အခန်း (၉) သူမသည် ဆူးခက်များနှင့် နှင်းဆီတစ်ပွင့်ဖြစ်သော ထန်မော့အာ ဖြစ်သည်
Viewers 686


လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ထန်မော့အောသည် ပိုမိုလှပသော မိန်းကလေးအဖြစ် အမှန်တကယ်ပြောင်းလဲလာခဲ့ပြီး လှပသောနှင်းဆီတစ်ပွင့်ကဲ့သို့ ဖူးပွင့်ဝေဆာနေခဲ့သည်။ 


သူမသည် ပို၍ပင်ဆွဲဆောင်မှုရှိလာပြီး သူမ၏ နတ်မိမယ်ဆန်သော အလှတရားက လူအများ၏နှလုံးသားကို ဖမ်းစားထားနိုင်ခဲ့​၏။


သူမ၏ မျက်နှာသွင်ပြင်များမှာ မငြင်းနိုင်လောက်သော ဆွဲဆောင်မှုအပြည့်ရှိကာ တစ်မူထူးခြားနေသည်။ 


ကြည်လင်တောက်ပပြီး ညှို့ယူနိုင်စွမ်းရှိသော မျက်ဝန်းတစ်စုံ၊ အပြစ်အနာအဆာကင်းသည့် နို့နှစ်ရောင်အသားအရေနှင့် နမ်းချင်စဖွယ် ချယ်ရီရောင်နှုတ်ခမ်းလွှာများ။ 


သူမ၏အလှမှာ အသက်ရှုမှားလောက်ပြီး အမျိုးသားအများအပြားကိုလည်း သဘာဝအတိုင်း ဆွဲဆောင်နိုင်သူဖြစ်သည်။


Prevailing အနုပညာ ကုမ္ပဏီတွင် ဩဇာအာဏာကြီးမားသူတစ်ဦး၏ စေ့စပ်ထားသူဖြစ်သည့်အတွက် သူမ၏အမည်ကို လူမှုပတ်ဝန်းကျင်တွင် ပြောစမှတ်ပြုကြသည်မှာ မဆန်းပေ။ 


အမျိုးသားများသည် စုကျယ်ကို အမြဲတမ်း မနာလိုသည့်မျက်လုံးများဖြင့် ကြည့်လေ့ရှိကြသည်။


သူသည် နားမကန်းသလို မျက်မမြင်လည်းမဟုတ်ပေ။ 


ကုမ္ပဏီရှိ အရှိန်အဝါရှိသောအမျိုးသားများက သူမကို ရင်သပ်ရှုမောဖွယ်ရာမလေး ဟု အမည်ပြောင်ပေးထားကြသည်ကို သူသိသည်။


အကယ်၍သာ သူမကသာ လိုလိုလားလားရှိမည်ဆိုလျှင် သူမနှင့်အတူ အိပ်ယာထဲတွင် ကခုန်ခွင့်ရမည့်အခွင့်အရေးကို ငြင်းပယ်မည့်အမျိုးသား ဘယ်နှယောက်ရှိမည်နည်း။


"ထန်မော့အာ...ရှောင်းဝမ်က ဟန်ဆောင်ကောင်းတဲ့ ကောင်မဆိုရင် မင်းကတော့ တကယ့် အပျက်မ သာသာပဲ"


"မင်း အမျိုးသား ဘယ်နှစ်ယောက်နဲ့ မဖွယ်မရာ ပတ်သက်ခဲ့ဖူးသလဲ"


"မင်း ဘယ်နှယောက်ကို ကစားခဲ့ပြီး ဘယ်နှယောက်နဲ့ အိပ်ခဲ့လဲ"


"ငါ စုကျယ်ကတော့ မင်းလို ဖရုသဝါစာ ပြောတတ်တဲ့ အကျင့်ပျက်မိန်းမမျိုးနဲ့ ဘယ်လိုပတ်သက်မှုမှ မရှိချင်တော့ဘူး"


'အကျင့်ပျက်မိန်းမ'


ထန်မော့အာမှာ အော်ဟစ်ရယ်မောပစ်လိုက်ချင်

စိတ် ပေါက်သွားသည်။ 


သူမကို မုန်းတီးသူများက မီဒီယာများတွင် ဖြန့်ဝေထားသည့် 'အမှန်တရားများ' ကို သူမ ရုတ်တရက် သတိရသွားသည်။ 


