🐍Chapter 114
မြွေပွေးအများစုက ယင်ရှောင်ရှောင်း၏ ကိုယ်ဝန်အတွက် အလွန်ပျော်ရွှင်နေကြပြီး အကောင်းဆုံးများကိုသာ ဆုတောင်းပေးနေကြသည်။ ကျူကျန်းဖူရန်က ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်သောကြောင့် သူတို့မြွေပွေးမျိုးနွယ်များအတွင်း ရင်ဆိုင်နေရသော မျိုးပွားမှုအကြပ်အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်လောက်မည် မဟုတ်လား။ အခုအချိန်ကစပြီး ကလေးမွေးခြင်းနှင့် ပတ်သက်၍ ဘယ်သူမှ အခက်အခဲ မရှိလောက်တော့ပါဘူး။
ထိုမေးခွန်းက နောက်ပိုင်းကျလျှင် တစ်ဖန်ပြန်ပြီး ပေါ်လာလိမ့်ဦးမည်။ သို့သော် အမှန်အတိုင်း မဖြစ်ဖို့က ပိုများသည်။
ထိုအကြောင်းကို မြွေမျိုးနွယ်စုအားလုံးနီးပါး သိကြသည်ဖြစ်ရာ ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် အခြားမြွေများ မသိနိုင်စရာအကြောင်း မရှိပေ။ မည်သို့ပင်ဆိုစေ သူတို့၏ သားသမီးများထဲတွင် ယင်ရှောင်ရှောင်းက အစောဆုံး ကိုယ်ဝန်ဆောင်နိုင်သူ ဖြစ်သည်။ ဥပေါက်သည့်အချိန်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်းသုံးဆယ်ရှိနေပြီ ဖြစ်သောကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့လည်း ယင်ရှောင်ရှောင်းကို တွေ့ချင်နေကြသည်။
သို့သော် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သည် ယင်ရှောင်ရှောင်းနှင့် မော့လောင်တဆီသို့ သွားရောက်လည်ပတ်ရန် ကြံရွယ်လိုက်သော်လည်း ပြဿနာက စတော့သည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ဘယ်နေရာမှာ နေသည်ကို သူတို့မသိခြင်းပင်။
ယင်ရှောင်ရှောင်းနှင့် မော့လောင်တက မော့မြွေတို့၏ နယ်မြေအတွင်း မနေထိုင်မှန်း ယင်တပိုင်နှင့် ဟွားရှောင်ဟွားလည်း သိသည်။ ယင်ရှောင်ရှောင်းကိုယ်တိုင် သူတို့ကို ပြောပြထားခြင်း ဖြစ်သည်။ ဒါပေမဲ့ သူတို့ဘယ်နေရာမှာ နေနေပါလိမ့်။ သို့သော် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ နေသည့်နေရာကို အသေအချာသိမည့် မြွေတစ်ကောင်ကို သူတို့တွေးမိသွားသည်။ ထိုမြွေမှာ မော့တာယိပင်ဖြစ်သည်။ ထူးဆန်းသော သတ္တဝါများကို သွားရောက်စစ်ဆေးခဲ့စဥ်က မော့တာယိနှင့် သူတို့ကြုံကြိုက်ခဲ့ဖူးသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားက မော့တာယိကို တစ်ကူးတစ်က သွားရှာနေစရာမလိုပေ။
မော့တာယိက မော့လောင်တ၏ အတွင်းရေးမှူးပုံစံမျိုး ဖြစ်သောကြောင့် မော့လောင်တနေနေသည့် နေရာကို မသိစရာအကြောင်း မရှိ။ ထို့ကြောင့် ယင်တပိုင်နှင့် ဟွားရှောင်ဟွားလည်း မော့တာယိနှင့် သွားတွေ့ရန် မော့မြွေတို့၏ ပိုင်နက်နယ်မြေသို့ ထွက်လာခဲ့သည်။
အရင်တုန်းကသာဆိုရင် ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့က ယင်ရှောင်ရှောင်း၏ လက်တွဲဖော်မှာ မော့မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်နေလျှင်တောင် မော့မြွေတို့၏ ပိုင်နက်နယ်မြေသို့ လုံးဝခြေချဖြစ်မည် မဟုတ်ပေ။ သို့သော် သိပ်မကြာသေးမီက ချမှတ်လိုက်သော မော့လောင်တ၏ အမိန့်ကြောင့် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်သွားခဲ့သည်။
