1
ကောင်းကင်ကြီးမှာ မှိုင်းညို့နေသည်။ ကျင်းကျန်းမြစ်ပြင်ထက်တွင် ကုန်စည်များနှင့် ခရီးသည်များကို တင်ဆောင်လာသောကူးတို့လှေတစ်စင်းမှာ တောင်မှမြောက်သို့ ဆန်တက်လာ၏။ မြစ်ရေစီးကြောင်းမှာကြမ်းတမ်းပြီး လှေကိုယ်ထည်ကို ရိုက်ခတ်သွားသော ရေလှိုင်းဖြူများမှာလည်း ဖြာထွက်သွားလေသည်။ လှုပ်ခါနေသော လှိုင်းလုံးများနှင့်အတူ လွန်စွာနွမ်းနယ်နေပြီဖြစ်သော ကျန်းယွင်လင်သည် နောက်ဆုံးတွင် အိပ်မောကျသွားခဲ့သည်။
အိပ်မက်ထဲတွင် သူသည်ရင်းနှီးကျွမ်းဝင်နေသော ခြံဝင်းလေးဆီသို့ပြန်ရောက်သွား၏။ သူ့ကိုချစ်မြတ်နိုးလှသောမိဘများမှာ ထိုနေရာတွင်ရှိနေဆဲဖြစ်ကာ မိသားစုဝင်များသည် ခြံထဲရှိ သစ်တော်ပင်အောက်တွင်ရပ်နေကြသည်။ ယခုနှစ်သစ်တော်သီးခူးချိန်တွင် ပျားရည်သစ်တော်ယိုအရင်လုပ်မည်လား သို့မဟုတ် သစ်တော်သီးသကြားမုန့်ပေါင်း အရင်လုပ်မည်လားဆိုသည်ကို တိုင်ပင်ဆွေးနွေးနေကြပေသည်။
သူ့ဖခင်မှာ အမြဲလိုလိုပင် မိခင်၏ဆန္ဒကို မလွန်ဆန်နိုင်ဘဲ ယခုတစ်ကြိမ်တွင်လည်း ချွင်းချက်မရှိခဲ့ပေ။ ဇနီးမောင်နှံနှစ်ဦးမှာ ခေတ္တမျှငြင်းခုံနေကြသော်လည်း နောက်ဆုံးတွင် ကျန်းချန်ကအလျှော့ပေးလိုက်ပြီး ခေါင်းရမ်းကာ မတတ်နိုင်သည့်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပါပြီ၊ ဒါဆိုလည်း ရှောင်ရုံစကားကိုနားထောင်ပြီး ပျားရည်သစ်တော်ယို တစ်အိုးအရင်လုပ်ကြတာပေါ့"
သူသည် သစ်တော်သီးများဝေဆာစွာသီးနေသောအပင်ကို လှမ်းကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကာ သူ့ဘာသာ ရေရွတ်လိုက်၏။
"ဒီနှစ်တော့ သစ်တော်သီးတွေ အများကြီးပဲ၊ သစ်တော်ယိုလုပ်ပြီးရင် ငါ့သားက ငါ့အတွက် သစ်တော်သီးသကြားမုန့်ပေါင်းလေးတွေလည်း လုပ်ပေးနိုင်သေးတယ်"
ကျီဝမ်ရုံကတော့ ခင်ပွန်းဖြစ်သူ၏စကားကို ကြားလိုက်ရသဖြင့် ပြုံးလိုက်ပြီး သူမနှုတ်ခမ်းများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်ပေသည်။ ကျန်းယွင်လင်လည်းပြုံးလိုက်ကာ လှေကားတစ်စင်းကို ရွှေ့ယူလာပြီး သစ်တော်သီးခူးရန် အပေါ်သို့ တက်သွားခဲ့သည်။ သို့ရာတွင် သစ်တော်သီးတစ်လုံးကိုခူးပြီး မိဘများကို စကားပြောရန် သူလှည့်ကြည့်လိုက်ချိန်တွင် သစ်ပင်အောက်၌ အမြဲရပ်ကာ သူ့ကိုအကြင်နာပြုံးများဖြင့် ငေးကြည့်နေတတ်သော ဇနီးမောင်နှံနှစ်ဦးမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
"အဖေ"
ကျန်းယွင်လင်သည် လှေကားပေါ်တွင် ရပ်နေရင်း သူ့လက်ထဲတွင်ကြီးမားချိုမြိန်သော သစ်တော်သီးတစ်လုံးကို ကိုင်ထားကာ မျက်ဝန်းများမှာ ဗလာကျင်းသွားတော့၏။
