Ch 3
Viewers 1k

3




မနက်လင်းလင်းချင်းမှာပင် အောင်သွယ်တော် ဝမ်ချိုးလျန်သည် ဟော်မိသားစုအိမ်မှ မောင်းထုတ်ခံလိုက်ရလေသည်။ ရွှီမိသားစုမှ သူ့ကို အောင်သွယ်ခအဖြစ် ပေးထားသော ငွေနှစ်မူးကို သတိရမိသဖြင့် ဝမ်ချိုးလျန်သည် သည်းခံကာ အရှက်မရှိဘဲ စကားအနည်းငယ် ထပ်ပြောချင်နေသေး၏။ သို့ရာတွင် သူထင်မှတ်မထားဘဲ ဒိုင်းခနဲ မြည်သံနှင့်အတူ ဟော်မိသားစုသည် လှည့်ထွက်သွားကာ ခြံတံခါးကိုဆောင့်ပိတ်ပစ်လိုက်သောကြောင့် ဒေါသတကြီးဖြင့် သူ့နှာခေါင်းပင်ပြားလုမတတ် ဖြစ်သွားခဲ့ရပေသည်။





ဝမ်ချိုးလျန်သည် ယခင်က ဤကဲ့သို့ ဘယ်သောအခါမှဆက်ဆံမခံခဲ့ရဖူးချေ။ နှစ်များတစ်လျှောက် အောင်သွယ်တော်တစ်ဦးဖြစ်သော သူသည် ပတ်ဝန်းကျင်ရွာများတွင် အတော်လေး နာမည်ကြီးလာခဲ့ပြီး မြို့ပေါ်မှ သူဌေးများပင်လျှင် အောင်သွယ်ပေးရန် သူ့ကိုတောင်းပန်ရလေသည်။ ယနေ့တွင်တော့ ဤဟော်မိသားစုလေးက သူ့ကိုအရေးမစိုက်ဘဲ ဆက်ဆံခဲ့ပေသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ခါးထောက်လိုက်ကာ ဟော်မိသားစုခြံတံခါးကို လက်ညှိုးထိုးပြီးကျိန်ဆဲတော့၏။





"ထွီ ဒီကပ်သီးကပ်ဖဲ့ကောင်တွေက ဘယ်ကရောက်လာတာလဲ၊ ငါက မျက်နှာသာလေး နည်းနည်းလုပ်ပေးလိုက်တာနဲ့ နင်တို့ကိုယ်နင်တို့ တစ်ခုခုများထင်နေလား၊ ငါ့ရှေ့မှာအရိုင်းအစိုင်းလို လုပ်ရဲတယ်ပေါ့လေ၊ ကျင့်ဝတ်မရှိတဲ့လူတွေ နင်တို့က ဘယ်လိုမိသားစုမျိုးလဲဆိုတာတောင် မသိဘူးလား၊ အကြီးကောင်က အသက်ကြီးလာပြီ မိန်းမ,မရသေးဘူး လူပျိုကြီးဖြစ်တော့မယ်၊ အငယ်ကောင်က ပိုဆိုးသေးတယ်၊ ကိုယ့်မိဘကိုသတ်ပြီး အသက်ရှင်နေသေးတာမလား၊ နင်တို့လိုမိသားစုမျိုးနဲ့ဆိုရင် ဘယ်သူကများ လက်ထပ်ချင်မှာလဲ၊ ဒါတောင် နင်တို့က ငါ့ကိုဒီလိုအချိုးမျိုးလာပြရဲသေးတယ်၊ ဘာလဲ နင်တို့ကနတ်သမီးနဲ့ လက်ထပ်ချင်နေတာလား"





