Ch 2
Viewers 1k

2





မိဘများ၏နာရေးပြီးဆုံးသည့် နောက်တစ်နေ့တွင် ရွာ၌နေထိုင်သော အဖွားဖြစ်သူစွန်းသည် ဦးလေးလတ်၊ ဦးလေးငယ်တို့နှင့်အတူ အိမ်တံခါးဝသို့ရောက်ရှိလာခဲ့သည်။ ဖခင်သေဆုံးပြီး မိခင်ဖြစ်သူပါ ကွယ်လွန်သွားသည်ကို အခွင့်ကောင်းယူကာ ထိုဆွေမျိုးတစ်သိုက်သည် ဖခင်ကျန်ရစ်ခဲ့သော ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန် အကြံအစည်ဖြင့် သူ့ကိုမြို့ပေါ်ရှိ သူဌေးတစ်ဦးထံ ကိုယ်လုပ်တော်အဖြစ်ရောင်းစားရန် ကြံစည်ခဲ့ကြ၏။





အဖွားဖြစ်သူမှာ သူ့မိခင်၏ကဗ္ဗည်းတိုင်ကိုပင် လက်ညှိုးထိုးကာ ကျက်သရေမရှိသူဟုကျိန်ဆဲခဲ့ပြီး ဖခင်ဖြစ်သူ သေဆုံးရခြင်းမှာ သူမကြောင့်ဖြစ်သည်ဟုပင် စွပ်စွဲပြောဆိုခဲ့သေးသည်။ ကျန်းယွင်လင်သည် ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေသော်လည်း မည်မျှကြိုးစားစေကာမူ ထိုယုတ်မာရိုင်းစိုင်းသော စကားများကို ပြန်လည်မချေပနိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူသည်ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မိသားစုနှင့် ရင်းနှီးသောမြို့ပေါ်မှ မြို့စောင့်တပ်မှူးတစ်ဦးကို ဖိတ်ခေါ်ထားခဲ့သောကြောင့် ထိုဆွေမျိုးတစ်သိုက်မှာ လန့်ဖြပ်ထွက်ပြေးသွားကြသည်။





သို့သော် ထိုကိစ္စပြီးနောက်တွင် ကျန်းယွင်လင်သည် ရှင်းနင်မြို့၌ဆက်လက်နေထိုင်၍မရနိုင်တော့ကြောင်း သိလိုက်ရ၏။ မဟာရွှမ်မင်းဆက်သည် မိဘဘိုးဘွားများအပေါ် သိတတ်ရိုသေမှုကို အခြားအရာအားလုံးထက် ပို၍တန်ဖိုးထားပေသည်။ အကယ်၍ ဤကိစ္စသည်သာ တရားရုံးသို့ တကယ်ရောက်သွားခဲ့ပြီး မြေးတစ်ယောက်အနေဖြင့် အဖွားဖြစ်သူကို တရားစွဲဆိုခဲ့မည်ဆိုလျှင် သိတတ်ရိုသေမှုဆိုသော အကြောင်းပြချက်တစ်ခုတည်းဖြင့်ပင် သူ့ရပ်တည်ချက်မှာ အခြေအမြစ်ရှိမည်မဟုတ်ပေ။





ဤအကြောင်းကြောင့်ပင် အဖွားဖြစ်သူနှင့် ဦးလေးတို့၏မိသားစုများသည် ယခုတစ်ကြိမ်တွင် လန့်ဖြပ်ထွက်ပြေးသွားကြသော်လည်း မကြာမီပြဿနာလာရှာရန် ပြန်ရောက်လာကြဦးမည်ကို ကျန်းယွင်လင် သိနေခဲ့ခြင်းဖြစ်သည်။ မြို့စောင့်တပ်မှူးလျန်သည် သူ့ကိုယခုတစ်ကြိမ်တွင် ကူညီပေးနိုင်သော်လည်း အကြိမ်တိုင်းတွင်တော့ ကူညီပေးနိုင်မည် မဟုတ်ချေ။ ထို့အပြင် ထိုသူများက မကြာခဏဆိုသလို လာရောက်ပြဿနာရှာနေမည်ဆိုလျှင် အဆုံးတွင် လမ်းသွယ်လေးထဲရှိ အခြားမိသားစုများ၏နေထိုင်မှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်လာစေမည် ဖြစ်သည်။