"အမေ အဖေ၊ အဖေ ဘယ်မှာလဲ"
ကျန်းယွင်လင်မှာ အဖြေမရဘဲ အကြိမ်ကြိမ်အော်ခေါ်ရင်း အထိတ်တလန့် ဖြစ်လာခဲ့၏။ သူသည် ရှေ့သို့ပြေးထွက်သွားကာ အော်ဟစ်နေသော်လည်း တိတ်ဆိတ်နေသောခြံဝင်းထဲတွင် သူ့အသံများသာပဲ့တင်ထပ်နေခဲ့သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ရှေ့မှမြင်ကွင်းမှာလည်း ပြောင်းလဲသွားခဲ့လေ၏။ ခြောက်ကပ်နေသောခြံဝင်းထဲတွင် မျက်စိကျိန်းစရာကောင်းသော နာရေးစာတန်းတစ်ခု ချိတ်ဆွဲထားပြီး အမိုးအောက်ရှိ အဖြူရောင်မီးအိမ်တစ်စုံမှာလည်း လေထဲတွင်ယိမ်းထိုးနေပေသည်။
"အဖေ အမေ၊ ဘယ်တွေသွားကြတာလဲ၊ သားကို ဘာလို့ခေါ်မသွားကြတာလဲ"
ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ထားသော ကျန်းယွင်လင်သည် ခြံဝင်းထဲတွင် ပျော့ခွေစွာဒူးထောက်နေပြီး သူ့မျက်လုံးများမှာ နီရဲနေ၏။ သူတီးတိုးရေရွတ်နေသည်။
"အားလုံးထွက်သွားကြပြီး သားကို တစ်ယောက်တည်း ထားခဲ့ကြတယ်၊ သား ဘယ်လိုဆက်ရှင်သန်ရမလဲ"
ထိုစဉ် သူ့ခေါင်းပေါ်သို့ လေညင်းလေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး မိခင်ဖြစ်သူ၏ အကြင်နာယုယမှုကဲ့သို့ပင်ဖြစ်သည်။ ကျန်းယွင်လင် ထုံပေပေဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူ့ရှေ့တွင်ရပ်နေသော မိခင်ဖြစ်သူ၏နူးညံ့လှပသောပုံရိပ်နှင့် သူမဘေးရှိဖခင်ဖြစ်သူတို့မှာ သူ့ထံအပြုံးလေးဖြင့်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
"အဖေ အမေ ပြန်လာကြပြီလား"
ကျန်းယွင်လင်မှာ လန့်သွားသော်လည်း မိခင်ဖြစ်သူမှပြုံးလျက် သူမလက်ကိုမြှောက်ကာ သူ့မျက်နှာကိုထိတွေ့လိုက်သည်ကို မြင်လိုက်ရသည်။ သူမမျက်နှာထားမှာ လွမ်းဆွတ်မှုနှင့် မခွဲခွာလိုမှုတို့ ရောယှက်နေသော်လည်းပြုံးနေဆဲပင်ဖြစ်၏။
"သားလေး အဖေနဲ့အမေတို့သွားတော့မယ်၊ အဖေတို့အမေတို့မရှိတော့ရင်တောင် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ မှတ်ထားရမယ်နော်၊ ဆက်ရှင်သန်ပါ ကလေးရယ်၊ ဘာပဲဖြစ်ဖြစ် သားဆက်ရှင်သန်ရမယ်"
ကျန်းယွင်လင်သည် ထိတ်လန့်တကြားဖြင့် မိဘများ၏လက်ကိုဖမ်းဆုပ်ရန် လက်လှမ်းလိုက်သော်လည်း သူလက်လှမ်းလိုက်ချိန်တွင် သူ့လက်ချောင်းများသည် ကျီဝမ်ရုံ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။ သူတို့ခန္ဓာကိုယ်များသည် မီးခိုးငွေ့များကဲ့သို့ ဝေဝါးသွားပြီး တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့လေ၏။
"အဖေ အမေ"