မြွေပွေးတို့၏ တွေးခေါ်သည့်ပုံစံက လူသားတို့၏ အတွေးနှင့် သိပ်ပြီးမကိုက်ညီချေ။ မြွေပွေးများက အင်အားကြီးသူကို လေးစားကြသည် ဟူသော အချက်မှာ ပုံသေအမှန်တရားတစ်ခု ဖြစ်သည်။ ယခုလက်ရှိတွင် အင်အားအကြီးဆုံး ဖြစ်နေသည့် မော့လောင်တကို သူတို့အားလုံး လေးစားပြီး နာခံရိုကျိုးကြသည်။ သာမာန်မြွေပွေးများမှာ မော့လောင်တ၏ အမိန့်ကို လုံးဝမလွန်ဆန်ရဲကြပေ။မြွေပွေးမျိုးနွယ် အများစုက မော့မြွေတို့၏ ပိုင်နက်နယ်မြေထဲသို့ ခြေချရန် တွေးပင်မတွေးရဲကြ။ မော့မြွေများကမူ သူတို့ပိုင်နက်နယ်မြေအတွင်း နေထိုင်ကြသူများလည်း ရှိသလို နယ်မြေအတွင်း မဟုတ်လျှင်တောင် အနီးအနားတစ်ဝိုက်တွင် နေထိုင်လေ့ရှိကြသည်။ သာမာန်မြွေပွေးများက ပျင်းလို့တောင် မော့နယ်မြေဘက် မလှည့်ရဲပေ။ သာမာန်မြွေများက သူတို့နယ်မြေထဲ ဝင်လာလျှင် မော့မြွေများ နည်းနည်းလေးမှ မကျေနပ်ကြပေ။ သို့သော် သာမာန်မြွေပွေးများကို ရန်သွားစပြီး သူတို့၏ အင်အားများကိုလည်း အလဟဿ မဖြုန်းပစ်လိုချေ။ အနည်းစုကမူ သာမာန်မြွေပွေးများကို ရန်သွားစတတ်ကြသည်။
သို့သော် အခြားသော အကျိုးသက်ရောက်မှုများလည်း ရှိသည်။ အချင်းချင်း မေတ္တာရည်ငံပြီး မိတ်ဖက်ထားကြသည့် မော့မြွေနှင့် သာမာန်မြွေပွေး စုံတွဲများလည်း ရှိကြသည်။ ထိုစုံတွဲအများစုမှာ ဖူးစာပါသူများ ဖြစ်သည်။ မော့လောင်တက ထိုအမိန့်ကို ချမှတ်လိုက်ချိန်တွင် ပုန်းကွယ်နေသော စုံတွဲအများစုက မြွေပုံလယ် ထွက်ပြလာကြသည်။ ထို့အပြင် အခြားကဏ္ဍ အတော်များများတွင်လည်း အပြောင်းအလဲများ ရှိလာသည်။ ဟေးမြွေတို့၏ ဆက်ဆံရေးများကလည်း အနည်းငယ် တိုးတက်လာခဲ့သည်။
ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ မော့တာယိကို လာရှာသည့်အချိန်တွင် မော့တာယိက ကံကောင်းထောက်မစွာဖြင့် မော့မြွေတို့၏ ပိုင်နက်နယ်မြေထဲတွင် ရှိနေသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့၏ စကားကို နားထောင်ပြီးနောက် မော့တာယိက ဘာမေးခွန်းမှ ထပ်မထုတ်ဘဲ သူတို့နှင့်အတူ ထွက်လာသည်။
သို့သော် မော့တာယိ၊ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ မရောက်လာမီတွင် ယင်ရှောင်ရှောင်းတို့ထံသို့ အခြားစုံတွဲတစ်တွဲ ရောက်လာသည်။
မော့လောင်တ၏ မိခင်ဖြစ်သူက ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်ကို အတန်ကြာအောင် စိုက်ကြည့်ပြီး ပြောလာသည်။
"ကိုယ်ဝန်လွယ်ထားရတာ...ကြာနေပြီနဲ့တူတယ်"
ထိုစကားအဆုံး ယင်ရှောင်ရှောင်းက တဟိဟိနှင့် ရယ်လို့နေသည်။
"ဟုတ်တယ်...နည်းနည်းတော့ကြာနေပြီ...ဟီးဟီး"
တစ်ဖက်တွင် ရပ်နေသော မော့လောင်တ၏ ဖခင်ဖြစ်သူကလည်း ယင်ရှောင်ရှောင်းကို စိုက်ကြည့်ရင်း အံကြိတ်သံဖြင့် ပြောလိုက်သည်။
"လောင်တ... ငါ့ကို မှန်မှန်ပြောစမ်း... မင်းတို့ မိတ်မဖက်ခင်တည်းက ရှောင်ရှောင်းကို လုပ်လိုက်တာလား"
ယင်ရှောင်ရှောင်း: "........"
