Ch 15
Viewers 1k

15



နောက်တစ်နေ့နံနက် ကြက်တွန်သံထွက်ပေါ်လာပြီး မကြာမီမှာပင် ကျန်းယွင်လင် နိုးလာခဲ့သည်။ အရင်ညက သူ ကောင်းမွန်စွာအိပ်စက်ခဲ့ရသဖြင့် စောစောနိုးသော်လည်း လန်းဆန်းနေ၏။ ဆောင်းရာသီ နီးကပ်လာပြီဖြစ်၍ အရုဏ်တက်ချိန်သည် နောက်ကျလှရာ အပြင်ဘက်တွင်မှောင်နေဆဲပင်။





သူတံခါးကို တွန်းဖွင့်လိုက်သောအခါ အေးစိမ့်စိမ့်လေကြောင့် တုန်တက်သွားရ၏။ ကျားလင်စီရင်စု၌ နိုဝင်ဘာလလောက်မှသာ ဝတ်လေ့ရှိသည့် အပေါ်အင်္ကျီပါးလေးကို အမြန်ထုတ်ဝတ်ပြီးနောက် အပြင်သို့ခြေဖျားထောက်ကာ ထွက်လာခဲ့သည်။ ခြံထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်သို့ သွားလိုက်သည်။ သူမြို့ပေါ်တွင် နေထိုင်စဉ်၌ မိသားစုအများစုမှာ အတော်အတန်ပြည့်စုံကြသဖြင့် တစ်နေ့ သုံးနပ်စားကြသော်လည်း တောင်သူတောင်သားများအတွက်မူ ထိုသို့မဟုတ်ပေ။





ရွာထဲရှိလူအများစုမှာ အလွန်ဆင်းရဲသဖြင့် တစ်နေ့လျှင်နှစ်နပ်သာစားနိုင်ကြသည်။ ဟော်မိသားစုအကြောင်းကိုမူ မနေ့က သူစုံစမ်းထားပြီးဖြစ်သည်။ ဟော်ဝမ်မှာ ကျန်းမာရေးမကောင်းသဖြင့် အစားအသောက်အကန့်အသတ်ရှိရာ ညီအစ်ကိုနှစ်ယောက်စလုံးသည် တစ်နေ့သုံးနပ်ကို မပျက်မကွက်စားကြ၏။ သို့သော် ဟော်ဝမ်မှာနေ့စဉ် ဆရာကျိုးအိမ်သို့သွားကာ စာသင်ရသည်။ ဆရာကျိုးမှာ စည်းကမ်းကြီးပြီး ဖြောင့်မတ်သူဖြစ်ရာ ကျောင်းသားများကို မနက် ၇ နာရီ ၁၅မိနစ်တွင် အရောက်လာခိုင်းပြီး ညနေ ၅နာရီမှပြန်လွှတ်လေ့ရှိ၏။ ဆောင်းရာသီတွင်မူ ညနေ ၃နာရီခွဲခန့်၌ စောစောပြန်လွှတ်တတ်သည်။




ထို့ကြောင့် ဟော်ဝမ်သည် နေ့စဉ်ဆရာကျိုးအိမ်၌ပင် နေ့လည်စာစားရပြီး ထိုစရိတ်မှာ နှစ်စဉ်ကျောင်းလခထဲတွင် ပါဝင်ပြီးသားဖြစ်၏။ သို့သော်လည်း နေ့လည်စာမှာ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ ပေါက်စီနှင့် ဟင်းသီးဟင်းရွက် သို့မဟုတ် ဟင်းရွက်ချဉ်များသာများပြားပြီး ဆယ်ရက်၊ တစ်လစာအတွင်း အသားဟင်းကိုမြင်ရခဲလှသည်။ ဟော်ချင်းမှာမူ မြို့ထဲသို့ အသားသွားရောင်းရသဖြင့် အချိန်ဇယားမှာ ပုံသေမရှိပေ။





