Ch-(1.1)
Viewers 129

ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလသည် မိုးခြိမ်းသံများကြား၌ပင် မနိုးထနိုင်ဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် လေပြင်းများအောက်တွင် 'နန်ဝူ' လေဆိပ်ကြီးသည်သာ နေ့အလင်းရောင်ကို သေတ္တာထဲ ထည့်သိမ်းထားသကဲ့သို့ တောက်ပစွာ လင်းထိန်နေ၏။ မနက် ၂ နာရီ ကျော်နေပြီ ဖြစ်သော်လည်း ခရီးသည် အဝင်အထွက်မှာ လျော့ပါးသွားခြင်း မရှိပေ။

လူအုပ်ကြီးကြားတွင် 'ယွင်လီ' တစ်ယောက်တည်း ရပ်နေရင်း သူမ၏ ဖုန်းကို ခဏခဏ ကြည့်နေမိသည်။နန်ဝူ မြို့သို့ သူမ ရောက်ဖူးသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်ရှိပြီ ဖြစ်သည်။

ပထမတစ်ခေါက်က နန်ဝူ နည်းပညာ တက္ကသိုလ်တွင် ဘွဲ့လွန် အင်တာဗျူး ဖြေရန်အတွက် နွေဦးအစောပိုင်းတွင် ခဏလာခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ခေါက်မှာမူ EAW Virtual Reality Tech City ၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခြင်း ဖြစ်သည်။

EAW ဆိုသည်မှာ 'ယို့ရှန်း' နည်းပညာကုမ္ပဏီက လာမည့်လကုန်တွင် ဖွင့်လှစ်မည့် ပထမဆုံးသော VR အတွေ့အကြုံစင်တာ ဖြစ်သည်။ သုံးရက်ကြာ စမ်းသပ်ဖွင့်လှစ်မှုမှာ အားရစရာ မရှိသဖြင့် ကုမ္ပဏီဘက်က နာမည်ကြီး ဘလော့ဂါများနှင့် ဗီဒီယို ဖန်တီးသူများကို ဖိတ်ခေါ်ကာ ကြိုတင် ကြော်ငြာပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ယွင်လီမှာလည်း တစ်ဦး အပါအဝင် ဖြစ်သည်။

ယွင်လီသည် သူမနှင့် ဆက်သွယ်ရမည့် တာဝန်ခံ 'မစ္စဟယ်' ကို WeChat တွင် အပ်ထားသည်။ ပွဲစီစဉ်သူများဘက်က သူမ၏ လေယာဉ်လက်မှတ်နှင့် တည်းခိုစရိတ်ကို တာဝန်ယူထားပြီး သူမ ရောက်လျှင်လည်း ကြိုမည့်သူ လွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။

သို့သော် မမျှော်လင့့်သောရာသီဥတု အခြေအနေကြောင့် လေယာဉ်က ၃ နာရီခန့် နောက်ကျခဲ့သည်။

လေယာဉ်ဆင်းချိန်ကို သူမ အသိပေးလိုက်ပြီးနောက် မစ္စဟယ်က အခြားသူတစ်ဦးကို လာကြိုရန် စီစဥ်ပေးမည်ဟု ပြောခဲ့တယ်။ လေယာဉ်ဆင်းပြီးနောက် ထပ်မေးကြည့်အခါမှာတော့ ကားထွက်လာပြီဖြစ်၍ စိတ်ရှည်ရှည်နဲ့ ခဏစောင့်ရန်သာ ပြန်ပြောခဲ့တယ်။

ဒါပေမယ့်ခုထိ ဘယ်သူ့ကိုမှ မတွေ့ရသေးသလို မစ္စဟယ်ဆီကလည်း ဘာသတင်းမှ ထပ်မလာတော့ပေ။

နောက် ၃ မိနစ်ဆိုလျှင် ယွင်လီ စောင့်နေသည်မှာ ၁ နာရီ ပြည့်တော့မည် ဖြစ်သည်။

ယွင်လီသည် ခရီးဆောင်အိတ်ပေါ်တွင် ထိုင်ကာ ခြေထောက်ကို အားပြုထားရင်း မျက်နှာကို တင်းထားပြီး မစ္စဟယ်ဆီ ပေးပို့မည့် စာတစ်စောင်ကို ရေးနေသည်။

ရေးပြီးနောက် စာသားများကို အစအဆုံး ပြန်ဖတ်ကြည့်လိုက်သည်။

အဆင်ပြေပါတယ်။ ရိုင်းစိုင်းတဲ့ စကားလုံး မပါဘူး၊ တစ်ဖက်လူရဲ့ တာဝန်ပျက်ကွက်မှုကို ဖော်ပြထားတယ်၊ လေသံက အေးစက်ပေမဲ့ ပြတ်သားတယ်...

