Ch 18
Viewers 593

18



လင်းဝမ်ယဲ့ ဖြူဖျော့ဖျော့မျက်နှာကြက်ကို မော့ကြည့်လိုက်ရင်း ရှုပ်ထွေးနေသော အတွေးများ သူ့စိတ်ထဲတွင်ပြေးလွှားနေခဲ့သည်။ ခံစားချက်ပေါင်းစုံရောပြွမ်းနေသော်လည်း အဓိကအားဖြင့် အနာဂတ်အတွက်မသေချာမရေရာမှုများကိုသာ ခံစားနေရ၏။ ကံကောင်းထောက်မစွာဖြင့် လင်းရှန် ရှိနေခြင်းမှာ လုံခြုံမှုအပြည့်အဝပေးသော တောင်ကြီးတစ်လုံးကဲ့သို့ဖြစ်နေပြီး သူ့ကိုသတ္တိများစွာပေးစွမ်းနေ၏။ ထိန်းချုပ်မထားနိုင်အောင်ပင် လင်းဝမ်ယဲ့သည် သူ့ဖခင်ကိုလွမ်းဆွတ်လာခဲ့မိသည်။ 




ဝန်ထမ်းအဆောင်၏ အခြေအနေမှာ သေချာပေါက်ကောင်းမွန်မည်မဟုတ်ဘဲ လုချန်ရွှမ်၏ခမ်းနားသော တစ်ယောက်ခန်းနှင့် နှိုင်းယှဉ်၍ပင်မရနိုင်ပေ။ သူ့ဖခင်အသားကျပါ့မလားဟု သူတွေးမိလေသည်။ သူ့လိုပင်အလိုလိုက်ခံထားရသောသူဌေးသားလေး၏ ခန္ဓာကိုယ်ဖြင့်ဆိုလျှင် အသားကျမည်မဟုတ်သည်မှာ သေချာသလောက်ပင်ဖြစ်၏။ သူ့ကွယ်ရာတွင် ဖခင်ဖြစ်သူဆေးလိပ်များ အလွန်အကျွံသောက်နေမလားဟုလည်း သူ စိုးရိမ်မိသည်။




ဒီအတိုင်း ဆက်သွားလို့မဖြစ်ဟုတွေးရင်း လင်းဝမ်ယဲ့ ရုတ်တရက်မတ်မတ်ထိုင်လိုက်မိ၏။ သူ့ဖခင်တွင် အဆုတ်ပြဿနာများရှိရုံသာမက ပုံမှန်မဟုတ်သောစားသောက်မှုအလေ့အထများကြောင့် မကြာခဏ အစာအိမ်သွေးယိုခြင်းကိုပါ ခံစားခဲ့ရပြီး အစာအိမ်ကင်ဆာ အလယ်အလတ်အဆင့်ပျံ့နှံ့နေသည့် လက္ခဏာများပါပြသနေခဲ့သည်။ နောက်ဆုံးတွင် အလုပ်ဒဏ်ပိမှုကြောင့် နာတာရှည်သွေးတိုးရောဂါဖြစ်ကာ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်၍ သေဆုံးသွားခဲ့ရခြင်းပင်။ ယခုလင်းရှန်သည်တော့ ငယ်ရွယ်တက်ကြွကာ ကျန်းမာနေဆဲဖြစ်သည်။ 




သို့သော် သူ့ခန္ဓာကိုယ်ကို ဤမျှလောက် ဆက်လက်၍ မဆင်မခြင်ဖြစ်ခွင့်လုံးဝမပေးနိုင်တော့ပေ။ ပထမခြေလှမ်းအနေဖြင့် သူ့ကိုဆေးလိပ်ဖြတ်အောင်လုပ်ဖို့ နည်းလမ်းရှာရမည်။ သူကိုယ်တိုင် အနီးကပ် စောင့်ကြည့်ရပေလိမ့်မည်။ ယခုအချိန်တွင် အော့မိုရီအင်တာနက်ကဖေးတစ်ခု၌ လင်းရှန်တစ်ညလုံး ဆေးလိပ်သောက်ကာ ဂိမ်းဆော့နေမည်ကို မြင်ယောင်လာသောအခါ လင်းဝမ်ယဲ့ စိုးရိမ်လာပြီး ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။