သူ့မိသားစုသည် ဟွိုင်ဟွာလမ်းသွယ်ရှိ အိမ်နီးချင်းများနှင့် နှစ်ပေါင်းများစွာ အဆင်ပြေပြေ နေထိုင်လာခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မည်မျှပင်နက်ရှိုင်းသော သံယောဇဉ်ဖြစ်စေကာမူ ပွန်းပဲ့ပျောက်ကွယ်သွားမည်သာဖြစ်၏။ သူသည် မြို့ထဲတွင် နေရာသစ်တစ်ခုရှာဖွေနိုင်သော်လည်း မြို့လေးတစ်မြို့တည်းသာ ဖြစ်နေသေးသဖြင့် အဖွားဖြစ်သူတို့က လွယ်ကူစွာ စုံစမ်းသိရှိနိုင်ပြီး အိမ်တံခါးဝသို့ လာရောက်နှောင့်ယှက်နိုင်ဆဲဖြစ်ရာ ဤသည်မှာ သံသရာလည်နေဦးမည်သာပင်။





ထို့ကြောင့် ရှင်းနင်မြို့မှထွက်ခွာခြင်းသည်သာ ယခုလောလောဆယ်တွင် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့သည်။ သို့ရာတွင် အခြားဆွေမျိုးများထံ ခိုလှုံရန် ရှင်းနင်မြို့မှ ထွက်ခွာရခြင်းမှာ ကျန်းယွင်လင်အတွက် မလွယ်ကူလှပေ။ သူ့မိခင်ကျီဝမ်ရုံသည် မူလကမြို့ပေါ်ရှိ ကုန်သည်မိသားစုမှ အချစ်မခံရသောကိုယ်လုပ်တော်ဖွားသမီးတစ်ဦး ဖြစ်သည်။ ဖခင်နှင့်လက်ထပ်ပြီးနောက်တွင် သူမသည် မိခင်ဘက်မှ ဆွေမျိုးများနှင့် အဆက်အသွယ်လုံးဝဖြတ်တောက်ခဲ့၏။ သူမ သက်ရှိထင်ရှားရှိစဉ်ကပင် အဘိုးအဘွားများဘက်မှ မိသားစုနှင့် မည်သည့်အခါကမှ ပတ်သက်ဆက်နွှယ်ခြင်းမရှိခဲ့ရာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကျီမိသားစုတစ်ခုလုံး ရှင်းနင်မြို့မှ ပြောင်းရွှေ့နိုင်ခဲ့ခြင်းမှာ ဆိုဖွယ်ရာပင်မရှိတော့ချေ။





သူ့အဖွားနှင့် ဦးလေးနှစ်ယောက်မှာလည်း ထိုကဲ့သို့လူစားမျိုးများသာဖြစ်ကြသည်။ ထို့ပြင် မိဘများတစ်သက်တာလုံးပေါင်းသင်းခဲ့သော မိတ်ဆွေများမှာ ရှင်းနင်မြို့တွင်သာရှိကြပြီး အခြားသော သွေးဝေးဆွေမျိုးများလည်းမရှိခဲ့ပေ။ တစ်ဦးတည်းသော ချွင်းချက်မှာ မိခင်ဖြစ်သူလက်မထပ်မီက အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ယခုအခါ ဖျင်ယောင်စီရင်စုရှိ ကျောက်မိသားစုနှင့် အိမ်ထောင်ကျနေသော ကျန်းယွင်လင်မှ အဒေါ်ကျောက်ဟုခေါ်ဆိုရမည့် ကျောက်ရှန်ယီပင်ဖြစ်လေသည်။





ယခု ဖျင်ယောင်စီရင်စုသို့ လှေဖြင့်သွားနေသော ခရီးစဉ်မှာလည်း ကျောက်မိသားစုထံတွင် သူခိုလှုံရန်ပင်။ ဝန်ခံရမည်ဆိုလျှင် အနည်းငယ်ရှက်စရာကောင်းသော်လည်း ဤအမျိုးသမီးကျောက်မှာ သူ့မိခင်၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ရုံသာမက သူ့အနာဂတ် ယောက္ခမလည်းဖြစ်နေ၏။ ကျန်းယွင်လင်သည် ဤအကြောင်းကိုမကြာသေးမီကမှ သိရှိခဲ့ရခြင်းဖြစ်သည်။ ကျီဝမ်ရုံ မကွယ်လွန်မီ တစ်ရက်အလိုတွင် ကျန်းမာရေး ဆုတ်ယုတ်လာကြောင်း သိရှိသွားပြီး သားငယ်လေးကို စောင့်ရှောက်မည့်သူမပါဘဲ ထားခဲ့ရမည်ကိုစိုးရိမ်သောကြောင့် ကျန်းယွင်လင်ကို ကုတင်ဘေးသို့ခေါ်ကာ ဤအတိတ်မှအဖြစ်အပျက်ကို သေချာစွာ ရှင်းပြခဲ့လေသည်။





