချက်ပေးရမှာလဲ ရှောင်ရှောင်းရဲ့..”
မော့လောင်တ၏ စကားကြောင့် ယင်ရှောင်ရှောင်း ပိုပြီးဒေါသထွက်သွားကာ အသက်ရှူနှုန်းများပင် မမှန်ချင်တော့ပေ။ မော့လောင်တလည်း စိုးရိမ်မိသွားသည်။
"ရှောင်ရှောင်း... ဒေါသမထွက်ရဘူးလေ... ကိုယ်ဝန်လွယ်ထားရတယ်လေ ကိုယ့်အသည်းလေးရဲ့... ခဏခဏ ဒေါသထွက်နေရင် ခန္ဓာကိုယ်အတွက် ဘယ်ကောင်းပါ့မလဲ"
ယင်ရှောင်ရှောင်းက သူ့ကို ချက်ချင်းပြန်ခံပြောသည်။
"ကျွန်တော့်ကို အဲဒီအသေးအမွှားကိစ္စတွေ လာပြောမနေနဲ့... ကျွန်တော်မေးတာပဲဖြေ... ကျွန်တော် ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ကိုယ်ဝန်ရသွားတာလဲ"
မော့လောင်တ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဟိုဟာလုပ်တုန်းက... ကိုယ် အရမ်းကြမ်းမိသွားလို့ နေမှာပေါ့"
"ကျွန်တော်မေးနေတာ... အဲဒီကိစ္စ မဟုတ်ဘူး"
ယင်ရှောင်ရှောင်း မော့လောင်တအား စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလာသည်။
"ခင်ဗျားပြောတော့ မြွေပွေးတွေက မျိုးပွားဖို့ တအားခက်တာဆို... အဲဒါဆိုရင် ကျွန်တော်ကဘာလို့ ဒီလောက်မြန်မြန် ကိုယ်ဝန်ရသွားရတာလဲပြော... ခင်ဗျား ကျွန်တော့်ကို လိမ်ခဲ့တာလား"
မော့လောင်တ မတရားစွပ်စွဲခံလိုက်ရသလို ခံစားမိသည်။ ကိုယ်ဝန်ဆောင်ခြင်းက နောက်ကျသည်ဖြစ်စေ စောသည်ဖြစ်စေ သူဆုံးဖြတ်လို့ရတဲ့အရာမှ မဟုတ်ဘဲ။ အရူးပေါက်လေးက နဂိုတည်းက ကိုယ်ဝန်ရှိနေတာဆိုရင်ရော သူဘာတတ်နိုင်မှာလဲ။
ဒေါသမွှန်နေသောကြောင့် ယင်ရှောင်ရှောင်းက ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့၏ အခြေအနေကို လုံးလုံးလျစ်လျူရှုထားသည်။ ဟေးအာပန်နှင့် လုရှောင်ဟွမ်တို့က ကလေးလိုချင်သော်လည်း ကလေးမရနိုင်သောကြောင့် နှစ်ပေါင်းအတော်ကြာအောင် နည်းမျိုးစုံနှင့် ကြိုးစားအားထုတ်ကြရသည်။
"ဒါပေမဲ့ကိုယ်တကယ်...မင်းကိုမလိမ်ခဲ့ပါဘူး"
မော့လောင်တက အပြစ်ကင်းသည့် မျက်နှာပေးလေးဖြင့် ပြောသည်။
"သာမာန်မြွေပွေးတွေဆိုရင် ကိုယ်ပြောသလို မျိုးပွားဖို့ခက်ပေမဲ့... ထူးခြားတဲ့ မြွေပွေးတွေကတော့ မတူဘူး"
"အဲဒါဆိုရင်... ခင်ဗျားပြောချင်တာက... ကျွန်တော်က ထူးခြားတယ်ပေါ့"
မော့လောင်တလည်း ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာ ပြန်ဖြေလိုက်သည်။
"ဒါပေါ့... ရှောင်ရှောင်းက ထူးခြားတဲ့သူမလို့လေ"
မော့လောင်တ၏ အပြောကြောင့် ယင်ရှောင်ရှောင်းလည်း နည်းနည်းယုံစပြုလာသည်။ သို့သော် မော့လောင်တကို လုံးလုံးလျားလျား ယုံကြည်လိုက်သည်တော့ မဟုတ်ပေ။ ရှောင်ရှောင်း၏ ဝိညာဥ်က လူသားဝိညာဥ် ဖြစ်သည့်အပြင် မြွေပွေးတစ်ကောင်၏ မှတ်ဉာဏ်အမွေ မရှိသည်ကို မေ့ထားလို့ မဖြစ်ချေ။ ထိုအကြောင်းရင်းနှစ်ခုကြောင့် သူအလွယ်တကူ ကိုယ်ဝန်ဆောင်နိုင်တာ ဖြစ်ပါလိမ့်မည်။
ထိုအကြောင်းကို ပြန်စဥ်းစားကြည့်လေလေ သူတွေးထားသောအရာက မှန်သည်ဟု ခံစားမိလေလေ ဖြစ်သည်။ ယင်ရှောင်ရှောင်း လိပ်ပြာမသန့်သလို ခံစားရသည်။ အတိတ်ဘဝက လူသားတစ်ယောက် ဖြစ်ခဲ့သည့်အကြောင်းကို မော့လောင်တအား မပြောပြရသေးပေ။ မော့လောင်တက သူ့ထံတွင် မြွေပွေးတစ်ကောင်၏ မှတ်ဉာဏ်အမွေ မရှိသည့်အကြောင်းကိုသာ သိထားသည်။
တစ်ခဏမျှ လေးလေးနက်နက် စဥ်းစားပြီးနောက် ယင်ရှောင်ရှောင်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
"တဟေးတန်.. ကျွန်တော်သိပြီ.. .ကျွန်တော့်ဆီမှာ မှတ်ဉာဏ်အမွေ မရှိလို့ ဒီလိုဖြစ်တာများလား"
ထိုအခါ မော့လောင်တ ချက်ချင်းခေါင်းညိမ့်သည်။
"အင်း... ကိုယ်လည်း မင်းပြောတာ မှန်တယ်လို့ ထင်တယ်..."
