ငါးမိနစ်ခန့် ကြာသောအခါ...
ယွင်လီ့ဖုန်းထဲသို့ နန်ဝူဖုန်းနံပါတ်တစ်ခုနှင့် ဖုန်းဝင်လာသည်။ သူမက အမှတ်မထင်ဘဲ ဖုန်းကို ချပစ်လိုက်မိသည်။ ပြီးမှ ဒါက EAW က လာကြိုတဲ့သူ ဖြစ်နိုင်မှန်း သတိရသွားသည်။
သူမ တုန့်ကနဲ ဖြစ်သွားပြီး ဖုန်းနံပါတ်ကို ကြည့်ကာ ပြန်ခေါ်ဖို့ မ၀ံ့မရဲဖြစ်နေမိသည်။
ဒါပေမဲ့ တစ်ဖက်လူက စောင့်ရတာ စိတ်မရှည်ဖြစ်မှာကိုလည်း ကြောက်မိသည်။
အတော်လေး စဉ်းစားပြီးမှ...
ယွင်လီ သတ္တိမွေးကာ ပြန်ခေါ်လိုက်သည်။
တစ်ချက်ပဲ မြည်ပြီး တစ်ဖက်က ဖုန်းကိုင်လိုက်သည်။
ဒါပေမဲ့ တစ်ဖက်က ဘာမှ မပြောဘူး။
ယွင်လီကပဲ အရင် စကားစလိုက်ရသည်။ "တောင်းပန်ပါတယ်... စောစောက အမှတ်မထင် ဖုန်းချမိလိုက်လို့ပါ။" သူ့ကိုဘယ်လို ခေါ်ရမှန်း မသိသဖြင့် "ရှင်က EAW ကလားဟင်" ဟုသာ မေးလိုက်သည်။
ခဏလောက် တိတ်သွားပြီးနောက်...
တစ်ဖက်က "အင်း" ဟု ပြန်ဖြေသည်။ သူ့အသံက အေးစက်ပြီး ပင်ပန်းနွမ်းနယ်နေဟန် ရှိသော်လည်း နက်ရှိုင်းကာ ဆွဲဆောင်မှု ရှိလွန်းလှသည်။ ဘာခံစားချက်မှ မပါသော်လည်း နားထောင်သူ၏ စိတ်ကို ဖမ်းစားနိုင်သော အသံမျိုး ဖြစ်သည်။
"အပြင်ထွက်လာခဲ့၊ လမ်းကူးလိုက်ရင် ကားပါကင်ကို မြင်ရလိမ့်မယ်—"
ယွင်လီက ကြားဖြတ်ပြောလိုက်သည်။ "ရှင်?"
သူက ခဏရပ်သွားပြီး "ထွက်ပေါက်မှာ ကားရပ်လို့ မရဘူး" ဟု ရှင်းပြသည်။
"ဪ၊ ဟုတ်ကဲ့၊ ကျွန်မ အခု လာခဲ့ပါ့မယ်"
ထိုသူက "ထီး ပါလား"ဟုမေးတယ်။
ယွင်လီ သူမရဲ့ အိတ်ကို ကြည့်လိုက်ပြီး "ဟုတ်၊ ပါပါတယ်"
"ကားပါကင် အဝင်ဝမှာ စောင့်နေ"
ထိုသို့ပြောပြီး ဖုန်းကျသွားသည်။
တစ်မိနစ်တောင် မပြည့်သော စကားပြောဆိုမှုပင်။
ယွင်လီ ဇဝေဇဝါနှင့် အိတ်ထဲက ထီးကို ရှာလိုက်သည်။
သူပြောသည့်အတိုင်း ကားပါကင်သို့ ရောက်သောအခါ ကားတစ်စီး ဖြည်းဖြည်းချင်း မောင်းဝင်လာသည်ကို တွေ့ရသည်။ မစ္္စဟယ် ပို့ထားသော ကားနံပါတ်နှင့် တိုက်စစ်ကြည့်ပြီးနောက် သူမ ကားပြတင်းပေါက်နားသို့ ကပ်ကာ "ဟယ်လို၊ ကားနောက်ဖုံးလေး ဖွင့်ပေးလို့ ရမလားရှင့်" ဟု မေးလိုက်သည်။
