Ch 13
Viewers 719

13





အခန်းထဲတွင်ရပ်နေသော အစေခံများအားလုံးကို ထွက်သွားခွင့်ပြုလိုက်သော်လည်း သူတို့သည်မငြိမ်မသက် ဖြစ်နေကြဆဲဖြစ်၏။ ခုနကဖြစ်ပျက်ခဲ့သော တရားစီရင်မှုကိုပြန်လည်သုံးသပ်နေကြပုံရလေသည်။ နဉ်ရော့ယွီပင်လျှင် နှုတ်ခမ်းတသပ်သပ်လုပ်နေမိပြီး တစ်စုံတစ်ခုလိုအပ်နေသေးသည်ဟု ခံစားနေရရှာ၏။



သို့သော် သူ့တွင်မေးခွန်းတစ်ခုရှိနေသေးသဖြင့် ကြမ်းပြင်ပေါ်ရှိကျိုးပဲ့နေသောကျောက်စိမ်းဆံထိုးကို လက်ညှိုးထိုးပြပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။ 



"အစ်ကိုကြီး ဘာလို့  ဘာလို့အဲ့ဒါကိုမယူတာလဲ"



သူသည် စိတ်လှုပ်ရှားလွန်း၍သွားရည်ပင်ကျလုနီးပါးဖြစ်နေရာ အစေခံမလေးတစ်ဦးမှ လက်ကိုင်ပဝါဖြင့်အမြန်လာသုတ်ပေးရလေသည်။ နဉ်ယန်နင်အသံထွက်သည်ထိ ရယ်မောလိုက်ပြီးမှ အသာပြောဆိုလိုက်၏။ 



"သူပိုပြီးယူသွားအောင် စောင့်နေတာလေ၊ ဒါမှသူ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးလို့ရမှာပေါ့၊ အဲ့လိုဆိုနဉ် မိသားစုရဲ့ ရက်ရောမှုကိုပြသရာလဲရောက်တယ်လေ၊ ဆံထိုးတစ်ချောင်း နှစ်ချောင်းလောက်နဲ့ ဒေါသထွက်နေရင်ကျ သဘောထားသေးသိမ်ရာကျလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူခိုးထားတဲ့အဲ့ပစ္စည်းတွေက မိသားစုဆီအနှေးနဲ့အမြန်ပြန်ရောက်လာမှာပဲကို၊ အခုလိုလှည့်ပတ်ပြီးပြန်ရောက်လာမယ့် နည်းလမ်းမျိုးပေါ့၊ သူ့အတွက်စိတ်မကောင်းဖြစ်စရာမလိုပါဘူး"



စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အတွင်း အစေခံများခိုးယူထားသောပစ္စည်းများကို မည်သူဝှက်ထားရဲပါမည်နည်း။ နဉ်ရော့ယွီဆွံ့အသွားရလေသည်။ ရက်စက်မှုအပိုင်းတွင် သူသည် သူ့အစ်ကိုကြီးကိုမယှဉ်နိုင်သေးပါပေ။

နဉ်ယန်နင် အသာပြုံးလိုက်သည်။ 



"ဒါပေမယ့် အခုတော့ အစ်ကိုကြီးစိတ်ကိုပြောင်းလိုက်ပြီ၊ အစ်ကိုကြီးတို့မိသားစုမှာ အရှုပ်တော်ပုံတွေရှိနေရင်မကောင်းဘူး၊ အာဏာပိုင်တွေဆီရောက်သွားရင်လဲ အိမ်တွင်းရေးကိုကောင်းကောင်းမစီမံနိုင်ဘူးဆိုပြီး အလှောင်ခံရရုံပဲရှိလိမ့်မယ်"



နဉ်ရော့ယွီ နားမလည်ဟန်ဖြင့်မော့ကြည့်လိုက်သော်လည်း နဉ်ယန်နင်မှာဆက်မပြောတော့ချေ။ အဒေါ်ကျောက်တို့သားအမိ၏ကံကြမ္မာကိုလည်း ထုတ်ဖော်မပြောပြခဲ့ပေ။ သူသည် ထိုသားအမိကိုနောက်ထပ်မည်သည့်အခါမှပြန်မတွေ့ရတော့ခြင်းသာရှိပေလိမ့်မည်။ နောက်ပိုင်းတွင် မုရှီသည်လည်း ဆုလာဘ်အချို့ရရှိခဲ့ပြီး သူမမိခင်အတွက် သမားတော်ပြသရန်နှင့်ဆေးဝါးကုသရန် အဆင်ပြေသွားခဲ့လေသည်။ ကိစ္စပြီးပြတ်သွားသောအခါ ယခင်ကတိတ်ဆိတ်နေသော Sign-inစနစ်သည် ရုတ်တရက် ပေါ်လာတော့သည်။ 



