17
ဟော်ချန်နင် မိမိကြောင့်တစ်ဖက်လူ လန့်သွားသည်ကိုသိသဖြင့် အနည်းငယ် အားနာသွားရ၏။
“အားနာလိုက်တာ ငါမင်းကိုလန့်သွားအောင်လုပ်မိတာလား”
ဟော်ချန်နင် သူ့ပါးကိုသူကုတ်လိုက်ရင်း တက်ကြွရွှင်လန်းသည့် အသံလေးဖြင့် ပြုံးပြလိုက်သည်။
“ငါ့နာမည်က ဟော်ချန်နင်ပါ၊ တချင်းရဲ့ ညီဝမ်းကွဲပေါ့၊ မနေ့ကငါ့အမေ တချင်းတို့အိမ်ကို ကောလေးတစ်ယောက်ရောက်နေတယ်လို့ပြောပြလို့ လာကြည့်တာပါ”
ဟော်ထျဲ့ရှန်းနှင့် လီရှီတို့တွင် သားသမီးသုံးယောက်ရှိရာ သားကြီး ဟော်ချီ၊ သမီးလတ်ဟော်ချန်ကျစ်နှင့် အငယ်ဆုံးသားဟော်ချန်နင်တို့ဖြစ်၏။ ဟော်ချန်နင်မွေးဖွားချိန်တွင် မိသားစု အခြေအနေမှာ ကောင်းမွန်နေပြီဖြစ်သည့်အပြင် အငယ်ဆုံးသားလေးလည်းဖြစ်သဖြင့် လူတိုင်း၏အလိုလိုက်ခြင်းကိုခံရသူဖြစ်သည်။ ထို့ကြောင့် သူ့စိတ်နေစိတ်ထားမှာ အပြစ်ကင်းစင်ပြီး တက်ကြွလန်းဆန်းပေသည်။ သူသည် လီရှီပြောခဲ့သည့် ကောလေးဖြစ်မှန်းသိလိုက်ရသဖြင့် ကျန်းယွင်လင် စိတ်အေးသွားကာပြုံးပြလိုက်၏။
“အစ်ကိုနင် ကျွန်တော့်နာမည်က ကျန်းယွင်လင်ပါ”
ဟော်ချန်နင်ခေါင်းလေးစောင်းကာ ကျန်းယွင်လင်ကို ခေတ္တမျှစိတ်ဝင်တစား စိုက်ကြည့်နေသည်။ ထို့နောက် သူ့မျက်လုံးဝိုင်းကြီးများမှာ လခြမ်းကွေးလေးများအလား ပိတ်သွားသည်ထိပြုံးလိုက်ပြီး ပြောလိုက်သည်။
“လင်ကောအာ မင်းကတကယ်လှတာပဲ၊ ဒီလောက်လှတဲ့သူမျိုး ငါတစ်ခါမှမမြင်ဖူးဘူး”
ဟော်ချန်နင်၏စကားမှာ ဟန်ဆောင်မှုမပါဘဲ ပွင့်လင်းလွန်းလှသဖြင့် ကျန်းယွင်လင်မှာ အနည်းငယ်ရှက်သွေးဖြန်းသွားရသည်။ သူလည်း ပြန်လည်ချီးကျူးလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုလည်း ကြည့်ကောင်းပါတယ်”
“တကယ်လား”
ချီးကျူးစကားကြောင့် ဟော်ချန်နင်မှာမနေနိုင်ဘဲ မျက်ခုံးလေးများပင့်တက်သွားကာ ခေါင်းလေးကိုတဆတ်ဆတ် ငြိမ့်ပြနေတော့၏။ ခေါင်းနောက်တွင် စည်းထားသည့် အဝါနုရောင်ဖဲကြိုးလေးမှာလည်းလှုပ်ခါနေပြီး သူ့ကြည့်ရသည်မှာအလွန်တရာပျော်ရွှင်နေပုံရသည်။
“တကယ်တော့ ငါလည်းငါ့ကိုယ်ငါ တော်တော်ကြည့်ကောင်းတယ်လို့ ထင်တာပဲ”