သို့သော်လည်း ဖုန်းစခရင်ကို စိုက်ကြည့်နေရင်း ယွင်လီ တစ်ယောက် 'Send' ခလုတ်ကို နှိပ်ဖို့ ဝန်လေးနေမိသည်။

ဟူး... ရေးထားတာ နည်းနည်း ကြမ်းသွားသလား မသိဘူး...

စကားလုံးတွေကို ပြန်ပြင်ရမလားဟု သူမ တွေးနေစဉ်မှာပင် ဘေးနားက ခေါ်သံကြောင့် အတွေးစ ပြတ်သွားသည်။

"ဆောရီးနော်... မေးစရာရှိလို့ပါ"

အသံလာရာကို လှည့်ကြည့်လိုက်သောအခါ မရင်းနှီးသော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

စကားလာပြောသူမှာ သိမ်မွေ့သော မျက်နှာအသွင်အပြင်နှင့် ပိန်သွယ်သော ခန္ဓာကိုယ်ရှိပြီး ကျောင်းမပြီးသေးသည့် ကောလိပ်ကျောင်းသားလေးတစ်ယောက်နှင့် တူသည်။ သူက နည်းနည်း ရှက်ကိုးရှက်ကန်းနှင့် "ဒီကို လည်ပတ်ဖို့ လာတာလား ဒါမှမဟုတ်..." ဟု မေးလာသည်။

ဒါက ဒီညအတွက် သူမဆီကို ချဉ်းကပ်လာတဲ့ ခြောက်ယောက်မြောက်လူ ဖြစ်သည်။

ရှေ့က ငါးယောက်လုံးက "ကားငှားမလား"၊ "ဟိုတယ် ငှားလိုသလား" ဟု မေးခဲ့သူများသာ။

ယွင်လီက သူ့စကား မဆုံးခင်မှာပင် စိတ်ထဲက ကြိုတွေးပြီး လက်ယမ်းပြကာ ယဉ်ကျေးစွာ ငြင်းလိုက်သည်။

"မလိုပါဘူး၊ ကျေးဇူးပါပဲ..."

ကောင်လေးက ကြောင်သွားပြီး "ဟင်..."

ယွင်လီ: "ကျွန်မ လူစောင့်နေတာပါ။ ဟိုတယ်မှာ တည်းဖို့လည်း အစီအစဉ်မရှိဘူး။"

အခြေအနေက တစ်ခဏတာ တိတ်ဆိတ်သွားသည်။

သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြသည်။

သုံးစက္ကန့်လောက်ကြာတော့ ကောင်လေးက ခေါင်းကို ကုတ်ကာ "အဲဒါ မဟုတ်ပါဘူး..."

သူက ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ကျွန်တော်... ခင်ဗျားရဲ့ WeChat အကောင့်လေး တောင်းချင်လို့ပါ"

"..."

ယွင်လီ အံ့ဩသွားသည်။

ကောင်လေးက လေသံကို နည်းနည်းနှိမ့်ပြီး "ရမလားဟင်"

"ဪ... ရပါတယ်" ယွင်လီ သူမ အထင်မှားသွားသည်ကို သိလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပါ" ကောင်လေးက သူ့phကိုထုတ်ပြီး ပြုံးပြရင်း "ကျွန်တော် စကန်ဖတ်လိုက်ရမလား"

ယွင်လီ ခေါင်းညိတ်ပြရင်း ဖုန်းကို ပြန်ဖွင့်လိုက်ရာ ခုနက ရေးလက်စ စာရှည်ကြီး ပြန်ပေါ်လာသည်။ သူမ အမြန် ပြန်ထွက်ပြီး WeChat QR ကုဒ်ကို ဖွင့်ပြီးသူ့ကိုပေးလိုက်သည်။

ကောင်လေးက ကုဒ်ကို ဖတ်ပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။ "ကျွန်တော့် နာမည်က ဖုကျန်းချူ ပါ၊ နောင်ကျရင် ကျွန်တော်တို့..."

ဆက်သွယ်ရန် စာရင်းထဲမှာ အနီစက်လေး တစ်ခု ပေါ်လာသည်။

သူ့ရဲ့ Profile ပုံက icon လေးကို မြင်တော့ ယွင်လီ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရတယ်။ ခုနက ပျောက်သွားသော သံသယများက ပြန်ဝင်လာပြန်သည်။

နောက်တစ်စက္ကန့်မှာ သူ့နာမည်ပြောင်ထဲက စာလုံးခြောက်လုံးက သူမရဲ့အာရုံကို ဖမ်းစားသွားတယ်။

သူ့နာမည်နေရာတွင် ရေးထားသည်က — Tou Xian Ba Jiu Guesthouse

"..."

