အခန်း (၁၀) ဤအမျိုးသားသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်
Viewers 680


သာယာငြိမ့်ညောင်းသော ဖုန်းမြည်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ ထွက်ပေါ်လာပြီး စကားဝိုင်းအားလုံးကို ထိရောက်စွာ အနှောင့်အယှက် ပေးလိုက်သည်။


“ဟယ်လို…”


ဖုန်းကို ကိုင်ပြီးနောက် မကြာမီမှာပင် စုကျယ်၏ မျက်နှာသည် အမည်းရောင်သို့ ပြောင်းလဲသွားပြီး လက်သီးကို တင်းတင်းဆုပ်လိုက်​၏။


သူသည် ဖုန်းကို ချက်ချင်းချလိုက်ပြီး ထန်မော့အာကို စိုက်ကြည့်ကာ ပြောလိုက်သည်။


"ရှောင်းဝမ် Hater (anti fan) တစ်ယောက်ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရလို့ ဒဏ်ရာအပြင်းအထန် ရသွားပြီ"


"အခု သူ ဆေးရုံမှာ"


“ဘာစောင့်နေတာလဲ၊ မြန်မြန်သွားကြည့်လေ"


“ထန်မော့အာ၊ မင်း အခုချက်ချင်း ကြေညာချက် ထုတ်ပြန်ပေးစေချင်တယ်"


"ငါတို့တွေ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက လမ်းခွဲပြီး စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ပြီဆိုတာ လူတိုင်းကို ရှင်းပြပေးပါ"


"ဒါမှ ရှောင်းဝမ်က သူများအိမ်ထောင်ရေး ဖျက်ဆီးသူလို့ အပြောမခံရမှာ"


ထန်မော့အာက သူ့ကို ခနဲ့ပြုံးပြုံးကာ ရွံရှာစက်ဆုပ်စွာ နှုတ်ခမ်းမဲ့လိုက်သည်။


"ရှင်က ကျွန်မကို အရူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် မာသာထရီဆာလို သူတော်စင်မလို့ ထင်နေတာလား"


“မင်း မလုပ်ပေးနိုင်ဘူးပေါ့"


“ကျွန်မ ရှင်းရှင်းလင်းလင်း မပြောရသေးဘူးလား"


“ထန်မော့အာ၊ ငါတို့တွေ အတူတူမရှိတော့ပေမယ့် ငါတို့မိသားစုတွေက မိသားစုမိတ်ဆွေဟောင်းတွေ ဖြစ်နေတုန်းပဲ"


"မိသားစုတွေ မျက်နှာကြောင့် ငါ မင်းနဲ့ အဆက်အသွယ် လုံးဝဖြတ်မှာ မဟုတ်ဘူး…"


"ဒါပေမယ့် ငါတို့နှစ်ယောက်လုံး နောင်တရမယ့်အလုပ်ကိုတော့ မင်း ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းတာ ကောင်းမယ်"


ဘုရင်တစ်ပါးကဲ့သို့ မောက်မာသော လေသံဖြင့် စုကျယ်သည် ပြောပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။


“နေဦး” 


ခပ်တိုးတိုးနှင့် မိန်းကလေးဆန်သော အသံတစ်ခုက သူ့ကို ပြန်လှည့်လာစေ​၏။


စုကျယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်ခုံးများ ပြေလျော့သွားကာ နှုတ်ခမ်းနားတွင် မသိမသာ ပြုံးယောင်သန်းသွားသည်။ 


သူသည် ထန်မော့အာကို အထင်အမြင်သေးသော အပြုံးဖြင့် လှည့်ကြည့်လိုက်ပြီး သူကပဲ သူမထက် သာလွန်နေသယောင် ခေါင်းကို မော့ထားကာ...


