အခန်း(9)
ဟယ်ချင်း ပန်းခြင်းကိုကိုင်၍ ဗိုလ်ချုပ်သွမ်းထံသို့ အပြေးတပိုင်း ရောက်သွားလေသည်။
“ဗိုလ်ချုပ်၊ ဒီကိုလိုက်လာတာလား”
“မင်းကို အပြစ်ပေးမယ်ဆိုတာ ဘယ်သူလဲ”
သွမ့်ချန်ဟွေ့က ဟယ်ချင်းနှင့် အကြည့်ချင်းဆုံကာ ထပ်မေးလိုက်၏။
သွမ့်ချန်ဟွေ့၏ မျက်လုံးထဲတွင် မိသားစုပြစ်ဒဏ်ပေးခြင်းဟူသည်မှာ အိမ်တွင်းအကြမ်းဖက်မှုသာ ဖြစ်သည်ဟု ယူဆထားသည်။
ထိုအချက်ကို လူတိုင်းလည်း သိရှိပြီးသားဖြစ်၏။ ဗိုလ်ချုပ်သွမ့်င စစ်မြေပြင်တွင် စည်းကမ်းတင်းကြပ်ပြီး ဆုံးဖြတ်ချက်များကို တိကျပြတ်သားစွာ ချမှတ်တက်သူဖြစ်သော်လည်း လူ့အခွင့်အရေးကိုချိုးဖောက်သည့် သီးသန့်ပြစ်ဒဏ်ပေးမှုမျိုးကို အလွန်မုန်းတီးသူဖြစ်ပေသည်။
“ကျွန်တော်တို့က ဒီတိုင်း...”
အကြီးဆုံးဦးလေးမှ စကားစပြောရန် ကြိုးစားလိုက်သော်လည်း သူ့၏အသံမှာ တိုးဝင်သွားပြီး သွမ့်ချန်ဟွေ့အား ထိတ်လန့်စွာ ကြည့်နေခဲ့၏။
ဒီအမျိုးသားရဲ့ စိတ်စွမ်းအားတွေက ဘာလို ဒီလောက်တောင် ပြင်းထန်နေရတာလဲ။
အားလုံး အခြေအနေကို နားလည်သဘောပေါက်သွားကြသည်။
သွမ့်ချန်ဟွေ့မှာ အင်နစ်ဂမာ (သို့မဟုတ်) အယ်လ်ဖာပဲဖြစ်နေပါစေ၊ သူက ဟယ်ချင်းကို သဘောမကျသည့်တိုင် သူ၏ အိုမီဂါအား တခြားမည်သူမျှ နှောင့်ယှက်ခြင်းကို သည်းခံမည်မဟုတ်ကြောင်းကိုပင်။
ဤသည်မှာ လုံးဝမဖြစ်နိုင်သော အရာဖြစ်၏။ သူတို့ ဖြစ်ပျက်သမျှကို လုံးဝမယုံကြည်နိုင်ခဲ့ချေ။
သွမ့်ချန်ဟွေ့က အားလုံးကို စိုက်ကြည့်လိုက်ပြီးနောက် ဟယ်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ငါမင်းကိုမေးနေတယ်”
“ကျွန်တော် စဉ်းစားမိတာပြောရရင် တချို့မိသားစုရဲ့ စည်းမျဉ်းတွေက ရှေးခေတ်ကထက်တောင် ပိုပြီး ရှေးရိုးဆန်နေတာပဲ၊ ဗိုလ်ချုပ်ရော ဘယ်လိုထင်လဲ”
ဟယ်ချင်းက တောက်ပသောအပြုံးဖြင့် လက်ထဲရှိပန်းခြင်းကို မြှောက်ရင်း ပြောလိုက်၏။
သွမ့်ချန်ဟွေ့က သူ့အား တစ်ချက်ကြည့်ကာ အခြားသူများဆီသို့ အကြည့်လွှဲလိုက်သည်။
“ဒီစနစ်ကို ဖျက်သိမ်းလိုက်၊ လူတိုင်းပဲ သဘောတူတယ် မဟုတ်လား”
အကြီးဆုံးဝမ်းကွဲက ဟယ်ချင်းအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ လျှို့ဝှက်အသိပေးတာမျိုးကို လုပ်ရဲတယ်ပေါ့။ အရင်က ဒီလိုမျိုး မဟုတ်ပါဘူး!