သူမ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်နှင့် ရုတ်ချည်းတိုးတက်လာသော ကျော်ကြားမှုတို့ကြောင့် ယနေ့သူမရောက်ရှိနေသော နေရာသို့ ရောက်ရန် လိင်ပိုင်းဆိုင်ရာ အပေးအယူများကို အသုံးပြုခဲ့သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေခဲ့ခြင်း။


အမျိုးသားများ စွဲလန်းနှစ်သက်စေမည့် ရုပ်ရည်နှင့် ပါရမီပါလာသည်မှာ သူမ၏ အမှားလော။


အမျိုးသားများက သူမကို သဘာဝအတိုင်း ဆွဲဆောင်ခံရသည့်အတွက် အဘယ်ကြောင့် သူမကို အပြစ်တင်ရသနည်း။


ဤကမ္ဘာကြီးနှင့် ၎င်း၏ တန်ဖိုးထားမှုဆိုသည်မှာ အဘယ်သို့ ဖြစ်နေသနည်း။


"ရှင်ပြောနေတာတွေက အတော်လေး ဟန်ဆောင်ကောင်းလွန်းတယ်လို့ မထင်ဘူးလား"


"ဟန်ရှောင်းဝမ်ကလည်း အမျိုးသမီးအနုပညာရှင်တစ်ယောက်ပဲလေ၊ သူမက အကျင့်ပျက်မိန်းမ မဟုတ်ဘူးလို့ ရှင် ဘယ်လိုများ သေချာနေတာလဲ"


"ရှောင်းဝမ်က မတူဘူး၊ သူမရဲ့အမေက ချင်ယာဝန်ပဲ"


စုကျယ်ခဏတာ တုံ့ဆိုင်းသွားပြီး ထန်မော့အာကို ကြည့်လိုက်သည်။ 


ထန်မော့အာသည်လည်း ချင်ယာဝန်​၏ သမီးဖြစ်သော်လည်း သူမ၏ သမီးနှစ်ယောက်အပေါ် ဆက်ဆံပုံမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။


ထန်မော့အာသည် စုကျယ် ဘာတွေးနေသည်ကို သိသည်။


'အမေ' ဆိုသည့် စကားလုံးက သူမကို ခါးသီးနာကျင်စေပြီး သူမ၏ မျက်ဝန်းများမှာ တောက်ပလာပြီးနောက် ပြန်လည်မှိန်ဖျော့သွားကာ ဗလာနတ္ထိ ဖြစ်သွားသည်။


သူမ၏မိခင် ချင်ယာဝန်မှာ အနုပညာလောကတွင် အဆက်အသွယ်ကောင်းများစွာရှိသည့် ဝါရင့်

တစ်ဦးဖြစ်သည်။ 


သူမသည် ဟန်ရှောင်းဝမ်ကို ငယ်စဉ်ကတည်းက အနုပညာလောကထဲသို့ သွင်းပေးခဲ့ပြီး ဟန်

ရှောင်းဝမ်မှာ ကလေးသရုပ်ဆောင်အဖြစ် ကျော်ကြားလာခဲ့သည်။ 


ကြီးပြင်းလာသည်နှင့်အမျှ သူမ၏ ပုံရိပ်ကို စောစီးစွာ တည်ဆောက်ထားပြီးဖြစ်သောကြောင့် သူမ၏ အခန်းကဏ္ဍများကို သူမအတွက် သီးသန့်စီစဉ်ပေးထားခဲ့​၏။


သူမကရော ဘယ်လိုလဲ။


သူတို့သည် မိခင်တစ်ဦးတည်းမှ မွေးဖွားလာသူများဖြစ်သော်လည်း သူမသည် ချင်ယာဝန်​၏ သမီးဖြစ်ကြောင်း မည်သူမျှ မသိကြပေ။ 


အားကိုးစရာ အဆက်အသွယ်လည်း မရှိ၊ အထောက်အပံ့လည်း မရရှိခဲ့သလို မျက်နှာချိုသွေးပေးမည့်သူလည်း မရှိခဲ့ပေ။ 


သူမသည် ပွဲဦးထွက်ကတည်းက ကိုယ့်အားကိုယ်ကိုးကာ ကြိုးစားခဲ့ရသည်။


သို့သော်လည်း သူမ၏ မိခင်ထံမှ မည်သည့်အထောက်အပံ့မျှ မရရှိခဲ့သော်ငြား သူမသည် ဟန်ရှောင်းဝမ်၏ ကျော်ကြားမှုကို ကျော်တက်ရန် နှစ်နှစ်သာ အချိန်ယူခဲ့ရသည်။ 