"ဘာရှိသေးလို့လဲ"


'ရှိတာပေါ့'


ထန်မော့အာသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ညာလက်ကို မြှောက်ကာ သူ၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။


“ဖျန်း"


သူမ တတ်နိုင်သမျှ အင်အားအကုန်သုံး၍ ရိုက်

လိုက်သောကြောင့် စုကျယ်​၏ ချောမောသော မျက်နှာသည် ဘေးသို့ စောင်းသွားခဲ့သည်။


“စုကျယ်၊ မနေ့ညက ရှင်တို့နှစ်ယောက်ကို မြင်ပြီး အန်မထွက်ချင်လို့ ငါ ဗီလာထဲကို မဝင်ခဲ့တာ"


"နင်က လူသားတစ်ယောက်အနေနဲ့ တကယ့်ကို အဖတ်မတင်တဲ့ ကောင်ပဲ"


"ဒီနေ့ ဒီပါးရိုက်ချက်က ကျွန်မရဲ့ လက်စားချေမှုပဲ"


"ရှင်နဲ့ ကျွန်မနဲ့ ပြီးပြီ"


"ရှင်က ဟိတ်ဟန်အပြည့်နဲ့ ရပ်ပြီး ဖရုဿဝါစာ သုံးတတ်တဲ့ မိန်းမတွေကို မကြိုက်ဘူးလို့ ပြောတယ်လား"


"ကျွန်မလည်း ရှင့်လို ဖောက်ပြန်တတ်တဲ့ အမှိုက်ကောင်ကို မကြိုက်ဘူး"


ထန်မော့အာသည် ဟင်္သာငှက်တစ်ကောင်ကဲ့သို့ ကျော့ရှင်းစွာ လှည့်ထွက်သွားပြီး နောက်ထပ်တစ်ခွန်းမှ မပြောတော့ဘဲ သူမ၏ တိုက်ခန်းတံခါးကို ပိတ်လိုက်သည်။



ထန်မော့အာ တိုက်ခန်းထဲ ပြန်ရောက်သောအခါ သူမ၏ လက်ဖဝါးထဲတွင် ပူစပ်ပူလောင် ဖြစ်

နေသည်ကို ခံစားလိုက်ရ​၏။


၎င်းသည် ထူးဆန်းသော ခံစားချက်ဖြစ်သည်၊ နာကျင်ပြီး ထုံကျင်နေသည်။ 


သူမ လက်ဖဝါးကို ပြန်လည် ခံစားမှုရရန် ပွတ်သပ်နေစဉ် အရိပ်ထဲမှ အရပ်ရှည်ရှည် လူရိပ်တစ်ခု ထွက်လာသည်ကို သတိထားမိလိုက်သည်။


ကုမိုဟန်။


သူ အစကတည်းက ထိုနေရာတွင် ရပ်နေသည်ကို သူမ သတိမထားမိခဲ့ပေ။ 


သူသည် မနေ့ညက အမည်းရောင် ဝတ်စုံကို လဲလှယ်ထားပြီး ယခုအခါတွင် အတွန့်အခေါက် တစ်ခုမျှမရှိဘဲ သေသပ်စွာ မီးပူတိုက်ထားသော အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ 


ရှပ်အင်္ကျီက သူ၏ ကျယ်ပြန့်သော ပုခုံးနှင့် ရင်အုပ်ကို ပေါ်လွင်စေပြီး ဘောင်းဘီကလည်း သူ၏ ခြေတံရှည်များနှင့် လိုက်ဖက်စွာ ချုပ်

လုပ်ထားသည်။ 


သူသည် ဆွဲဆောင်မှုရှိပြီး ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေလျက်။


'ဒီအဝတ်အစားတွေကို သူ ဘယ်ကရတာလဲ'


'သူ… ဘာလို့ အခုထိ ဒီမှာ ရှိနေတာလဲ'


'သူနဲ့ စုကျယ်တို့ ပြောတာကို သူ ကြားသွားတာလား'


ထန်မော့အာသည် စုကျယ်နှင့် ပြောခဲ့သော စကားများကို စိတ်ထဲမှ ပြန်လည် သုံးသပ်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ 


ကံကောင်းထောက်မစွာဖြင့် သူမ၏ စကားပြောဆိုမှုတွင် ဆင်ဆာဖြတ်ရန် လိုအပ်သောအရာများ မပါဝင်ခဲ့ပေ။