ကျန်းယွင်လင်သည် သူ့လက်များကို လေထဲတွင်ရမ်းခါရင်း ဘာကိုမှ ဆုပ်ကိုင်မိခြင်းမရှိဘဲ အော်ဟစ်လိုက်ကာ အိပ်ရာပေါ်မှ ရုတ်တရက်ထထိုင်လိုက်သည်။ သစ်သားလှေကြီးမှာ မြစ်ရေလှုပ်ခါမှုကြောင့် တကျွိကျွိမြည်သံများထွက်ပေါ်နေပြီး ကျဉ်းမြောင်းကာ လေဝင်လေထွက်မကောင်းသော အခန်းငယ်လေးထဲတွင် ချွေးနံ့နှင့် အစားအစာနံ့များ ရောနှောနံစော်နေ၏။
ကျန်းယွင်လင်မှာ ခေတ္တမျှ ကြောင်တောင်တောင်ဖြစ်သွားပြီး သူဘယ်ရောက်နေသလဲဆိုသည်ကို မှတ်မိရန် အချိန်အနည်းငယ်ယူလိုက်ရသည်။ ဟုတ်ပေ၏။ သူသည်ငယ်စဉ်ကတည်းမှ မွေးဖွားကြီးပြင်းခဲ့ရာ ရင်းနှီးကျွမ်းဝင်နေသော ခြံဝင်းလေးကို စွန့်ခွာခဲ့သည်မှာကြာလှပြီဖြစ်သည်။ ယခုမူ ဖျင်ယောင်စီရင်စုသို့သွားမည့် ဤလှေပေါ်သို့ တစ်ယောက်တည်းတက်လာခဲ့ခြင်းပင်။
ဤအကြောင်းကိုတွေးမိသောအခါ ကျန်းယွင်လင်မျက်ဝန်းများတွင် ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူသည် သစ်သားပြားနံရံကို ကျောမှီကာ ဒူးကိုပိုက်လျက်ထိုင်နေလိုက်သည်။ သူ့အထုပ်အပိုးကို တင်းကျပ်စွာပိုက်ထားပြီး ဤအနေအထားမျိုးဖြင့်သာ သူလုံခြုံသည်ဟု ခံစားရလေ၏။
သူစီးနင်းလာသောလှေမှာ ကျီချင့်ကုန်သည်လှေဟုခေါ်ပြီး ကျားလင်စီရင်စုမှ သူဌေးမိသားစုတစ်စု ငှားရမ်းထားသော ကုန်တင်လှေတစ်စင်း ဖြစ်သည်။ ကုန်စည်များသယ်ယူပို့ဆောင်သည့်အပြင် ခရီးသည်များကိုပါ တင်ဆောင်လာခဲ့၏။ ယခုအချိန်ကာလမှာ ငြိမ်းချမ်းပြီး စည်ပင်ဝပြောသော အချိန်ကာလတစ်ခုဖြစ်သည်။ လူအများစုမှာ မိမိတို့၏မွေးရပ်မြေကို စွန့်ခွာရန် ဝန်လေးကြသော်လည်း အဝေးသို့ ခရီးသွားလာနေကြသော ကုန်သည်များနှင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာရသူများလည်းရှိနေသေးပေသည်။
လှေထိုးသားသည် ဤအချက်ကို အခွင့်ကောင်းယူကာ ကုန်တင်သည့်အပြင် လမ်းတစ်လျှောက်ရှိ ခရီးသည်များကိုတင်ဆောင်ရန် လှေပေါ်တွင် အခန်းငယ်နှစ်ခုဖွဲ့ထားပြီး တစ်ဦးလျှင် ကြေးပြားနှစ်ဆယ်ကောက်ခံလေသည်။ ဤလှေမှာ ခရီးသည်များအတွက် သီးသန့်မဟုတ်သောကြောင့် လှေပေါ်ရှိ အရာရာတိုင်းမှာ စနစ်တကျမရှိလှပေ။ အိပ်ခန်းနှစ်ခန်းသာရှိပြီး တစ်ခန်းမှာ အမျိုးသားများနှင့် လှေထိုးသားများအတွက်ဖြစ်ကာ အခြားတစ်ခန်းမှာ အမျိုးသမီးများနှင့် လူငယ်လေးများအတွက်ဖြစ်သည်။ အားလုံးမှာ စုပေါင်းအိပ်ခန်းများဖြစ်ကြ၏။
အနီးအနားတွင် ကလေးတစ်ယောက်ကို ပွေ့ချီကာ ချော့မြှူနေသော အမျိုးသမီးတစ်ဦးက သူနိုးလာသည်ကိုမြင်လျှင် အနားသို့ ချဉ်းကပ်လာပြီးမေးလိုက်သည်။
"အိုး ကောင်လေး မင်းနိုးလာပြီပဲ၊ မိဘတွေကို အိပ်မက်မက်နေတာလား"