ယခုအချိန်မှာ စက်တင်ဘာလနှောင်းပိုင်းဖြစ်ပြီး စပါးများကို မကြာသေးမီကမှ ရိတ်သိမ်းထားသောကြောင့် လယ်ကွင်းများတွင် လုပ်စရာအလုပ် သိပ်မရှိတော့ချေ။ ဝမ်ချိုးလျန်မှာ အသံကျယ်လောင်ပြီး ရိုင်းစိုင်းသော စကားများကို သုံးနှုန်းတတ်သောကြောင့် ပြဇာတ်ကြည့်ချင်နေသော ရွာသားတစ်စုကို လျင်မြန်စွာဆွဲဆောင်နိုင်ခဲ့လေသည်။ လူအုပ်ကြီးကို မြင်သောအခါ ဝမ်ချိုးလျန်မှာ ပို၍ပင် မာနတက်သွားခဲ့ပေသည်။ သူသည် ဘေးရှိအမျိုးသမီးတစ်ဦး၏လက်ကိုဆွဲကာ စတင်ညည်းညူတော့သည်။





"အန်တီ  အန်တီပဲ ဆုံးဖြတ်ပေးပါဦး၊ ဟော်တူဇီလုပ်ရပ်က လူပီသရဲ့လား"





သူ ဆက်ပြောလိုက်သည်။




"ပြောစမ်းပါဦး၊ ဟော်မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် သူတို့မိဘတွေလည်း မရှိတော့ဘူး၊ အခု သတို့သမီးအသစ်က မိသားစုထဲဝင်လာပြီဆိုတော့ သူတို့ကို ကူညီမယ့်သူလည်းမရှိဘူး၊ ဒါကကိစ္စမရှိပါဘူး၊ ကျွန်မ ဝမ်အဖွားကြီးက ဒီလိုအိမ်ထောင်ရေးမျိုးတွေကို အရင်ကလည်း စီစဉ်ပေးဖူးပါတယ်၊ ဒါပေမဲ့ ဟော်မိသားစုကိုကြည့်လိုက်ဦး၊ ဟော်ချင်းက ဒီနှစ်ဆိုအသက်နှစ်ဆယ်ပြည့်တော့မယ်၊ သူဘာလို့ အိမ်ထောင်မကျသေးတာလဲ၊ အဲဒါချူချာပြီးသေလုမြောပါး သူ့ညီလေးတစ်ယောက် ရှိနေလို့လေ၊ ဟော်ဝမ်က တစ်လကို ဆေးဖိုးချည်းပဲ ငွေနှစ်တေးလောက် ကုန်တယ်လို့ ကြားတယ်၊ ပြောစမ်းပါဦး ဘယ်သူက ဒါကိုသဘောကျမှာလဲ၊ ဝမ်ချိုးလျန်ဆိုတဲ့ ကျွန်မကသာ သဘောကောင်းလို့ ဒီကိစ္စကိုသတိရတာ၊ ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးပြီးတာနဲ့ သူတို့ဆီကို ချက်ချင်းလာခဲ့တာ၊ ဒါပေမဲ့ ကျွန်မစကားတောင် မဆုံးသေးဘူး၊ အဲဒီအသားသည်ဟော်က ကျွန်မကိုမောင်းထုတ်လိုက်တယ်တဲ့ ပြောစမ်းပါဦး၊ လောကကြီးမှာ ဒီလိုယုတ်မာတဲ့လူမျိုး ရှိသေးလား"





ပတ်ဝန်းကျင်ရွာများရှိ လူတိုင်းသည် ဝမ်ချိုးလျန်၏စရိုက်ကို သိကြလေသည်။ ကောင်းကောင်းပြောရလျှင် သူသည် အောင်သွယ်တော်ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် ကျွန်ကုန်ကူးသူပင်ဖြစ်ပေသည်။ သူသည် လူ့အရေခွံကိုခြုံထားပြီး မိမိကိုကိုယ်လူဟုပင် ထင်မှတ်နေသေး၏။ အောင်သွယ်ခအနည်းငယ်အတွက် သူသည် အမည်းကိုအဖြူဖြစ်အောင် လုပ်နိုင်ပြီး နံစော်နေသော ခွေးချေးကိုပင် အရသာရှိသော အစားအစာအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေနိုင်လေသည်။ သူပြောသော စကားတစ်ခွန်းကိုမျှ ယုံကြည်၍မရချေ။ သူသည် ရက်စက်ပြီး ယုတ်မာသောမိန်းမပျက်တစ်ဦး ဖြစ်ပေသည်။