သူ့နေ့လည်စာမှာ ပေါက်စီ သို့မဟုတ် ပန်ကိတ်အချို့သာဖြစ်ပြီး တစ်ခါတစ်ရံမှသာ မြို့ထဲ၌ဖက်ထုပ်အချို့ဝယ်ကာ အမြန်စားလိုက်ရခြင်းဖြစ်သည်။ သူသည် စားသောက်ရသည်ကို ဝါသနာမပါသကဲ့သို့ပင်နေတတ်၏။ ဤသည်ကိုကြည့်လျှင် ညီအစ်ကိုနှစ်ယောက်အတွက် မနက်စာနှင့်ညစာမှာ အလွန်တရာအရေးကြီးလှသည်။ ကျန်းယွင်လင် မနေ့ည၌ အိပ်ရာမဝင်မီကတည်းမှ အားလုံးကိုကြိုတင်စီစဉ်ထားပြီးဖြစ်သည်။




ဟော်ဝမ်မှာ ကျန်းမာရေးမကောင်းသကဲ့သို့ နာတာရှည်ဖျားနာနေသူဖြစ်ရာ အစားအသောက်ပျက်တတ်သည်။ ထို့ကြောင့် သူယနေ့မနက်စောစောထကာ ညီအစ်ကိုနှစ်ယောက်အား အစာကြေလွယ်စေရန် ဆန်ပြုတ်တစ်အိုးချက်ဖို့ပြင်ဆင်လိုက်၏။ ၎င်းအပြင် ပန်ကိတ်အချို့ကိုလည်းဖုတ်ရန် စိတ်ကူးထားသည်။ ဟော်ချင်းသည် နေ့စဉ်လှည်းကို အဝေးကြီးတွန်းနေရသူဖြစ်ရာ ဗိုက်ထဲတွင် အမာခံအစားအစာ ရှိနေမှသာ အလုပ်လုပ်ရန်ခွန်အားရှိပေမည်။




ကျန်းယွင်လင် မီးခတ်ကျောက်ကိုခတ်ကာ မီးစရအောင်လုပ်ပြီး မြက်ခြောက်များကို မီးမွှေး၍ မီးဖိုကြီးထဲသို့ရွှေ့လိုက်သည်။ မီးဖိုထဲတွင် မီးတောက်လာသောအခါ ထင်းအချို့ကိုထပ်ထည့်လိုက်၏။ ရေတစ်ခွက်ထည့်ကာ အရင်ဆုံးဆူအောင် တည်ထားလိုက်သည်။ သို့မှသာ ညီအစ်ကိုနှစ်ယောက် နိုးလာချိန်တွင်သောက်ရန် ရေနွေးအဆင်သင့် ရှိနေပေမည်။ ရေဆူလာသောအခါ ကျန်းယွင်လင် မီးဖိုချောင်ရှိ ဆန်အိုးနှင့် ဂျုံအိုးများကို သွားရောက်စစ်ဆေးလိုက်သည်။




ဖျင်ယောင်စီရင်စုတွင် ဂျုံကိုအဓိက စားသော်လည်း ဆန်ကိုလည်းစားကြသည်။ သို့သော် ဆန်မှာဂျုံထက် ဈေးပိုရသဖြင့် မိသားစုအများစုသည် ဆန်ကို မြို့ပေါ်သို့ တက်ရောင်းလေ့ရှိပြီး ကိုယ်တိုင်စားရန် အနည်းငယ်သာချန်ထားတတ်ကြ၏။ ကျန်းယွင်လင် ဆန်အိုးအဖုံးကိုဖွင့်ကြည့်လိုက်ရာ ဆန် အများကြီးမကျန်တော့သည်ကို တွေ့ရသည်။ ၎င်းမှာ ညီအစ်ကိုနှစ်ယောက် ကိုယ်တိုင်ချက်စားရန် ချန်ထားသည့် ဆန်ဖြစ်ပုံရ၏။ ဆန်ပြုတ်အတွက် အသုံးပြုရန်မှာ အနည်းငယ်နှမြောစရာ ကောင်းနေသည်။ 




