Ch 19
Viewers 588


19



"ခုနစ်ဆယ့်ကိုးယွမ်တဲ့လား၊ ငါ့အသက်ကိုပဲယူလိုက်ပါတော့"




မွန်းတည့်ချိန် ကျောင်းဆင်းပြီးနောက် လင်းရှန်သည် အေးစက်သောလေပြင်းများကိုဖြတ်ကာ အော့မိုရီအင်တာနက်ကဖေးသို့ရောက်ရှိလာခဲ့သည်။ အထဲသို့ဝင်ဝင်ချင်းပင် Heroes of Gloryဂိမ်း၏စကင်အသစ်များအကြောင်း မန်နေဂျာ ရှောင်ဝမ်ပြောနေသည်ကို သူကြားလိုက်ရ၏။ သူသည် ကောင်တာကိုမှီရင်း သူ့လက်ချောင်းများဖြင့် ခပ်ဖွဖွခေါက်နေလေသည်။




"ပိုင်ရှား ဆေးလိပ်တစ်ဗူးပေးပါဦး"




ရှောင်ဝမ်မှာ ငွေရှင်းကောင်တာ၏ အစွန်ဆုံးဘယ်ဘက်ရှိ ဈေးအပေါဆုံးတန်းမှ ဆေးလိပ်တစ်ဗူးကိုယူကာ သူ့ထံကမ်းပေးရင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။




"အစ်ကို့ကတ်ထဲမှာ နှစ်ဆယ့်ငါးယွမ်ပဲ ကျန်တော့တယ်နော်"




"ဟမ် မြန်လိုက်တာ"




လင်းရှန်သည် ဆေးလိပ်ကိုယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။




"ယန်က အော့မိုရီကို ဘယ်တော့ပြန်လာမှာလဲ၊ သူ့ကိုမတွေ့ရတာ ရက်တော်တော်ကြာပြီ"




ထိုစကားကိုကြားသောအခါ မန်နေဂျာ ရှောင်ဝမ် ဝင်ပြောလိုက်သည်။




"ဘေးဘက်မြို့မှာ လူရွေးပွဲရှိလို့ သူ ကစားသမားတွေ သွားရှာနေတာ၊ ပြိုင်ပွဲကလည်းနီးနေပြီဆိုတော့ အသင်းက ရုတ်တရက် ပြဿနာတက်သွားလို့ ဘော့စ်ယန်တော်တော်လေး ဖိအားများနေတယ်"




"ဘာပြိုင်ပွဲလဲ  ဘာပြိုင်ပွဲလဲ"




လင်းဝမ်ယဲ့ အင်တာနက်ကဖေး မန်နေဂျာ၏အနောက်မှ ရုတ်တရက် ခေါင်းပြူထွက်လာပြီး ထမင်းချိုင့်တစ်လုံးကိုကိုင်ဆောင်ကာ လင်းရှန်အနားသို့ အမြန်ပြေးလာခဲ့သည်။ လင်းရှန်၏ လက်မောင်းကို ဆွဲကိုင်ကာ တောက်ပသောမျက်လုံးများဖြင့် သူမေးလိုက်၏။




"တကယ်ကြီး ယန်အော့စန်းလား"




လင်းရှန်သည် သူ့ဆေးလိပ်ကိုအိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။ ယန်အော့စန်းဆိုသည်မှာ လင်းဝမ်ယဲ့မှတ်မိနေသော ဂိမ်းအသင်း မန်နေဂျာပင်ဖြစ်လေသည်။  ဤမျှလောက် တိုက်ဆိုင်လိမ့်မည်ဟု သူ မထင်ခဲ့သော်လည်း တကယ်ပင် တိုက်ဆိုင်နေခဲ့၏။ သူသိသောသူ တစ်ယောက်ယောက်မှာ လွန်ခဲ့သောနှစ်များစွာ၌ လင်းရှန်နှင့်လည်းပတ်သက်မှုရှိခဲ့ခြင်းသည် လင်းဝမ်ယဲ့ကို အချိန်ခရီးသွားနေရသကဲ့သို့ ဇဝေဇဝါဖြစ်စေခဲ့သည်။ နောက်ထပ်မေးခွန်းများ သူမမေးနိုင်မီမှာပင် လင်းရှန်၏အကြည့်မှာ လင်းဝမ်ယဲ့ ကိုင်ဆောင်လာသောချိုင့်ဆီသို့ ရောက်သွားပြီး အနံ့ခံရန် ရှေ့သို့ကိုင်းညွတ်လိုက်၏။




"ဒါက ဘာလဲ စားစရာလား"




