ထန်မော့အာသည် သူမ၏ကုတင်စွန်းတွင် ထိုင်
ရင်း Weibo သတင်းကို refresh လုပ်နေသည်။
ရှာဖွေမှုအများဆုံး ထိပ်တန်းခေါင်းစဉ် (၃) ခုလုံးကို ဟန်ရှောင်းဝမ်၏ နာမည်ကသာ လွှမ်းမိုးထားပြီး ၎င်းတို့မှာ ‘စုကျယ်နှင့် ဟန်ရှောင်းဝမ်တို့၏ ဖောက်ပြန်မှု’၊ ‘အပြစ်ကင်းစင်သော နတ်ဘုရားမမှ အပျက်မ ဖြစ်သွားသူ ဟန်ရှောင်းဝမ်’ နှင့် ‘ထန်မော့အာ’ တို့ ဖြစ်ကြသည်။
ဟန်ရှောင်းဝမ်၏ Weibo တစ်ခုလုံးတွင် ဆဲဆိုဝေဖန်မှုများ ပြည့်နှက်နေသည်။
မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများနှင့် ကီးဘုတ်ဖိုက်တာများသည် ဖိုရမ်များနှင့် မက်ဆေ့ဂျ်ဘုတ်များမှတစ်ဆင့် သူမကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
"တောက်... တစ်ညတည်းနဲ့ တစ်ကမ္ဘာလုံးက သိသွားပြီ၊ အပြစ်ကင်းစင်တဲ့ နတ်ဘုရားမလေးက ထန်မော့အာရဲ့ စေ့စပ်ထားသူနဲ့ ဖောက်ပြန်နေတာကိုး"
"နတ်ဘုရားမလေး၊ နင် ဘာလို့ ထန်မော့အာရဲ့ စေ့စပ်ထားသူကို မြူစွယ်ရတာလဲ၊ သူများအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့အတွက် နင် ငရဲအနက်ဆုံးကို ရောက်မှာပဲ၊ ငါတို့ကို ခိုင်လုံတဲ့ အကြောင်းပြချက် ပေးစမ်းပါဦး"
"ဒီနတ်ဘုရားမလေးက သူမထက် အမြဲတမ်း ပိုနာမည်ကြီးနေတဲ့ ထန်မော့အာကို မနာလိုလို့ လုပ်တာ၊ မော့အာရဲ့ သရုပ်ဆောင်အရည်အချင်းကို မမီပေမဲ့ ကုတင်ပေါ်က အရည်အချင်းကတော့ ရှိသားပဲ...နတ်ဘုရားမလေး ဟုတ်လား၊ အရှက်မရှိတဲ့ အပျက်မကြီးလို့ ခေါ်တာ ပိုမှန်မယ်"
"အို... ဒါတွေကို ဆက်တောင် မဖတ်နိုင်တော့ဘူး၊ တချို့လူတွေက တီဗွီဖန်သားပြင်ပေါ်မှာတော့ အပြစ်ကင်းစင်သယောင်နေပြီး လက်တွေ့ဘဝမှာတော့ လုံးဝခြားနားနေတာပဲ...ယောက်ျားတစ်ယောက်ရဲ့ ပါးစပ်ထဲကို လျှာထိုးထည့်ဖို့တောင် သူမစောင့်နိုင်ဘူး၊ ဟန်ရှောင်းဝမ်၊ ငါတို့ရဲ့ အပြစ်ကင်းစင်တဲ့ နတ်ဘုရားမလေးကို ပြန်ပေး"
ထန်မော့အာ သူမ၏ အဝင်စာတိုက်ပုံးတစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
စိတ်ကောင်းရှိသော အင်တာနက်အသုံးပြုသူ အများအပြားက သူမ သစ္စာဖောက်ခံရသည့်အတွက် စာနာနေကြပြီ။
ချီရှီက သူမ၏အတွေးကို ဖြတ်ပြောလိုက်သည်။
"မော့အာ၊ ဟန်ရှောင်းဝမ်ကတော့ တကယ်ကို ခံစားနေရပြီ"
"သူမနဲ့ ပတ်သက်ချင်တဲ့သူ မရှိတော့လို့ ကြော်ငြာစာချုပ် အများအပြား ရုပ်သိမ်းခံနေရပြီတဲ့"
"နောက်ဆုံးရိုက်ထားတဲ့ ကားထဲမှာတောင် သူမပါတဲ့ အခန်းတွေကို ဖြတ်ထုတ်လိုက်ပြီ၊ မျက်နှာတစ်ခြမ်းပဲ ကျန်တော့တယ်"