[ တင် အောင်မြင်မှုပြီးမြောက်ခြင်း - မကောင်းမှုကိုဒဏ်ခတ်၍ ကောင်းမှုကို အားပေးခြင်း တရားသူကြီးပေါင်ချိန်



ဆုလက်ဆောင် - စက္ကူပြုလုပ်နည်း၊ အမှတ် +၂၀၀ ]



နဉ်ရော့ယွီ စိတ်ရှုပ်ထွေးသွားရ၏။



*ငါက ဒီမှာအားသိပ်မစိုက်လိုက်ရပါဘူး၊ ဘယ်လိုလုပ်မကောင်းမှုကိုဒဏ်ခတ်ပြီး ကောင်းမှုကိုအားပေးသူဖြစ်သွားရတာလဲ*



သူသည် ဖရဲသီးစားနေရုံလောက်သာရှိခဲ့ပြီး လက်တွေ့အားစိုက်ထုတ်မှုအပိုင်းတွင် သူ့အစ်ကိုကြီးသာပိုလုပ်ဆောင်ခဲ့သည်ပင်။ စနစ်မှာစနစ်တကျ ပြန်လည်ဖြေကြားလေသည်။



[ ဆန်းစစ်ချက်အရ အိမ်ရှင်သည် အဓိကဇာတ်ကောင်မုရှီနှင့် တွေ့ဆုံခဲ့ပြီးကြားဝင်စွက်ဖက်ခဲ့သဖြင့် သင့်အစ်ကိုကြီးက စီရင်ဆုံးဖြတ်နိုင်ခဲ့ပြီး သူမအမည်ကို ရှင်းလင်းပေးနိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့်မလို့ ဒီဂုဏ်ပြုမှုကို အိမ်ရှင်အားပေးအပ်လိုက်ပါတယ် ]



ဤအချက်သည် နဉ်ရော့ယွီအားအံ့အားသင့်စေခြင်းမရှိပေ။ သူသည် တာဝန်များကို မလုပ်ဆောင်လိုသော်လည်း လှဲနေရင်းဖြင့်ပင် ပြီးမြောက်နိုင်သော ဤကဲ့သို့သော တာဝန်မျိုးကိုမူ နှစ်သက်မိပေသည်။

ပထမလနီးကပ်လာသည်နှင့်အမျှ အထက်မှအောက်ထိ လူတိုင်းအလုပ်ရှုပ်နေကြလေ၏။ နန်းတွင်း၌ နှစ်သစ်ကူးနေ့တွင် ဧကရာဇ်သည်အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများပါဝင်သော ညီလာခံကြီးကျင်းပလေ့ရှိပြီး အရာရှိများမှလည်းဂုဏ်ပြုသဝဏ်လွှာများ တင်သွင်းကြကာ ဧကရာဇ်သည် အစားအသောက်အစုံအလင်နှင့် စားသောက်ပွဲကိုချီးမြှင့်လေ့ရှိသည်။ 



သီးနှံဖြစ်ထွန်းသောနှစ်များတွင် ဧကရာဇ်သည်ပြည်သူများအတွက် အခွန်လျော့ပေါ့ပေးခြင်းဖြင့် သူ၏အကန့်အသတ်မဲ့သော တော်ဝင်မေတ္တာကို ပြသလေ့ရှိ၏။ ထိုရက်များနောက်ပိုင်းတွင် ကောင်းကင်နှင့်ဘိုးဘေးများကိုပူဇော်ပသရန်နှင့် သီးနှံရိတ်သိမ်းမှုကောင်းမွန်စေရန် ဆုတောင်းပွဲများကျင်းပလေ့ရှိသည်။

သာမန်ပြည်သူများသည်လည်း နှစ်သစ်ကူး ပထမရက်တွင် ဘိုးဘေးကန်တော့ပွဲများ ကျင်းပလေ့ရှိကြ၏။



