Ch 14
Viewers 732

14






ထိုမိန်းကလေးသည် ယခင်ကအစ်ကိုကြီးပြောပြသော ပညာပေးပုံပြင်များကိုနားထောင်ရန် သူ့အခန်းသို့လာလေ့ရှိသော်လည်း ရာသီဥတုအေးလာသည်နှင့်အမျှ သိပ်မလာဖြစ်တော့ချေ။ အုပ်ချုပ်ရေးမှူးကတော်သည် သူမနှင့်သူမမိခင်ကို ဆောင်းတွင်း၌ ဂါရဝပြုရန်လာရောက်ခြင်းမပြုဘဲနေနိုင်ကြောင်း ကင်းလွတ်ခွင့်ပေးထားပြီးဖြစ်သည်။ သူမသည် သူတစ်ပါးအားဒုက္ခပေးရသည်ကို နှစ်သက်သောအမျိုးသမီးမျိုးမဟုတ်ပေ။



နဉ်ရော့ယွီသည် ထိုမိန်းကလေးကိုမတွေ့ရသည်မှာကြာပြီဖြစ်၏။ သူမသည် သိပ်ပြောင်းလဲသွားခြင်းမရှိဘဲ နူးညံ့သိမ်မွေ့သောအသံလေးဖြင့် နှုတ်ဆက်လာဆဲပင်။ ဘိုးဘေးပူဇော်ပွဲကျင်းပချိန်တွင် သူသည်လည်း ပေါ့ပေါ့ဆဆနေ၍မရချေ။ ပူဇော်ပွဲဖျာပေါ်တွင်ဒူးထောက်ပြီး ဘိုးဘေးများကို ဦးခိုက်ရလေသည်။ အဝေးမှသာလှမ်းကြည့်လျှင် ဘောလုံးလေးတစ်လုံးရွေ့လျားနေသကဲ့သို့ဖြစ်နေ၏။



ဆောင်းတွင်းဖြစ်၍ အဝတ်ထူထူများဝတ်ဆင်ထားပြီး သူ၏လက်တိုခြေတိုလေးများဖြင့် လူကြီးများကိုတုပကာ ဦးညွှတ်နေသည်မှာ အလွန်ရယ်ချင်စဖွယ်ကောင်းလှပေသည်။ အစေခံများမှာပါးစောင်ကိုကိုက်၍ ရယ်ချင်စိတ်ကို အောင့်အီးထားကြရသော်လည်း သခင်များမှာမူ အားရပါးရရယ်မောကြလေတော့၏။ နဉ်ရော့ယွီသည် သူတို့ထံမျက်လုံးလှန်ကြည့်လိုက်ပြီး ဘေးမှအစေခံမလေးထံ လက်ကမ်းကာပွေ့ချီပေးရန်ပူဆာလိုက်လေသည်။



ဘိုးဘေးများနှင့် နတ်ဘုရားများကို ပူဇော်ပသပြီးနောက် လာမည့်နှစ်တွင် ငြိမ်းချမ်းသာယာစေရန် ဆုတောင်းကြကာ မကောင်းဆိုးဝါးများကို မောင်းထုတ်ရန် မီးပုလဲများဖောက်ကြ၏။

အခြားသူများသည် ဝါးများ လောင်ကျွမ်း၍ပေါက်ကွဲသံကိုကြားသောအခါ နားကိုပိတ်၍ ပုန်းအောင်းချင်ကြသော်လည်း သခင်ငယ်လေးကမူ ကြောက်ရွံ့ခြင်းမရှိသည့်အပြင် တောက်ပသော သူ့မျက်လုံးဝိုင်းကြီးများဖြင့် စူးစမ်းစွာကြည့်ရှုနေလေသည်။ နဉ်ယွမ်ခေါင်းယမ်းကာပြောလာ၏။



"သတ္တိကောင်းလိုက်တဲ့ကလေး ကြီးလာရင် ဘယ်လောက်တောင်ဆိုးသွမ်းဦးမလဲမသိဘူး" 



ဤသို့ သူပြောနေသော်လည်း သူ့မျက်လုံးထဲရှိ ပျော်ရွှင်မှုများမှာတော့ လျော့နည်းသွားခြင်းမရှိပေ။ မိသားစုထဲတွင် ဤမျှသန်စွမ်းသောကလေးမျိုးရှိခဲလှသည်ဖြစ်ရာ သူသည် ဆိုးသွမ်းလျှင် သို့မဟုတ် ခေါင်မိုးပေါ် တက်ဆော့လျှင်ပင် ကျွမ်းကျင်သည်ဟုချီးမွမ်းခံရမည့် အခြေအနေပင်ဖြစ်ချေသည်။ ပူဇော်ပွဲအခမ်းအနား ပြီးဆုံးပြီးနောက် မျိုးဆက်သစ် လူငယ်များသည် လူကြီးများကို နှစ်သစ်ကူး ဂါရဝပြုကြရ၏။