လမ်းဘေးက ညှိုးနွမ်းနေသောသစ်ပင်များကြားမှ ဖြတ်ကျလာသော လမ်းမီးရောင်များက မြေပြင်ပေါ်တွင် အပိုင်းပိုင်းအပြတ်ပြတ် အရိပ်များ ထင်နေသည်။
ကားထဲတွင် မှောင်နေသဖြင့် ယွင်လီအနေနှင့် တစ်ဖက်လူ၏ ဖြူဖျော့ဖျော့ မေးစေ့ကိုသာ မြင်ရသည်။
အမျိုးသားက ခေါင်းကို အနည်းငယ် စောင်းကာ သူမဘက်ကို ကြည့်လိုက်ပုံရသည်။ ဘာစကားမှ မပြောဘဲ အပေါ်အင်္ကျီ ခေါင်းစွပ်ကို စွပ်ပြီး ကားပေါ်က ဆင်းလာသည်။
ယွင်လီ တောင့်တင်းသွားပြီး လျင်မြန်စွာပြောလိုက်တယ်"အမ်... မလိုပါဘူး... ကျွန်မဘာသာ လုပ်လို့ရပါတယ်..."
သူမအသံမှာ တိုးတိုးလေးဖြစ်ပြီး မိုးသံကြားတွင် နစ်မြုပ်သွားသည်။ အမျိုးသားက သူမစကားကို မကြားသည့်အလား သူမဆီ လျှောက်လာပြီး လက်ထဲက ခရီးဆောင်အိတ်ကို လှမ်းယူလိုက်သည်။ ထို့ကြောင့် ကျန်တဲ့စကားတွေကိုမြိုချလိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟုသာ ပြောလိုက်ရတော့သည်။
မိုးစက်ကလေးများက မြို့ပြကြီးကို ဆေးကြောနေသကဲ့သို့ တဖြောက်ဖြောက် ရွာသွန်းနေသည်။
ယွင်လီ တစ်ယောက် သူမနဲ့မရင်းနှီးသော ပတ်ဝန်းကျင်ကို စူးစမ်းနေရင်း အပေါ်သို့ အမှတ်မထင် ကြည့်မိရာမှ အကြည့်တို့ ရပ်တန့်သွားသည်။ ရှားရှားပါးပါး မြင်ကွင်းပင်။ ကျယ်ပြောသော မိုးကောင်းကင်တွင် မိုးရွာနေသည့် ညဖြစ်သော်လည်း လမင်းကြီးကို မြင်နေရသည်။
အမျိုးသားက ကားနောက်ဖုံးကို မလိုက်ချိန်တွင် ခေါင်းကို အနည်းငယ် မော့ထားသည်။ မှိန်ပျပျ မီးရောင်က သူ့အပေါ်သို့ အစီအစဉ်မကျဘဲ ကျရောက်နေသည်။
အချိန်တွေ ရပ်တန့်သွားသလိုပင်။ သူ့ရဲ့ ရုပ်ရည်က တဖြည်းဖြည်း ထင်ရှားလာသည်။
ယွင်လီ ခဏတာ အသက်ရှူမှားသွားရသည်။
သူ့မှာ နက်ရှိုင်းသော မျက်လုံးအစုံနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့ ရှိပြီး အေးစက်သော အသွင်အပြင် ရှိသည်။ ဆံပင်နှင့် မျက်တောင်များပေါ်တွင် ကပ်ငြိနေသော ရေစက်များကြောင့် သူသည် ကြည့်ရသည်မှာ နည်းနည်း နုနယ်သယောင် ရှိသော်လည်း သူ့ရဲ့ ခန့်ညားမှုကိုမူ မဖုံးကွယ်နိုင်ပေ။
သူသည် တကယ့်ကို ချောမောလွန်းသဖြင့် မျက်မှောင်မခတ်ဘဲ စိုက်ကြည့်နေမိစေသည်။