ဤအမျိုးသမီးမှာ ပြီးခဲ့သည့်ရက်အနည်းငယ်က ကျန်းယွင်လင်၏ဘေးကုတင်တွင် အိပ်ခဲ့သူဖြစ်ပြီး ဤကောင်လေးမှသူ့အမေကို အော်ခေါ်နေသည်အား သူမကြားလိုက်ရခြင်းပင်။ တကယ်တော့ သူမသည် သူ့ကို သတိထားမိနေခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သည်။ လှေပေါ်တွင် အမျိုးသားအတော်များများရှိနေသောကြောင့် အမျိုးသမီးများနှင့် လူငယ်လေးများသည် သံသယကင်းရှင်းစေရန် ယေဘုယျအားဖြင့် သူတို့အခန်းများမှ ထွက်လေ့မရှိကြပေ။ သူတို့လုပ်စရာမရှိချိန်တွင် အတူတကွစုဝေးကာ အလကားနေရင်း စကားစမြည်ပြောရသည်ကို နှစ်သက်ကြသော်လည်း ဤကောင်လေးကတော့ ကွဲပြားလေသည်။ သူသည် များသောအားဖြင့် နိုးနေချိန်တွင် စားသောက်ခြင်း သို့မဟုတ် လှဲလျောင်းနေခြင်းသာ ပြုလုပ်ပြီး မည်သူနှင့်မျှ စကားသိပ်မပြောချေ။ သူသည် အနည်းငယ် ခပ်တည်တည်နေတတ်ပုံရသော်လည်း ကံကောင်းထောက်မစွာပင် တခြားမိသားစုများလို အသေးအဖွဲကိစ္စလေးများနှင့် အမြဲတစေ ငြင်းခုံမနေဘဲ အေးအေးဆေးဆေး နေတတ်ပေသည်။
အမျိုးသမီးသည် သူမကုတင်နီးချင်းနှင့်ပတ်သက်၍ အချက်တစ်ချက်မှလွဲ၍ အတော်လေးကျေနပ်မိသည်။ ထိုအချက်မှာ လူငယ်လေးသည် မယုံနိုင်လောက်အောင် ရုပ်ဆိုးနေခြင်းပင် ဖြစ်၏။ သူ့မျက်နှာမှာ မီးသွေးကဲ့သို့ မည်းနက်နေပြီး ညာဘက်ပါးပြင်ပေါ်တွင် အမာရွတ်များဖုံးလွှမ်းနေသောကြောင့် အစပိုင်းတွင် သူမကိုလန့်သွားစေခဲ့သည်။
သို့ရာတွင် ဤရုပ်ဆိုးသောလူငယ်လေးသည် စိတ်သဘောထားကောင်းမွန်ပေ၏။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ခင်ပွန်းဖြစ်သူ တခြားနေရာရောက်နေချိန်တွင် သူမတစ်ယောက်တည်း ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရန် ရုန်းကန်နေရသည်ကို မြင်သောအခါ သူကကူညီပေးခဲ့ပြီး ကလေးများကို ခေတ္တမျှချော့မြှူပေးခဲ့သည်။ ဤအကြောင်းကြောင့် အမျိုးသမီးသည် ကျန်းယွင်လင်ကို ကြည့်သောအခါ စိတ်ထားနူးညံ့သွားပြီး နှစ်သိမ့်စကား ဆိုလိုက်သည်။
"ရပါတယ်၊ တို့လှေကမနက်ဖြန်ဆို ဖျင်ယောင်စီရင်စုကို ရောက်တော့မှာ၊ မင်းရဲ့မိဘတွေက လှေအောက်မှာ မင်းကို စောင့်နေကြမှာပါ"
ဤစကားကိုကြားသောအခါ ကျန်းယွင်လင်သည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းရမ်းလိုက်သည်။ ဘာမျှမပြောသော်လည်း သူ့ရင်ထဲတွင် အထီးကျန်ဆန်မှုတစ်ခုမြင့်တက်လာခဲ့၏။ မဖြစ်နိုင်ပေ။ သူ့မိဘများ ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်ချေ။ ကျန်းယွင်လင်မှ သူမကို လျစ်လျူရှုထားသည်ကို မြင်သောအခါ အမျိုးသမီးသည် စိတ်ထဲမထားဘဲ ကောင်လေး၏သဘာဝသာဖြစ်မည်ဟု မှတ်ယူလိုက်သည်။ သူမကလေးမှာ အိပ်ပျော်သွားပြီဖြစ်သောကြောင့် ကလေးကိုပွေ့ချီရင်း အခြားသူများနှင့် စကားသွားပြောနေလိုက်တော့၏။