ဤအခြေအနေ၏ သရော်ချက်ကို သူမ ကောင်းစွာ နားလည်ထားသည်။


သူ၏ ဆင်ခြင်တုံတရားမဲ့သော စကားများကို ကြားရသောအခါ စုကျယ်အပေါ် ထားရှိခဲ့သည့် နောက်ဆုံးမျှော်လင့်ချက်ကလေးမှာ ပျောက်

ကွယ်သွားပြီဖြစ်ကြောင်း ထန်မော့အာ နားလည်သွား​၏။


သူမသည် သူနှင့် ဆက်မပြောချင်တော့သော်လည်း အခြားကိစ္စရပ်များကို ရှင်းလင်းရန် လိုအပ်သေးသည်။


"ဒါဆို ရှင့်အနေနဲ့ ကျွန်မရဲ့ ရှယ်ယာတွေကို လုယူဖို့ ကြံစည်နေတာပေါ့"


"လုယူတာ...ဒါတွေက Prevailing ကုမ္ပဏီရဲ့ ရှယ်ယာတွေ၊ ပြီးတော့ ဒါတွေက ငါ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိသင့်တယ်"


"နင်က ဒါတွေကို ဘာလုပ်ဖို့လဲ၊ မင်း ငါ့ဘဝထဲမှာ ဆက်ရှိနေဖို့အတွက် ဒီရှယ်ယာတွေကို သုံးပြီး ငါတို့နှစ်ယောက်ကို ချည်နှောင်ထားဖို့ ကြိုးစားနေတာလား"


ထန်မော့အာသည် သူ၏ အရှက်မရှိမှုကို စက်ဆုပ်စွာ လှောင်ပြုံးပြုံးလိုက်သည်။ 


သူ၏ အရှက်မရှိမှုမှာ အတိုင်းအထက်အလွန်ဖြစ်နေပြီး သူသည် အဆင့်အတန်းမရှိသော လူယုတ်မာတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။


ဤရှယ်ယာများသည် မူလကတည်းက သူမ၏ ရှယ်ယာများဖြစ်သည်။


သူက မည်သို့များ ဗြောင်ကျကျ သူမ၏ ရှယ်ယာများကို လောဘတက်ရဲသနည်း။


"ရှင်မှားနေပြီ...ကျွန်မ ဒီရှယ်ယာတွေကို ရှင်ကို ဒုက္ခပေးဖို့ မသုံးသလို ရှင့်ဘဝထဲမှာ ဆက်နေဖို့လည်း စိတ်မဝင်စားဘူး"


"ဒီရှယ်ယာတွေအတွက် ကျွန်မနောက်ကို တကောက်ကောက်လိုက်နေတာ ရှင်ကိုယ်တိုင်ပဲ"


"ဒါပေမဲ့ ရှင်နဲ့ ဟန်ရှောင်းဝမ်က ဒီရှယ်ယာတွေအပေါ် ဒီလောက်အသည်းအသန် ဖြစ်နေတာကို မြင်ရတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ"


စုကျယ် မျက်မှောင်ကြုတ်သွားသော်လည်း ချက်ချင်း ပြန်ဖုံးကွယ်လိုက်ပြီး သူ၏ ရှည်လျားသော လက်ချောင်းများဖြင့် ထန်မော့အာ​၏ မေးစေ့ကို ဆွဲမကာ သူ၏မျက်နှာနားသို့ ဆွဲကပ်လိုက်သည်။ 


သူက သူမကို မှောင်မိုက်ပြီး အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်ကာ "ထန်မော့အာ...မင်း ငါ့ကို လက်မလွှတ်နိုင်သေးတဲ့ပုံပဲ"


"မင်း ငါ့ကို ချစ်နေတုန်းပဲလား"


သူတို့၏ ခန္ဓာကိုယ်များမှာ အလွန်နီးကပ်

နေသည်။ 


ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။


၎င်းသည် သူ ငြင်းဆန်ရန် ခက်ခဲသော မိန်းမပျိုလေးတစ်ဦး၏ ရနံ့ဖြစ်နေ​၏။


၎င်းသည် သူ၏ အာရုံအားလုံးကို လွှမ်းမိုးသွားပြီး သူမကို နီးနီးကပ်ကပ် ဖက်ထားချင်စိတ်က သူ၏ ဆင်ခြင်တုံတရားအားလုံးကို ကျော်လွန်သွားခဲ့သည်။