မော့လောင်တ : "ဖေဖေ ဘာတွေပြောနေတာလဲ... ကျွန်တော်နဲ့ ရှောင်ရှောင်းနဲ့ မိတ်ဖက်တဲ့နေ့မှ ရှောင်ရှောင်းက အသက်ပြည့်ပြီး အရွယ်ရောက်လာတာပါ... ရှောင်ရှောင်း အသက်မပြည့်မချင်း ကျွန်တော်အဲ့လိုလုပ်ဖို့ တွေးတောင်မတွေးခဲ့ဘူး"
မြွေပွေးမျိုးနွယ်စု၏ သမိုင်းထဲတွင် အသက်မပြည့်သေးဘဲ ချစ်စိတ်မွှန်ပြီး မေထုန်သံသဝါသ ပြုခြင်းများ ရှိခဲ့ဖူးသည်။ သို့သော် သူတို့အားလုံးကို ကြောက်လန့်သွားစေခဲ့သည့် အရာက အသက်မပြည့်ဘဲ ထိုသို့ပြုသူများက တစ်ဘဝလုံး ဥမဥနိုင်ဘဲ ဖြစ်သွားခဲ့သည်။ ထိုသို့သော အဖြစ်အပျက်များက ထပ်ခါထပ်ခါ ဖြစ်နေသည်။ ထို့ကြောင့် မြွေပွေးများကလည်း အကြောင်းအရင်း တိတိကျကျ မသိရဘဲ အသက်မပြည့်သူများအား မေထုန်သံသဝါသပြုခြင်းကို ကန့်သတ်လိုက်ကြသည်။
မော့လောင်တ၏ ဖခင်ဖြစ်သူက မယုံကြည်နိုင်စွာဖြင့် ပြောလာသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... မင်းတို့မိတ်ဖက်တာ တစ်နှစ်တောင် မပြည့်သေးဘူးလေ... ဒီလောက်ကြီး ကိုယ်ဝန်မြန်မြန်ရတာက ယုတ္တိရောရှိလို့လား"
ဘယ်လောက်ပဲ ထူးဆန်းပြီး မယုံကြည်နိုင်စရာ ကောင်းနေပါစေ ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်ကို မြင်လိုက်ရသော အခါမော့လောင်တ၏ မိဘများလည်း အမှန်တရားကို လက်ခံယုံကြည်ရတော့သည်။ မော့မိဘနှစ်ပါးတွင် မော့လောင်တအပါအဝင် သားသမီးသုံးကောင် ရှိသောကြောင့် ကိုယ်ဝန်ဆောင်ခြင်းက မည်သို့မည်ပုံမှန်း အသေအချာသိသည်။
"ကိုယ်ဝန်ရှိနေတာ လအတော်ကြာနေပြီမလား... ဘာလို့အခုမှ ထကြော်ငြာတာလဲ"
မော့လောင်တ၏ မိခင်ဖြစ်သူက မနေနိုင်ဘဲ မေးလိုက်သည်။ ယင်ရှောင်ရှောင်း၏ ဗိုက်ကိုကြည့်လိုက်သည်နှင့် ကိုယ်ဝန်ရင့်နေမှန်း တန်းသိနိုင်သည်။
မော့လောင်တ : "အဟွတ်...အဟွတ်...အဲဒါက"
အခက်တွေ့နေသော မော့လောင်တအစား ယင်ရှောင်ရှောင်းက ဝင်ဖြေပေးလိုက်သည်။
"ကိုယ်ဝန်ရှိတယ်ဆိုတာ အမှတ်မှားနေမိမှာကို ကျွန်တော်နဲ့ တဟေးတန်နဲ့ စိုးရိမ်နေခဲ့တာ... အဲဒါကြောင့် ကိုယ်ဝန် ရှိ မရှိ အသေအချာ မသိမချင်း ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး... တဟေးတန်ကလည်း ကျွန်တော့်ကို တစ်ကောင်တည်း မချန်ထားချင်ဘူး... အဲဒါကြောင့် မော့တာယိ ပြန်ရောက်လာတဲ့အထိ ကြော်ငြာဖို့ ရွှေ့ဆိုင်းထားတာ"
