Ch 17
Viewers 582

17



ရှာဖွေမှုရလဒ်များမှာ သေချာပေါက် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။  ဆက်စပ်နေသော အချက်အလက်သန်းပေါင်းများစွာကျလာသော်လည်း မည်သည့်အရာကမှ ထိပ်ဆုံးတွင်ရှိမနေခဲ့ချေ။




သူ ပြန်လည်မွေးဖွားခြင်းမတိုင်မီ မှတ်မိနိုင်သည့် အစောဆုံးအချိန်ကတည်းမှ ရှီယွမ်သည် ကမ္ဘာသိနာမည်ကျော်ဒီဇိုင်နာတစ်ဦးဖြစ်နေပြီဖြစ်ရာ မည်သည့် ရှာဖွေရေးအင်ဂျင်တွင်မဆို သူနှင့်ပတ်သက်သော သတင်းအချက်အလက်များ သေချာပေါက်ထွက်ပေါ်လာမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ရှီယွမ်မှာ ဆယ်ကျော်သက်အရွယ်သာရှိသေးပြီး ထိုကဲ့သို့သောအောင်မြင်မှုအဆင့်သို့ရောက်ရှိရန် အလှမ်းဝေးနေသေး၏။ အွန်လိုင်းပေါ်တွင် သူ့နှင့်ပတ်သက်သော မည်သည့်အချက်အလက်ကိုမှ ရှာတွေ့နိုင်မည်မဟုတ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။




သို့သော် လင်းဝမ်ယဲ့သည် သူ့စိုးရိမ်ပူပန်မှုများကြောင့် သေချာမစဉ်းစားနိုင်ခဲ့ဘဲ ရှာဖွေမှုပြီးဆုံးသွားမှသာ သူ့အမှားကို သဘောပေါက်သွားခဲ့လေသည်။ ရှီယွမ်ဟု အသားပေးဖော်ပြထားသော ရလဒ်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် လင်းဝမ်ယဲ့သည် စိတ်ပျက်စွာဖြင့် မျက်လွှာချလိုက်မိသည်။ ခေတ္တမျှစိတ်ကိုပြန်လည်တည်ငြိမ်အောင်လုပ်ပြီးနောက် ခေါင်းမော့လိုက်ကာ သူ့လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွား၏။ သော့ချက်စာလုံးများကို ပြန်လည်ပြင်ဆင်ကာ သူ့အဘိုးလင်းဖန်ချန်တည်ထောင်ခဲ့သော လင်းဟုန် ကုန်သွယ်ရေးကုမ္ပဏီလီမိတက်ကိုရှာဖွေရန် Enterခလုတ်ကို နှိပ်လိုက်လေသည်။ အစပိုင်းတွင် လင်းဖန်ချန်သည် သာမန်အလုပ်သမားတစ်ဦးသာဖြစ်၏။ သူ့ပထမဆုံးသောကြီးမားသည့် စီးပွားဥစ္စာမှာ လင်းမိသားစု၏ဘိုးဘွားပိုင်အိမ်ကို စီးပွားရေးလုပ်ငန်းသုံး မြေနေရာအဖြစ် ပြောင်းလဲလိုက်ချိန်တွင်ရရှိခဲ့သော လျော်ကြေးငွေ ယွမ်ဆယ်သန်းနီးပါးမှ စတင်ခဲ့ခြင်းဖြစ်သည်။




ကြီးမားသော ဤငွေကြေးပမာဏမှာ လင်းမိသားစုကိုချမ်းသာသူများစာရင်းသို့ တွန်းပို့ပေးခဲ့လေ၏။ လင်းဖန်ချန်သည် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်ကာ ရုတ်တရက်ချမ်းသာလာသူတစ်ဦးအဖြစ် မနေထိုင်ခဲ့ဘဲ ထိုငွေများကို ရင်းနှီးမြှုပ်နှံ၍ ကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ သူ့အခြေခံစီးပွားရေးအမြင်နှင့် ခေတ်ရေစီးကြောင်းတို့ ပေါင်းစပ်သွားမှုကြောင့် လင်းမိသားစုသည် နှစ်အနည်းငယ်အတွင်း ပိုင်ဆိုင်မှုယွမ်သန်း ၁၀၀ကျော်ထိ စုဆောင်းနိုင်ခဲ့ပြီး နင်ချန်မြို့ရှိ အထင်ရှားဆုံးသော ချမ်းသာသည့်မိသားစုများစာရင်းတွင် ပါဝင်လာခဲ့လေသည်။