ဟန်ရှောင်းဝမ်ထံမှလည်း ရနံ့ကောင်းများ ရသော်လည်း ၎င်းမှာ ရေမွှေးနံ့မျှသာ ဖြစ်သည်။ 


၎င်းမှာ မိန်းမပျိုလေးတစ်ဦး၏ သဘာဝ ခန္ဓာကိုယ်ရနံ့နှင့် မယှဉ်နိုင်ပေ။


စုကျယ် သူ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ဆန့်ကျင်ဘက်ဖြစ်သော စိတ်ဆန္ဒများဖြင့် ပူလောင်လာသည်ကို ခံစားလိုက်ရသည်။ 


သူသည် ချောင်းဟန့်လိုက်ပြီး ဆင်ခြင်တုံတရား ပြန်ရရန် ကြိုးစားရင်း အနည်းငယ် အနေရခက်စွာ နောက်သို့ ဆုတ်လိုက်သော်လည်း သူ၏ မျက်ဝန်းများကတော့ သူမကို စွဲလန်းစွာ ကြည့်နေဆဲ။


ထန်မော့အာသည် သူ၏ အလိုမပြည့်သေးသော အခြေအနေနှင့် မျက်ဝန်းများအတွင်းမှ တောက်လောင်နေသော ရမ္မက်ဆန္ဒများကို သတိထားမိလိုက်သောအခါ သူမ၏ မျက်ဝန်းများမှာ အဆိပ်အတောက်ကဲ့သို့ ပြင်းထန်လာသည်။ 


သူမသည် အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး အရင်ကကဲ့သို့ နုနယ်ဖြူစင်သော မိန်းကလေး မဟုတ်တော့ပေ။ 


သူမသည် သူမ၏ သူငယ်ချင်းနှင့်အတူ လူကြီးကားများကို လျှို့ဝှက်ကြည့်ရှုခဲ့ဖူးသည်။ 


စုကျယ်​၏ တုံ့ပြန်မှုကို သူမ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။


သူမသည် သူမ၏ လှပသော မျက်ခုံးအစုံကို ပင့်လိုက်ပြီး ချယ်ရီရောင် နှုတ်ခမ်းလွှာများကို ဖွင့်ကာ သရော်စာများ ပါဝင်နေသော အသံဖြင့် "မစ္စတာစု...ရှင် ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ"


"ဘာလို့ တံတွေးတွေ ခဏခဏ မျိုချနေတာလဲ၊ ရေငတ်နေလို့လား"


စုကျယ်မှာ ဆွံ့အသွားပြီး သူ၏ မျက်နှာမှာ တင်းမာသွားကာ ရှက်ကိုးရှက်ကန်းဖြစ်နေမှုမှာ သူ၏ ပါးပြင်ပေါ်ရှိ နီမြန်းနေသော အရောင်များကြောင့် သိသာလှ​၏။


ထန်မော့အာသည် သူ့ကို စူးစမ်းစွာ ကြည့်လိုက်သည်၊ သူသည် အမှန်တကယ်ပင် စိတ်ကို မထိန်းချုပ်နိုင်သူဖြစ်သည်။ 


ကုမိုဟန်ဆိုလျှင် သူမက သူ၏... ကို ဖွင့်ပြောလိုက်သည့်တိုင် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။ 


ခဏနေပါဦး... သူမ ဘာလို့ ကုမိုဟန်အကြောင်း တွေးနေရတာလဲ။


သူမသည် သူ၏ ညစ်ပတ်သော လက်များဖြင့် သူမကို မထိတွေ့နိုင်ရန် နောက်သို့ ဆုတ်လိုက်

သည်။


"မစ္စတာစု...ရှင်က ကျွန်မကို စော်ကားပြီး အကျင့်ပျက်မိန်းမလို့ ခေါ်ခဲ့တယ်လေ"


"အခု ရှင်ကိုယ်တိုင်က ဒီအကျင့်ပျက်မိန်းမအပေါ် သိသိသာသာ စိတ်ဝင်စားနေတာက ရှင့်စကား ရှင်ပြန်ဖောက်ဖျက်နေတာလို့ မခံစားရဘူးလား"


စုကျယ်သည် ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေခဲ့သော်လည်း သူ၏ မျက်ဝန်းများတွင် ဖတ်ရခက်သော အမူအရာများ ရှိနေသည်။


ဤသူကား ထန်မော့အာပင် ဖြစ်​၏။


ပွင့်လင်းပြီး မာနကြီးသူ၊ ဆွဲဆောင်မှုရှိသော်လည်း အေးစက်သူ။ 


ငြင်းဆန်ရန် ခက်ခဲသူ။


သူမသည် ဆူးခက်များနှင့် နှင်းဆီတစ်ပွင့် ဖြစ်သည်။