ဝမ်ချိုးလျန်၏ ရိုင်းစိုင်းသောစကားများနှင့် ရွာသားများကို ကဲ့ရဲ့ရှုတ်ချသောစကားများကြောင့် အလစ်ငိုက်မိသွားသော အမျိုးသမီးမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့လေသည်။ မနေနိုင်ဘဲ သူမကာကွယ်ပြောဆိုလိုက်သည်။





"ဒါကလည်း အားလုံးမှန်တာတော့ မဟုတ်ပါဘူး၊ ချင်းက ဘာပဲဖြစ်ဖြစ် အသားသည်လေ၊ သူ့သားရှောင်ဝမ်က သိပ်မကျန်းမာပေမယ့် သူက ပညာတတ်တစ်ယောက်ဖြစ်ပြီး နန်းတွင်းစာမေးပွဲတွေကို ဖြေဆိုနိုင်မှာပါ"





သူထင်မှတ်မထားဘဲ ဝမ်ချိုးလျန်၏ အသံမှာ ပို၍ပင်ကျယ်လောင်လာပြီး စွေစောင်းနေသော သူမမျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ အော်ဟစ်လိုက်သည်။





"ဟော်ဝမ်လား၊ ရှင်က သူ့ကိုပညာတတ်လို့ ခေါ်တာလား၊ ထွီ သူက သူ့ကိုယ်သူ ပညာတတ်လို့ ခေါ်တယ်ပေါ့လေ၊ အသက်ကဖြင့် တစ်ဆယ့်တစ်နှစ်ရှိနေပြီ၊ အိမ်မှာပဲပျင်းရိပြီး စားလိုက် စာသင်လိုက်ပဲ လုပ်နေတာ၊ နှစ်ပေါင်းများစွာစာသင်ခဲ့ပေမယ့် စာမေးပွဲတစ်ခါမှ မအောင်ဘူး၊ ဒါ့အပြင် အားနည်းနေတဲ့ သူ့ခန္ဓာကိုယ်နဲ့သာဆိုရင် ခြေတစ်လှမ်း,လှမ်းတိုင်း အမောဆို့နေမှာပဲ၊ သူဘယ်တော့ သေမလဲဆိုတာ ဘယ်သူသိမှာလဲ၊ အဲဒီပိုက်ဆံတွေ အားလုံးက သူ့ခေါင်းတလားအတွက်အလကားဖြစ်သွားမှာပေါ့"





ဤသည်မှာ အလွန်ပင်ရက်စက်လှသော်လည်း အမြဲတမ်းပြဇာတ်ကြည့်ချင်နေသောအချို့လူများမှာမူ နေကြာစေ့ခွာစားရင်း မေးလိုက်ကြလေသည်။





"ဒါဆို အဖွားဝမ် ဘယ်မိသားစုအတွက် ဒီအိမ်ထောင်ရေးကို စီစဉ်ပေးတာလဲ"





ဤတွင် ဝမ်ချိုးလျန်မှာ တက်ကြွသွားပြီး ပန်းပွင့်ပုံလက်ကိုင်ပဝါကို ခါယမ်းကာ ပြုံးရွှင်လျက်ပြန်ပြောပေသည်။





"အိုကွယ် ဒီအိမ်ထောင်ရေးက တကယ်ကိုအံ့ဩစရာကောင်းတာ၊ အားလုံးသိကြမယ်လို့ ထင်ပါတယ်၊ အနီးအနားက ရွာနှစ်ရွာဖြစ်တဲ့ ထောင်လီရွာကရွှီမိသားစုလေ"





