ထန်မော့အာ၏ နှလုံးခုန်သံများ မြန်လာသည်။
သူမသည် ယခင်က အမျိုးသားများစွာနှင့် ကြုံတွေ့ဖူးသူဖြစ်သဖြင့် သူမအပေါ် ရည်ရွယ်ချက်ရှိရှိ ဆက်ဆံလာသောအခါမျိုးတွင် သိရှိနိုင်သည်။
ဤအမျိုးသား၏ စကားလုံးများသည် အဓိပ္ပာယ် အလွန်နက်ရှိုင်းလွန်းနေခြင်း။
သူ့ကို မော့ကြည့်ရင်း ခေါင်းလေးစောင်းကာ သူမက မေးလိုက်သည်။
"ကျွန်မ လမ်းခွဲတာ မခွဲတာက ရှင်နဲ့ ဘာဆိုင်လို့လဲ"
ကုမိုဟန်၏ မျက်လုံးများသည် နက်မှောင် တောက်ပလာသည်။
သူသည် သူ၏ခြေတံရှည်ကြီးများဖြင့် သူမရှိရာသို့ အမြန်လျှောက်လာခဲ့သည်။
သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ပြင်းထန်လွန်းလှပြီး အရှိန်ပြင်းသော တူကြီးတစ်လက်ဖြင့် ထုရိုက်လိုက်သကဲ့သို့ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖိနှိပ်ထားသည်။
သူ၏မျက်လုံးများသည် သေနတ်ပြောင်းကဲ့သို့ ထက်မြက်ပြီး အရာရာကို တစ်ချက်တည်းနှင့် ထိုးဖောက်မြင်နိုင်စွမ်း ရှိပုံရ၏။
သူ့ရှေ့တွင် သူမသည် အလွန်ပင် နုနယ်လွန်းနေသေးသည်။
ထန်မော့အာသည် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သော်လည်း သူမ၏ ကိုယ်လုံးလေးမှာ နံရံနှင့် တိုးမိသွားသဖြင့် နောက်ထပ် ဆုတ်စရာ နေရာမရှိတော့ပေ။
သူမ၏ နှာခေါင်းထဲသို့ အမျိုးသားတစ်ဦး၏ ရနံ့တစ်ခု တိုးဝင်လာသည်။
ထိုရနံ့မှာ အလွန်ပင် ယောက်ျားပီသပြီး လန်းဆန်းမှုကို ပေးစွမ်းနိုင်ရာ လူတစ်ယောက်ကို စွဲလမ်းသွားစေနိုင်လောက်သည်။
သူ၏ ခန့်ညားသော ကိုယ်လုံးကြီးမှာ သူမရှေ့တွင် ရပ်တန့်သွားသည်။
သူသည် သူမ၏ အမြင်အာရုံကို ပိတ်ရုံသာမက သူမ၏ အာရုံငါးပါးလုံးကိုပါ လွှမ်းမိုးထားသည်။
မသိစိတ်ထဲမှ သူမသည် ပုန်းကွယ်ချင်နေမိသည်။
သို့သော် ထိုအမျိုးသားက သူ၏သွယ်လျသော လက်ချောင်းများဖြင့် သူမ၏ မေးစေ့လေးကို ကိုင်မြှောက်လိုက်သည်။
သူ၏ ကြမ်းတမ်းသော လက်ချောင်းများက သူမ၏ မေးစေ့ပေါ်တွင် ခပ်ဖွဖွ ပွတ်သပ်နေပြီ။
ထန်မော့အာသည် သူမ၏ မေးစေ့တစ်ဝိုက်တွင် ပူနွေးလာမှုကို ခံစားရပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
ထူးဆန်းသော ထုံကျင်မှုကို ခံစားရသဖြင့် သူမက "ရှင် ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
ကုမိုဟန်က သူမကို ခန့်မှန်းရခက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ထန်မော့အာ၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်းဝင်လာသည်။
စောစောက စုကျယ် သူမကို ကိုင်ခဲ့သည့် မေးစေ့နေရာမှ စုကျဲ၏ အငွေ့အသက်တွေကို သူက ဖျက်ပစ်ချင်နေတာများလာ။
ခဏအတွင်းမှာပင် သူမ၏ အသားအရေလေး နီမြန်းသွားသည်ကို မြင်သောအခါ ကုမိုဟန်က စိတ်ကျေနပ်သွားပုံရပြီး လက်ကို ဖယ်လိုက်ကာ ....
