16
ဟော်ဝမ်လှည့်ကြည့်လိုက်သောအခါ ကျန်းယွင်လင်သည် မီးဖိုချောင်ထဲမှ
ပြုတ်ထားသည့်ကြက်ဥတစ်လုံးကိုကိုင်၍ ထွက်လာသည်ကိုတွေ့လိုက်ရ၏။ ကျန်းယွင်လင် ပြောလိုက်သည်။
“ဒီမှာကြက်ဥ၊ ဒီမနက်တင်ပြုတ်ထားတာ၊ ဆရာ့အိမ်မှာ နေ့လယ်စာစားရင်
ဒါလေးပါတွဲစားလိုက်နော်”
မနေ့က ဟော်ချင်း၏ခွင့်ပြုချက်ရထားသဖြင့် ကျန်းယွင်လင်သည်
အိမ်ရှိ ကြက်ဥများကိုကိုင်ရဲသွားပြီပင်။ ယနေ့မနက်အိုးထဲတွင် ကြက်ဥနှစ်လုံးကျန်နေသည်ကိုတွေ့သဖြင့်
ညီအစ်ကိုနှစ်ယောက်အတွက်တစ်လုံးစီ ပြုတ်ပေးလိုက်ခြင်းဖြစ်သည်။ ဟော်ဝမ် ကြက်ဥပြုတ်ကိုငေးရင်း
ကြောင်အမ်းအမ်းဖြင့်လှမ်းယူလိုက်၏။
လက်ထဲရှိကြက်ဥမှာ ပူနွေးနေပြီး ထိုအပူရှိန်မှာ လက်ဖဝါးမှတစ်ဆင့်
ရင်ထဲအထိပျံ့နှံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ငယ်သေးသော်လည်း ရွာထဲရှိအခြားကလေးများထက်
အတွေးအခေါ် ပိုရှိသူဖြစ်သည်။ ကျန်းယွင်လင်သည် ဆရာ့အိမ်တွင် သူဗိုက်မဝမည်ကိုစိုးရိမ်သဖြင့်
ဤကြက်ဥအား အထူးတလည်ပြုတ်ပေးလိုက်သည်ကို သိရှိသွားသဖြင့် ဟော်ဝမ့်ရင်ထဲ၌နွေးထွေးသွားရ၏။
သူ့မျက်နှာလေးမှာ နီမြန်းသွားပြီး ကျန်းယွင်လင်ကိုပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် လင်ကော”
ထို့နောက် သူကြက်ဥကို အိတ်ကပ်ထဲသို့ သေသေချာချာထည့်ကာ
လွယ်အိတ်အားပြင်လွယ်ပြီး အပြင်သို့ထွက်သွားတော့၏။ ဟော်ချင်း လှည်းတွန်း၍ထွက်လာစဉ် ထိုမြင်ကွင်းကို
မြင်လိုက်ရသဖြင့်ပြုံးမိသွားသည်။ အရင်ညက ကျန်းယွင်လင်ထံမှငွေကို လက်ခံလိုက်၍ဖြစ်နိုင်သည်။
လူငယ်လေးမှာ မနေ့ကကဲ့သို့ အားနာစိုးရိမ်စိတ်များမရှိတော့သည်ကို သတိထားမိလိုက်၏။
‘ဒါက ကောင်းတဲ့လက္ခဏာပါပဲလေ’
ယခု သူနေထိုင်ရန် ဆုံးဖြတ်ပြီးပြီဖြစ်သဖြင့် သူတို့သည်
မိသားစုကဲ့သို့ ဆက်ဆံကြရမည်ဖြစ်ရာ ကျန်းယွင်လင်ကို စိုးရိမ်ပူပန်မှုများဖြင့် မနေစေချင်သည်မှာ
အမှန်ပင်ဖြစ်သည်။ အချိန်တန်ပြီဖြစ်သဖြင့် ဟော်ချင်း ကျန်းယွင်လင်ကိုနှုတ်ဆက်ကာ မြို့ထဲသို့
ဝက်သားရောင်းရန်လှည်းတွန်းပြီး ထွက်ခွာသွားတော့၏။