သူက ဆက်ပြီးဖောက်သည်ချလာသည်။





"ရွှီမိသားစုက ဟော်မိသားစု ဆင်းရဲတာကိုဂရုမစိုက်ဘူး၊ ဟော်မိသားစုမှာ သူ့ကို စောင့်ရှောက်ဖို့ ယောက္ခမတွေမရှိတာကိုလည်း ဂရုမစိုက်ဘူးလို့ပြောတယ်၊ သူတို့က စေ့စပ်လက်ဆောင်အဖြစ် ငွေငါးတေးပဲလိုချင်တယ်၊ တခြားဘာမှမလိုချင်ဘူး၊ တစ်ခုတည်းသော စည်းကမ်းချက်က သူ့ညီဟော်ဝမ်က သီးခြားခွဲနေရမယ်၊ ခွဲနေပြီးရင် ဟော်ဝမ်က အရွယ်မရောက်သေးဘူးဆိုတာကို ထည့်သွင်းစဉ်းစားပြီး သူ့ကို ထောက်ပံ့ဖို့ တစ်လကိုကြေးပြားနှစ်ရာ ထပ်ပေးမယ်တဲ့၊ ကြေးပြားနှစ်ရာတောင်လေ ရွာသားတို့ ပြောစမ်းပါဦး၊ တစ်သက်လုံး လယ်ထဲမှာအလုပ်လုပ်ရတဲ့ ငါတို့ထဲ ဘယ်မိသားစုကများ တစ်လကို ကုန်ကျစရိတ်အတွက် ကြေးပြားနှစ်ရာလိုအပ်လို့လဲ၊ ဒီထောင်လီရွာကရွှီမိသားစုက သူ့ညီလေးကို တစ်လကြေးပြားနှစ်ရာပေးမယ်လို့ ပြောတယ်လေ၊ တကယ်ကို သဘောကောင်းတဲ့လူပဲ"





"ထောင်လီရွာက ရွှီမိသားစုလား"




တစ်စုံတစ်ယောက်မှာ တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိပြီးအမြန်မေးလိုက်သည်။




"ထောင်လီရွာအဆုံးက ရွှီမိသားစုလား၊ သူတို့ရဲ့အကြီးဆုံးသားက မြို့ထဲမှာလေ"





ထိုသူသည် ပြောလက်စ,စကားရပ်သွားပြီး သူ့မျက်နှာမှာ ရွံရှာမှုကြောင့် တွန့်လိမ်သွားခဲ့ပေသည်။





"အဲဒီရွှီမိသားစုပဲ"




ဝမ်ချိုးလျန်သည် အခြေအနေကိုသတိမပြုမိဘဲ အလွန်စိတ်လှုပ်ရှားနေသောကြောင့် အခြားသူ၏မျက်နှာကို တံတွေးနှင့် ပက်မိမတတ်ဖြစ်သွားခဲ့လေသည်။




"မင်းပြောကြည့်‌လေ ရွှီမိသားစုက ဘယ်လောက်ကောင်းတဲ့မိသားစုလဲ၊ သူတို့ရဲ့အကြီးဆုံးသားက မြို့ထဲမှာ အလုပ်လုပ်ပြီး တစ်လကိုကြေးပြားရာနဲ့ချီရတယ်၊ ပြီးတော့ ဒုတိယသားကလည်း အဲဒီသခင်လေးကပန်းလေးတစ်ပွင့်လို ချောမောတယ်၊ သူ့မှာထင်ရှားတဲ့ မွေးရာပါအမှတ်တောင် ရှိသေးတယ်၊ သူ့လိုလူက လက်တွဲဖော်အနေနဲ့ထားသင့်တဲ့လူပဲ၊ မင်းကလက်ထပ်ပြီးတာနဲ့ သင့်တော်တဲ့ အိမ်တစ်အိမ်မှာအခြေချလို့ရတယ်လေ"