သို့သော် လင်းမိသားစု၏လက်ရှိစီးပွားရေးလုပ်ငန်းများမှာမူ နောက်ပိုင်းလုပ်ငန်းများနှင့် ကွာခြားနေပေသည်။ လင်းရှန် လင်းမိသားစုကိုထိန်းချုပ်လိုက်ပြီးနောက် ကုမ္ပဏီ၏မူလအစုရှယ်ယာဖွဲ့စည်းပုံကို အကြီးအကျယ်ပြုပြင်ပြောင်းလဲခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် ၎င်း၏အဓိကလုပ်ငန်းကိုပြောင်းလဲကာ E-commerceကို အဓိကထားလုပ်ဆောင်သည့် လင်းကော်ပိုရေးရှင်းကြီးအဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ လင်းဟုန်ကုန်သွယ်ရေး၏ လက်ရှိအဓိကစီးပွားရေးလုပ်ငန်းမှာ တကယ်တော့ လက်ကားရောင်းချခြင်းပင်ဖြစ်လေသည်။




လင်းဝမ်ယဲ့ အနည်းငယ်စုံစမ်းကြည့်ပြီးနောက် ဤအချက်ကြောင့်ပင် လင်းဖန်ချန်မှာ လုချန်ရွှမ်၏ဖခင်နှင့်စီးပွားရေးမိတ်ဖက်များ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ လုမိသားစုတွင် ကုန်တိုက်ကြီးများစွာရှိရာ သူတို့၏စီးပွားရေးနယ်ပယ်တွင် ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော် မိသားစုနှစ်ခုလုံးဝအဆက်အသွယ်ဖြတ်ကာ ပြိုင်ဘက်များဖြစ်လာကြရန် အချိန်သိပ်မလိုတော့ပေ။ လင်းဝမ်ယဲ့အတွက်မူ လင်းနှင့်လုမိသားစုတို့ကြားမှ အဆင်မပြေမှုများမှာ အလွန်ဝေးကွာသော မှတ်ဉာဏ်တစ်ခုသာဖြစ်လေသည်။ 




ပြောစရာပင်မလိုချေ။ ထိုအချိန်၌ သူသည် ဤအကြောင်းကိုလေ့လာရန် မည်သည့်စိတ်ဝင်စားမှုမှမရှိခဲ့ချေ။ သူသိချင်ခဲ့လျှင်တောင် လင်းရှန်တွင် ဤအတိတ်ဇာတ်လမ်းဟောင်းများကို ပြောပြရန် အချိန်မရှိခဲ့ပေ။ သို့သော် လင်းနှင့် လုမိသားစုတို့သည် လင်းရှန်နှင့်လုချန်ရွှမ်တို့ မျိုးဆက်ကျမှ အဆင်မပြေဖြစ်ခဲ့ကြခြင်းမဟုတ်ဘဲ သူတို့၏ဖခင်မျိုးဆက်ကတည်းမှ ပူးပေါင်းဆောင်ရွက်မှုပြီးဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရှီယွမ်မှပြောပြဖူးလေသည်။ 




လင်းဖန်ချန်၏ လက်ကားရောင်းချခြင်းမှာ အမြတ်အစွန်းအလွန်တရာနည်းပါးသော်လည်း လင်းဟုန်အနေဖြင့်ကိုယ်ပိုင်ဈေးဝယ်စင်တာတစ်ခုကို အလွယ်တကူဖွင့်လှစ်နိုင်သည်ဟုယုံကြည်ခဲ့ကာ ပေါင်းစပ်စီးပွားရေးပုံစံတစ်ခုကို စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ ဤအရာမှာ မိသားစုနှစ်ခု၏စီးပွားရေးလုပ်ငန်းများကို ထပ်တူကျသွားစေခဲ့ပြီး ဈေးကွက်ဝေစုအတွက် ယှဉ်ပြိုင်မှုအား လုံးဝလမ်းခွဲသွားစေရန် ဦးတည်သွားခဲ့လေသည်။