နေ့လယ်ပိုင်းရောက်၍ သူအဝတ်အိတ်ကို သိမ်းဆည်းချိန်မှသာ
သူ့အိတ်ထဲတွင်ကြက်ဥပြုတ်တစ်လုံး ပါလာသည်ကို ဟော်ချင်းတွေ့ရှိသွားတော့သည်။ တစ်ဖက်တွင်လည်း
ကျန်းယွင်လင်သည် ညီအစ်ကိုနှစ်ယောက်ကို ပို့ဆောင်ပြီးနောက် ခြံဝင်းထဲသို့တစ်ကိုယ်တည်း
ပြန်ဝင်လာခဲ့၏။ နေရောင်ခြည် အနည်းငယ်ထွက်ပေါ်လာပြီဖြစ်သဖြင့် လေထုမှာ စောစောကကဲ့သို့အေးစိမ့်မနေတော့ပေ။
မနက်ခင်းလေထုမှာ လန်းဆန်းလှရာ ကျန်းယွင်လင်ခြံထဲတွင်
အသက်ဝဝရှူလိုက်ပြီးနောက် အိမ်အလုပ်များကိုစလုပ်တော့သည်။ မနက်စာစားထားသည့်ပန်းကန်များကို
ဆေးကြောပြီးနောက် တံမြက်စည်းကိုယူကာ အိမ်အတွင်းအပြင်ကို လှည်းကျင်းလိုက်၏။ အထူးသဖြင့်
မနေ့ကဖုန်တက်နေသည်ကို သူမြင်ခဲ့သည့် နေရာများကို သေသေချာချာသန့်ရှင်းရေးလုပ်လိုက်သည်။
ထို့ပြင် မီးဖိုချောင်ရှိ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့်
ရှာလကာရည်အိုးများကိုလည်း အဝတ်ဖြင့်ပြောင်စင်အောင် သုတ်ပေးလိုက်၏။ သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ
နေလုံးမှာ တောင်တန်းနှင့် တောအုပ်ပေါ်သို့မြင့်တက်လာပြီဖြစ်သည်။ ထိုအချိန်တွင် နောက်ဖေးခြံမှ
ကြက်တွန်သံထွက်ပေါ်လာသည်။ ဟော်ချင်းသည် မနက်က ကြက်စာနှင့်ဝက်စာများအား ကျွေးခဲ့သည်ကို
သူမြင်ထားသဖြင့် ယခု ကြက်တွန်သံမှာ ကြက်မများဥ ,ဥလိုက်ပြီဖြစ်ကြောင်း အချက်ပြခြင်းဖြစ်နိုင်သည်ဟု
သူတွေးမိ၏။
ကျန်းယွင်လင် အမိုးအောက်တွင် ချိတ်ထားသည့် ခြင်းတောင်းကိုယူကာ
နောက်ဖေးခြံသို့ သွားလိုက်သည်။ ကြက်ခြံသို့ရောက်သောအခါ မှန်းထားသည့်အတိုင်းပင် ကြက်ဥတစ်လုံးကို
တွေ့ရသည်။ ၎င်းမှာအသိုက်ထဲရှိ မြက်ခြောက်များပေါ်တွင်ရှိနေ၏။ ကြက်မများသည် လူနှင့်ရင်းနှီးနေသဖြင့်
ကျန်းယွင်လင်ဝင်လာသော်လည်း ထူးထူးခြားခြားမတုံ့ပြန်ကြပေ။ ၎င်းတို့မှနှစ်ချက်၊ သုံးချက်မျှ
အော်မြည်ကာ အစာရှာရန်ထွက်သွားကြသည်။
ရာသီဥတုမှာအေးလာပြီဖြစ်သဖြင့် ကြက်မများဥ, ဥနှုန်း