အခုခေတ် ဧည့်သည်ရှာတာက ဒီလို ပုံစံမျိုးအထိ ဖြစ်သွားပြီလား...

သို့သော် ဖုကျန်းချူကမူ သူ အကောင့်မှားသုံးမိသည်ကို မသိဟန်နှင့် ရည်ရွယ်ချက် အောင်မြင်သွားသည့်အလား ပြုံးနေသည်။ ထို့နောက် စိတ်ပူပေးဟန်ဖြင့် "အခု EAW ကို သွားမှာလား" ဟု မေးသည်။

ယွင်လီ သူ့ကို စိုက်ကြည့်လိုက်သည်။

ဖုကျန်းချူ "အဲဒီ VR အတွေ့အကြုံစင်တာကို ပြောတာပါ"

ယွင်လီ သတိထားပြီး မေးလိုက်သည်။ "ရှင် ဘယ်လိုသိတာလဲ"

"စောစောက ဖုန်းထဲက message တွေကို အမှတ်မထင် မြင်လိုက်မိလို့ပါ၊တောင်းပန်ပါတယ် တမင်ကြည့်တာ မဟုတ်ပါဘူးနော်" ဖုကျန်းချူက ဆက်ပြောသည်။ "ပြီးတော့ အဲဒီနေရာက ကျွန်တော့် ကျောင်းနားမှာဆိုတော့ မှန်းကြည့်လိုက်တာပါ"

ယွင်လီ့ဖုန်းထဲက မစ္္စဟယ်ရဲ့ နာမည်ဘေးမှာ EAW လို့ပဲ မှတ်ထားတာဖြစ်ပြီး VR စင်တာဆိုတာ မပါပေ။

ဒီရှင်းပြချက်က ကျိုးကြောင်းဆီလျော်တယ်လို့တော့ ထင်ရတယ်။

သူမ ခေါင်းညိတ်ပြလိုက်သည်။

ဖုကျန်းချူ"ဒါပေမဲ့ ဘာလို့ အခုလာတာလဲ၊ အဲဒါက လကုန်မှ ဖွင့်မှာ မဟုတ်ဘူးလား"

အချက်အလက်တွေက ကိုက်ညီနေသဖြင့် ယွင်လီလည်း မလိမ်တော့ဘဲ "ကျွန်မကို ဖိတ်ထားလို့ပါ" ဟု အမှန်အတိုင်း ဖြေလိုက်သည်။

"ဖိတ်ကြားခံရတာ?" ဖုကျန်းချူက နားမလည်သလို ဖြစ်သွားသော်လည်း ထပ်မမေးတော့ပေ။ "ဒါဆို အဲဒီက တစ်ယောက်ယောက်လာကြိုမှာကို စောင့်နေတာပေါ့"

"ဟုတ်တယ်"

"အဲ့တာဆို မင်းစောင့်နေတာ တော်တော်ကြာနေပြီပဲ" ဖုကျန်းချူက သူမ၏ အေးစက်မှုကို ဂရုမစိုက်ဘဲ ခဏလောက်တွန့်ဆုတ်ပြီးနောက် ထပ်မေးပြန်သည်။ "ဘယ်ကိုသွားမှာလဲ၊ ကျွန်တော် လိုက်ပို့ပေးရမလား"

ဒီစကား ကြားလိုက်ရချိန်တွင် ယွင်လီ့ရဲ့ ခုခံလိုစိတ်က ပြန်ပေါ်လာသည်။သူမခေါင်းခါလိုက်ပြီး  "မလိုပါဘူး၊ ကျေးဇူးပါ"

ဖုကျန်းချူ က"ဒုက္ခမများပါဘူး၊ အဲဒီနေရာက ကျွန်တော်နဲ့လည်း ပတ်သက်နေလို့ပါ"လို့ပြန်ပြောတယ်။

ယွင်လီ ပိုပြီး ဇဝေဇဝါ ဖြစ်သွားသည်။ "ရှင်?"

"ဪ..." ဖုကျန်းချူက ရှင်းပြဖို့ သတိရသွားသလိုနှင့် အေးအေးဆေးဆေး ပြန်ပြောသည်။ "အဲဒီ EAW က ကျွန်တော့် အစ်ကို ဖွင့်ထားတာမို့လို့ပါ"

ယွင်လီ: "..."

ရှင်ကိုယ်တိုင် ဖွင့်တာလို့ပဲ ပြောလိုက်ပါတော့လား...