ဦးစွာ နဉ်ယန်နင်မှ ဆန်းပြားသောဂါရဝပြုစကားများကို ရွတ်ဆိုပြီး လူကြီးနှစ်ဦးအား ပြီးပြည့်စုံသောအမူအရာဖြင့် ဦးညွှတ်လေသည်။ ထို့နောက် နဉ်ယုအလှည့်ဖြစ်ပြီး သူမသည် ရှက်တတ်သူလေးဖြစ်သော်လည်း အမှားအယွင်းမရှိဘဲ ကိုယ်လုပ်တော်ဖန်းသင်ပေးထားသော စကားများကိုရွတ်ပြနိုင်ခဲ့သည်။နောက်ဆုံးတွင် နဉ်ရော့ယွီအလှည့်သို့ ရောက်ရှိလာ၏။ သူသည်လည်း အချိန်အကြာကြီးလေ့ကျင့်ထားခဲ့ပြီးဖြစ်ရာ ယခုတွင်တစ်ဆက်တည်း ရွတ်ဆိုပြနိုင်သည်။ 



"ဖေဖေနဲ့မေမေ အသက်ရာကျော်ရှည်ပါစေ၊ အဆုံးမရှိပျော်ရွှင်ရပါစေ၊ တစ်နှစ်ထက်တစ်နှစ်ကျန်းမာပါစေ"



ကလေးငယ်၏စကားသံမှာ မပီသသေးသော်လည်း နားလည်နိုင်ပေသည်။ အုပ်ချုပ်ရေးမှူးနှင့်ဇနီးသည်တို့မှာ သူစကားပြောနိုင်သည်ကိုပင် အလွန်ဝမ်းမြောက်နေကြပြီး ဤနေ့သည်အလွန်မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်ဟုပင် ခံစားမိကာပျော်ရွှင်မှုကြောင့်မျက်နှာများ ဝင်းပနေကြလေ၏။



ထို့နောက် ဆွေမျိုးမိတ်သင်္ဂဟများထံ လည်ပတ်ခြင်းအစီအစဉ်စတင်လေသည်။ ဆွေမျိုးများနှင့် မိတ်ဆွေများသည် ဤနေ့တွင်နှစ်သစ်ကူးလက်ဆောင်များ ဖလှယ်ကြသော်လည်း နဉ်မိသားစုသည် ဤဒေသသို့ရောက်ရှိနေသည်မှာ မကြာသေးသဖြင့် မိတ်ဆွေသိပ်မများလှချေ။ အရာရှိများသည် အချင်းချင်းသွားရောက်လည်ပတ်ကြပြီး မျိုးရိုးမြင့်မိသားစုများအကြား သွေးသားတော်စပ်မှုများမှာလည်း ရှုပ်ထွေးယှက်နွှယ်နေသဖြင့် ဒေသခံထိပ်တန်းမျိုးနွယ်အများစုမှာ နဉ်မိသားစုနှင့်တစ်နည်းမဟုတ် တစ်နည်းဆက်နွှယ်နေကြပေသည်။ 



အကယ်၍ ဆက်နွှယ်မှုထူထောင်လိုပါက မရနိုင်စရာအကြောင်းမရှိပေ။

နဉ်ယွမ်သည် မည်သည့်နေရာမှသွားစရာမလိုချေ။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌ထိုင်နေရုံဖြင့်ပင် အရပ်ရပ်ရှိလူများက သူ့ထံနှစ်သစ်ကူးနှုတ်ခွန်းဆက်ရန် လာရောက်ကြလေသည်။ သူသည်တစ်နေ့လုံးဧည့်သည်များကို ဧည့်ခံခြင်းဖြင့်အချိန်ကုန်ဆုံးပြီး ဤအရာမှာသူ့အားသာချက်နှင့်လည်း ကိုက်ညီလှပေ၏။



အိမ်တော်တွင်းရှိ အမျိုးသမီးများနှင့် ကလေးများသည်လည်း အားလပ်နေ၍မရပေ။ နဉ်ရော့ယွီ၏မိခင်သည် ကွမ်ဖျင်စီရင်စုမှ မျိုးရိုးမြင့်အမျိုးသမီးတစ်ဦးဖြစ်သည်။ အကယ်၍ နဉ်ရော့ယွီသာ ငယ်ရွယ်ခြင်းမရှိဘဲ သူမ၏ပြုစုစောင့်ရှောက်မှုကိုမလိုအပ်ပါက သူမထံသို့ဖိတ်စာများအများအပြား ရောက်ရှိနေပြီးဖြစ်ပေမည်။ နောက်ပိုင်းမှ ဤနေရာရှ်ိ မျိုးရိုးမြင့်အမျိုးသမီးအသိုင်းအဝိုင်းထဲသို့ ကောင်းစွာဝင်ရောက်နိုင်ရန်အကြောင်းပြချက်ရှာ၍ဧည့်ခံပွဲများ သူမကျင်းပမည်ဖြစ်၏။