ကျန်ရှိသော ဇာတ်လမ်းကို လင်းဝမ်ယဲ့ သိထားပေသည်။ သူ့အဘိုးသည် လျင်မြန်သောအောင်မြင်မှုကို လိုလားသဖြင့် ဈေးဝယ်စင်တာများချိတ်ဆက်ဖွင့်လှစ်ရန် အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ပုံမှန်အမြတ်အစွန်းများရရှိသင့်သည့် နောက်ပိုင်းအဆင့်များတွင် စက်မှုလုပ်ငန်းကျဆင်းမှုနှင့် ကြုံတွေ့ရပြီးအမြတ်အစွန်းရမည့်အစား အရှုံးပေါ်ခဲ့လေသည်။ တစ်ဖက်ရှိ လုမိသားစုမှာမူ ပိုမိုထက်မြက်သောစီးပွားရေးအမြင်ရှိပြီး သူတို့၏အဓိကလုပ်ငန်းကို E-commerce သို့ စောစီးစွာပြောင်းလဲခဲ့ကာ ကြီးမားသော အမြတ်အစွန်းများကို ရိတ်သိမ်းနိုင်ခဲ့သည်။




လင်းဖန်ချန်သည် E-commerceကို မသိသည်မဟုတ်သော်လည်း ၎င်း၏ အလားအလာကို မမြင်ခဲ့ပေ။ ရှေးရိုးစွဲအစဉ်အလာ အတွေးအခေါ်များဖြင့် ယုံကြည်ရပုံမပေါ်သော အင်တာနက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းမှတားဆီးထားခဲ့ပြီး သမားရိုးကျအပြင်ဆိုင်ခန်းများမှပေးသော လုံခြုံမှုကိုသာ အခိုင်အမာယုံကြည်နေခဲ့သည်။ ရှောင်လွှဲစရာနည်းလမ်းမရှိခဲ့ပေ။ ဘဝတွင်ရွေးချယ်စရာ အများအပြားရှိနေရာ လူတစ်ယောက်အတွက် အမှန်ကန်ဆုံးကို အမြဲတမ်းရွေးချယ်နိုင်မည်မဟုတ်ပေ။




လင်းဝမ်ယဲ့ ဆက်လက်စုံစမ်းကြည့်ရာ လင်းဖန်ချန်သည် ယခုနှစ်တွင် နင်ချန်မြို့၌ဈေးဝယ်စင်တာနှစ်ခုကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်ကာလတွင် လင်းနှင့် လုမိသားစုတို့၏ ဖခင်များသည် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲကာ ပြိုင်ဘက်များဖြစ်နေကြပြီပင်။ ထိုအဖြစ်မှ အရာအားလုံးကို ရှင်းပြနေလေသည်။ သူ့ဖခင်သည် သူ့မိသားစုနှင့်စစ်အေးတိုက်နေပြီး လုမိသားစုအိမ်သို့လာမည့်အစား အောက်မိုရီအင်တာနက်ကဖေးမှ ဝန်ထမ်းအဆောင်တွင် တိုးဝှေ့အိပ်ရန်သာ ပိုသဘောကျနေခဲ့သော်လည်း မည်သည့်အဆက်အသွယ်မှမရှိပုံပေါ်သော လင်းဝမ်ယဲ့မှာမူ ဤနေရာသို့အရင်ရောက်လာခဲ့လေပြီပင်။ 




လင်းဝမ်ယဲ့သည် ကီးဘုတ်ကိုဘေးသို့တွန်းဖယ်လိုက်ပြီး ကုလားထိုင်ကိုမှီကာ အတွေးနက်သွားခဲ့သည်။ ဖခင်များ၏ဆက်ဆံရေး ပျက်ပြားသွားသော်လည်း လင်းရှန်နှင့်လုချန်ရွှမ်တို့၏ ဆက်ဆံရေးမှာ သိပ်ပြီးထိခိုက်မှုမရှိဘဲ အတော်လေး ကောင်းမွန်နေဆဲဖြစ်ပုံရသည်။ မဟုတ်ပါက လုချန်ရွှမ်အနေဖြင့် သူ့ကို ခေါ်ထားစရာ အကြောင်းမရှိပေ။ ငြင်းဆန်ရန်အတွက် အကြောင်းပြချက်ပေါင်းထောင်ချီ၍ ရှိနေမည်ဖြစ်သည်။ သူ့ကို ရဲစခန်းမှထုတ်ပေးရန်အတွက် သူ့မိသားစုကိုဆက်သွယ်ရန်ပင် လိုအပ်မည်မဟုတ်ချေ။ 