ယခုအချိန်တွင် ယင်ရှောင်ရှောင်း ဘာပြောပြော မော့လောင်တက သဘောတူဖို့ အသင့်အနေအထားတွင် ရှိနေသည်။
ယင်ရှောင်ရှောင်း စိတ်သက်သာရာ ရသွားသည်။
"ကျွန်တော် ခင်ဗျားကို အပြစ်တင်မိလို့... တောင်းပန်ပါတယ်"
ယင်ရှောင်ရှောင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းနှင့် မော့လောင်တရှိရာသို့ လျှောတိုက်သွားကာ နမ်းလိုက်သည်။
မော့လောင်တ၏ မျက်နှာအမူအရာက ယခင်အတိုင်း ခံစားချက်မဲ့နေသည်။ သို့သော် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။ ကောင်းတာပေါ့... အရူးပေါက်လေးက နောက်ဆုံးတော့ သူ့ကို အနှောင့်အယှက် မပေးတော့ဘူးပဲ။
"တဟေးတန်... ကျွန်တော် ဗိုက်ဆာတယ်"
ယင်ရှောင်ရှောင်း ရုတ်တရက်ပြောလာသည်။ သူ့မျက်နှာအမူအရာက သဘာဝကျကျလေး ဖြစ်နေပြီး လေသံမှန်မှန်လေးနှင့် ပြောလာခြင်း ဖြစ်သည်။
"ကိုယ် အခုချက်ချင်း သားကောင် သွားရှာလိုက်မယ်နော်"
ယင်ရှောင်ရှောင်း ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရသည့် အချိန်မှစ၍ မော့လောင်တ သူ့အရူးပေါက်လေးကို မတရား အလိုလိုက်ချင်လာမိသည်။ ဗိုက်ဆာနေလား.. ကိစ္စမရှိဘူး.. ကိုယ်အခုချက်ချင်း သားကောင်ရှာပြီး ဖမ်းလာခဲ့ပေးမယ်။ ရေဆာနေလား.. ကိစ္စမရှိဘူး... ကိုယ်မင်းကို မြစ်ကမ်းဘေးအထိ ချီသွားပေးမယ်။ အိပ်ငိုက်နေလား.. ကိစ္စမရှိဘူး... ဂူအပြင်ဘက်က နေရောင်က အိပ်နေရင်း နေပူဆာလှုံဖို့အတွက် ကွက်တိပဲ။
သူကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရပြီး မော့လောင်တနှင့် အကြီးအကျယ် ရန်ဖြစ်ပြီးနောက် ယင်ရှောင်ရှောင်း သူမြွေကလေးများကို မွေးဖွားရမည်ဖြစ်ကြောင်း လက်ခံနိုင်သွားပြီး လိပ်ပြာသန့်သန့်နှင့် ဘဝကို ပျော်ပျော်နေရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်ကစပြီး သူ့ခန္ဓာကိုယ်ပုံစံအတွက် စိတ်ပူစရာ မလိုတော့ပေ။
ယင်ရှောင်ရှောင်း ကိုယ်ဝန်ရှိနေသည့် အကြောင်းကို အချိန်အကြာကြီး ဖုံးကွယ်ထားလို့မရပေ။ မော့တာယိက မော့လောင်တဆီသို့ အခြေအနေအရပ်ရပ်ကို အစီရင်ခံရန် ရောက်လာချိန်တွင် ယင်ရှောင်ရှောင်း ကိုယ်ဝန်ရှိနေကြောင်း သိသွားခဲ့သည်။ မော့တာယိ၏ မပွင့်တပွင့် အမူအရာကို ပြန်တွေးလိုက်မိချိန်တွင် ယင်ရှောင်ရှောင်း ရယ်ချင်နေမိသေးသည်။မော့တာယိ မော့နယ်မြေအတွင်းသို့ ပြန်ရောက်သွားချိန်တွင် ယင်ရှောင်ရှောင်း ကိုယ်ဝန်ရှိနေသည့်အကြောင်းက မော့မြွေ တစ်မျိုးနွယ်လုံးဆီသို့ ပျံ့နှံ့သွားလေသည်။ တဖြေးဖြေးနှင့် မော့မြွေများသာမက သာမာန်မြွေပွေးများပါ ကျူကျန်းဖူရန်က ကိုယ်ဝန်လွယ်ထားရကြောင်းကို သိသွားကြသည်။