နည်းပါးလာရာ ကြက်မငါးကောင်အနက် နှစ်ကောင်သာ ဥ, ဥပေးနိုင်တော့၏။ ကြက်ဥများကို သိမ်းဆည်းပြီးနောက်
ကျန်းယွင်လင်ဝက်ခြံရှိ ဝက်များကိုသွားကြည့်လိုက်သည်။ ဤဝက်နှစ်ကောင်မှာ နှစ်ကုန်လျှင်
အသားစားရန်အတွက် ဟော်ချင်း အထူးတလည်ပြုစုပျိုးထောင်ထားခြင်းဖြစ်ရာ ၎င်းတို့၏ အရွယ်အစားမှာ
အတော်ပင်ကြီးမားလှ၏။ ရွာသားအများစု မွေးမြူသည့် ဝက်များမှာ ပေါင် ၁၀၀ ခန့်သာရှိတတ်သော်လည်း
နောက်ဖေးခြံရှိ ဤဝက်များမှာ အနည်းဆုံး ပေါင် ၂၀၀ကျော်ခန့်ရှိပုံရသည်။
ဝက်ကြီးနှစ်ကောင်ဗိုက်လေးများဖောင်းကားကာ ဝက်ခြံထဲတွင်
အိပ်မောကျနေကြသည်မှာ မြင်ရသူကို စိတ်ချမ်းသာစေ၏။ ရွာသားများမှာ အစာရှားပါးသဖြင့် ဝက်များကို
တစ်နေ့ နှစ်နပ်သာကျွေးလေ့ရှိသော်လည်း ဤဝက်များမှာမူ ဟော်ချင်း၏ဂရုစိုက်မှုကြောင့် တစ်နေ့သုံးနပ်စားရသဖြင့်
ဝဖြိုးကျန်းမာနေခြင်းဖြစ်သည်။ ဟော်ချင်းမှ မနက်စာတစ်နပ်ကျွေးခဲ့ပြီးပြီ ဖြစ်ရာ နောက်တစ်နပ်မှာ
နေ့လည်ပိုင်းတွင်ဖြစ်ပေမည်။
ဝက်စာအကြောင်းပြောရလျှင် ကျန်းယွင်လင်မှာ အနည်းငယ်ရှက်မိသည်။
သူ ရွာမှာနေစဉ်က ဝက်မမွေးဖူးသဖြင့် ဝက်စာစပ်နည်းကို သူသေချာမသိပေ။ သို့သော် ၎င်းမှာခက်ခဲမည်
မဟုတ်ပေ။ ဟော်ချင်းပြန်လာလျှင် သူသင်ယူလိုက်ရုံသာဖြစ်သည်။
အခြားလုပ်စရာများ မရှိတော့သည်ကို မြင်သောအခါ သူတံမြက်စည်းနှင့်
ဂေါ်ပြားကိုယူ၍ ကြက်ခြံနှင့် ဝက်ခြံကို သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်လိုက်၏။ ရာသီဥတုအေးလာသဖြင့်
နွေရာသီကဲ့သို့ ခြင်နှင့်ယင်မပေါသော်လည်း တိရစ္ဆာန်ခြံများကို သန့်ရှင်းအောင် ထားခြင်းဖြင့်
ကြက်နှင့်ဝက်များ ပို၍သက်သောင့်သက်သာရှိစေကာ ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချနိုင်ပေသည်။
သူအလုပ်ရှုပ်နေသဖြင့် ဟော်ချန်နင်ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လာသည်ကိုမသတိထားမိလိုက်ပေ။
ကျန်းယွင်လင် လှည့်ကြည့်လိုက်သောအခါ ဝက်ခြံအပြင်ဘက်တွင် ရုတ်တရက်လူတစ်ယောက် ရောက်နေသည်ကိုတွေ့လိုက်ရသဖြင့်
လန့်သွားရသည်။