ထိုအချိန်မှသာ ကျန်းယွင်လင်သည် မိဘများကသူ့အတွက် အိမ်ထောင်ဖက် စီစဉ်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။ မိခင်ဖြစ်သူ၏အဆိုအရ သူမနှင့် ကျောက်ရှန်ယီတို့သည် ငယ်စဉ်ကတည်းက အတူတကွကြီးပြင်းလာခဲ့ကြခြင်းဖြစ်၏။ ကျောက်မိသားစုမှာ သူ့မိခင်အိမ်နှင့်ကပ်လျက်တွင် နေထိုင်ကြပြီး သူတို့နှစ်ဦးစလုံးမှာ မိသားစုကြီးတစ်ခုမှကိုယ်လုပ်တော်ဖွားသမီးများ ဖြစ်ကြသောကြောင့် ညီအစ်မများကဲ့သို့ အထူးရင်းနှီးခဲ့ကြလေသည်။





နောင်တွင် ကျောက်မိသားစုသည် ကျားလင်မှနေ၍ ဖျင်ယောင်သို့ပြောင်းရွှေ့သွားခဲ့ပြီး သူတို့တစ်ဦးစီသည် မတူညီသောမိသားစုများသို့ အိမ်ထောင်ကျခဲ့ကြသော်လည်း ဆက်ဆံရေးမှာခိုင်မာနေဆဲဖြစ်ကာ အိမ်ထောင်ကျပြီးနောက်တွင်လည်း စာများအပြန်အလှန် ပေးပို့ခဲ့ကြပေသည်။ မိခင်ဖြစ်သူမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကို ဟော်မိသားစုအိမ်သို့ ခေါ်သွားခဲ့ကြပြီး ထိုအချိန်က မိသားစုနှစ်ခုသည် ဤငယ်ရွယ်စဉ်စေ့စပ်မှုကို စီစဉ်ခဲ့ကြကာ လက်ထပ်စာချုပ်ကိုပင် ရေးသားခဲ့ကြသည်ဟုလည်း ပြောပြခဲ့သည်။





သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်၌ ကျောက်ရှန်ယီနှင့် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး စာများစွာပေးပို့ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှမရရှိခဲ့ပေ။ သူ့မိဘများသည် ကျောက်ရှန်ယီထံတွင် တစ်ခုခုဖြစ်နေသလားဆိုသည်ကို သွားရောက်ကြည့်ရှုရန် ယခုနှစ်တွင် သူ့ကိုဖျင်ယောင်သို့ ခေါ်သွားရန် မူလက စီစဉ်ထားခဲ့သော်လည်း ဤမျှော်လင့်မထားသော အဖြစ်အပျက်များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။





အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ပြီး ထိုစဉ်က ကျန်းယွင်လင်မှာလည်း အလွန်ငယ်ရွယ်သေးသောကြောင့် ဘာကိုမှမှတ်မိမနေခဲ့ပေ။ ထို့ကြောင့် မိခင်ဖြစ်သူမှ ထိုအကြောင်းကိုပြောပြသောအခါ သူအံ့သြမှင်တက်သွားခဲ့သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူကြီးပြင်းလာသည်ထိ သူ့အတွက် အိမ်ထောင်ရေးစီစဉ်ပေးခြင်းနှင့်ပတ်သက်၍ မိဘများမှဘာကြောင့်မပြောခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။