"သူက မင်းနဲ့ မတန်ပါဘူး"
ဟု ပြောလိုက်သည်။
ထန်မော့အာမှာ ကြောင်အသွားပြီး ဘာပြန်ပြောရမှန်းပင် မသိဖြစ်သွားသည်။
ကုမိုဟန်သည် သူမကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး တံခါးရှိရာသို့ လျှောက်သွားသည်။
မထွက်သွားမီ သူက သူမကို နောက်တစ်ကြိမ် လှည့်ကြည့်သည်။
ယခုတစ်ကြိမ်တွင်မူ သူ၏အကြည့်များက သူမ၏ ခြေထောက်များပေါ်တွင် ရပ်တန့်
နေသည်။
"နောက်တစ်ခါကျရင် ဖိနပ်စီးဖို့ မမေ့နဲ့"
သူသည် တိုက်ခန်းတံခါးကို ဖွင့်ကာ ထွက်ခွာသွားတော့သည်။
ထန်မော့အာသည် သူမ၏ ခြေဖဝါးလေးများကို ငုံ့ကြည့်လိုက်သည်။
ဟုတ်ပေသည်၊ သူမ ခြေဗလာနှင့် ဖြစ်နေလျက်။
တိုက်ခန်းထဲတွင် နူးညံ့သော ကော်ဇောများ ခင်းထားသဖြင့် သူမသည် အိမ်ထဲတွင် ခြေဗလာနှင့် လျှောက်သွားရသည်ကို သဘောကျသည်။
'ဘယ်နေရာမှာ မှားသွားတာလဲ'
သူမ၏ မျက်နှာလေးမှာ တဖြည်းဖြည်း နီမြန်းလာသည်။
သူက ဘာလို့ သူမခြေထောက်တွေကို ကြည့်ရတာလဲ။
ပုံမှန်ဆိုရင် အမျိုးသားတွေက အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားနဲ့ တင်ပါးကိုပဲ ကြည့်ကြတာလေ။
ဒါပေမဲ့ သူကတော့ သူမရဲ့ ခြေဖဝါးလေးတွေကိုပဲ စိုက်ကြည့်သွားတာ။
"နှာဘူးကြီး"
...
ညဖက်၊ CC Bar တွင်။
Heavy-metal တေးဂီတသံများမှာ တစ်ဘားလုံးကို ဟိန်းထွက်နေပြီး လူများမှာလည်း တေးသံနှင့်အတူ ယိမ်းနွယ်နေကြသည်။
ထန်မော့အာသည် ဘားကောင်တာတွင် ထိုင်ရင်း ကခုန်နေကြသော လူများကို ပျင်းရိစွာ ကြည့်
နေသည်။
သူမသည် လက်ထဲမှ ကော့တေးကို တစ်ငုံ သောက်လိုက်၏။
သူမဘေးတွင် ထိုင်နေသော ချီရှီက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
"မော့အာ၊ စုကျယ်က ဟိုဟန်ရှောင်းဝမ်လို ဟန်ဆောင်ကောင်းတဲ့ မိန်းမကို ကြိုက်ရအောင်
အထိ တကယ်ပဲ မျက်စိကန်းနေတာလား"
ထန်မော့အာက ခေါင်းခါရင်း ရယ်မောလိုက်ကာ...
"ချီရှီ၊ အမျိုးသားအများစုက ဟန်ဆောင်ကောင်းတဲ့ မိန်းမတွေကို ကြိုက်ကြတာပဲ"
"စုကျယ်ကလည်း အဲဒီအထဲက တစ်ယောက်
ပေါ့"
"နင် ဘာကို ဆိုလိုတာလဲ"
ထန်မော့အာက ပြန်ဖြေလိုက်သည်။
"စဉ်းစားကြည့်လေ၊ အဲဒီလို မိန်းမမျိုးတွေက အပြင်ပန်းမှာတော့ ဖြူစင်တယ်၊ နုနယ်တယ်၊ သနားစရာကောင်းတယ်လို့ ထင်ရပေမဲ့ ညဘက်ရောက်ရင်တော့..."
"အပျက်မလိုပဲ၊ ဒါက အမျိုးသားတွေ အလိုရှိတဲ့အရာ မဟုတ်ဘူးလား"
"နေ့ဘက်မှာ မိန်းကလေးကောင်း၊ ညဘက်မှာတော့ အရှက်မရှိတဲ့ မိန်းမမျိုးပေါ့"
ထိုစကားကြောင့် ချီရှီမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူမသည် ထန်မော့အာ၏ ရိုးရှင်းပြီး ထိမိသော ရှင်းပြချက်ကို အလွန်သဘောကျနေဟန်။
ဟန်ရှောင်းဝမ်မှာ တကယ့်ကို 'ဟန်ဆောင်
ကောင်းသော မိန်းမ' ဆိုသည့် စကားလုံးနှင့် အကိုက်ညီဆုံးပင်။
"မော့အာ၊ စုကျယ်ကို မေ့လိုက်စမ်းပါ"
"တခြားမိန်းမတွေ ဖြားယောင်းတာကို ခံရတဲ့ အမျိုးသားမျိုးက ထည့်စဉ်းစားနေဖို့ မတန်ပါဘူး"
"အပြင်မှာ တခြားယောက်ျားတွေ အများကြီး ရှိသေးတယ်၊ သူ့ထက်သာတဲ့သူကို ရှာပြီး သူ့ကို စိတ်တိုအောင် လုပ်ပစ်ကြတာပေါ့"
"ကောင်းပြီလေ၊ ငါ့ရဲ့ အပျိုကြီးဘဝသစ်အတွက် အောင်ပွဲခံကြတာပေါ့"
ထန်မော့အာနှင့် ချီရှီတို့သည် ဖန်ခွက်ချင်း တိုက်လိုက်ကြသည်။
သို့သော် သူမ၏ခွက်မှာ စောစောကပင် ကုန်သွားသဖြင့် အထဲတွင် ဘာမှမရှိတော့ပေ။
သူမသည် ဘားမှ အရက်ဖျော်စပ်သူကို မော့ကြည့်လိုက်သောအခါ သူက ဝိုင်ခွက်ကို ကျွမ်းကျင်စွာ လှည့်နေသည်ကို တွေ့လိုက်ရသည်။
ဖန်ခွက်ထဲမှ ကြည်လင်သော အရည်များမှာ ဆွဲဆောင်မှုရှိနေပြီး သူမ၏ အကြည့်များ ဖယ်ခွာ၍မရအောင် ဖြစ်နေတော့သည်။