ချမ်းသာကြွယ်ဝပြီး အာဏာရှိသောမိသားစုများအတွက်မူ စည်းကမ်းများမှာပိုမိုရှုပ်ထွေးပြီး ပူဇော်ပသခြင်း၊ ဂုဏ်ပြုစာလွှာများ ရွတ်ဆိုခြင်းနှင့် လူငယ်များမှ လူကြီးများကို ဂါရဝပြုခြင်းများပါဝင်လေသည်။ သာမန်လူတန်းစားများမှာမူ ရိုးရှင်းသော ပူဇော်ဖွယ်ရာများထားရှိပြီး မိသားစုတစ်ခုလုံး ဒူးထောက်ဆုတောင်းကြရုံသာပင်။ 



ယုံကျိုးနယ်၊ ဟယ်ချွမ်းစီရင်စုရှိ ယွီမိသားစုနေအိမ်တွင်



အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသည် စာတစ်စောင်ကိုဖတ်ရှုနေလေသည်။ အချိန်အတော်ကြာပြီးနောက် သူအသာမော့ကြည့်လိုက်ရာ ခန့်ညားသောမျက်နှာလေးပေါ်လာ၏။ 



"အစ်မကြီးက မနှစ်ကသားလေးတစ်ယောက်မွေးခဲ့ပေမယ့် မိသားစုထဲမှာအခြေအနေတွေရှုပ်ထွေးနေတော့ ဒီကိစ္စကိုဂရုစိုက်ဖို့အချိန်မရခဲ့ဘူး၊ ဂုဏ်ပြုလက်ဆောင်လောက်ပဲပို့ပေးနိုင်ခဲ့တယ်လေ၊ အခုအခြေအနေတွေငြိမ်သက်သွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးကို ကျွန်တော်သွားရပါလိမ့်မယ်"



စားပွဲထိပ်တွင် အသက်ကြီးကြီးစုံတွဲတစ်တွဲထိုင်နေကြပြီး သူတို့ဆံပင်များမှာဖြူနေပြီဖြစ်သော်လည်း ခမ်းနားထည်ဝါသောအသွင်အပြင် ရှိနေဆဲပင်။ အဘိုးအိုသည် ခါးမတ်မတ်ထိုင်လျက် မုတ်ဆိတ်မွှေးကိုသပ်ကာ ခေါင်းငြိမ့်လိုက်သည်။ 



"ကောင်းပြီလေ ယိုကျိုးမှာမင်းအစ်မကြီး ဘယ်လိုနေလဲဆိုတာသွားကြည့်ချေ၊ လိုအပ်တာရှိရင်လဲ ကူညီဖို့ဝန်မလေးနဲ့"



လူငယ်က ချက်ချင်းသဘောတူလိုက်လေသည်။ အဘွားအိုက ဆက်ပြောလာ၏။ 



"ခရီးကဝေးတော့ တူလေးရဲ့မွေးနေ့ကိုမလွတ်စေချင်ရင် ပွဲနေ့ပြီးတာနဲ့ပစ္စည်းတွေသိမ်းပြီး ထွက်မှရလိမ့်မယ်"



လူငယ်က ခေါင်းငြိမ့်ပြလိုက်ပြန်သည်။ 



"ကျွန်တော် သိပါတယ်၊ ပထမအကြိမ်မွေးနေ့လက်ဆောင်ကိုလဲ ယူသွားရဦးမှာ"



အောက်ဘက်တွင်ထိုင်နေသော ငါးနှစ် ခြောက်နှစ်အရွယ် မိန်းမငယ်လေးသည် သူတို့အရေးကြီးကိစ္စဆွေးနွေးပြီးသည်နှင့် အဘွားအိုဘေးသို့ပြေးသွားကာ ခေါင်းလေးစောင်းလျက် အသံချိုချိုလေးဖြင့်မေးလိုက်လေသည်။ 



"အဘွား စတုတ္ထဦးလေးကအဒေါ်ကြီးဆီသွားမှာလား"