ဟော်ချန်နင်တွင် ဝိုင်းစက်သည့် မျက်နှာနှင့်မျက်လုံးဝိုင်းဝိုင်းလေးများ ရှိရာမြင်သူတိုင်း ရင်းနှီးချင်စရာ ကောင်းလှသည်။ ထိုကဲ့သို့ ပွင့်လင်းရွှင်လန်းသည့်စရိုက်ကြောင့် ကျန်းယွင်လင်လည်း သဘောတကျပြုံးမိသွား၏။ ဟော်ချန်နင်သည်လည်း ဤညီအစ်ကိုအသစ်လေးကို အလွန်သဘောကျသွားသည်။ ရုပ်ရည်ချောမောရုံသာမက နူးညံ့သိမ်မွေ့သဖြင့် သူ့အနားတွင်နေရသည်မှာ သက်သောင့်သက်သာရှိလှ၏။ ထို့ကြောင့် သူကပင်စတင်ရင်းနှီးအောင် လုပ်လိုက်သည်။
“နောက်ဆိုရင် ငါ့ကိုချန်နင် ဒါမှမဟုတ် နင်အာလို့ပဲခေါ်နော်၊ ငါ့မိသားစုက အဲ့လိုပဲခေါ်ကြတာ”
ထို့နောက် သူကျန်းယွင်လင်ကို ကြည့်ကာမေးလိုက်၏။
“ငါက ဒီနှစ်မှဆယ့်ငါးနှစ်ပဲရှိသေးတာ၊ လင်ကောအာကော ဘယ်နှနှစ်ရှိပြီလဲ”
ကျန်းယွင်လင်မှာ ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ဟော်ချန်နင်ပြုံး၍ ပြောလိုက်သည်။
“ဒါဆို မင်းကငါ့ထက် တစ်နှစ်ကြီးတာပေါ့၊ ငါကလင်ကောကောလို့ ခေါ်ရမှာပဲ”
ဟော်ချန်နင်မှာ သဘာဝအတိုင်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းယွင်လင်မှာလည်း နူးညံ့သော်လည်း လက်ပေါက်ကပ်သူမဟုတ်ပေ။ ထို့ကြောင့် လူငယ်နှစ်ယောက်မှာ မကြာမီမှာပင် ရင်းနှီးသွားကြတော့၏။ နေ့လည်စာစားချိန် နီးကပ်လာသဖြင့် ကျန်းယွင်လင်အိမ်တွင် ထမင်းစားရန် ဖိတ်ခေါ်ရာ ဟော်ချန်နင်လည်း အားမနာဘဲလက်ခံလိုက်သည်။ ရိုးရှင်းသည့်နေ့လည်စာလေးဖြစ်သင့်သော်လည်း ကျန်းယွင်လင်၏လက်ရာကြောင့် စားကောင်းသောက်ဖွယ်ဖြစ်သွား၏။
ဟော်ချန်နင်သည် ကျန်းယွင်လင်၏ဟင်းချက်လက်ရာကို အကြွင်းမဲ့ အရှုံးပေးလိုက်ရပြီး အိမ်ပြန်ရောက်သည့်အခါတွင်လည်း မိသားစုဝင်များကို တဖွဖွချီးကျူးပြောဆိုနေတော့သည်။ တစ်ဖက်တွင်မူ ဟော်ချင်း မြို့ထဲသို့လှည်းတွန်းကာ ရောက်ရှိချိန်၌ အရုဏ်တက်ပြီးစသာရှိသေး၏။ ကျန်းယွင်လင်နေထိုင်ခဲ့သည့် ကျားလင်ရှိမြို့ငယ်လေးနှင့်မတူဘဲ ပိုင်လျိုခရိုင်မှာ စည်ကားသည့်ခရိုင်မြို့ကြီးတစ်ခု ဖြစ်သည်။ ၎င်းကိုပတ်ပတ်လည်တွင် ကျေးရွာခုနစ်ရွာ၊ ရှစ်ရွာခန့်ဝန်းရံထား၏။ ယန်ရှီရွာမှာ မြို့နှင့်အလှမ်းဝေးသည့် အလယ်အလတ် နေရာတွင်ရှိသော်လည်း ပုံမှန်လမ်းလျှောက်လျှင် တစ်နာရီနီးပါးကြာမြင့်ပေသည်။
