Ch 11
Viewers 728

11





ယခုအချိန်၌ နဉ်ရော့ယွီသည် အလွန် တက်ကြွလှုပ်ရှားနေပြီး ခုန်ပေါက်ကစားခြင်းတို့ စကားပြောခြင်းတို့ ဆူပူအော်ဟစ်ခြင်းတို့ပင်ပြုလုပ်နိုင်ပြီပင်။

သူသည် ဤအခန်းကျဉ်းလေးထဲ၌ ဆက်မနေနိုင်တော့ဘဲ အပြင်ထွက်ကစားရန် အမြဲတစေဆူညံအော်ဟစ်နေတော့သည်။



"အပြင်သွားမယ် ကစားမယ်"  



ထိုသို့အကြိမ်ကြိမ်အော်ဟစ်ခဲ့ဖူးသဖြင့် ဤစကားလုံးများသည် သူ့နှုတ်ခမ်းဖျားမှ အလွယ်တကူပြောထွက်နိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် ဆောင်းရာသီ ဖြစ်၏။ ဤခေါင်းမာသောသခင်လေးကို ပြဿနာအဖြစ်ခံကာမည်သို့ လွှတ်ပေးနိုင်ပါမည်နည်း။ အစေခံများနှင့်အထိန်းတော်များမှာ သူ့ကိုချော့မော့ရန်ကြိုးစားလိုက်ကြ၏။



"သခင်ငယ်လေး အပြင်မှာဘယ်လောက်အေးလဲကြည့်ပါဦး၊ကြည့်ကောင်းတဲ့ဘာရှုခင်းမှမရှိသလို ပျော်စရာလဲမကောင်းဘူးလေ"



"သခင်ငယ်လေး ဒီမှာလာကြည့်ပါဦး၊ဒီအဝတ်ကြောင်ရုပ်လေးက သိပ်ကို လက်ရာမြောက်ပြီး ချစ်စရာကောင်းတယ်နော်"




"သခင်ငယ်လေးပျင်းနေရင် ပုံပြင်လာနားထောင်လေ၊မနေ့ကမှ စိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်ကြားထားတယ်"




နဉ်ရော့ယွီ ခေါင်းလွှဲလိုက်ပြီး သူတို့အားလုံးကို လျစ်လျူရှုကာပြောလိုက်၏။ 



"ပျင်းတယ် အပြင်သွားမယ်" 



သူ့သဘောထားမှာ ပြတ်သားလှပေသည်။ သူတို့မည်မျှကြိုးစားစေကာမူ သူ့စိတ်ကိုပြောင်းလဲနိုင်ခြင်း မရှိချေ။

အစေခံများသည် အကြံကုန်သွားကြပြီး မည်သို့လုပ်ရမည်မှန်းမသိတော့သဖြင့် သခင်မထံအကြံဉာဏ်သွားတောင်းရတော့သည်။ ထို့ကြောင့် အုပ်ချုပ်ရေးမှူးကတော်သည် အလုပ်များနေသည့်ကြားမှပင် ဤပြဿနာရှာသောသားငယ်ကို လာရောက်ကြည့်ရှုရလေ၏။ သူမသည် အတိတ်ဘဝ၌ ကလေးများအပေါ် အကြွေးတင်ခဲ့ဖူး၍သာ ယခုပြန်ပေးဆပ်သည့်အနေဖြင့်လာရောက်ထိန်းကျောင်းပေးနေရခြင်းဖြစ်နိုင်သည်။



"အိမ်ထဲမှာ ဒီလောက်သောင်းကျန်းနေတော့ ဘယ်ကနတ်ဆိုးလေးရောက်လာတာလဲလို့ထင်နေတာ၊ငါ့သားအရင်း ဖြစ်နေတာကိုး" 



အုပ်ချုပ်ရေးမှူးကတော်မှာ ထိုသို့ပြောရင်း နဉ်ရော့ယွီကိုပွေ့ဖက်ကာ သူ့ပါးဖောင်းဖောင်းလေးကိုဆွဲလိုက်သည်။

နဉ်ရော့ယွီ ချက်ချင်းပင် မေမေဟုခေါ်လိုက်၏။ သူလေးမှာအပြောချိုလွန်းလှပြီး ဤမျှငယ်စဉ်ကတည်းမှပင် လူများကို မည်သို့ချော့မော့ရမည်အားသိရှိနေပြီပင်။ အုပ်ချုပ်ရေးမှူးကတော်သည် သူ့အပေါ်အလွန်အမင်းတင်းကြပ်၍မရသော်လည်း နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွတို့ပြီးပြောလိုက်သည်။ 