အဘွားအိုက ကြင်နာစွာပြုံးပြပြီး သူမခေါင်းလေးကိုပုတ်လိုက်သည်။ 



"ဟုတ်တယ် သမီးမှာဒီနှစ်နွေဦးအစတုန်းကမှမွေးတဲ့ မောင်လေးတစ်ယောက်ရှိတယ်၊ သမီးရဲ့စတုတ္ထဦးလေးက အဲ့ကိုသွားပြီးဂုဏ်ပြုပေးမလို့လေ၊ ပစ္စည်းကောက်ပွဲကိုတော့ အလွတ်ခံလို့မဖြစ်ဘူး"



မိန်းမငယ်လေးမှာ နှာခေါင်းရှုံ့လိုက်၏။ 



"သူက မွေးတာမကြာသေးဘူးဆိုတော့ သေးသေးလေးပဲရှိဦးမှာပေါ့"



သူမ၏ဒုတိယအဒေါ်သည်လည်း အရင်ရက်အနည်းငယ်ကမှ သားတစ်ယောက်မွေးဖွားခဲ့ပြီး မွေးပြီးရက်ပိုင်းအကြာတွင် သူမသွားခိုးကြည့်ခဲ့ဖူးသည်။ ကလေးမှာပါးရေတွန့်နေပြီးသိပ်မလှသဖြင့် မိန်းမငယ်လေးမှာမနှစ်သက်ခဲ့ပေ။ အဘွားအိုမှာ ရယ်မောလိုက်မိသည်။ 



"ဘယ်သူကများ အဲ့လိုမဖြစ်ခဲ့ဖူးလို့လဲ၊ သူများမပြောနဲ့ သမီးလဲအဲ့အရွယ်တုန်းက သူတို့လိုပါပဲ"



မိန်းမငယ်လေး၏မျက်နှာထားမှာ အံ့သြသွားပုံရပြီး သူမသည်လည်းတစ်ချိန်က ထိုမျှရုပ်ဆိုးခဲ့ဖူးကြောင်း စိတ်ကူးပင်မယဉ်ဖူးသကဲ့သို့ဖြစ်နေလေသည်။ ဤအဖြစ်အပျက်မှာ လူတိုင်းကိုရယ်မောစေခဲ့၏။



"ဒါဆို အဘွား အစ်ကိုယန်ကဒီတစ်ခေါက် စတုတ္ထဦးလေးနဲ့အတူ အဒေါ်ကြီးဆီလိုက်သွားမှာလား"



မိန်းမငယ်လေးမှာ အပြစ်ကင်းစင်သောလေသံလေးဖြင့်မေးလိုက်လေသည်။ သူမပြောလိုက်သောအခါ လူတိုင်းမျက်နှာပေါ်မှ အပြုံးများ အနည်းငယ်ပျောက်ကွယ်သွားသည်ကို သူမသတိမပြုမိလိုက်ချေ။ စတုတ္ထဦးလေးဟုခေါ်သော လူငယ်လေးမှာခေါင်းငြိမ့်ပြလိုက်သည်။ 



"အင်း ယန်ကျင်းကို စစ်ဘက်ဆိုင်ရာပါရမီရှင်အဖြစ် ပြုစုပျိုးထောင်နေတာလေ၊ သူ့ကိုအိမ်ထဲမှာပဲပိတ်ထားရင် ဘယ်လိုလုပ်ထူးချွန်လာနိုင်မှာလဲ"



တောကြက်များကြားတွင် အနေကြာသော ကြိုးကြာဖြူသည်ပင်လျှင် တောင်ပံဖြန့်ရန် မေ့လျော့သွားနိုင်သည်ပင်။ မိန်းမငယ်လေး နှုတ်ခမ်းဆူလိုက်မိသည်။ 



"ဒါပေမယ့် စတုတ္ထဦးလေးနဲ့အစ်ကိုယန်နှစ်ယောက်လုံးမရှိတော့ရင် ဘယ်လောက်တောင်ပျင်းစရာကောင်းလိုက်မလဲ၊ စတုတ္ထဦးလေးလေးကသမီးကိုပါ ဘာလို့ခေါ်မသွားတာလဲ"



"ဒီကောင်မလေး တော်တော်လည်တာပဲ" 