သို့သော် ဟော်ချင်းသည် အသက်ဆယ့်ငါးနှစ်ကတည်းမှ ဤလမ်းကိုနေ့စဉ် သွားလာနေသူဖြစ်ရာ လမ်းအခြေအနေကို အလွန်တရာကျွမ်းကျင်နေပြီဖြစ်သည်။ လေးလံသည့်လှည်းကို တွန်းနေရသော်လည်း သူ့အရှိန်မှာ အခြားသူများထက်မနှေးလှပေ။ မဟာရွှမ်မင်းဆက်၏အာဏာမှာ ယခုနှစ်ပိုင်းအတွင်း ပိုမိုခိုင်မာလာသကဲ့သို့ ပြည်သူများ၏ဘဝမှာလည်း တည်ငြိမ်အေးချမ်းလာသဖြင့် ကုန်သွယ်မှုများလည်းထွန်းကားလာ၏။
ပိုင်လျိုခရိုင်အတွင်း တောင်နှင့်မြောက်မှကုန်သည်များ သွားလာနေသည်ကို မကြာခဏမြင်တွေ့ရတတ်သည်။ ကုန်သွယ်မှုပိုမိုဖွံ့ဖြိုးစေရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးမှ လွန်ခဲ့သောနှစ်အနည်းငယ်တွင်း မြို့ကိုစနစ်တကျပြန်ပြင်ဆင်ခဲ့သည်။ နေအိမ်များနှင့်ဈေးကို သီးသန့်ခွဲထုတ်လိုက်သည့်အပြင် ဈေးအတွင်း၌လည်း ကဏ္ဍအလိုက်ထပ်မံ ခွဲခြားလိုက်သည်။ အသားနှင့် ဟင်းသီးဟင်းရွက်ရောင်းသူများကို တစ်နေရာ၊ လူသုံးကုန်ပစ္စည်းရောင်းသူများကို အခြားတစ်နေရာစသဖြင့် သတ်မှတ်ပေးခဲ့၏။
ဟော်ချင်းသည် ကိုယ်ပိုင်သားသတ်သမားအလုပ်ကို ယမန်နှစ်, နှစ်ကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်မီက သူသည်မြို့ထဲရှိ ကျန်းမျိုးရိုးသားသတ်သမားအိမ်တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သည်။ သူ့ဆရာမှာမြို့ထဲ၌ သားသတ်ဆိုင်ပိုင်ဆိုင်သူဖြစ်သည်။ သို့သော် ယမန်နှစ်၌ ဆရာကျန်း၏သားဖြစ်သူမှာ စာမေးပွဲအောင်မြင်ပြီး အခြားဒေသတွင် အရာရှိဖြစ်သွားသဖြင့် မိသားစုတစ်ခုလုံးလိုက်ပါသွားကြခြင်းဖြစ်သည်။