ကျန်းယွင်လင်သည် စောင်ကို တိတ်တဆိတ်ဆွဲခြုံလိုက်ပြီး ပြန်လှဲအိပ်လိုက်သည်။ ဆယ်ရက်ခန့်ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း ထိုအကြောင်းကို တွေးမိတိုင်း ကျန်းယွင်လင်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်ဖြစ်၏။ သူသည် မူလက ကျားလင်စီရင်စု၊ ရှင်းနင်မြို့နယ်၊ ယီဖုန်းရွာမှ ဖြစ်သည်။ သူ့ဖခင်ကျန်းချန်မှာ မူလက ရွာရှိဆေးမြစ်ရှာဖွေသူတစ်ဦးဖြစ်ပြီး ရွာသားများကို ဆေးကုသပေးခြင်း၊ တောင်ပေါ်မှ ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းနှင့် မြို့ရှိဆေးဆိုင်တွင် ရောင်းချခြင်းတို့ဖြင့် ငွေစုဆောင်းခဲ့ပေသည်။ နောက်ဆုံး သူအသက်ရှစ်နှစ်အရွယ်၌ ဖခင်ဖြစ်သူကမြို့တွင် ဆိုင်ခန်းတစ်ခန်းဝယ်ယူခဲ့ပြီး မိသားစုမှာ ရွာမှမြို့သို့ပြောင်းရွှေ့ကာ ဆေးခန်းတစ်ခု ဖွင့်လှစ်ခဲ့၏။
ဖခင်ဖြစ်သူမှာ အိမ်ခန်းမကြီးတွင် လူနာများကိုကုသပေးပြီး သူနှင့်သူ့မိခင်မှာ နောက်ဖေးခြံဝင်းတွင် နေထိုင်ကာ ဖခင်အတွက် ဆေးမြစ်များလှန်းပေးခြင်းနှင့် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးခဲ့လေသည်။ မိသားစုလေးမှာ သေးငယ်သော်လည်း သူတို့သည် နွေးထွေးပျော်ရွှင်သော ဘဝလေးကိုဖြတ်သန်းခဲ့ကြ၏။ သို့ရာတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပေသည်။
လွန်ခဲ့သော ဆယ်ရက်ကျော်က သူ့ဖခင်သည် ထုံးစံအတိုင်း တောင်ပေါ်သို့ဆေးမြစ်ရှာထွက်သွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့၏။ သူ့ကိုရှာတွေ့ချိန်တွင် သေဆုံးနေခဲ့ပြီပင်။ သူ့မိခင်ကျီဝမ်ရုံမှာတော့ ထိုသတင်းကိုကြားရချိန်တွင် တုန်လှုပ်မှုကိုမခံစားနိုင်တော့ဘဲ နဂိုကတည်းမှ အားနည်းနေသော သူမကျန်းမာရေးမှာ လုံးဝပြိုလဲသွားခဲ့သည်။ သူမသည်လည်း ရက်အနည်းငယ်အကြာတွင် ကွယ်လွန်သွားခဲ့၏။
ကျန်းယွင်လင်မှာ ရက်အနည်းငယ်အတွင်း ချစ်မြတ်နိုးရသော မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရသောကြောင့် လုံးဝပြိုလဲလုမတတ်ဖြစ်ကာ ပြင်းပြင်းထန်ထန်ဖျားနာသွားခဲ့သည်။ သို့ရာတွင် နာရေးကိစ္စများကိုစီစဉ်ရန် လိုအပ်နေသေးသောကြောင့် ကျန်းယွင်လင်သည် ဖျားနာနေသည့်တိုင် ဦးလေးတစ်ယောက်၏အကူအညီဖြင့် နာရေးများကို ပြီးစီးအောင်ဆောင်ရွက်ခဲ့ရ၏။ သို့သော်လည်း ဆက်တိုက်ဖြစ်ပေါ်နေသော ကံဆိုးမိုးမှောင်ကျမှုများမှာ ထိုမျှနှင့် ပြီးဆုံးမသွားခဲ့ပေ။