ဘုရားရေ ဤစကားကိုကြားသောအခါ နေကြာစေ့စားရင်းမြင်ကွင်းကို စောင့်ကြည့်နေသူပင်လျှင် မခံနိုင်တော့ချေ။ သူတို့သည် နေကြာစေ့အခွံများကို ထွေးထုတ်လိုက်ပြီး မျက်လုံးလှန်ပြလိုက်ကြလေသည်။ အဲဒီလိုမိသားစုမျိုးကို အကြံပြုမယ်ဆိုရင်တော့ ဟော်ကောင်လေး အိမ်ထောင်ရေးကမ်းလှမ်းမှုကနေ မောင်းထုတ်ပစ်တာ အံ့ဩစရာမရှိပေ။ သူ့မိသားစုသာဆိုလျှင် တုတ်ကြီးကြီးနှင့်ရိုက်ထုတ်ပစ်မိမှာ သေချာသည်။ 





ရွှီမိသားစုကို မိသားစုကောင်းလို့ သတ်မှတ်လို့ရလား။ သူတို့အကြီးဆုံးသားဆိုတာငယ်ငယ်ကတည်းက အသုံးမကျသောကောင်၊ ကြက်ခိုးတာနဲ့ တခြားအသေးအဖွဲကိစ္စများလုပ်ရန် အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံသော လူယုတ်မာဖြစ်သည်။ ကြီးလာတော့ ပိုဆိုးလာကာ မြို့ထဲ၌အလုပ်လုပ်သည်ဟု လူကြားကောင်းအောင် ပြောနေသော်လည်း တကယ်တော့ မြို့ထဲရှိလောင်းကစားရုံ၌ လူမိုက်လုပ်နေခြင်းပင်။ လူများကို အနိုင်ကျင့်သောအလုပ်များသာလုပ်ပြီး အရက်လည်း ကြိုက်လှသည်။ မူးလာလျှင် မိဘများကိုတောင် ရိုက်နှက်တတ်သေး၏။





သူတို့အိမ်မှရွှီယွီချင်းဆိုသောကလေးမှာလည်း အသုံးမကျသောကောင်ပင် ဖြစ်သည်။ သူ့ရုပ်ရည်မှာတကယ်ကို လှပပေသိ ယုတ်ညံ့သောမြေခွေးမလေးနှင့်တူလှ၏။ လွန်ခဲ့သောရက်အနည်းငယ်က မြို့ထဲတွင်ယောက်ျားများနှင့် အခန်းထဲ၌ရှုပ်ရှုပ်ယှက်ယှက် လုပ်နေသည်ကို လူမိသွားသည်ဟု ကြားမိသည်။ မိသွားချိန်တွင် ထိုမိသားစုမှာ ဆဲဆိုမောင်းထုတ်လိုက်သဖြင့် နာမည်ပျက်သွားသောကြောင့် သူ့ကိုလက်ခံမည့်သူ အမြန်ရှာနေခြင်း ဖြစ်ပေလိမ့်မည်။





ခွေးတောင်ရွံတဲ့ကောင်ကိုများ စေ့စပ်ကြေးငွေငါးတေးတောင် တောင်းရဲတယ်ပေါ့လေ။ ထွီ အဲဒီရွှီဆိုတဲ့ကောင်ကို သူတို့ရွာထဲပေးဝင်လိုက်ရင် ရွာက မြေကြီးတောင်ညစ်ပတ်သွားဦးမယ်။ တစ်ဖက်ရှိ ဝမ်ချိုးလျန်တစ်ယောက် ကျိန်ဆဲနေတုန်းမှာပင် ရုတ်တရက် ရေညစ်ပတ်တစ်ဇလုံမှာ သူ့ခေါင်းပေါ်သို့ လာစင်လေသည်။





"အား ငါ့အဝတ်အစားတွေ"





ဝမ်ချိုးလျန် အချိန်မီမရှောင်နိုင်လိုက်ရာ အနီရောင်တောက်တောက်ဂါဝန်ပေါ်သို့ တိုက်ရိုက်စင်သွားခဲ့လေသည်။ သူ မနေနိုင်ဘဲ အော်ဟစ်လိုက်၏။





"တောက် ဘယ်ခွေးမသားက ငါ့ကိုပက်ရဲတာလဲ"