သို့သော် သူ့ဆီမှာ ဆူးတွေရှိနေသလို ခံစားရသဖြင့် အနားကပ်ဖို့တော့ ဝန်လေးစေသည်။
သူ ခရီးဆောင်အိတ်ကို မလိုက်တာကို မြင်မှ ယွင်လီ သတိပြန်ဝင်လာသည်။ သူမ အနားသို့ တိုးသွားပြီး သူ့ကို ထီးမိုးပေးလိုက်သည်။
ထီးက သိပ်မကြီးသဖြင့် လူနှစ်ယောက်လုံး လုံအောင် မိုးပေးဖို့ဆိုလျှင် အနားကပ်ရပ်နေရမည်။ ယွင်လီက အရမ်းနီးကပ်သွားမှာကို အားနာသဖြင့် ခပ်ခွာခွာနေရင်း သူမကိုယ်တိုင် မိုးစိုခံနေရသည်။
အံ့သြစရာကောင်းလောက်အောင် ကားနောက်ဖုံးထဲမှာ ပစ္စည်းတွေက ထင်ထားတာထက် ပိုများနေသည်။
အမျိုးသားက ပြန့်ကျဲနေသောပစ္စည်းတွေကို ဂရုမစိုက်ိုက်ဘဲပုံထားလိုက်ပြီး ခရီးဆောင်အိတ်ကို အထဲ ထည့်လိုက်သည်။ ထို့နောက် သူမ သူ့ဘေးမှာ ရှိနေသည်ကို သတိထားမိသွားပြီး လှည့်ကြည့်လာသည်။
သူက အရပ်ရှည်ပြီး အနက်ရောင် အပေါ်အင်္ကျီကို ဝတ်ထားသည်။ မျက်နှာအမူအရာကင်းမဲ့ကာ အနည်းငယ်ကြောက်စရာ ကောင်းလှသည်။ သူ့ရဲ့ နက်မှောင်သော မျက်ဝန်းများက သူမကို ငြိမ်သက်စွာ ကြည့်နေသည်။
ယွင်လီ ရင်ခုန်သံ မြန်လာပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။
နောက်တစ်စက္ကန့်မှာတော့...
အမျိုးသားက သူမဆီကို လက်လှမ်းလိုက်တာကို ယွင်လီ မြင်လိုက်ရသည်။
သူမ နေရာမှာတင် ကျောက်ရုပ်လို ဖြစ်သွားသည်။
ဒီလို အခြေအနေမျိုးမှာတောင် သူ့ရဲ့ ရှည်လျားတဲ့ လက်ချောင်းလေးတွေ မိုးရေစိုနေတာကို ယွင်လီ သတိထားမိနေသေးသည်။ သူက သူမလက်နားကနေ ဖြတ်ပြီး အပေါ်ကို လက်မြှောက်ကာ ထီးရိုးကို ကိုင်ပြီး ဖြည်းဖြည်းချင်း တွန်းလိုက်သည်။
ထီးရိုးက သူမရဲ့ ဆံပင်စတွေ၊ နားရွက်နဲ့ လည်ပင်းနားကနေ ဖြတ်သွားသည်။
ယွင်လီတစ်ယောက် ထီးရိပ်အောက်ကို ပြန်ရောက်သွားသည်။
တစ်ဖြစ်ပျက်လုံးက သုံးစက္ကန့် လေးစက္ကန့်တောင် မကြာလိုက်ပေ။
ထို့နောက် အမျိုးသားက လှည့်ထွက်သွားပြီး ကားနောက်ဖုံးကို ပိတ်လိုက်သည်။ မိုးသံများကြားတွင် ထိုအသံမှာ ခပ်အုပ်အုပ်လေး ထွက်ပေါ်လာပြီးနောက် ခံစားချက်မဲ့သော စကားနှစ်လုံး ထွက်ပေါ်လာသည်။
"မလိုဘူး"