လင်းဝမ်ယဲ့ ဆက်တိုက်ခေါင်းညိတ်ပြလိုက်၏။




"ဟုတ်တယ် မင်းအတွက်နေ့လယ်စာလေ"




သူ့အတွက်ဖြစ်ကြောင်းကြားသောအခါ လင်းရှန် ၎င်းကိုယူလိုက်ပြီး သူ့ကို သီးသန့်ခန်းဆီသို့ခေါ်သွားကာ မေးလိုက်သည်။




"မင်း နေ့လယ်စာကို ဘယ်ကရလာတာလဲ၊ လုချန်ရွှမ် အိမ်ကနေတောင်းလာတာလား"




"ငါ ကိုယ်တိုင်ချက်လာတာပါ၊ သူ့အိမ်က မီးဖိုချောင်နဲ့ ဟင်းချက်စရာတွေကိုတော့သုံးလာရတယ်"




လင်းဝမ်ယဲ့ဝမ်းသာအားရ မေးပင့်လိုက်ပြီး ဆိုဖာတစ်လုံးကိုဆွဲယူကာ ထိုင်လိုက်လေသည်။




"ကြွားချင်နေတာပေါ့လေ ဟုတ်လား"




လင်းရှန်သည် သူ၏ဂုဏ်ယူနေသော မျက်နှာလေးကြောင့် သဘောကျသွားပြီး ထိုင်ချလိုက်ကာ သူ့ရှေ့ရှိအပူထိန်းထမင်းသုံးဆင့်ချိုင့်ကို ဖွင့်လိုက်သည်။ ချိုင့်တစ်ခုတွင် ဝက်သားနှင့်ငရုတ်ပွကြော်၊ နောက်တစ်ခုတွင် ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ပါရှိပြီး နောက်ဆုံးတစ်ခုတွင် ထမင်းပါရှိကာ အသားနှင့် ဟင်းသီးဟင်းရွက်တို့၏ပြီးပြည့်စုံသော ပေါင်းစပ်မှုတစ်ခုပင်ဖြစ်၏။ ချိုင့်များအတွင်း၌ ပိတ်လှောင်ထားသောမွှေးပျံ့သည့်ရနံ့မှာ သီးသန့်ခန်းအတွင်းပြည့်နှံ့သွားပြီး ခံတွင်းကို ချက်ချင်းမြိန်လာစေသည်။ လင်းရှန်သည် စုံလင်လှသော ဟင်းလျာများကြောင့် အံ့သြသွားပြီး ပြောလိုက်၏။




"ဒါကတကယ်ပဲ မင်းကိုယ်တိုင်ချက်တာလား၊ မင်းအိမ်တော်ထိန်းကို အကူအညီမတောင်းဘူးလား၊ မင်းကဟင်းချက်တတ်တယ်ပေါ့"




လင်းဝမ်ယဲ့ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။




"မိုက်တယ်မလား"




တကယ်တော့ သူသည်ဟင်းချက်သိပ်ကျွမ်းကျင်သူတော့မဟုတ်ပေ။ ရှီယွမ်နှင့် အချိန်ပိုဖြုန်းနိုင်ရန် ရိုးရှင်းသောအိမ်ချက်ဟင်းလျာ အနည်းငယ်ကိုသင်ပေးရန် ရှီယွမ်အား သူပူဆာခဲ့ဖူးခြင်းကြောင့်သာပင်။ သူဟင်းအများကြီးမချက်တတ်သော်လည်း အရသာကတော့လက်ခံနိုင်ဖွယ်ရှိပေသည်။ ဖခင်ဖြစ်သူနှင့်သားဖြစ်သူတို့ ထိုအချိန်၌စကားသိပ်မပြောဖြစ်ခဲ့ကြဘဲ လင်းရှန်ကလည်း အလွန်အလုပ်များနေခဲ့သည်မှာတော့ နှမြောစရာပင်ဖြစ်သည်။ 