ထိုအခါမှ မော့လောင်တ၏ မိခင်ဖြစ်သူက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
"ငါတို့နဲ့ အတူလာနေပါလား"
မော့လောင်တ၏ ဖခင်ဖြစ်သူက ပြောလာသည်။
"ဒီမှာ မင်းတို့နှစ်ကောင်ပဲ ရှိတာ... တစ်ခုခုဖြစ်ရင် အစစအရာရာ အဆင်မပြေလောက်ဘူး... မြွေတွေရှိတဲ့ မော့နယ်မြေထဲမှာ နေရင်ပိုကောင်းမယ်"
"အာ...အဲဒါက..."
ယင်ရှောင်ရှောင်း တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
"ဟိုရွှေ့ဒီရွှေ့ မလုပ်ရင် ပိုအဆင်ပြေမယ် ထင်တယ်... ပြီးတော့ မွေးဖို့ကလည်း တစ်လလောက်ပဲ လိုတော့တာ... ကျွန်တော့်အနေနဲ့ ရေးကြီးခွင်ကျယ်တွေ မလုပ်ချင်ပါဘူး... မော့နယ်မြေအထိ သွားရင်လည်း ခရီးတော်တော်ပန်းမှာ"
မော့လောင်တ၏ ဖခင်နှင့် မိခင်ဖြစ်သူက အချင်းချင်း အကြည့်ချင်း ဖလှယ်နေကြသည်။ သူတို့အနေနှင့် ယင်ရှောင်ရှောင်းကို ချစ်ခင်မြတ်နိုးလှသည် မဟုတ်သော်လည်း ယခင်ကကဲ့သို့ မုန်းတီးခြင်းမျိုး မရှိတော့ဘဲ ယင်ရှောင်ရှောင်း၏ ဖြစ်တည်မှုကို လက်ခံရန် ကြိုးစားလာကြသည်။ ထို့နောက် သူတို့နှစ်ဦး၏ အကြည့်က ယင်ရှောင်ရှောင်း၏ ဗိုက်ဆီသို့ တစ်ဖန်ရောက်သွားပြန်သည်။ ယင်ရှောင်ရှောင်းက သူတို့လောင်တ၏ ကလေးများကို ကိုယ်ဝန်လွယ်ထားရသည် ဖြစ်သော်လည်း ကလေးများက ဘာနဲ့တူမယ်မှန်း ဘယ်သူသိနိုင်မှာလဲ။
"အဲဒါဆိုရင်...ပြန်ကြတာပေါ့"
မော့လောင်တ၏ မိခင်ဖြစ်သူ မြွေမက ပြောလာသည်။
"အလျင်လိုစရာ မလိုပါဘူး... ရောက်တာမကြာသေးဘူး မဟုတ်လား... ဒီမှာ ခဏလောက် ထပ်နေသွားပါဦး"
မော့လောင်တ၏ မိဘနှစ်ပါးကို ယင်ရှောင်ရှောင်း သိပ်ပြီး သဘောမကျသော်လည်း ယောက္ခထီး၊ ယောက္ခမများ ဖြစ်နေသောကြောင့် အလိုက်အထိုက်လေး ဆက်ဆံနေရသည်။ ရောက်လာတာ မကြာသေးတဲ့ သူတို့ကို ဒီအတိုင်း ပြန်လွှတ်လို့ မကောင်းဘူး မဟုတ်လား။
ထိုအခါ ယောက္ခမဖြစ်သူက ပြုံးရင်း ပြောလာသည်။
"မဟုတ်တာကွယ်... တို့နဲ့ လောင်တအဖေက အခြေအနေ သိချင်လို့ လာကြည့်ရုံပါ"
ပြောရင်းဆိုရင်း မော့လောင်တကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဒီမှာဆက်နေနေရင်... မင်းနဲ့ လောင်တအတွက် အနှောင့်အယှက် ဖြစ်ကုန်လိမ့်မယ်... အခုနေ ပြန်တာ ပိုကောင်းပါတယ်လေ"