"အမေ ကြိုပြောထားမယ်နော်၊ဒီတစ်ခေါက် အပြင်ထွက်လို့ဖျားလာခဲ့ရင် တစ်ဆောင်းတွင်းလုံး အိမ်ထဲမှာပဲနေရမယ်၊ ကြားလား အားရှီး"



နဉ်ရော့ယွီသည် ကြက်ကလေးစပါးကောက်သကဲ့သို့ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ အလွန် လိမ္မာရေးခြားရှိသည့် ပုံစံလေးပင်။

ထို့နောက် အုပ်ချုပ်ရေးမှူးကတော်သည် နဉ်ရော့ယွီအတွက် မြေခွေးသားမွှေးဝတ်ရုံကို ယူဆောင်စေကာ လည်ပင်းတွင် သေချာချည်နှောင်ပေးပြီး ဇီးကွက်ပုံစံလက်ကိုင်မီးဖိုကို ထည့်ပေးလိုက်ပြီးမှ အပြင်ထွက်ခွင့်ပြုလိုက်တော့၏။ နောက်ဆုံးတွင် အပြင်ထွက်ခွင့်ရပြီဖြစ်ရာ နဉ်ရော့ယွီသည် ထင်းကျူးဆောင်၏ခြံဝင်းငယ်လေးထဲတွင် ဆက်မနေလိုတော့ချေ။ မိသားစု၏ခမ်းနားထည်ဝါသောအိမ်တော်ကြီးကို ကောင်းမွန်စွာလေ့လာနိုင်ရန် အပြင်သို့ခေါ်ထုတ်သွားဖို့ ဂျီကျလေတော့သည်။



ပတ်ဝန်းကျင်အားကြည့်လိုက်ရာ ရေခဲနှင့်နှင်းများဖုံးလွှမ်းနေသော ကမ္ဘာတစ်ခုကိုသာမြင်တွေ့ရ၏။ ကျောက်စိမ်းစများကြဲပက်ထားသကဲ့သို့သော ရှုခင်းပင်ဖြစ်သည်။ နှင်းလွှာထူထူများသည် သဲပွင့်များကဲ့သို့ဖြစ်နေပြီး လက်တစ်ဆုပ်စာယူလိုက်လျှင် အရည်ပျော်သွားတတ်သော တောင်ပိုင်းဒေသ၏စိုစွတ်စွတ်နှင်းမျိုးမဟုတ်ပေ။ အစေခံများသည် အိမ်ဝင်းတဝိုက်ရှိနှင်းများကို ဂေါ်ပြားဖြင့်ကျုံးနေရသဖြင့် နေရာတိုင်းတွင်အလုပ်ရှုပ်နေကြသည်။



နဉ်ရော့ယွီသည် ခဏကြာသည်ထိလမ်းလျှောက်ကြည့်သော်လည်း စိတ်ဝင်စားဖွယ်ရာ မည်သည့်အရာမှမတွေ့ရပေ။ သို့သော် လေကောင်းလေသန့်ရရှိသည်ကိုပင် ကျေနပ်နေပြီး သူ့ခြံဝင်းသို့ပြန်မသွားချင်ဘဲ ဆက်လေ့လာလိုစိတ်သာရှိနေလေသည်။ သူ့အစ်ကိုကြီးနေထိုင်ရာ စူးရှင်းခြံဝင်းအနီးသို့ ရောက်လာသောအခါ ရုတ်တရက်ငိုကြွေးသံတစ်သံကိုကြားလိုက်ရ၏။ အစေခံများ၏မျက်နှာပျက်သွားသည်ကို လျစ်လျူရှုလိုက်ပြီး နဉ်ရော့ယွီသည်လက်သေးသေးလေးဖြင့် ညွှန်ပြလိုက်သည်။ 



"ဟိုဘက်သွားမယ် သွားကြည့်ကြစို့"



သူသည် ငယ်ရွယ်သော်လည်း ကိုယ်ပိုင်အမြင်ရှိသူဖြစ်ပြီး နှုတ်ခမ်းပါးလေးမှနေ စကားများကို ပီပီသသပြောဆိုနိုင်လေသည်။ အိမ်ရှိလူကြီးနှစ်ဦးသည်လည်း သူ့စကားကိုစိတ်ရှည်လက်ရှည်ဖြင့် နားထောင်ပေးသဖြင့် မည်သူမှသူ့အမိန့်ကိုမလွန်ဆန်ရဲကြချေ။ လူအုပ်ကြီးမှ သူ့ကိုခေါ်ဆောင်သွားရာ ၁၁နှစ် ၁၂နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဝမ်းနည်းပက်လက်ဖြင့် မျက်ရည်သုတ်နေသည်ကိုတွေ့ရှိလိုက်ရသည်။