သူ့ဖခင်ဖြစ်သူသည် သူ့သားချက်ပြုတ်သောအစားအစာကို တစ်ခါမှမစားဖူးခဲ့ချေ။ လင်းဝမ်ယဲ့သည် မွန်းတည့်ချိန်ထိ အိပ်ပျော်နေခဲ့ပြီး ထမင်းစားသောအခါ အလုပ်ဒဏ်ကြောင့် ပျက်စီးနေသော ဖခင်၏အစာအိမ်ကို အမြဲသတိရနေခဲ့သည်။ လုမိသားစု၏အိမ်တော်ထိန်းကို အနှောင့်အယှက်ပေးရမည်ကိုလည်း အားနာသဖြင့် နေ့လယ်စာကိုကိုယ်တိုင်ချက်ပြုတ်၍ ယူလာရန်သတိရခဲ့ခြင်းပင်။ ၎င်းမှာ မတူညီသောအချိန်ကာလတစ်ခုမှ သားကောင်းပီသမှုနှင့် လျော်ကြေးပေးမှုတစ်ခုသာဖြစ်လေသည်။ လင်းဝမ်ယဲ့၏ မျှော်လင့်ချက်အပြည့်ရှိသောအကြည့်များအောက်တွင် လင်းရှန်သည် ဝက်သားနှင့်ငရုတ်ပွကြော်တစ်ဖတ်ကိုယူ၍ ပါးစပ်ထဲထည့်ကာ ဖြည်းဖြည်းချင်း ဝါးရင်းပြောလိုက်၏။




"အရသာပေါ့တယ် သိပ်မစပ်ဘူး၊ အမှတ်တွေအများကြီး လျှော့တယ်"




အမှတ်လျှော့တယ်ပေါ့လေ။ အမှတ်တွေအများကြီးလျှော့တယ်ဟုတ်လား။




လင်းဝမ်ယဲ့ အသက်ရှူပင်မှားသွားပြီး ထမင်းချိုင့်ကိုလှန်ကာ သူ့မျက်နှာကိုပစ်ပေါက်ချင်စိတ်ပင် ပေါက်သွားခဲ့လေသည်။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကိုမြင်သောအခါ လင်းရှန်သည် အမြန်လက်မြှောက်အရှုံးပေးကြောင်းပြသလိုက်ပြီး နောက်ပြောင်သည့်ဟန်ဖြင့်ရယ်မောလာ၏။




"နောက်တာပါ တကယ်ကို အရသာရှိပါတယ်"




"အဲဒီလိုမှပေါ့" 




လင်းဝမ်ယဲ့သည် နှာခေါင်းရှုံ့လိုက်ပြီး သူ့ကွန်ပျူတာကို ဖွင့်လိုက်သည်။ 




"ငါ တမင်အရသာနည်းနည်းပေါ့အောင် ချက်ထားတာ၊ ဒီငရုတ်သီးတွေက နဂိုကတည်းက သိပ်မစပ်ပါဘူး"




လင်းရှန်အကြံပြုလိုက်၏။




"နောက်တစ်ခါကျရင် ငရုတ်သီးစိမ်းပိုထည့်ပေး၊ ဒီအတိုင်းဆို အရသာမရှိဘူး"




"အရမ်း ဂျီးမများစမ်းပါနဲ့" 




လင်းဝမ်ယဲ့ ဒေါသထွက်ဟန်ဆောင်ကာ ပြောလိုက်သည်။ 




"ငါချက်တာကို မင်းစားရမှာပဲ"




လင်းရှန် လိမ်လိမ်မာမာဖြင့်အရှုံးပေးသည့်ဟန် ခေါင်းညိတ်ပြလိုက်လေသည်။




"အိုကေ အိုကေ မင်းသဘောပါပဲ"




ကွန်ပျူတာဖွင့်ပြီးနောက် လင်းဝမ်ယဲ့သည် တကယ်တမ်းလုပ်စရာသိပ်မရှိကြောင်းတွေ့ရသဖြင့် လင်းရှန်နှင့် စကားစမြည်ပြောရန် လှည့်လိုက်ပြီး စောစောကပြတ်တောက်သွားသော အကြောင်းအရာကို ဆက်ပြောလိုက်သည်။




"ဒါနဲ့ ခုနက မင်းပြောတဲ့ပြိုင်ပွဲက ဘာပြိုင်ပွဲလဲ၊ ဒီအင်တာနက်ကဖေးပိုင်ရှင်က တကယ်ကြီး ယန်အော့စန်းလား”




ယန်အော့စန်းသည် ဒေသတွင်း နာမည်ကြီး ကစားသမားတစ်ဦးဖြစ်သဖြင့် လင်းရှန်သည် လင်းဝမ်ယဲ့၏စကားများကို မအံ့သြဘဲ ထမင်းစားရင်း အတင်းအဖျင်းပြောစရာအဖြစ် သဘောထားကာ ပြန်ဖြေလိုက်၏။