ကံကောင်းထောက်မစွာဖြင့် ဘေးရှိအိုးကြီးတစ်လုံးထဲ၌ ရောစပ်ဆန်အိုးတစ်ဝက်ခန့်ရှိနေသည်ကို သူတွေ့လိုက်ရ၏။ ရောစပ်ဆန်ဆိုသည်မှာ ကြမ်းတမ်းသည့် ကောက်ပဲသီးနှံအမျိုးအစားဖြစ်သည်။ ရွာသားများသည် များသောအားဖြင့် ဂျုံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးလေ့ရှိပြီး ဆောင်းဦး၌ ရိတ်သိမ်းကြ၏။ ဆန်နှင့်ဂျုံမလောက်ငသည့်အခါမျိုးတွင် ရောစပ်ဆန်ကိုချက်ပြုတ်ကာ အဓိကအစားအစာအဖြစ်စားသုံးကြ၏။




ဖရုံသီးနှင့် ရောစပ်ဆန်ကိုရောချက်လျှင် ဆန်ပြုတ်လုပ်နိုင်သည်ကို သူသိထားသည်။ ထိုသို့ချက်သည့် ဖရုံသီးရောစပ်ဆန်ပြုတ်မှာ ကိုယ်ခန္ဓာကိုနွေးထွေးစေသည့်အပြင် နူးညံ့ချိုမြိန်‌သေးသည်။ ကျန်းယွင်လင် ဆန်ကြမ်းပန်းကန်လုံးတစ်ဝက်ခန့်ကို ခပ်ယူပြီး ဆေးကြောကာရေစိမ်ထားလိုက်၏။ ဆန်ကြမ်းစိမ်ထားစဉ်အတွင်း ဖရုံသီးအချို့ကို လှီးဖြတ်အခွံနွှာပြီး လက်နှစ်လုံးခန့်အရွယ်အစားရှိ အတုံးလေးများ တုံးထားလိုက်သည်။




အိုးထဲသို့ရေထည့်ကာ ဆေးကြောထားသည့်ဆန်ကြမ်းများကို ထည့်လိုက်ပြီးနောက်ဂျုံနယ်တော့၏။ ပန်ကိတ်ကိုအလွှာလိုက်ပြုလုပ်ခြင်းမှာ ပုံမှန်မုန့်လုပ်သည်နှင့် များစွာမကွာလှသော်လည်း အလွှာများဖြစ်စေမည့် ဂျုံနှစ်ကိုပြင်ဆင်ရန် အဆင့်တစ်ခုပိုသွားခြင်းသာဖြစ်သည်။ ဂျုံမှုန့်ထဲသို့ ဆားအနည်းငယ်ဖြူးပြီးနောက် အိုးထဲတွင် ဝက်ဆီပါးပါးသုတ်ကာ အပူပေးလိုက်၏။ ဝက်ဆီအရည်ပျော်သွားသောအခါ ဂျုံမှုန့်ပေါ်သို့လောင်းချပြီး သမအောင်နယ်လိုက်သည်။ ၎င်းမှာပန်ကိတ်ကို အလွှာလေးများဖြစ်စေမည့် အနှစ်ပင်ဖြစ်၏။ ပန်ကိတ်လုပ်ရန် အချိန်အများကြီးမပေးရပေ။




ဟော်ချင်းနှင့် ဟော်ဝမ်တို့မနိုးသေးသဖြင့် ကျန်းယွင်လင်အလောတကြီးမလုပ်သေးဘဲ လက်ဆေးကာဆန်ပြုတ်အိုးကိုသွားကြည့်လိုက်သည်။ ဆန်များမှာဆူပွက်နေပြီဖြစ်သော်လည်း နူးညံ့သည့်အဆင့်သို့ မရောက်သေးပေ။ ကျန်းယွင်လင် အိုးအောက်ခြေကပ်မသွားစေရန် သစ်သားယောင်းမဖြင့် အနည်းငယ်မွှေပေးပြီးနောက် လှီးထားသည့်ဖရုံသီးများကို အိုးထဲသို့ထည့်လိုက်၏။ ထို့နောက် မီးဖိုထဲသို့ထင်းတိုတစ်ချောင်းထပ်ထည့်ကာ မီးအေးအေးဖြင့် အရှိန်သတ်ထားလိုက်သည်။