နဉ်ရော့ယွီသည် တစ်ခုခုမှားယွင်းနေကြောင်း အလိုလိုခံစားမိလိုက်၏။ ၎င်းမှာ ဂိမ်းထဲတွင် NPCတစ်ဦးမှ တာဝန်ပေးရန်စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်ရာ ချက်ချင်းနိုးကြားတက်ကြွသွားတော့သည်။ အနှောင့်အယှက်ဖြစ်မည်ကို မစိုးရိမ်တော့ဘဲ ထိုမိန်းကလေးဘာကြောင့်ငိုနေရသည်ကိုမေးရန် ထိုနေရာသို့သွားဖို့ ဇွတ်အတင်းတောင်းဆိုလိုက်၏။



မိန်းကလေးသည် တွေဝေငေးမောဟန်ဖြင့်ခေါင်းမော့လိုက်ရာ သူမရှေ့ရောက်နေသော အစေခံအုပ်ကြီးကြောင့် လန့်ဖြပ်သွားလေသည်။

လူများစွာ၏ဝိုင်းရံခံထားရသော ကလေးငယ်မှာ အမွေးပွှအဖြူရောင်ဝတ်ရုံကြီးကို လွှမ်းခြုံထားပြီး နူးညံ့ဖြူဝင်းသော သူ့မျက်နှာလေးမှာ အမွေးပွှများကြားတွင်မြုပ်နေသဖြင့် ပို၍ပင်သေးငယ်ကျစ်လျစ်ကာချစ်စဖွယ်ကောင်းနေတော့၏။ မုရှီသည် ထိုကလေးမည်သူဖြစ်ကြောင်း ခန့်မှန်းမိလိုက်သဖြင့် အလျင်အမြန်ဂါရဝပြုလိုက်သည်။ 



"သခင်ငယ်လေးကို ဂါရဝပြုပါတယ်"



နဉ်ရော့ယွီသည် လက်ကာပြ၍နှုတ်ဆက်ခြင်းကို တားဆီးလိုက်ပြီး သူမထံ စူးစမ်းလိုသောမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။ မုရှီ စိတ်မသက်မသာဖြစ်သွားရ၏။

သို့သော် အဒေါ်ကျောက်၏ယုတ်မာသောမျက်လုံးများနှင့် သူမဘဝ ပျက်စီးသွားစေမည့် မီးတွင်းကြီးကို တွေးမိသောအခါ အံကိုကြိတ်၍ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကိုဖွင့်ဟဝန်ခံလိုက်တော့သည်။



"ကျွန်မက အဒေါ်ကျောက်ရဲ့တောင်းဆိုမှုကိုလက်မခံခဲ့လို့ သူကနေရာတိုင်းမှာ ကျွန်မရဲ့မွေးနေ့သက္ကရာဇ်ကို လိုက်မေးနေပါတယ်၊ကျွန်မကို သူ့သားနဲ့ ပေးစားချင်လို့ပါတဲ့"



မုရှီသည် ရင်ဖွင့်လိုစိတ်ပြင်းပြနေသဖြင့်ပြောပြီးမှသာ အနားတွင်တိတ်ဆိတ်နေသည်ကို သတိထားမိပြီး နောင်တရမိသွားသည်။ အထူးသဖြင့် သခင်ငယ်လေး၏ကြည်လင်ပြီး အပြစ်ကင်းစင်သောမျက်လုံးများကို မြင်လိုက်ရသောအခါ သူမအလွန်နေရခက်သွားလေ၏။ လပိုင်းမျှသာရှိသေးသော ကလေးတစ်ဦးမှာ ဤအရာများကိုနားလည်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူမပြဿနာရှာမိပါက သူမဘက်၌ မည်သူရပ်တည်ပေးပါမည်နည်း။




နဉ်ရော့ယွီသည် တရားမျှတလိုစိတ်ဖြင့် နားထောင်နေမိသည်။ အဒေါ်ကျောက်သည် ပစ္စည်းခိုးယူရုံသာမက မိန်းကလေးငယ်တစ်ဦးကိုပါ အနိုင်ကျင့်နေသည်ဖြစ်၍ ယုတ်မာလွန်းလှပေသည်။ သို့သော် သူသည် တစ်ဖက်သတ်စကားကိုသာ အလွယ်တကူမယုံကြည်နိုင်ပေ။ သူ့လက်လေးကို ဝှေ့ယမ်းပြီးပြောလိုက်၏။ 