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွင်လီ ထပ်တွေးလိုက်ပြန်သည်။  ဒီလူ့ရဲ့ လုပ်ရပ်တွေက တကယ်ကို ထူးဆန်းလွန်းတယ်။

ခဏခဏ လိမ်ပြောလိုက်၊ အတင်းခေါ်လိုက်နှင့်။ ဒါက တစ်ယောက်တည်း ခရီးသွားတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ လူကုန်ကူးတဲ့သူ ဒါမှမဟုတ် လိမ်လည်သူ တစ်စုရဲ့ လုပ်ရပ်နဲ့ တူနေသည်။ ထိုအတွေး ဝင်လာတာနဲ့ သူမ စိတ်မလုံခြုံတော့ပေ။

လူစည်ကားတဲ့ နေရာဆိုပေမဲ့...

ညဉ့်နက်သန်းခေါင်၊ မရင်းနှီးတဲ့နေရာမှာ.....

သူမ ကြောက်နေတာကို မသိသာစေရန် ဆင်ခြေတစ်ခု ပေးပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

သူ့စကားတွေက ကြွားဝါသလို ဖြစ်နေပြီး မရိုးသားသလို ခံစားရသည်ကို ဖုကျန်းချူ သဘောပေါက်သွားပုံရပြီး အလျင်အမြန် လိုက်ရှင်းပြသော်လည်း အခြေအနေက ပိုဆိုးသွားပြီး နောက်ဆုံးမှာတော့ သူ ထွက်သွားတော့သည်။

သတိထားသည့်အနေနှင့် ယွင်လီ ထိုနေရာမှာ ဆက်မနေတော့ပေ။

သူမသည် လေဆိပ်ထဲတွင် ဟိုဟိုဒီဒီ ပတ်လျှောက်နေပြီး ထိုကောင်လေး နောက်ယောင်ခံ လိုက်မလာတော့မှ စိတ်အေးသွားသည်။

ဒီကိစ္စကြောင့် ယွင်လီ ဒီမှာ ဆက်မစောင့်ချင်တော့ဘဲ ဖုန်းကို ပြန်ဖွင့်လိုက်သည်။

မစ္္စဟယ်က စာမပြန်သေးပေ။ သို့သော် စိတ်တိုတိုနှင့် ရေးထားသော စာသားတွေကို မြင်လိုက်ရချိန်တွင် စိတ်တိုတာတွေ လျော့သွားပြီး သက်ပြင်းချကာ စာလုံးတွေကို တစ်လုံးချင်း ပြန်ဖျက်လိုက်သည်။

အဆုံးမရှိ ဆက်စောင့်နေမည့်အစား ကိုယ့်ဘာသာကိုယ် စီစဉ်ဖို့ ဆုံးဖြတ်လိုက်သည်။ မစ္္စဟယ် ပို့ထားဖူးသော ဟိုတယ်နာမည်ကို ရှာကြည့်ရာ နန်ဝူ နည်းပညာ တက္ကသိုလ် အနီးတွင် ဖြစ်သည်။

သူမ ဆုံးဖြတ်ချက်ချတော့မည့် အချိန်မှာပင် ပျောက်ချက်သားကောင်းနေသော မစ္စဟယ်က ရုတ်တရက်စာပြန်လာသည်။

ယွင်လီ့ဆီက စာတွေ အများကြီး ရောက်နေ၍လား မသိ၊ မစ္စဟယ်က တောင်းပန်စကားတွေ တသီတတန်းကြီး ပြောလာသည်။ သူမ အိပ်ပျော်သွားသဖြင့် ကားသမား မလာနိုင်တော့သည့်အကြောင်းကို မသိလိုက်ရကြောင်းနှင့် အခု တခြားတစ်ယောက်ကို လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောလာသည်။

အနီးအနားမှာ ရှိနေတဲ့ EAW က ဝန်ထမ်းတစ်ယောက်က ကြိုပေးမည်ဟု ဆိုသည်။

ဒီတစ်ခါတော့ မစ္စဟယ်က တိတိကျကျ ပြောလာသည်။

ကားနံပါတ်ကို ပို့ပေးရုံသာမက ၁၀ မိနစ်အတွင်း ရောက်လာမည်ဟုလည်း ဆိုသည်။

နောက်ကျသွားသော်လည်း ပြဿနာတော့ ပြေလည်သွားပြီဖြစ်သည်။

ယွင်လီလည်း အပြစ်မတင်တော့ဘဲ "အိုကေ" ဟုသာ ပြန်လိုက်ပြီး ခရီးဆောင်အိတ်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ အထဲမှာတုန်းက မသိသာသော်လည်း အပြင်ထွက်လိုက်သည်နှင့် အေးစိမ့်စိမ့် လေထုကို ခံစားလိုက်ရသည်။