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဟယ်မိသားစုဝင်များမှာ အဘိုးအိုအား အကူအညီရလို့ရငြား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
နောက်ဆုံးတွင် အဘိုးအိုက မတ်တပ်ထရပ်လိုက်ပြီး စကားကို ပေါ့ပေါ့ပါးပါး ပြောလာသည်။
သို့သော် သူ့စကားများမှာ လိုရင်းတိုရှင်းနှင့် ထိရောက်မှုရှိနေ၏။
“ဗိုလ်ချုပ်ပြောတာမှန်ပါတယ်၊ ကျွန်တော်တို့မိသားစုက ခေတ်နဲ့အညီ ပြောင်းလဲကျင့်သုံးနေကြတာပါ၊ အခြားမိသားစုတွေလို မဟုတ်ဘူး”
(T/N အခြားမိသားစုတွေက ဒီထက် ရှေးရိုးဆန်တယ်လို့ ပြောချင်တာပါ)
လူတိုင်း : “…”
ဟယ်ချင်းလည်း အံ့အားသင့်မှုနှင့်အတူ တိတ်တဆိတ်သာ နေလိုက်သည်။
ထိုစဉ် သွမ့်ချန်ဟွေ့က ထပ်၍ ပြောလာ၏။
“မစ္စတာဟယ်ပြောတာ မှန်တယ်၊ ဒီလို တရားမဝင်တဲ့ အပြစ်ဒဏ်ပေးတာမျိုး အမြစ်ပြတ်ပျောက်ကွယ်သွားအောင် မနက်ဖြန်ကစပြီး ဥပဒေတစ်ခု ရေးဆွဲပြီး အတည်ပြုနိုင်အောင် လုပ်ဆောင်သွားမယ်”
“???”
လူတိုင်း တုန်လှုပ်သွားကြလေသည်။
ထိုဥပဒေသာ အမှန်တကယ် အတည်ပြုနိုင်ခဲ့ပါလျှင် နောက်ဆက်တွဲအနေဖြင့် ဟယ်မိသားစု၏ စနက်ကြောင့်ဖြစ်ကြောင်းကို အခြားမိသားစုများမှ သိရှိသွားမည်ဆိုပါက မည်သို့ဖြစ်လာမည်နည်း။
ဗိုလ်ချုပ်က ဟယ်ချင်းကို တကယ်ပဲ သဘောကျနေတာလား။ တာဝန်အရ လုပ်နေရတယ်ဆိုတာ အမှန်မဟုတ်ဘူးလား။
ဟယ်မိသားစုဝင်များ ဂဏာမငြိမ်ဖြစ်သွားကြပြီး အားလုံး၏အကြည့်များက ဟယ်ချင်းထံသို့ ကျရောက်လာကြ၏။
ဒါဆို ဗိုလ်ချုပ်က ဟယ်ချင်းလို ပျော့ညံပြီး နူးညံ့တဲ့ပုံစံမျိုးကို ကြိုက်တာလား။
ကောလဟာလတွေက အမှန်မဟုတ်ဘူးလား။
ဟယ်ချင်း ကိုယ်တိုင်လည်း အနည်းငယ်မင်သက်သွားပြီး သွမ့်ချန်ဟွေ့ကို လှမ်းကြည့်လိုက်သည်။
ကြည့်ရသည်မှာ ဗိုလ်ချုပ်က အစကတည်းက ဤသို့အရာမျိုးကို လုပ်ရန် အစီအစဉ်ရှိပြီး သူ့ကို အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ဦးလေးအကြီးဆုံးမှာ ဘေးဘီသို့ ကြည့်ပြီး အပြုံးတုကို တပ်ဆင်လိုက်ရင်း ပြောလေ၏။