"စုံစမ်း"



နဉ်ရော့ယွီဘက်မှ ဆူညံသံများကို အချို့မှာသတိထားမိနေကြပြီ ဖြစ်သည်။ အချို့ကအုပ်ချုပ်ရေးမှူးနှင့်သူ့ဇနီးသည်ထံ သတင်းပို့ရန်ပြေးသွားကြပြီး အချို့မှာတော့သခင်လေး နဉ်ယန်နင်ထံ အကြောင်းကြားရန် ထွက်ခွာသွားကြ၏။ အုပ်ချုပ်ရေးမှူးသည် ဤသတင်းကိုကြားသောအခါ ဘာဖြစ်သည်အားသွားရောက်ကြည့်ရှုလိုသော်လည်း ကိစ္စလေးတစ်ခုသာဖြစ်ပြီး သူကဲ့သို့လူကြီးတစ်ဦးမှ အုံလိုက်ကျင်းလိုက်ဖြင့်သွားရောက်ရန် မသင့်တော်ဟု ယူဆလေသည်။



ထို့ကြောင့် အစေခံများကိုသာ သတိရှိရန်၊ အခြေအနေကိုစောင့်ကြည့်ရန်နှင့် ပြန်လည်သတင်းပို့ရန်သာ အမိန့်ပေးလိုက်၏။ အုပ်ချုပ်ရေးမှူးကတော်မှာမူ ပြုံးရုံသာပြုံးပြီးပြောလိုက်လေသည်။



"ကလေးကို သူ့သဘောအတိုင်းကစားပါစေ" 



သူမကိုယ်တိုင်မသွားရောက်သော်လည်း သခင်ငယ်လေးမောပန်းသွားလျှင် သို့မဟုတ် ချွေးထွက်လျှင် ချက်ချင်းပြန်ခေါ်လာရန်နှင့် အပြင်ဘက်တွင်ကြာကြာပစ်မထားရန် အစေခံများကိုမှာကြားလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် စူးရှင်းခြံဝင်း၌ဖြစ်ပွားခြင်းဖြစ်ရာ ခြံဝင်းပိုင်ရှင်သခင်လေးနဉ်ယန်နင်ကို အသိပေးရပေမည်။ နဉ်ယန်နင်သည် သူ့ညီငယ်ကိုသွားခေါ်ရန်လုပ်လိုက်သော်လည်း "အစ်ကိုကြီး အစ်ကိုကြီး" ဟုအော်ခေါ်ကာ သူ့ခြံဝင်းထဲသို့ဝင်လာသူသည် ညီငယ်ကိုယ်တိုင်ဖြစ်နေလေသည်။



"ဖြည်းဖြည်းလာပါ" 



နဉ်ယန်နင် မနိုင်ဘူးဆိုသည့်လေသံဖြင့်ပြောကာ နို့ထိန်းလက်ထဲမှ ဖက်ထုပ်လုံးလေးကို လှမ်းခေါ်လိုက်လေသည်။ သူ မည်သို့ဖြည်းဖြည်းလာနိုင်ပါမည်နည်း။ ဆောင်းရာသီသည် ပျင်းစရာကောင်းလှပြီး ယခုတွင်မကောင်းမှုကို ဒဏ်ခတ်၍ ကောင်းမှုကိုအားပေးရန် အခွင့်အရေးရရှိနေပြီဖြစ်ရာ နဉ်ရော့ယွီတစ်ယောက် စိတ်လှုပ်ရှားနေမိသည်။ သူသည် နဉ်ယန်နင့်ပခုံးကို ပုတ်ကာ တိုက်တွန်းလိုက်လေ၏။



"အစ်ကိုကြီး စုံစမ်း စုံစမ်း" 



နဉ်ယန်နင်သည် သူ့ပါးဖောင်းဖောင်းလေးကို မဆွဲညှစ်ဘဲမနေနိုင်တော့ချေ။ 



"ကောင်းပါပြီ ကောင်းပါပြီ အစ်ကိုကြီးရဲ့အချစ်လေးရယ် အစ်ကိုကြီးအမိန့်ပေးပြီးပါပြီ"