ဆန်ပြုတ်မှမွှေးကြိုင်သည့် ရနံ့များ ထွက်ပေါ်လာချိန်တွင် ဟော်ချင်းနိုးလာ၏။ အမှန်စင်စစ် အချိန်မှာစောလွန်းသေးသဖြင့် အပြင်ဘက်တွင် အလင်းရောင်သိပ်မရှိသေးပေ။ သို့သော် ဟော်ချင်းသည် ပုံမှန်အားဖြင့် ဤအချိန်တွင်နိုးနေကျဖြစ်သဖြင့် အလေ့အထဖြစ်နေပြီပင်။ အိပ်ချင်မူးတူးဖြစ်နေဆဲ ဟော်ချင်းမှာ မနက်စာအတွက် ပေါက်စီအနည်းငယ်အပူပေးရန် မီးဖိုချောင်သို့သွားမည်ဟု ကြံရွယ်ထားစဉ် တံခါးဖွင့်လိုက်သည်နှင့် မီးဖိုချောင်မှလွင့်ပျံ့လာသော ဆန်ပြုတ်နံ့မွှေးမွှေးလေးကို ခံစားလိုက်ရသည်။




ဟော်ချင်း ခေတ္တမှင်တက်သွားပြီးမှ အိမ်တွင်ကောလေးတစ်ယောက်ရောက်နေသည်ကို သတိရသွား၏။ လက်များကိုပွတ်သပ်ရင်း မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ အတွင်းတွင် ကျန်းယွင်လင်သည် ဆန်ပြုတ်ကိုပန်းကန်လုံးထဲသို့ ခပ်ထည့်နေ၏။ အသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ဟော်ချင်းကိုမြင်ရသဖြင့် ပြုံးပြလိုက်သည်။





“အစ်ကိုဟော်  နိုးပြီလား”



ဟော်ချင်း အသာပြန်ဖြေလိုက်၏။




"အင်း"



ပူနွေးနေသည့် ဆန်ပြုတ်ပန်းကန်လုံးကိုကိုင်ထားသည့် ကျန်းယွင်လင်အားမြင်သောအခါ သူအနားသို့ အမြန်သွားပြီး လှမ်းယူလိုက်ကာမေးလိုက်သည်။




“စောစောစီးစီး နိုးနေတာလား”




သူသည် နူးနူးညံ့ညံ့ရှိလှသည့် ထိုကောလေးအပူလောင်မည်ကို စိုးရိမ်မိ၏။ သူ့လက်ထဲတွင် မည်သည့်အရာမှမရှိတော့သောအခါ ကျန်းယွင်လင် ခေတ္တကြောင်သွားပြီးမှ ရင်ထဲတွင်နွေးထွေးသည့် ခံစားချက်လေးဖြစ်ပေါ်လာသည်။ သူ ပြုံးကာပြန်ဖြေလိုက်၏။





“ဟုတ်ကဲ့ မနေ့ညကကောင်းကောင်း အိပ်ပျော်သွားလို့ ဒီနေ့ စောစောနိုးနေတာပါ”




ထို့နောက် ဟော်ချင်းကို သူဆက်ပြောလိုက်သည်။




“မနက်စာက ခဏနေအဆင်သင့်ဖြစ်တော့မှာပါ၊ ပန်ကိတ်တွေလည်းကြော်ပေးမယ်လေ၊ အဲ့ဒါက အရမ်းမြန်တယ်၊ အစ်ကိုဟော်တို့ ဘယ်အချိန်နိုးမလဲမသိလို့မကြော်သေးတာ၊ အစ်ကိုဟော် အရင်ဆုံး ကိုယ်လက်သန့်စင်လိုက်ပါလား၊ ပြန်လာရင်စားလို့ရပြီ”




