Ch 12
Viewers 727

12

 

 

 

 

​ချက်ချင်းပင် အစေခံမလေးတစ်ဦးရှေ့ထွက်လာပြီး ပြန်လည်ဖြေကြားလေသည်။

 

 

"သခင်လေးကို ပြန်ဖြေရရင် အဲ့နေ့က အဒေါ်ကျောက်နဲ့မုရှီတို့ သခင်လေးအခန်းထဲကိုဝင်သွားကြပါတယ်၊အဲ့မနက်ခင်းမှာ တခြားဘယ်သူမှမဝင်ခဲ့ကြပါဘူး"

 

 

​အိမ်ဖော်အဘွားကြီးများနှင့် အစေခံမလေးများကလည်း ထောက်ခံပြောဆိုကြ၏။

 

 

"မှန်ပါတယ် ကျွန်မတို့အားလုံးမြင်လိုက်ပါတယ်"

 

 

​တံမြက်စည်းလှည်းသည့် အစေခံကလည်း သူတို့ပြောပြီးသည်နှင့် ဖြည့်စွက်ပြောကြားလေသည်။

 

 

"အဒေါ်ကျောက်က ခေါင်းမော့ပြီးအရင်ထွက်လာပါတယ်၊ပြီးမှ မုရှီက မျက်လုံးတွေနီရဲပြီး ထွက်လာတာပါ၊ဒီနေ့လိုပုံစံမျိုးပါပဲ"

 

 

​နဉ်ယန်နင်သည် တစ်သီးတစ်သန့်ဖြစ်နေသော မုရှီနှင့်အဒေါ်ကျောက်တို့ကို ဂရုမစိုက်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာထားမှာခန့်မှန်းရ ခက်ခဲနေလေသည်။ ​သူသည် ဆယ်ကျော်သက်အရွယ်သာရှိသေးသော်လည်း သူ့အရှိန်အဝါသည် ထိုနေရာရှိလူကြီးများထက်ပင် များစွာ သာလွန်နေချေ၏။ ​သူပြောလိုက်သည်။

 

 

"ငါ့အခန်းထဲက ရွှေငါးရုပ်တွေထည့်ထားတဲ့ သစ်သားသေတ္တာမွှေနှောက်ခံထားရတယ်၊ရွှေငါးရုပ်တစ်ရုပ်မှမပျောက်ပေမယ့် ငါကဘယ်သူ့ကိုမှမကိုင်ရဘူးလို့ သေချာမှာထားခဲ့တာ၊အဲ့နေ့က မင်းတို့နှစ်ယောက်ပဲရှိတယ်၊ဘယ်သူကိုင်တာလဲ မုရှီကတော့ ခင်ဗျားလို့ပြောပြီးပြီနော် နို့ထိန်းအမေ"

 

 

​အဒေါ်ကျောက်ထံ သူဂရုမစိုက်ဟန်ပြုံးပြလျက်စိုက်ကြည့်နေသဖြင့် သူမခမျာချွေးစေးများပြန်ကာထိတ်လန့်သွားရလေသည်။ ​ကျန်လူများမှာလည်း တုန်လှုပ်သွားကြ၏။ အဒေါ်ကျောက်သာလျှင် ဤမျှထိသတ္တိကောင်းမည်ဖြစ်ပြီး မုရှီကမူမည်သည့်အခါမှ ထိုကဲ့သို့လုပ်မည်မဟုတ်ကြောင်း သူတို့အားလုံးသိထားကြသည်။ နှစ်ပေါင်းများစွာရိုးသားလာခဲ့သောသူသည် ဤမျှမိုက်မဲသောအလုပ်ကိုလုပ်လိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ကြချေ။ သေလမ်းရှာနေသည်နှင့်ပင်တူနေ၏။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးနေသောလုပ်ရပ်ပင်။ ​လူတိုင်းအံ့သြသွားအောင်ပင် အဒေါ်ကျောက်မှာ ပြင်းပြင်းထန်ထန်ငြင်းဆန်လိုက်ရုံမက မုရှီကိုပါပြန်စွပ်စွဲလိုက်လေသည်။