ကြည့်ရသည်မှာ လုချန်ရွှမ်သည် အပြင်ပန်းတွင် အေးစက်ပြနေသလောက်မဟုတ်ဘဲ လူသားဆန်မှုအနည်းငယ်ရှိနေသေးပုံရသည်။ ထိုအကြောင်းတွေးမိသောအခါ လင်းဝမ်ယဲ့ထပ်မံစိုးရိမ်လာပြန်၏။ လင်းဖန်ချန်နှင့်လုမိသားစုတို့ လမ်းခွဲခဲ့ကြသော်လည်း နှစ်ဖက်စလုံးမှာ အပြင်ပန်းတွင် အလွန်ဂုဏ်သရေရှိပုံပေါ်နေဆဲဖြစ်ပြီး အွန်လိုင်းတွင်သူတို့နှင့်ပတ်သက်သော အဆိုးမြင်သတင်းများ လုံးဝမရှိသလောက်ပင်ဖြစ်သည်။ လုချန်ရွှမ်အပေါ် သူ့ဖခင်၏နောက်ပိုင်းပြုမူပုံများမှာ ဆက်ဆံရေးလုံးဝပျက်ပြားသွားခြင်းပင်ဖြစ်၏။




နက်ရှိုင်းသောအမုန်းတရားမှာ မည်မျှထိ ရောက်ရှိသွားသနည်းဆိုလျှင် စင်ဂယ်များနေ့ပရိုမိုးရှင်းလုပ်သော ဝက်ဘ်ဆိုက်များတွင်ပင် တစ်ဖက်နှင့်တစ်ဖက် သိမ်မွေ့စွာဝေဖန်တိုက်ခိုက်ရန် အစွမ်းကုန်ကြိုးပမ်းကြသည့်ထိပင် ဖြစ်သည်။ သူတို့ပိုစတာများတွင် လုံးဝဆန့်ကျင်ဘက်ဖြစ်သော အရောင်များကို အသုံးပြုရုံသာမက သတင်းထုတ်ပြန်ချက်များတွင်လည်း တစ်ဖက်လူ၏လျှော့ဈေးလှည့်ကွက်များကို ဖော်ထုတ်ကာ မိမိတို့ဘက်တွင် မည်သည့်လှည့်ကွက်မှမရှိကြောင်း တစ်ပြိုင်နက်တည်းကြေညာတတ်ကြလေ၏။ 




ဤစက်မှုလုပ်ငန်းပြိုင်ဆိုင်မှုကို အင်တာနက်အသုံးပြုသူများမှာ လက်ခုပ်တီးအားပေးကြပြီး ဆက်လက်တွန်းအားပေးရန်တိုက်တွန်းခဲ့ကြသည်။ ၂၀ရာခိုင်နှုန်း လျှော့ဈေးမှာ ဘာမျှမဟုတ်ပေ။ ၃၀ ရာခိုင်နှုန်းလျှော့ပေးမှသာ တကယ်စိတ်လှုပ်ရှားစရာကောင်းပြီး လူတိုင်း အလကားရသလိုဖြစ်သွားမည်ပင်။ လင်းနှင့် လုမိသားစုတို့၏ဖခင်များ မည်သို့ လမ်းခွဲသွားကြသည်ကို သူခန့်မှန်းနိုင်သော်လည်း လင်းရှန်နှင့်လုချန်ရွှမ်တို့ အဘယ်ကြောင့် ထိုမျှလောက် ခါးသီးသောရန်သူများ ဖြစ်သွားကြသည်ကိုမူ သူနားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။ တစ်ခုခုဖြစ်ခဲ့သည်မှာတော့ သေချာ၏။ သို့သော် သူမသိထားသဖြင့် ကြိုတင်မပြင်ဆင်နိုင်ပါပေ။ ယခုတော့ တစ်လှမ်းချင်းစီသွားရုံသာရှိတော့သည်။