'ဖရုဿဝါစာ သုံးတတ်တဲ့ မိန်းမ' ဆိုတဲ့ စကားလုံးကလွဲလို့ အရာအားလုံး အဆင်ပြေပါသည်။


သူမသည် ထိုကိစ္စကို သူစိမ်းတစ်ယောက်အား ရှင်းပြရန် မလိုအပ်ဟု ယူဆသောကြောင့် ရှင်းမပြတော့ပေ။ 


သို့သော် ယဉ်ကျေးမှုအရ နှုတ်ဆက်သင့်သောကြောင့် သူမသည် “ဟားဟား” ဟု အသံပြုပြီး “မင်္ဂလာနံနက်ခင်းပါ မစ္စတာ ကု” ဟု နှုတ်ဆက်လိုက်သည်။


ကုမိုဟန်က သူမကို ကြည့်ပြီး “မင်္ဂလာနံနက်ခင်းပါ” ဟု ပြန်ပြောသည်။


ထန်မော့အာက တံခါးဘက်သို့ လက်ညှိုးထိုးပြကာ “စုကျယ် ပါ” ဟု အကျဉ်းချုံး ရှင်းပြလိုက်သည်။


ကုမိုဟန်သည် မည်သည့် တုံ့ပြန်မှုမျှ မရှိသလို ထိုအမည်ကို သိရှိပုံလည်း မရပေ။


'သူက အသက်မွေးဝမ်းကျောင်းအတွက် ဘာလုပ်တာလဲ'


“Prevailing အနုပညာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌလေ… ရှင် သူ့အကြောင်း ကြားဖူးလား"


“အင်း” 


ကုမိုဟန်က မရေမရာ ခေါင်းညိတ်ပြပြီးမှ “ကြားဖူးပါတယ်” ဟု ပြောလိုက်သည်။


“ရှင် တကယ် ကြားဖူးတာလား"


ကုမိုဟန်သည် အံ့သြသွားသဖြင့် ရှုံ့တွသွားသော သူမ၏ သေးငယ်လှပသည့် မျက်နှာလေးကို ကြည့်ကာ “မင်းပဲ အခုလေးတင် ငါ့ကို ပြောပြတာ မဟုတ်ဘူးလား"


“…”


သူ၏ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ကုမော့ဟန်သည် စုကျယ်ကို အထင်မကြီးကြောင်း ထန်မော့အာ သဘောပေါက်သွားသည်။ 


သူသည် စုကျယ်​၏ စရိုက်ကို အထင်သေးသလား သို့မဟုတ် သူ၏ ရာထူးကို အထင်သေးသလား ဆိုသည်ကိုမူ သူမ ဝေခွဲမရနိုင်ပေ။


ကုမိုဟန်သည် ခံစားချက်မဲ့သော မျက်နှာထားရှိပြီး သူ၏ နက်ရှိုင်းအေးစက်သော မျက်လုံးများသည် ခန့်မှန်းရခက်လှ​၏ 


"သူက မင်းရဲ့ စေ့စပ်ထားသူလား"


“စေ့စပ်ထားဖူးခဲ့သူပါ” 


ထန်မော့အာက အလေးပေး ပြောလိုက်သည်။


ကုမိုဟန်သည် သူ၏ နှုတ်ခမ်းထောင့်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။


၎င်းသည် လှောင်ပြုံးဟု မဆိုနိုင်သော်လည်း အထင်အမြင်သေးမှုမှာမူ အထင်အရှားပင်။


"မင်းရဲ့ အမြင်က တော်တော် ညံ့တာပဲ"


“…”


ကောင်းပြီ၊ သူက စုကျယ်ကိုပဲ အထင်သေးနေတာ မဟုတ်ဘူး၊ သူမကိုပါ အထင်သေးနေတာ သိသာသည်။


ထန်မော့အာ စိတ်တိုသွားသည်။ 


သူမ၏ နှုတ်ခမ်းများ ဒေါသကြောင့် လှုပ်

ခတ်သွားပြီး ‘ဒီလူက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းတယ်’ ဟု ဒေါသတကြီး တွေးလိုက်မိသည်။


“သူနဲ့ အားလုံး အပြတ်ဖြတ်လိုက်တော့"


သူ၏ စကားလုံးများသည် တိုတောင်းပြီး လိုရင်းရောက်ကာ အမိန့်ပေးသည့် ပုံစံ ဆန်လှပေသည်။