သူသည် အခန်းအလယ်တွင်စိုးရိမ်တကြီးရပ်နေသော မုရှီထံတစ်ချက်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှမဆိုခဲ့ပေ။ ညီဖြစ်သူမှ ဤကဲ့သို့ဇာတ်လမ်းမျိုးကြည့်ချင်သည်ဖြစ်ရာ သူကလည်းဖျော်ဖြေပြရပေတော့မည်။ ထို့နောက် သူသည်ခြံဝင်းအတွင်းရှိအစေခံများကိုခေါ်ကာ အခြေအနေကိုရှင်းပြလိုက်သည်။



နဉ်ရော့ယွီသည် အစ်ကိုကြီးခြံဝင်းထဲရှိ လူများကို စူးစူးစိုက်စိုက်ကြည့်ရှုနေမိ၏။ ခြံဝင်းတံခါးဝတွင် အလှည့်ကျ ကင်းစောင့်နေသော အစောင့်လေးဦးရှိသည်။ ပုံမှန်အားဖြင့် သူတို့သည်ခြံဝင်းအတွင်းသို့ဝင်လေ့မရှိကြရာ ယခုတစ်ကြိမ်တွင် သူတို့ကိုခေါ်ယူမေးမြန်းခြင်းမပြုခဲ့ပေ။ အစေခံများထဲတွင် အစ်ကိုကြီးနှင့်အမြဲအတူရှိနေလေ့ရှိသော တွမ့်ဆွေ့အမည်ရှိ အစေခံတစ်ဦးလည်းပါဝင်လေသည်။ ထို့ပြင် အိမ်တော်ထိန်းတစ်ဦး၊ အစေခံမလေး လေးဦး၊ အိမ်အကူအဘွားကြီးသုံးဦးနှင့် အစေခံကောင်လေး လေးဦးရှိကြပြီး ခိုးမှုဖြင့်စွပ်စွဲခံထားရသော နို့ထိန်းအဒေါ်ကျောက်လည်း ပါဝင်လေ၏။



ဤသည်ကိုကြည့်လျှင် ချမ်းသာသော မိသားစုမှ အသက်ငယ်ငယ်သာရှိသေးသော ကလေးတစ်ဦးတွင်ပင် အစေခံ တစ်ဒါဇင် နှစ်ဒါဇင်ခန့်ရှိနေကြောင်းသိလိုက်ရသည်။ ဤသည်မှာပင် သူ့အစ်ကိုကြီးမှ အရေအတွက်လျှော့ချထားခြင်းဖြစ်၏။ အကယ်၍ ဝမ်မျိုးနွယ်တို့ ရှဲ့မျိုးနွယ်တို့ကဲ့သို့ ထိပ်တန်းမိသားစုများဆိုလျှင် သားတစ်ယောက်တည်းအတွက်နှင့် အစေခံငါးဆယ်ထက်မနည်း ရှိပေလိမ့်မည်။ သခင်လေးမှ အဘယ်ကြောင့် သူတို့အားလုံးကိုခေါ်ယူလိုက်ကြောင်းအား မည်သူမှမသိရှိကြသေးပေ။ အုပ်ချုပ်ရေးမှူးကတော်၏လက်အောက်ငယ်သားများကို စီမံခန့်ခွဲပုံကျွမ်းကျင်မှုကြောင့် သူတို့သည် ကြောင်အမ်းအမ်းဖြစ်နေကြသော်လည်း အချင်းချင်းတီးတိုးပြောဆိုခြင်းမပြုရဲကြဘဲ ခေါင်းငုံ့လျက်ဖြင့်ငြိမ်သက်စွာရပ်နေကြလေသည်။ နဉ်ရော့ယွီ လက်ခုပ်တီးလိုက်၏။ 



"အစ်ကိုကြီး  မေး"



နဉ်ယန်နင်သည် သဘောကောင်းသူပီပီ ကလေးသဘောအတိုင်း လိုက်လျောလိုက်ပြီး ချက်ချင်းမေးမြန်းလိုက်သည်။ 



"လွန်ခဲ့တဲ့သုံးရက်က မနက်ပိုင်းမှာ ငါ့အခန်းထဲဝင်ပြီးအလုပ်လုပ်တာ ဘယ်သူတွေလဲ"



အဒေါ်ကျောက်ဦးနှောက်မှာ ဗလာဖြစ်သွားပြီး သူမနှလုံးသားကိုမမြင်ရသော လက်တစ်ဖက်မှ ဆုပ်ကိုင်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် စိတ်ကိုအတင်းငြိမ်အောင်ထိန်းလိုက်ပြီး အခန်းထဲရှိ မျက်လုံးများနီရဲလျက်ရပ်နေသော မုရှီထံအငြိုးတကြီးဖြင့်စိုက်ကြည့်လိုက်လေတော့၏။