သူ့အိတ်ကပ်ထဲသို့ အလိုလိုလက်နှိုက်လိုက်မှသာ လင်းရှန်ကိုဆက်သွယ်ရန် မည်သည့်နည်းလမ်းမျှ မရှိကြောင်း သတိပြုမိသွားလေသည်။ 




သူ၏လက်ရှိဦးစားပေးရမည့်အရာမှာ ဆက်သွယ်ရေးကိရိယာတစ်ခုရရှိရန်ဖြစ်သည်။ မဟုတ်ပါက ဘာတစ်ခုမှအဆင်ပြေမည်မဟုတ်ပေ။ သို့သော်ငြား သူ့ထံပိုက်ဆံတစ်ပြားမှ ရှိမနေချေ။ ဖုန်းတစ်လုံးကို သူဘယ်နေရာမှနေရနိုင်ပါမည်နည်း။ လင်းဝမ်ယဲ့ အံကြိတ်ကာ ဒေါသတကြီးဖြင့် သူ့ဆံပင်များကိုဆွဲဖွလိုက်ပြီး ဈာပနအခမ်းအနားတွင် သူ့ဖုန်းကိုရိုက်ခွဲခဲ့သော အဒေါ်ဖြစ်သူအား လွန်စွာမုန်းတီးသွားမိသည်။ ထိုနေ့၌ သူ့ဖုန်းမှလွဲ၍ အခြားမည်သည့်ပစ္စည်းကိုမှယူဆောင်လာခဲ့ခြင်းမရှိပေ။ ထိုအရူးမကြီးမှ ၎င်းကိုရိုက်ခွဲပစ်လိုက်သဖြင့် ယခုတော့ သူ့ထံတွင်ဘာမှမရှိတော့ချေ။ 




အချို့လူများမှာ ရွှေငွေများဝတ်ဆင်၍ လည်ပင်းတွင် ရွှေဆွဲကြိုးများဆွဲထားရသည်ကို နှစ်သက်ကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ အရေးကြီးသောအချိန်များတွင် ၎င်းတို့ကသာ အမှန်တကယ်အသုံးဝင်လှပေသည်။




အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ။ နေပါဦး ဆွဲကြိုးလား။




လင်းဝမ်ယဲ့မျက်လုံးများ အတန်ငယ် တောက်ပသွားခဲ့သည်။ သူ့လည်ပင်းကို လှမ်းကိုင်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း သေးသွယ်သွယ်ဆွဲကြိုးလေးတစ်ကုံးကို စမ်းမိလိုက်လေသည်။ ၎င်းကို အပေါ်သို့သူဆွဲတင်၍ အင်္ကျီကော်လာထဲမှ ဆွဲသီးလေးတစ်ခုကို ဆွဲထုတ်လိုက်ရာ ၎င်းမျက်နှာပြင်သည် မီးရောင်အောက်တွင် တလက်လက် တောက်ပနေခဲ့၏။ အချိန်အတော်ကြာသည်ထိ ၎င်းကို သူသတိမရခဲ့သည်မှာအံ့သြစရာမဟုတ်ပေ။ သူသည် ၎င်းကိုအမြဲတစေဝတ်ဆင်ထားလေ့ရှိသဖြင့် လုံးဝစိမ်းသက်နေခြင်းမရှိဘဲ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုလိုဖြစ်နေခဲ့ခြင်းဖြစ်သည်။