"သူပဲလေ ဒီလကုန်မှာမြို့တော်လိဂ်ပြိုင်ပွဲရှိတယ်၊ အသင်းရဲ့ မူလ Junglerကစားသမားရဲ့မိဘတွေက သူ့ကို လုံးဝထွက်ခွင့်မပေးဘဲ အတင်းအကျပ် နုတ်ထွက်ခိုင်းသွားတယ်လေ၊ အခု Junglerနေရာ လစ်လပ်သွားလို့ အစားထိုးဖို့ လူတစ်ယောက်အမြန်ရှာနေရတာ၊ အဲဒီကိစ္စနဲ့ သူအလုပ်အရမ်းရှုပ်နေတယ်"




"မြို့တော်လိဂ်လား"




လင်းဝမ်ယဲ့ တီးတိုးရေရွတ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။




"ဆုကြေးငွေရော ရှိလား"




"သေချာပေါက် ရှိတာပေါ့" 




လင်းရှန်ပြောလိုက်၏။ 




"ပထမဆုက နှစ်သိန်း၊ ဒုတိယဆုက တစ်သိန်း၊ တတိယဆုက ငါးသောင်းရမယ်၊ တကယ်တော့ ဆုကြေးငွေက ဒုတိယပါပဲ၊ အဓိကက နောက်နှစ်ကစပြီး Heroes of Gloryက တရားဝင်ပရိုလိဂ်ကို စတင်တော့မှာ၊ ထိပ်ဆုံးသုံးသင်းက ပရိုလိဂ် ခြေစစ်ပွဲကနေတစ်ဆင့် အသင်းဖွဲ့ခွင့်ရပြီး အဲဒါကတရားဝင်ပရိုလိဂ်ကိုရောက်ဖို့ တစ်ခုတည်းသောလမ်းပဲ၊ ဒီလိုအချိန်မှာ အသင်းကပြဿနာတက်တာ အရမ်းအန္တရာယ်များတယ်၊ ယန်အော့စန်းက အရမ်းစိုးရိမ်နေတာ"




လင်းဝမ်ယဲ့ အမြန်တွက်ချက်ကြည့်လိုက်ရာ ယခုနှစ်သည် ပထမဆုံးသော Heroes of Gloryပရိုလိဂ်မတိုင်မီနှစ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် E-sports သည် ပြီးပြည့်စုံသောစက်မှုလုပ်ငန်းကွင်းဆက်တစ်ခုဖြစ်လာမည်ဖြစ်ပြီး အကြွင်းမဲ့စီးပွားရေးတန်ဖိုးများဖြင့် လူအများ၏အာရုံစိုက်မှုကို ရရှိလာမည်ဖြစ်သည်။




အနှစ် ၂၀အကြာတွင် အသင်းမန်နေဂျာတစ်ဦးအနေဖြင့် ယန်အော့စန်းသည် တရုတ်နိုင်ငံရှိ E-sportsလောက၏ ရှေ့ဆောင်များထဲမှ တစ်ဦးဖြစ်လာမည်ပင်။ သို့သော် အနာဂတ်မှာ ကောင်းမွန်နေသော်လည်း ဤအချိန်တွင်ပရိုကစားသမားတစ်ဦးဖြစ်ရန်မှာမလွယ်ကူပေ။ E-sports တွင် ပရိုကစားသမားတစ်ဦး၏သက်တမ်းမှာ အလွန်တိုတောင်းလှပြီး ကျွမ်းကျင်မှု၊ တုံ့ပြန်ချိန်နှင့် လက်မြန်မှုတို့အရ အကောင်းဆုံးစွမ်းဆောင်နိုင်သည့်အချိန်မှာ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်များတွင်သာဖြစ်လေ့ရှိသည်။ ထိုအသက်အရွယ်တွင် မိဘများ၏ကန့်ကွက်မှုကို ရင်ဆိုင်ရရန်မှာ အလွန်ခက်ခဲလှ၏။




"ဟူး" 




ဤအကြောင်းကိုပြောရင်း လင်းရှန်သည် ရုတ်တရက် စိတ်ကူးပြောင်းသွားကာ လင်းဝမ်ယဲ့ဘက်သို့ လှည့်ပြောလိုက်၏။ 




"မင်းလုပ်နိုင်မယ်လို့ ငါထင်တယ်၊ မင်းက Junglerကျွမ်းတာပဲ"




လင်းဝမ်ယဲ့ကိုယ်တိုင်လည်း ဤအကြံအစည်ကို သဘောတူပေသည်။ ၎င်းမှာ သူ့အတွက်ရွှေရောင်အခွင့်အရေးတစ်ခုပင်ဖြစ်၏။ သူသည် ပရိုကစားသမားများနှင့် မကြာခဏတွဲဆော့လေ့ရှိရာ ခြေစစ်ပွဲအောင်မြင်ရန်မှာ ပြဿနာမဟုတ်ပေ။ သို့သော်ငြားလည်း.......