အဘွားအိုမှာ သူမခေါင်းလေးကိုအသာခေါက်လိုက်သည်။ 



"သမီးရဲ့ စတုတ္ထဦးလေးကအရေးကြီးကိစ္စနဲ့သွားမှာလေ၊ သမီးသဘောကျ ဘယ်လိုလုပ်ခေါ်သွားနိုင်မှာလဲ၊ သမီးက အပျိုလေးဖြစ်တော့မယ်၊ အိမ်မှုကိစ္စတွေကို ဘယ်လိုစီမံခန့်ခွဲရမယ် မိသားစုကိစ္စတွေကိုဘယ်လို တာဝန်ယူရမယ်ဆိုတာ သမီးအမေဆီကနေ သင်ယူဖို့လိုနေပြီ"



မိန်းမငယ်လေး၏မျက်နှာလေးမှာ ညှိုးကျသွားပြီး နှုတ်ခမ်းဆူလျက်ပင် မလိုလားစွာဖြင့်သဘောတူလိုက်ရရှာ၏။ ထိုစဉ် ကောင်းကင်ထက်မှနေ နှင်းပွင့်ကြီးများကျဆင်းလာတော့သည်။ လေထဲတွင်ဝဲပျံနေသော မိုးမခပွင့်ဖတ်များကဲ့သို့ပင်။ နှင်းများသည် နှစ်သစ်ကူးနေ့ထိ ဆက်လက်ကျဆင်းနေပြီး ကြက်တွန်သံကြားမှသာ ရပ်တန့်သွားလေသည်။ ဤသည်ကိုကောင်းကင်ဘုံမှပေးသနားသော ကောင်းချီးမင်္ဂလာအဖြစ် မှတ်ယူကြ၏။



ကွမ်ဖျင်စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေပြီဖြစ်သည်။ ယနေ့တွင် အိမ်ထောင်ဦးစီးသည် ဘိုးဘေးများကို ပူဇော်ပသရမည်ဖြစ်ပြီး ၎င်းသည်နှစ်သစ်ကူးနေ့၏အရေးကြီးဆုံးကိစ္စရပ်ပင်ဖြစ်၏။ အိမ်ရှိ ဝိုင်၊ အသား၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို အသင့်ပြင်ဆင်ထားရပြီး မီးဖိုချောင်တွင်လည်း အလုပ်ရှုပ်နေကြလေသည်။



နဉ်ရော့ယွီသည်လည်း နွေးထွေးသောသူ့ကုတင်ထက်မှ စောစောစီးစီး ဆွဲထုတ်ခံလိုက်ရ၏။ သူသည်သမ်းဝေနေပြီး လက်တစ်ဖက်မျှပင် မလှုပ်ရှားရဘဲ မီးခိုးငွေ့ဖြင့် နွေးထွေးအောင်ပြုလုပ်ထားသော အဝတ်အစားများနှင့်သား‌မွှေးဝတ်ရုံကို လွှမ်းခြုံပေးခြင်းခံလိုက်ရလေသည်။ သူ့မျက်လုံးများသည် တစ်ဝက်သာပွင့်နေသေး၏။ ရုပ်သေးရုပ်ကဲ့သို့ တစ်ချိန်လုံးလူတစ်ဦး၏ရင်ခွင်ထဲတွင် ပွေ့ချီခံထားရပြီး ဘာဖြစ်နေမှန်းပင်မသိဘဲ သူများခိုင်းသမျှလုပ်ဆောင်နေရရှာ၏။



နဉ်ယွမ်သည် ယခုနှစ်တွင်မိသားစုနယ်မြေအပြင်ဘက်၌ တာဝန်ကျနေသဖြင့် အိမ်တွင်ဘိုးဘေးကန်တော့ခန်းငယ်တစ်ခုသာပြုလုပ်ပြီး ပူဇော်ပွဲလုပ်ရသည်ဖြစ်ရာ စည်းကမ်းများသိပ်မများလှပေ။ သို့သော် နဉ်ရော့ယွီအမြင်တွင်မူ ဤမျှရိုးရှင်းသော အခမ်းအနားသည်ပင်လျှင် သူ့ကိုခေါင်းကိုက်စေလေသည်။



ဈေးပေါသောသူ့ဖခင်၏ ကိုယ်လုပ်တော်ဖန်းလည်း ရောက်ရှိလာပြီး နဉ်မိသားစု၏တစ်ဦးတည်းသောသမီးနဉ်ယုလည်းပါလာလေသည်။ နဉ်မိသားစုသည် အလွန်သေးငယ်သဖြင့် သူတို့နှစ်ဦးရောက်ရှိလာသည်နှင့် လူစုံသွားတော့၏။