ပန်ကိတ်ကြော်မည့်အကြောင်းကြားသောအခါ ဟော်ချင်း တံတွေးမျိုချမိသွားပြီး ခေါင်းညိတ်ကာ ခြံထဲသို့ကိုယ်လက်သန့်စင်ရန် ထွက်သွား၏။ သူ ဆေးကြောနေစဉ်မှာပင် ဟော်ဝမ်လည်းနိုးလာရာ ညီအစ်ကိုနှစ်ယောက် ခြံထဲ၌ အတူတူမျက်နှာသစ်၊ ပလုတ်ကျင်းကြသည်။ ဟော်ချင်းမှာ ဦးစွာဆေးကြောပြီးသွားသဖြင့် ဟော်ဝမ်ကို မီးဖိုချောင်သို့သွားကာ ကျန်းယွင်လင်အားကူညီရန် တစ်ခုခုရှိမလားကြည့်ခိုင်းလိုက်သည်။ သူကိုယ်တိုင်လည်း အနားမနေပေ။




မီးဖိုချောင်ရှိရေအိုးမှာ တစ်ဝက်ခန့် လျော့နေသည်ကိုမြင်သဖြင့် ရှေ့ခြံရှိ ရေတွင်းသို့ရေပုံးနှစ်ပုံးယူသွားကာ ရေခပ်ပြီးအိုးထဲ ဖြည့်ပေးလိုက်သည်။ ထို့နောက် နောက်ဖေးခြံသို့သွားကာ ကြက်စာ၊ ဝက်စာများကျွေးလိုက်၏။ ဤအလုပ်များ ပြီးစီးသွားသောအခါ ဧည့်ခန်းထဲရှိဟော်ဝမ်မှ မနက်စာစားရန် လှမ်းခေါ်သည်ကို ကြားလိုက်ရသည်။ ဟော်ချင်း လက်ဆေးပြီးနောက် အထဲသို့ဝင်ကာ ထိုင်လိုက်၏။




မနက်စာမှာ ဖရုံဆန်ကြမ်းဆန်ပြုတ်နှင့် ပန်ကိတ်ကြော်တို့ဖြစ်သည်။ ကျန်းယွင်လင် အချဉ်အိုးထဲမှ မုန်လာဥချဉ်နှင့် သခွားချဉ်အချို့ကိုထုတ်ကာ အတုံးလေးများတုံးပြီး ဆန်ပြုတ်နှင့်တွဲစားရန် ပြင်ပေးထားသည်။ ဆန်ပြုတ်မှာ ရွှေရောင်ဝင်းနေပြီး ဖရုံသီး၏သဘာဝအချိုကြောင့် သကြားမပါသော်လည်း အလွန်တရာချိုမြိန်လှသည်။ ၎င်းမှာ နူးညံ့လှသကဲ့သို့ ပန်ကိတ်များမှာလည်း ကြွပ်ရွပြီးဝါးရသည်မှာ အရသာရှိလှ၏။ 




ပန်ကိတ်ကိုလက်ဖြင့်ဖဲ့ကာ ဆန်ပြုတ်နှင့် တွဲစားလိုက်ရသည်မှာ အဆီပြန်ခြင်းလုံးဝမရှိဘဲ အဆင်ပြေလှပေသည်။ ဤမနက်စာမှာ ညီအစ်ကိုနှစ်ယောက်အတွက် အလွန်တရာပြည့်စုံလွန်းသည့် အစားအစာပင်ဖြစ်သည်။




မနက်စာစားပြီးနောက် ဟော်ဝမ် လွယ်အိတ်ကိုလွယ်ကာ နွားလှည်းစီးရန် အပြင်သို့ထွက်ဖို့ပြင်ဆင်စဉ် ကျန်းယွင်လင်လှမ်းခေါ်လိုက်၏။




“ရှောင်ဝမ် ခဏနေဦး”