ယင်ရှောင်ရှောင်းက ပြုံးရုံသာ ပြန်လည်တုံ့ပြန်ပြီး ဘာစကားတစ်ခွန်းမှ ထပ်မပြောပေ။
ထိုအခိုက်တွင် ဘေးမှရပ်နေသော မော့လောင်တက ယင်ရှောင်ရှောင်းကို ကြည့်ရင်းပြောလိုက်သည်။
"ဖေဖေနဲ့မေမေ... ရှောင်ရှောင်းက ကိုယ်ဝန်လွယ်ထားရတာဆိုတော့... ကျွန်တော်တို့ လောင်စန်းရဲ့ မိတ်ဖက်ပွဲကို မတက်နိုင်တော့ဘူး ထင်တယ်"
မြွေနှစ်ကောင်ကလည်း ထိုအခါမှ တစ်စုံတစ်ခုကို သတိရသွားဟန် ဖြင့်ပြောလာသည်။
"အော်... အေးအေး.. ကိစ္စမရှိပါဘူး... မသွားနိုင်ရင်လည်း မသွားနဲ့ပေါ့... ရှောင်ရှောင်းက ပိုအရေးကြီးတယ်... လောင်စန်းကို ငါတို့ ပြောပြထားလိုက်မယ်"
မော့လောင်တလည်း နားလည်သဘောပေါက်သည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် မော့မိဘနှစ်ပါးမှာ ဘာမှဆက်မပြောဘဲ မော့လောင်တနှင့် ယင်ရှောင်ရှောင်းကို နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
မြင်ကွင်းမှ တရွေ့ရွေ့ ပျောက်ကွယ်သွားသည့် အရိပ်နှစ်ခုကို ယင်ရှောင်ရှောင်း တွေဝေစွာ စိုက်ကြည့်နေမိသည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ မော့လောင်တအား ချီတုံချတုံဖြင့် မေးလိုက်သည်။
"ပြောပါဦး.. ကျွန်တော့်အပေါ် ခင်ဗျား မိဘတွေရဲ့ သဘောထားက အရင်ကနဲ့ အများကြီး ကွာခြားသွားလား"
ထိုအခါ မော့လောင်တက ယင်ရှောင်ရှောင်း၏ နဖူးလေးကို လှမ်းနမ်းရင်း ပြန်ဖြေသည်။
"ကိစ္စမရှိပါဘူး.. အခုမင်းက ကိုယ့်ကလေးတွေကို ကိုယ်ဝန်ဆောင်ထားရတာ... သူတို့ ဘာလုပ်နိုင်မှာ မလို့လဲ... မင်းကို လက်ခံဖို့ပဲ ရှိတယ်လေ"
ထိုစကားအဆုံး ယင်ရှောင်ရှောင်းက မော့လောင်တကို ကုန်းကိုက်လိုက်သည်။
"ဘယ်လိုတွေ ပြောနေတာလဲ... ခင်ဗျားရဲ့ မိဘတွေက ခင်ဗျားကို သိပ်ဂရုစိုက်ပါတယ်... ကျွန်တော်တို့ရဲ့ မိတ်ဖက်ပွဲကိုတောင် လာသေးတယ် မဟုတ်လား... ခင်ဗျားနဲ့ ပြန်ပြေလည်ချင်ပေမဲ့ အခွင့်အရေးမရဘူး ဖြစ်နေလို့ပါ"
မော့လောင်တက ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့လျက် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
ယင်ရှောင်ရှောင်းက သူ့ဗိုက်ကိုသူ ပြန်ငုံ့ကြည့်နေသည်။
"ကျွန်တော်တို့... ကလေးဘယ်နှကောင် ရှိလိမ့်မယ်လို့ ထင်လဲ"
ထိုအခါ မော့လောင်တက ယင်ရှောင်ရှောင်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။