သူလှည့်ကြည့်လိုက်သောအခါ သူ့အနောက်တွင် သစ်သားဇလုံတစ်လုံးကို ကိုင်ဆောင်ကာ ထိန်းမနိုင်သိမ်းမရ ဒေါသများဖြင့် စိုက်ကြည့်နေသော ဟော်ချင်းနှင့် ဟော်ဝမ်တို့၏အဒေါ်ကြီးလီစီဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ဝမ်ချိုးလျန်မှာ ဒေါသထွက်သွားပြီး လီစီကိုအော်ဟစ်ရန် ပြင်လိုက်စဉ် လီစီ၏အသံမှာ ပို၍ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။





"ထွီ အရှက်မရှိတဲ့ကောင်မ၊ နင်က ဝက်တွေ ခွေးတွေထက်တောင်ဆိုးသေးတယ်"





လီစီ ဒေါသတကြီးအော်ဟစ်လိုက်သည်။





"နင့်ရဲ့ အဲဒီဝက်ချေးစားတဲ့ပါးစပ်နဲ့ ဘယ်လိုကောင်းတဲ့ အိမ်ထောင်ရေး ကမ်းလှမ်းမှုမျိုးကို လုပ်နိုင်မှာလဲ၊ လျိုမိသားစုမှာ သိပ်ကောင်းတဲ့အမျိုးသမီးငယ်လေးရှိတာကို မြို့ထဲကအသက်ခြောက်ဆယ်အရွယ် အဘိုးကြီးအိမ်မှာ မယားငယ်လုပ်ဖို့ နင်ပဲအတင်းအကျပ် ခိုင်းစေခဲ့တာလေ၊ ထျဲ့ရှီရွာက ဝမ်တချင်ဆိုရင် ဒီလောက်ရိုးသားတဲ့လူကို ပြဿနာရှာတတ်တဲ့ဖန်စီနဲ့ လက်ထပ်ပေးလိုက်ကတည်းက သူ့အိမ်မှာနေ့တိုင်း ပြဿနာတွေတက်နေတာ၊ ဒီလို ရက်စက်တဲ့အလုပ်ကိုလုပ်ရတာ နောင်တချိန် သားသမီးမရှိဖြစ်မှာကိုမကြောက်ဘူးလား၊ ဒီနေ့ ငါ့အိမ်ကိုတောင်ပြဿနာလာရှာသေးတယ်၊ နင်က ဝက်ဝံနှလုံးနဲ့ကျားသစ်သည်းခြေကို စားထားတာပဲ၊ ရွှီမိသားစုရဲ့သခင်လေးဆိုပါလား၊ နင့်ရဲ့ အဲဒီနံစော်နေတဲ့ ပါးစပ်ကို ငါဆွဲဖြဲပစ်မယ်"




လီစီသည် ဒေါသပိုထွက်လာကာ သစ်သားဇလုံကို ရိုက်ခွဲပစ်လိုက်ပြီး ဝမ်ချိုးလျန်နှင့် စတင်ရန်ဖြစ်လေတော့သည်။ ဟော်ထျဲ့ရှန်း၏ဇနီးသည် ပွင့်လင်းမြင်သာမှုရှိပြီး ခင်ပွန်းဘက်မှ တူနှစ်ယောက်ကို မိသားစုဝင်များကဲ့သို့ သဘောထားကာ အထူးတလည်ကာကွယ်ပေးတတ်ကြောင်း ရွာထဲရှိလူတိုင်းသိကြလေသည်။ ဝမ်ချိုးလျန်သည် ပျော့ညံ့သောခန္ဓာကိုယ်ဖြင့် တစ်နှစ်ပတ်လုံး လယ်ထဲတွင် အလုပ်လုပ်နေသော လီစီကို မယှဉ်နိုင်ခဲ့ချေ။ လှုပ်ရှားမှုအနည်းငယ်အတွင်းမှာပင် လီစီသည် သူ့ကို မြေပြင်ပေါ်သို့ တွန်းချလိုက်ပြီး သူ့ဆံပင်များကိုဆောင့်ဆွဲပစ်လိုက်လေတော့သည်။