ဤသည်မှာ ရှီယွမ်ပေးသော သူ၏ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့လက်ဆောင်ပင် ဖြစ်လေ၏။ ဆွဲကြိုးလေးမှာရိုးရှင်းသောဒီဇိုင်းရှိပြီး မီးခိုးရောင်ပလက်တီနမ်ဖြင့် ပြုလုပ်ထားကာ စိန်ပွင့်သေးသေးလေးများစီခြယ်ထားသည့် အကြွေစေ့အရွယ်အစားရှိ ခေါင်းလောင်းလေးတစ်ခု ဖြစ်သည်။ စိန်ပွင့်လေးများမှာ အလွန်တရာသေးငယ်သော်လည်း အရေအတွက်များပြားလှသဖြင့် အနည်းငယ်မျှသော အလင်းရောင်အောက်တွင်ပင်စူးရှတောက်ပနေစေ၏။




ရှီယွမ်သည် သူ့ထံလက်ဆောင်များစွာ ပေးခဲ့ဖူးသော်လည်း ဤအရာမှာတော့ လင်းဝမ်ယဲ့ အနှစ်သက်ဆုံးအရာဖြစ်လေသည်။ ၎င်းကို ရှီယွမ်ကိုယ်တိုင်ဒီဇိုင်းဆွဲကာ ကိုယ်တိုင်ပြုလုပ်ခဲ့ခြင်းကြောင့်ပင်။ ရာနှင့်ချီသော စိန်ပွင့်သေးသေးလေးများကို ရှီယွမ်တစ်ယောက် နေ့ရောညပါ အချိန်ယူ၍ ဂုဏ်သရေရှိဟန်စီခြယ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်ညလုံး သူဂိမ်းဆော့နေခဲ့၍ နောက်နေ့မနက်စောစောအချိန်ထိမနိုးနိုင်ဘဲ သူ့မွေးနေ့ဖြစ်ကြောင်းကိုပင် သတိမထားမိခဲ့သည်ကို မှတ်မိနေခဲ့သည်။ အိပ်ချင်မူးတူးဖြင့် သူ့ဖုန်းကို စစ်ဆေးကြည့်လိုက်ရာ ရှီယွမ်ထံမှဖုန်းခေါ်ဆိုမှုဆယ်ကြိမ်ကျော် လွတ်နေခဲ့ကြောင်းတွေ့လိုက်ရ၏။ သူ့ခေါင်းအားမော့ကြည့်လိုက်သောအခါ ရှီယွမ်သည် နှုတ်ခမ်းထက်၌ အပြုံးဖျော့ဖျော့လေးဖြင့် ကုတင်စွန်းတွင်ထိုင်နေသည်အားမြင်လိုက်ရသည်။ သူသည်လင်းဝမ်ယဲ့ထံသို့ ဆွဲကြိုးလေးကိုကမ်းပေးရင်း သိမ်မွေ့သောလေသံဖြင့်ပြောလိုက်၏။




"မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"




အခန်းထဲတွင် မှောင်မိုက်နေခဲ့သည်။ သို့သော် အပြင်ဘက်ရှိ ညရှုခင်းမှာ မှန်ပြတင်းပေါက်မှတစ်ဆင့် လင်းလက်နေပြီး ခေါင်းလောင်းဆွဲသီးလေးမှာ ကြယ်ရောင်ကဲ့သို့ တောက်ပစွာရောင်ပြန်ဟပ်နေသည်ကို သူရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရလေသည်။ ထိုအချိန်၌ ရှီယွမ်အပေါ်ထားရှိသော သူ့ခံစားချက်များမှာ ဝေဝါးနေသေးသော တစ်ဖက်သတ်ချစ်ကျွမ်းဝင်မှုတစ်ခုသာဖြစ်နေသေး၏။ 