"အဲဒါမျိုးတော့ ကိုယ်လည်း ဘယ်သိမလဲ... ကလေးထွက်လာမှ သိရမှာပေါ့... ဥခွံတွေက မာသလို ကိုယ်ဝန်သည်တွေရဲ့ ဗိုက်ကလည်း အဲဒီဥတွေကို ကာကွယ်ဖို့အတွက် ခပ်မာမာဖြစ်လာတယ်... ဆိုတော့ အထဲမှာ ဘယ်နှကောင်ရှိသလဲဆိုတာ စမ်းလို့မရတော့ဘူးပေါ့"
ထို့နောက် တစ်ခဏမျှ စဥ်းစားကာ ထပ်ပြောလိုက်သည်။
"အိုး... ဒါပေမဲ့ သုံးလေးကောင်လောက်က အများဆုံးပဲ... မြွေပွေးတစ်ကောင်က အင်အားကြီးလေလေ မျိုးပွားဖို့ ခက်လေလေပဲ... ရှောင်ရှောင်းက မော့မြွေမဟုတ်ပေမဲ့ ကိုယ်က အင်အားအကြီးဆုံးဆိုတော့ များများစားစား မဥနိုင်လောက်ဘူး"
ယင်ရှောင်ရှောင်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ဥနည်းလေ ကောင်းလေပဲ။ ကလေးတွေ အများကြီးဆိုရင် အစားအသောက် ကျွေးမွေးဖို့က ပြဿနာဖြစ်လာပေဦးမည်။ ပြောရက်လိုက်တာ ရှောင်ရှောင်းရယ်... သားကောင်ဖမ်းဖို့ ခြေတစ်လှမ်းတောင် မရွေ့ချင်တဲ့ သူကများ သွားလေရာရာ မော့လောင်တကိုပဲ မှီတွယ်ပြီး လိုက်နေသေးတယ်... အဲဒါများ ကလေးတွေက ကျွေးဖို့မွေးဖို့အတွက် အခက်အခဲ ဖြစ်လိမ့်မယ်လို့ ဘယ်လိုအရည်အချင်းမျိုးနဲ့ ပြောထွက်နိုင်တာလဲ။
ယင်ရှောင်ရှောင်းက ထပ်မေးလာပြန်သည်။
"တဟေးတန်...အဲဒါဆိုရင် ကလေး ဘယ်နှကောင်လောက် လိုချင်တာလဲ"
မော့လောင်တ : "ဘယ်နှကောင်ဖြစ်ဖြစ် ရတယ်... ကိုယ်က ကိစ္စမရှိဘူး"
တစ်ကယ်လည်း ကိစ္စမရှိပေ။ မြွေပေါက်လေးများ မြန်မြန်ထွက်လာပြီး မြန်မြန်ကြီးလာမှသာ သူနှင့် ရှောင်ရှောင်း၏ အချစ်ကမ္ဘာလေးကို ဝင်ရောက်နှောင့်ယှက်မဲ့သူ မရှိတော့မှာ။
ယင်ရှောင်ရှောင်း နှုတ်ခမ်းကို တွန့်ကွေးလျက် တိတ်တခိုး စဥ်းစားလိုက်မိသည်။ တဟေးတန်က ကိစ္စမရှိဘူးဆိုတော့ တစ်ကောင်နှစ်ကောင်ပဲ မွေးလာရင် ကောင်းမှာပဲ။ နည်းလေ ကောင်းလေ။
ဟေး... ယင်ရှောင်ရှောင်း ကိုယ့်ဗိုက်ကိုယ် ပြန်ကြည့်လိုက်ပါဦး... တစ်ကောင်နှစ်ကောင်ထဲ ဖြစ်နိုင်ပါ့မလား။
သူတို့နှစ်ကောင် စကားပြောနေတုန်း ယင်ရှောင်ရှောင်း၏ ဗိုက်ဆီမှ တဂွီဂွီ မြည်လာသည်။
ယင်ရှောင်ရှောင်း၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။
"ဟီးဟီး... တဟေးတန်ရေ.. ကျွန်တော် ဗိုက်ထပ်ဆာလာပြန်ပြီ ထင်ပါရဲ့"