ဟော်ထျဲ့ဖုန်းအသက်ရှိစဉ်၌ ဆရာကျန်းနှင့်ရင်းနှီးခဲ့သဖြင့် ဆရာကျန်းမှာ ဟော်ချင်းအပေါ် ကောင်းမွန်စွာ ဆက်ဆံပြီးပညာများကို သေသေချာချာ သင်ကြားပေးခဲ့၏။ နောက်ပိုင်းတွင် ဟော်ချင်း၏ကြိုးစားအားထုတ်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကြောင့် သူ့ကိုမိသားစုဝင်တစ်ဦးကဲ့သို့ပင် မှတ်ယူလာခဲ့သည်။ မြို့မှမထွက်ခွာမီ ဆရာကျန်းမှဆိုင်ကို ဟော်ချင်းအား လွှဲပေးချင်ခဲ့သော်လည်း ဟော်ချင်းတွင် ငွေအလုံအလောက်မရှိသည့်အပြင် ဆရာ့အလုပ်များကို မနှောင့်နှေးစေချင်သဖြင့်ငြင်းဆန်ခဲ့၏။
ဆရာကျန်း မည်မျှပင်တိုက်တွန်းသော်လည်း မအောင်မြင်သဖြင့် နောက်ဆုံးတွင်ဆိုင်ကို အခြားသူတစ်ဦးထံသာရောင်းချခဲ့ရသည်။ ဟော်ချင်းမှာမူ ကိုယ်ပိုင်ဆိုင်မရှိသော်လည်း ဈေးအတွင်း၌ ရေရှည်ငှားရမ်းနိုင်သည့် ခုံတန်းလေးများရှိ၏။ ဆိုင်ခန်းခမှာ တစ်လလျှင် ကြေးပြားရှစ်ဆယ်ဖြစ်ပြီး သုံးလစာကြိုတင်ပေးရသည်။ ဟော်ချင်း ဆိုင်ခန်းတစ်ခုကို ငှားရမ်းထားရာ သုံးလလျှင် ကြေးပြားနှစ်ရာ့လေးဆယ် ပေးဆောင်ရ၏။
ဆောင်းဦးနှင့် ဆောင်းရာသီတွင် အရုဏ်တက်နောက်ကျသဖြင့် မြို့ခံများမှာ မနက် ၇ နာရီ ၁၅ မိနစ် နောက်ပိုင်းမှသာ ဈေးဝယ်ထွက်လေ့ရှိကြသည်။ ထို့ကြောင့် ဤအချိန်တွင် ရောင်းသူအများစုမှာ ဆိုင်ပြင်ဆင်နေကြဆဲဖြစ်သည်။ ဟော်ချင်းလည်း ထိုနည်းတူပင်။ ဆိုင်ခန်းသို့ရောက်သောအခါ သူသည်အဝတ်ဖြင့် စားပွဲခုံနှင့် ကိရိယာများကို အရင်ဆုံးသုတ်လိုက်ပြီးမှ အသားများကိုဆိုင်ပေါ်သို့ တင်လိုက်၏။
ပထမအချက်မှာ သူကိုယ်တိုင်က သန့်ရှင်းမှုကို နှစ်သက်သူဖြစ်ပြီး၊ ဒုတိယအချက်မှာ သားသတ်သမား တစ်ဦးအနေဖြင့် အဆီဖတ်များဖြင့် ညစ်ပတ်နေသည့်ဆိုင်ထက် သန့်ရှင်းသပ်ရပ်သည့်ဆိုင်ကသာ ဝယ်သူကိုဆွဲဆောင်နိုင်သောကြောင့်ဖြစ်သည်။ ဆိုင်ပြင်ပြီးသောအခါ ဝက်ကိုယ်ထည်မှ လတ်ဆတ်သည့်အဆီနှင့် အသားများ အချို့ကိုလှီးဖြတ်ကာ ကောက်ရိုးကြိုးဖြင့်သီပြီး ဝယ်သူများမြင်သာအောင် ချိတ်ဆွဲထားလိုက်၏။
ကျန်ရှိသည့် အသားများကိုမူ နံရိုး၊ အဆီသားနှင့် ဝက်သားသုံးထပ်သား စသည်ဖြင့် အစိတ်အပိုင်းအလိုက် စားပွဲခုံပေါ်တွင် အစဉ်လိုက်ခင်းကျင်းထားလိုက်သည်။ မနေ့ကသူဝယ်ခဲ့သည့် ဝက်မှာ အသားကောင်းသဖြင့်ရောင်းရရန် မခက်ခဲနိုင်ပေ။ သူပြင်ဆင်ပြီးချိန်တွင် နေလုံးကြီးထွက်ပေါ်လာပြီဖြစ်ရာ ဈေးအတွင်း၌ ဈေးဝယ်ထွက်လာသည့် အမျိုးသမီးနှင့် အမျိုးသားများဖြင့် စည်ကားလာတော့၏။