အပြစ်ရှိသလို ခံစားနေရသော သူ့စိတ်ကြောင့် ငယ်စဉ်ကကဲ့သို့ ရှီယွမ်နှင့်နီးကပ်စွာနေရန်နှင့် မဆင်မခြင်ဖက်တွယ်ခွင့်တောင်းဆိုရန်မဝံ့ရဲတော့ချေ။ သို့သော် ထိုနေ့၌မူ သူအောင့်အီးမထားနိုင်တော့သလို ဘာမှလည်းမစဉ်းစားနိုင်‌တော့ပေ။ သူသဘောကျရသောသူဆီသို့ အတင်းပြေးဝင်ကာဖက်တွယ်လိုက်မိလေသည်။ ရှီယွမ်မှာ ထိုဖက်တွယ်မှုကို သဘောထားကြီးစွာဖြင့် လက်ခံပေးခဲ့ပြီး သူ့ဆံပင်များကိုဖွကာ မွေးနေ့ဆုတောင်းစကားကို ထပ်မံပြောကြားပေးခဲ့၏။ သူ့ရင်ဘတ်မှ နှလုံးခုန်သံနှင့်နားဘေးမှ နူးညံ့သောထွက်သက်တို့မှာ ရောယှက်သွားပြီး နှလုံးခုန်သံတိုင်းမှာ သူ့ကိုဆွဲဆောင်၍နစ်မျောသွားစေခဲ့သည်။




သူပြန်ခွာလိုက်ချိန်တွင် လင်းဝမ်ယဲ့သည် ရှီယွမ်၏ပါးပြင်ပေါ်သို့ သူ့နှုတ်ခမ်းဖြင့်ခပ်ဖွဖွလေး ခိုး၍နမ်းရှိုက်လိုက်လေ၏။ ၎င်းမှာလျင်မြန်ပြီး သတိထားမိရန်ခက်ခဲသော အထိအတွေ့လေးတစ်ခုပင်ဖြစ်သည်။ လရောင်မှာ ကောင်လေး၏ လှုပ်ရှားနေသောမျက်လုံးများကို လင်းထိန်စေခဲ့၏။ ဖုံးကွယ်မထားနိုင်သော သူ့ချစ်ခြင်းမေတ္တာများမှာ ဆက်လက်ပုန်းကွယ်မနေတော့ဘဲ ချက်ချင်းပင် ပေါ်လွင်ထင်ရှားလာခဲ့လေသည်။ အမြဲတမ်းတည်ငြိမ်နေတတ်သော ရှီယွမ်၏မျက်နှာအမူအရာတွင် ရှားရှားပါးပါးအက်ကွဲကြောင်းတစ်ခုပေါ်လာခဲ့ပြီး ထိုသူသည် အလျင်စလိုမတ်တပ်ထရပ်လိုက်လေ၏။ 




သူ့ဦးလေးရှီသည် ဤကိစ္စကြောင့် သူ့ကို ဝေးဝေးရှောင်ဖယ်သွားရန် နောက်ဆုံးထိမရက်စက်နိုင်ခဲ့ပေ။ သို့သော် ၎င်းသည် သူတို့၏နောက်ဆုံးသော ဖက်တွယ်ခြင်း ဖြစ်သွားခဲ့လေသည်။ လင်းဝမ်ယဲ့သည် ဆွဲကြိုးလေးကို လက်ထဲတွင်အချိန်အတော်ကြာ ဆုပ်ကိုင်ထားပြီး တိတ်တဆိတ်ခေါင်းငုံ့နေခဲ့ကာ နောက်ဆုံးတွင်တော့ ၎င်းကိုအင်္ကျီကော်လာထဲသို့ ပြန်ထည့်လိုက်ပြီး သူ့လက်ဝါးဖြင့်အင်္ကျီပေါ်မှဖိထားလိုက်လေသည်။ မည်မျှပင် ငွေလိုအပ်နေပါစေ ဤအရာကိုတော့ သူ ရောင်းချနိုင်မည်မဟုတ်ပေ။  တခြားနည်းလမ်းတစ်ခုကို သူစဉ်းစားရပေမည်။