မော့လောင်တလည်း ယင်ရှောင်ရှောင်းကို မှင်သေသေနှင့် စိုက်ကြည့်နေမိသည်။ အရူးပေါက်လေးက ဒီမနက်အစောပိုင်းကပဲ ယုန်နှစ်ကောင်နှင့် ငှက်ကင်နှစ်ကောင်ကို စားခဲ့ပြီးပြီ... အခုက ဗိုက်ဆာနေပြန်ပြီတဲ့လား... ထားလိုက်တော့... အမဲလိုက်ကြရအောင်။
မော့လောင်တ မလှမ်းမကမ်းသို့ ရောက်သွားချိန်တွင် ယင်ရှောင်ရှောင်းက အနောက်မှ လှမ်းအော်သည်။
"တဟေးတန်... ကျွန်တော် ဖားစားချင်တယ်... သိပ်အများကြီး မဟုတ်ပါဘူး... ခုနစ်ကောင် ရှစ်ကောင်လောက်ဆိုရင် လောက်ပြီ"
မော့လောင်တ နောက်လှည့်မကြည့်ဘဲ ခဏရပ်လိုက်ပြီးနောက် ရှေ့ဆက်သွားလေသည်။
ယင်ရှောင်ရှောင်းလည်း စိတ်အခြေအနေ ကောင်းမွန်နေသောကြောင့် သီချင်းလေးညည်းရင်း ဂူအရှေ့ရှိ ကွင်းပြင်ကျယ်ကြီးဆီသို့ သွားလိုက်သည်။ ကိုယ်ဝန်လွယ်ထားရသည့် အချိန်တည်းက ယင်ရှောင်ရှောင်း နေပူဆာလှုံခြင်းကို သဘောတွေ့လာသည်။ နေ့ခင်းကြောင်တောင် နေပူကျဲတဲ ဖြစ်နေလျှင်တောင်မှ နေပူဆာရအောင် လှုံသည်။ ယခင်က နေဆိုလျှင် မနက်အာရုဏ်တက်ချိန်နှင့် ညနေစောင်း နေကျချိန်များတွင်သာ ခံနိုင်ရည်ရှိသော ယင်ရှောင်ရှောင်းက ယခုမူ နေပိုပူလေ ပိုကြိုက်လေ ဖြစ်နေသည်။
မြေပြင်ပေါ်တွင် ပျင်းတွဲ့စွာ လူးလှိမ့်ရင်း ဒီကနေ့ နေရောင်ခြည်က အတော်လေးကောင်းသည်ဟု ယင်ရှောင်ရှောင်း တွေးလိုက်မိသည်။ ကိုယ်ဝန်လွယ်ထားရခြင်းက သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုစွမ်းရည်ကိုလည်း ပြောင်းလဲပစ်လိုက်သည်နှင့် တူသည်။
လေပြည်လေညှင်းလေးက ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ကို တိုးဝှေ့ကျီစယ်ကာ တိုက်ခတ်သွားသည်။ အတော်လေး နေသာထိုင်သာ ရှိသောကြောင့် ယင်ရှောင်ရှောင်းလည်း မှေးကနဲ ဖြစ်သွားပြန်သည်။ မော့လောင်တ ပြန်လာရင် သူနဲ့အတူ နေပူဆာထပ်လှုံဦးမှပါ။ မော့လောင်တက တစ်ကိုယ်လုံး မည်းနက်နေသောကြောင့် အပူဓာတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်သည်။ သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် နွေးနေလိုက်မလဲ။
ယင်ရှောင်ရှောင်း အိပ်ပျော်တော့မည့်ဆဲဆဲတွင် သူ့နာမည်ကို အော်ခေါ်နေသည့် ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရသည်။
“ရှောင်ရှောင်း...ရှောင်ရှောင်း”