သူသည် ထိုလက်ထပ်စာချုပ်ကိုလည်း ရှာတွေ့ခဲ့သည်။ စေ့စပ်ကြောင်းလမ်းသည့်စာအရ သူတစ်ခါမှမတွေ့ဖူးခဲ့သော ခင်ပွန်းလောင်းမှာ ဟော်ချင်းဟု အမည်ရပြီး ဖျင်ယောင်စီရင်စု၊ ပိုင်လျိုခရိုင်၊ ယန်ရှီးရွာတွင် နေထိုင်ကြောင်း သိရ၏။ ကျန်းယွင်လင်မှာ တွေဝေသွားပြီး အကူအညီမဲ့သလိုခံစားလိုက်ရသည်။





မိခင်ဖြစ်သူမှာမကွယ်လွန်မီ သူ့လက်ကိုဆုပ်ကိုင်ကာ သူမမရှိတော့ပါက ဖျင်ယောင်စီရင်စုရှိ ကျောက်ရှန်ယီထံသို့ ထိုလက်ထပ်စာချုပ်ကိုယူသွားရန် ထပ်ခါတလဲလဲမှာကြားခဲ့လေသည်။ စာချုပ်မရှိလျှင်တောင် အမျိုးသမီးကျောက်သည် သူတို့၏အတိတ်မှဆက်ဆံရေးအရ ဤကိစ္စကိုသိရှိသွားသည်နှင့် သူ့ကို လျစ်လျူရှုထားမည်မဟုတ်ကြောင်းလည်း ပြောခဲ့သေး၏။ လူငယ်လေးတစ်ယောက်သည် သူ့စေ့စပ်ထားသူ မိသားစုထံတွင်ခိုလှုံရန် လက်ထပ်စာချုပ်ကို ကိုင်ဆောင်ကာ တစ်ယောက်တည်း လာရောက်ရခြင်းမှာ မည်မျှရှက်ဖွယ်ကောင်းကြောင်း ကျီဝမ်ရုံ ကောင်းစွာသိရှိထားသော်လည်း သူမ၌ တကယ်ပင်အခြားရွေးချယ်စရာ မရှိခဲ့ပေ။





သူမခန္ဓာကိုယ်မှာ ဆက်မတောင့်ခံနိုင်တော့ချေ။ သူမနှင့်ခင်ပွန်းဖြစ်သူတို့သည် နှစ်ပေါင်းများစွာကြာမှ ဤကလေးတစ်ယောက်တည်းကိုသာ ရရှိခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် ကလေး၏ အသက်ရှင်သန်ရေးကို သေချာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ ကျန်းယွင်လင်ကလည်း ဤအချက်ကို နားလည်ထားပေသည်။





ထို့ကြောင့် မိဘများ၏နာရေးကိစ္စများကို စီစဉ်ပြီးနောက် ရန်လိုနေသော ဆွေမျိုးတစ်သိုက်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် မိမိပစ္စည်းများကိုပြတ်ပြတ်သားသားသိမ်းဆည်းကာ ရှင်းနင်မြို့မှ ထွက်ခွာခဲ့ပြီး စေ့စပ်ထားသူဟော်မိသားစုထံတွင်ခိုလှုံရန် ဖျင်ယောင်စီရင်စုသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ယနေ့သည် လှေပေါ်မှသူ့အတွက်စတုတ္ထမြောက်နေ့ ဖြစ်၏။





မြစ်ကြီးသည် ရှည်လျားသောလှေကြီးကို မြောက်ဘက်သို့ သယ်ဆောင်သွားခဲ့သည်။ စိုးရိမ်ပူပန်မှုများနှင့် နွမ်းနယ်မှုများ ပြည့်နှက်နေသော ကျန်းယွင်လင်သည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူ့အနာဂတ်တွင် ဘာတွေဖြစ်လာမည်ကို သူမသိခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူသည်မဖြစ်မနေ ရုန်းကန်ရင်းဖြင့်သာ ဘဝကိုဆက်လက်ဖြတ်သန်းရပေလိမ့်မည်။ သို့သော် ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲမှ မိခင်ဖြစ်သူ၏ စကားများကိုတော့ သူအမြဲတမ်းမှတ်မိနေခဲ့၏။ ရင်ခွင်ထဲမှ အထုပ်ကလေးကို တင်းကျပ်စွာပိုက်ထားရင်း ကျန်းယွင်လင် တွေးလိုက်သည်။





"အမေ စိတ်မပူပါနဲ့၊ အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ သားအကောင်းဆုံး ဆက်ရှင်သန်သွားမှာပါ"