"ချီရှီ"
ထန်မော့အာက တည်ငြိမ်သောအသံဖြင့် ပြန်ပြောသည်။
"တိုက်ပွဲက ခုမှစတာပါ၊ Prevailing အနုပညာ ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့က ဒီနယ်ပယ်မှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ"
"အခု ငါတို့က သူတို့ကို အလစ်အငိုက် ဖမ်းနိုင်ခဲ့ပေမဲ့ ပေါ့ဆလို့ မရဘူး"
"သူတို့ သေချာပေါက် ပြန်တိုက်ခိုက်လိမ့်မယ်၊ ငါတို့ သတိထားရမယ်၊ ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မှု မလွန်ကဲနဲ့ဦး"
"မစိုးရိမ်ပါနဲ့ မော့အာ...သူတို့က တော်တယ်ဆိုပေမဲ့ ငါတို့ကလည်း မညံ့ပါဘူး"
"ငါ အမြဲတမ်း နင့်ဘက်ကနေ ထောက်ပံ့ပေးနေမှာပါ"
"ဒီတစ်ခါတော့ ဒီအရှက်မရှိတဲ့လူတွေ သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ရအောင် ငါတို့ လုပ်ရမယ်"
ထန်မော့အာ စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
ထိုစဉ် လူခေါ်ဘဲလ်သံ ထွက်ပေါ်လာပြီး နံနက်ခင်း၏ ငြိမ်သက်မှုကို ဖြတ်တောက်လိုက်
သည်။
ဤမျှ စောစီးသည့်အချိန်တွင် မည်သူက သူမဆီ လာတွေ့ချင်ရသနည်း။
ထန်မော့အာက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူမ၏ လှပသောမျက်ဝန်းများကို မှေးစင်းလိုက်သည်။
စုကျယ်နှင့် ဟန်ရှောင်းဝမ်ကလွဲလို့ တခြား ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
သူမ ဖုန်းချလိုက်ပြီး တံခါးဆီသို့ ကျော့ကျော့မော့မော့ လျှောက်သွားလိုက်သည်။
...
စုကျယ်သည် တန်မော့အာ၏ တိုက်ခန်းတံခါးဝတွင် ရပ်နေရင်း ဒေါသတကြီး စိုက်ကြည့်
နေ၏။
ကျင်ချန်းဗီလာ၏ သော့ရှိသည့်သူမှာ သူနှင့် သူမ နှစ်ယောက်တည်းသာ ရှိသောကြောင့် ဤဓာတ်ပုံများ ပေါက်ကြားမှုနောက်ကွယ်တွင် သူမရှိနေသည်ကို သူ သေချာပေါက် သိနေသည်။
"ထန်မော့အာ၊ ဒီကိစ္စဖြစ်အောင် မင်းတစ်ယောက်ယောက်ကို ခိုင်းလိုက်တာလား"
ထန်မော့အာက စကားမပြောဘဲ စဉ်းစားဟန်ပြုရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းထားသည်။
"ဘယ်ကိစ္စလဲ"
သူမ၏လေသံမှာ အလိုလိုက်ခံထားရသော ကလေးတစ်ယောက် ဂျောက်ဂျက်ကျနေသည်ကို ချော့မော့နေသကဲ့သို့ ပျင်းရိပျင်းတွဲ နိုင်လှသည်။
စုကျယ်၏ ချောမောသောမျက်နှာမှာ မည်းမှောင်သွားပြီး ဟိန်းဟောက်လိုက်သည်။
"မင်း အခုထိ သရုပ်ဆောင်နေတုန်းပဲလား"
ထန်မော့အာက ခေါင်းကို စောင်းလိုက်ပြီး သူမ၏ ပါးစပ်ကလေးက 'အို' ပုံသဏ္ဌာန် ဖြစ်သွားသည်။
သူ ဘာကို ဆိုလိုသည်ကို ရုတ်တရက် နားလည်သွားသည့်အလား...