နှစ်သစ်ကူးနေ့တွင် နွေဦးကြက်သွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ မုန်ညင်းနှင့်နံနံစသဖြင့် အစပ်အရသာပါသည့် ဟင်းသီးဟင်းရွက်ငါးမျိုးဖြင့် ပြုလုပ်ထားသော အစပ်ငါးမျိုးဟင်းပွဲကိုစားသုံးရသည့် ဓလေ့တစ်ခုရှိလေသည်။ ၎င်းသည် အအေးဒဏ်ကိုကာကွယ်ပေးပြီး ပိုးမွှားများကိုသတ်ပေးသည်ဟုဆိုကြကာ မသန့်ရှင်းမှုများကို သန့်စင်ခြင်းနှင့် နှစ်သစ်ကို ကြိုဆိုခြင်း၏သင်္ကေတလည်းဖြစ်၏။



နဉ်ရော့ယွီသည် ၎င်းကိုကြည့်ပြီးမြည်းစမ်းရန် ဆန္ဒမရှိသော်လည်း မီးဖိုချောင်စားဖိုမှူးမှ အထူးရောစပ်ပြီး အနှစ်ဖြစ်အောင် ထောင်းထားသဖြင့် လျှာဖြင့် တို့ရုံမျှတို့ကြည့်လိုက်မိသည်။ အရသာမှာရှုပ်ထွေးလွန်းလှသဖြင့် နဉ်ရော့ယွီဆက်မတွေးချင်တော့ချေ။ ထို့ပြင် သူတို့သည်ထူစူးဝိုင်ကိုသောက်သုံးကြရာ အသက်အငယ်ဆုံးမှသည်အကြီးဆုံးသို့ အစဉ်လိုက်သောက်သုံးကြရပြီး အငယ်ဆုံးသူကကောင်းချီးမင်္ဂလာကို ဦးစွာရရှိသည်ဟုအဓိပ္ပာယ်ရလေသည်။



ကလေးငယ်များ၏ဦးနှောက်မှာ ကောင်းစွာဖွံ့ဖြိုးခြင်းမရှိသေးသဖြင့် မည်သို့အရက်သောက်နိုင်ပါမည်နည်း။ တူဖြင့်အနည်းငယ်တို့ပြီး လျှာဖြင့်လျက်ရန်ချော့မော့ကြသော်လည်း မတိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။ နဉ်ရော့ယွီသည် ပါးစပ်ကိုတင်းတင်းစေ့ထားပြီး မျက်မှောင်ကြုတ်ကာငြင်းဆန်နေသဖြင့် ဘာမှမတတ်နိုင်ကြချေ။

စီရင်စုအုပ်ချုပ်ရေးမှူးနဉ်ယွမ်မှာ သဘောတူဟန်ဖြင့်ပြောလိုက်၏။



"ကောင်းပြီလေ ဒီကလေးကစည်းစိမ်ခံဖို့မွေးလာတာပဲလေ၊ အဲ့တာကိုက အကြီးမားဆုံးကောင်းချီးမင်္ဂလာလို့မယူဆနိုင်ဘူးလား"



ထိုသို့ဖြင့် နှစ်သစ်ကူးနေ့ပြီးဆုံးသွားခဲ့လေသည်။ သို့သော် ထိုညနေခင်း၌ စနစ်သည် ရုတ်တရက်တက်ကြွလာပြီး နဉ်ရော့ယွီအား တာဝန်တစ်ခုပေးအပ်ရန် အခွင့်အရေးကိုအရယူလိုက်တော့၏။



[ ပထမဆုံးမွေးနေ့ပွဲတွင် ထူးခြားသော စွမ်းဆောင်ရည်ပြသရပါမယ် - ဘယ်လက်တွင် စုတ်တံကိုကိုင် ညာလက်တွင်ဓားကိုကိုင်ပြီး မြင်သူတိုင်းကိုအံ့သြမှင်သက်သွားစေရမည်။



အောင်မြင်မှုဆုလာဒ် - ပုံနှိပ်နည်းပညာ အမှတ် +၅၀၀ ]



နဉ်ရော့ယွီသည် ပျင်းရိလွန်းသဖြင့်ဂရုမစိုက်ချင်ပေ။ သူသည် ရွှေငွေရတနာများ၊ စုတ်တံနှင့် ဓားများ၊ စားသောက်ဖွယ်ရာများနှင့် ဖျော်ဖြေရေးပစ္စည်းများကိုကိုင်ချင်မိသည်။ သူသည်ဤကဲ့သို့အသုံးမကျသောလူမျိုးပင်ဖြစ်ရာ တာဝန်ပြီးမြောက်သည်ဟု သတ်မှတ်မည် မသတ်မှတ်မည်ကို စောင့်ကြည့်ရပေဦးမည်။