 

 

"သခင်လေး အဲ့ပစ္စည်းကိုခိုးတာ ဒီကောင်မစုတ်လေးမုရှီပါ၊သူ့အမေ အသည်းအသန်နေမကောင်းဖြစ်ပြီး ဆေးဖိုးလိုနေလို့ အဲ့နေ့ကမကောင်းတဲ့အကြံထုတ်ခဲ့တာဖြစ်နိုင်ပါတယ်၊ကျွန်မ လက်ပူးလက်ကြပ်မိသွားလို့သာ သူရပ်လိုက်တာပါ၊ကျွန်မ သူ့ကိုငိုတဲ့ထိဆူပူကြိမ်းမောင်းလိုက်လို့ သူကအငြိုးထားပြီး ကျွန်မကိုပြန်စွပ်စွဲနေတာပါ"

 

 

​သူမသည် မျက်ရည်များ နှပ်များစီးကျလျက်ပြောဆိုနေပြီး သူမမျက်နှာထားမှာ အလွန်ရိုးသားဖြောင့်မတ်ပုံပေါက်နေကာ ကောင်းမှုပြုပြီးမှမတရားစွပ်စွဲခံရသဖြင့် ဒေါသထွက်နေသည့်ပုံစံမျိုးလည်းဖြစ်နေလေသည်။ ​သူမ၏ရှင်းပြချက်ကိုကြားသောအခါ လူတိုင်းမှာမုရှီထံ သံသယဖြင့်မဝံ့မရဲကြည့်လိုက်ကြ၏။ ​ဤကဲ့သို့သောမတရားမှုကို တစ်ခါမှမကြုံဖူးသော မိန်းမငယ်သည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံးနီရဲကာ တစ်ကိုယ်လုံးတုန်ရီနေရှာသည်။

 

 

"ရှင်လိမ်နေတာ အဲ့တုန်းကခိုးတာ ရှင်လေ၊ပြီးတော့နည်းလမ်းပေါင်းစုံသုံးပြီး ကျွန်မကိုခြိမ်းခြောက်ခဲ့တာ၊ဒီရက်ပိုင်းမှာဆို ကျွန်မကိုရှင့်သားနဲ့ပေးစားပြီး ထိန်းချုပ်ဖို့တောင်ကြိုးစားနေသေးတယ်၊တစ်ကယ်လို့ ရှင်သာအပြစ်မရှိဘူးဆိုရင် ကျွန်မလိုခိုးတတ်တဲ့လက်နဲ့မိန်းကလေးကို ဘာလို့ရှင့်အိမ်ထဲအဝင်ခံမှာလဲ"

 

 

ဤအသံကျယ်ကြီးသည် အဒေါ်ကျောက်အားတုတ်ဖြင့် ရိုက်ချလိုက်သကဲ့သို့ဖြစ်သွားစေပြီး သူမခမျာအချိန်အကြာကြီး စကားထစ်သွားကာ ပြန်လည်ချေပရန်စကားတစ်လုံးမှပင်မပြောနိုင်ဖြစ်သွားရလေသည်။

​နဉ်ရော့ယွီသည် စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလေ၏။ စစ်ဆေးမေးမြန်းခန်းသည် တီဗီထဲတွင်မြင်တွေ့ရသကဲ့သို့ ချိတ်ဆက်မှုခိုင်မာသော ကောက်ချက်ချမှုများ၊ မှုခင်းဖြေရှင်းမှုများလောက် စိတ်လှုပ်ရှားစရာမကောင်းသော်လည်း ကြည့်ရှုရသည်မှာ အတော်လေးအပန်းပြေရသည်။

 

 

​အစေခံမလေးသည်လည်း သတ္တိကောင်းလှ၏။ သူတို့ရှေ့တွင်ပင်ထိတ်လန့်မသွားဘဲ အဒေါ်ကျောက်အားယုတ္တိကျကျနှင့် ရှင်းလင်းပြတ်သားစွာပြန်လည်ပြောဆိုနိုင်ခဲ့ပြီး စကားထစ်သွားခြင်းမျိုးလုံးဝမရှိခဲ့ပေ။ ​တည်ငြိမ်မှုပြန်ရလာပြီးနောက် အဒေါ်ကျောက်သည် ဆက်၍ဆင်ခြေပေးပြန်လေသည်။