သူ့ဘေးပတ်ဝန်းကျင်ရှိ အသား၊ ဟင်းသီးဟင်းရွက်နှင့် မုန့်မျိုးစုံရောင်းသူများလည်း ဈေးခေါ်သံများစတင်လိုက်ကြသည်။ ဟော်ချင်း၏ အသားဆိုင်လည်း စတင်ရောင်းချတော့၏။ ဤဈေးတွင် သူဆိုင်ဖွင့်လာသည်မှာ နောက်တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။ သူသည် စီးပွားရေးလုပ်ရာတွင် ရိုးသားသူ ဖြစ်ပြီး ဝယ်သူကိုအလေးခိုးခြင်း သို့မဟုတ် အသားပုပ်များရောင်းချခြင်းမျိုး လုံးဝမလုပ်ပေ။
ထို့ပြင် ဆိုင်ခန်းမဟုတ်ဘဲ ဈေးဆိုင်တန်းဖြစ်သဖြင့် ဈေးနှုန်းမှာလည်း ဆိုင်ကြီးများထက် ကြေးပြားအနည်းငယ်ပိုသက်သာ၏။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပုံမှန်ဝယ်ယူသည့် ဖောက်သည်များရရှိလာခဲ့သည်။ အဒေါ်လီမှာ ထိုသူများထဲမှတစ်ဦးဖြစ်သည်။ သူမသည် ရှီဖန်လမ်းတွင်နေထိုင်ပြီး သူမသားဖြစ်သူမှာ မြို့ထဲရှိ စားသောက်ဆိုင်တစ်ခုတွင် စာရင်းကိုင် လုပ်ကိုင်သူဖြစ်၏။ စာရင်းတွက်ရုံဖြင့် တစ်လလျှင် ငွေနှစ်တုံးကျော်ရရှိသဖြင့် သူတို့မိသားစုဘဝမှာ အတော်အတန် အဆင်ပြေလှသည်။ သို့သော် သူဌေးကြီးများကဲ့သို့တော့ မဟုတ်ပေ။ မိသားစုဝင်များပြားပြီး သားဖြစ်သူ တစ်ဦးတည်းကသာ ရှာဖွေရသဖြင့် တတ်နိုင်သမျှ ချွေတာကြရသည်။
“အိုး သားသတ်သမားဟော် ဒီနေ့မှပဲလာနိုင်တော့တယ်နော်၊ မနေ့ကဈေးဝယ်လာတော့ မင်းဆိုင်ပိတ်ထားတာနဲ့ကြုံရတယ်”
အဒေါ်လီ ဟော်ချင်းနှင့် ခေတ္တစကားစမြည် ပြောလိုက်၏။ ဟော်ချင်းပြုံးကာ ပြန်ပြောလိုက်သည်။
“အဒေါ်လီ လာပြီလား”
ထို့နောက် သူရှင်းပြလိုက်၏။
“မနေ့ကအိမ်မှာ ကိစ္စလေးတွေရှိနေလို့ မြို့ထဲဆိုင်လာမဖွင့်ဖြစ်တာပါ”
ထို့နောက် အဒေါ်လီကိုကြည့်ကာ သူမေးလိုက်သည်။
“အဒေါ် ဒီနေ့ရော ဟင်းရည်သောက်ဖို့ အရိုးဝယ်ဦးမလား”
အဒေါ်လီတွင် ခြောက်နှစ်အရွယ်မြေးလေးတစ်ယောက်ရှိရာ ခေါင်းဝိုင်းဝိုင်းနှင့် ဉာဏ်ကောင်းလှသဖြင့် သူမက အလွန်အလိုလိုက်ထား၏။