"ဪ... ဟန်ရှောင်းဝမ်နဲ့ နင့်ရဲ့ ဖောက်ပြန်တဲ့ကိစ္စကို ပြောတာလား"
"နင် မှားနေပြီ၊ ငါ ဘယ်သူ့ကိုမှ ခိုင်းခဲ့တာမဟုတ်ဘူး"
"အကုန်လုံး ငါကိုယ်တိုင် လုပ်ခဲ့တာ၊ ငါကိုယ်တိုင်ပဲ နင့်ကို ဖွင့်ချလိုက်တာ"
သူမ ပြုံးလိုက်သည်။
"ဓာတ်ပုံတွေကို ငါကိုယ်တိုင်ရိုက်ပြီး ခေါင်းစဉ်ကိုလည်း ငါကိုယ်တိုင် ရေးခဲ့တာ"
"နင် သိလား၊ ငါ့ကို သစ္စာဖောက်တဲ့သူတွေကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်ရတာကို ကြိုက်တယ်"
စုကျယ်က လက်သီးကို တင်းတင်းဆုပ်ကာ သွားကြိတ်လိုက်၏။
"ကောင်းပြီလေ ထန်မော့အာ၊ မင်း အကုန်လုံး သိသွားပြီဆိုမှတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်"
"ငါ တကယ်ချစ်တဲ့သူက ဟန်ရှောင်းဝမ်ပဲ၊ ငါတို့ လမ်းခွဲကြစို့"
စုကျယ်၏ နာကျင်စေသော စကားလုံးများကို ကြားရသည့်အခါ နှလုံးသားကွဲကြေလိမ့်မည်ဟု ထန်မော့အာ အရင်က ထင်ထားခဲ့သော်လည်း အခြေအနေတစ်ခုလုံးအပေါ် သူမ၏ အေးစက်နေမှုက သူမကိုယ်တိုင်ပင် အံ့ဩမိစေသည်။
စုကျယ်လိုလူမျိုးကို ဘာလို့ သဘောကျခဲ့မိပါလိမ့်ဟုပင် တွေးမိသည်။
'ဒီယောက်ျားက ဟန်ရှောင်းဝမ်လို ဟန်ဆောင်ကောင်းတဲ့ အမျိုးသမီးကို တကယ် ချစ်သွားတာပဲ'
သူတို့နှစ်ဦး၏ နှစ် (၂၀) ကြာ ငယ်သူငယ်ချင်း သံယောဇဉ်က Las Vegas တွင် ဟန်ရှောင်းဝမ်နှင့် တွဲခဲ့သည့် (၃) နှစ်တာ သံယောဇဉ်ကိုတောင် မမီပါလား။
တကယ်ကို စက်ဆုပ်စရာ ကောင်းလှ၏။
"ကောင်းပါပြီ၊ ငါ့ကို လက်မထပ်ခဲ့တဲ့အတွက် နင့်ကို ကျေးဇူးအထူးတင်ရမယ်၀
"နင်တို့ အရှက်မရှိတဲ့ လူနှစ်ယောက် ငရဲမှာ ထာဝရ ပုပ်သိုးသွားပါစေလို့ ငါ တကယ်ကို ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်"
စုကျယ်၏ မျက်နှာမှာ ပုံပျက်သွားပြီး ထန်မော့အာအပေါ် ထားရှိသော မုန်းတီးမှုများ ပေါ်လွင်လာသည်။
သူ၏ မျက်လုံးများက သူမကို ခြေဆုံးခေါင်းဆုံး ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် ကြည့်
လိုက်သည်။
သူမသည် ကြိုးတစ်မျှင်ပါသော အနက်ရောင် ပိုးသားအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဝတ်ရုံပါးလေးကို ခြုံထား၏။
သူမ၏ နက်မှောင်သော ဆံနွယ်များက ဖြူဝင်းသော အသားအရေပေါ်သို့ စီးကျနေပြီး လည်တိုင်တစ်ဝိုက်တွင် ရစ်ခွေနေကာ သူမ၏ တည်ရှိမှုမှာ ဆွဲဆောင်မှုရှိသော နတ်မိမယ်တစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။