 

 

"ကျွန်မက မိသားစုချင်းမင်္ဂလာဆောင်စေချင်ရုံသက်သက်ပါပဲ၊နင့်ရဲ့ဇာတာနဲ့ ငါ့သားဇာတာကကိုက်ညီတယ်လို့ခံစားရလို့ နင့်လက်သန့်မသန့်ဆိုတာကိုတောင်ဂရုမစိုက်ခဲ့ဘူး၊ငါ့အိမ်ရောက်မှနင့်ကို သေချာပြန်ဆုံးမပေးမယ်လို့တွေးထားခဲ့တာ"

 

 

​သူမစကားမဆုံးမီ နဉ်ယန်နင် လေသံမာမာဖြင့်ဖြတ်ပြောလိုက်သည်။

 

 

"တော်တော့"

 

 

​သူမပါးစပ်ဟလိုက်သော်လည်း နဉ်ယန်နင်၏နက်ရှိုင်းပြီးအေးစက်သောမျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသောအခါတုန်လှုပ်သွားပြီး ဆက်မပြောရဲတော့ချေ။ ​အဒေါ်ကျောက် မျက်လွှာချလိုက်စဉ် ကျောက်စိမ်းဆံထိုးတစ်ခုမှာ သူမရှေ့သို့ရုတ်တရက်ကျလာပြီး အပိုင်းပိုင်းကျိုးပဲ့သွားလေသည်။ ​သူမသည် ထိုအရာကိုစိုက်ကြည့်လိုက်ပြီး ချက်ချင်းပင်ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့၏။ ​နဉ်ယန်နင် ပြောလိုက်သည်။

 

 

"ရင်းနှီးနေတယ်မလား ဒီကျောက်စိမ်းဆံထိုးကို ငါမတွေ့မိတာအတော်ကြာပြီ၊အိမ်ပြောင်းတုန်းက ပျောက်သွားတယ်လို့ထင်ထားခဲ့ပေမယ့် မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ သူကအပေါင်ဆိုင်မှာမြင်ခဲ့တယ်လို့ပြောလာတယ်လေ၊စုံစမ်းကြည့်လိုက်တော့မှ ခင်ဗျားရဲ့သားလိမ္မာလေးက လောင်းကစားအကြွေးဆပ်ဖို့သွားပေါင်ထားတာဖြစ်နေတယ်၊ငါ့အိမ်ထဲမှာတင် သူခိုးရှိနေလိမ့်မယ်လို့ ငါစိတ်တောင်မကူးဖူးဘူး"

 

 

​အဒေါ်ကျောက် ချက်ချင်းဒူးထောက်ကာ ဦးခိုက်ပြီးခွင့်လွှတ်ရန်တောင်းပန်လေသည်။

 

 

"သခင်လေး ကျွန်မမှားမှန်းသိပါပြီ၊ကျွန်မ လောဘစိတ်ခဏဝင်သွားလို့ပါ၊နောက်တစ်ခါ ဘယ်တော့မှမလုပ်ရဲတော့ပါဘူး၊ပြီးတော့ ဒါကသခင်လေးဂရုမစိုက်တဲ့ ကျောက်စိမ်းဆံထိုးလေးတစ်ခုပါပဲ၊သခင်လေး ကျွန်မသခင်လေးအပေါ်ထားခဲ့တဲ့ စေတနာမေတ္တာတွေကို မှတ်မိပါသေးရဲ့လား"

 

 

​အကင်းပါသောအစောင့်တစ်ဦးသည် သခင်ဖြစ်သူ၏မျက်လုံးထဲမှ စိတ်မရှည်မှုကိုသတိထားမိသဖြင့် မျက်စိနောက်မခံစေရန် သူမအားအမြန် ဆွဲထုတ်သွားလေတော့သည်။