“ဗိုလ်ချုပ်ကို ကောင်းကောင်းမွန်မွန် မကြိုဆိုမိတဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပါ၊ ကျေးဇူးပြုပြီး ဒီအတိုင်းရပ်ပြီး ပြောမနေဘဲ ဧည့်ခန်းမှာထိုင်ပြီး အေးဆေး ပြောကြရအောင်”
သွမ့်ချန်ဟွေ့က ဖိတ်ကြားမှုကို လက်ခံလိုက်သည်။
“ကျွန်တော် ဒီကို မင်္ဂလာဆောင်ဖိတ်စာနဲ့ လက်ဆောင်တွေ လာပို့တာပါ”
ဟယ်ချင်း ထိုပစစည်းများကို စိုက်ကြည့်လိုက်၏။
ရှေးရိိုးဆန်တဲ့ အရာတွေကို သဘောမကျတဲ့သူက ဒီလို လက်ဆောင်ပစ္စည်းတွေကို ပေးဖို့ ရောက်နေတာတဲ့လား။
ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာမျိုးလဲ။
ဦးလေးအကြီးဆုံးမှာ လက်ဆောင်များကို ကြည့်၍ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ဟန်ဆောင်ကာ စကားကို ထိန်းပြောလာသည်။
“ဗိုလ်ချုပ်၊ ဒီဘက်ကို လိုက်ခဲ့ပေးပါ၊ ကျွန်တော်တို့မင်္ဂလာပွဲအတွက် အသေးစိတ်ဆွေးနွေးကြရအောင်”
သွမ့်ချန်ဟွေ့က ခေါင်းညိတ်၍ တုံ့ပြန်လိုက်ပြီး အနောက်မှလိုက်သွားခဲ့လေ၏။
ဟယ်ချင်းသည်လည်း ပန်းခြင်းကို ကိုင်ထားရင်းဖြင့် အလှပန်းကလေးကဲ့သို့ အနောက်မှ ကန့်လန့်ကန့်လန့်နှင့် ပါသွားခဲ့သည်။
ဧည့်ခန်းသို့ရောက်လျှင် သွမ့်ချန်ဟွေ့က ဝင်ထိုင်လိုက်ပြီး ဟယ်ချင်းအား သူ့အနားတွင် ထိုင်ရန် ဆွဲခေါ်လိုက်၏။
ဟယ်ချင်း အလိုက်တသိပင် ဝင်ထိုင်လိုက်ပြီး ပန်းခြင်းကိုထိုင်ကာ တိတ်တဆိတ် နားထောင်နေခဲ့လေသည်။
နောက်ပိုင်းတွင် ဟယ်ချင်း သတိထားမိသွားသည်မှာ သွမ့်ချန်ဟွေ့က မင်္ဂလာပွဲနှင့်ပတ်သတ်ပြီး ဆွေးနွေးဖို့ရန် မဟုတ်ဘဲ ဟယ်မိသားစုကို အသိပေးရုံသက်သက်သာ ရောက်လာခဲ့ခြင်းသာဖြစ်ပေ၏။
ထိုသည်ကို ဟယ်မိသားစုလည်း သတိထားမိပြီး ကသိကအောင့်နှင့်သာ စကားကို ဟန်ဆောင်၍ ဆက်ပြောနေခဲ့၏။
သွမ့်ချန်ဟွေ့က သူ့လက်မှနာရီကို ကြည့်ပြီး ပြောလိုက်သည်။
“နောက်တောင်ကျနေပြီ၊ ကျွန်တော် လုပ်စရာတွေရှိသေးတယ်”
တတိယဦးလေးက ကမန်းကတန်းဖြင့် မတ်တပ်ထရပ်၍ ပြောလေ၏။
“ဟား ဟား...ဗိုလ်ချုပ်က အားလုံး အဆင်သင့်ပြင်ဆင်ထားတာပဲ၊ ကျွန်တော်တို့ မင်္ဂလာပွဲကို အချိန်မှီလာခဲ့ပါ့မယ်၊ အခု ဗိုလ်ချုပ်ကို အပြင်ကို လိုက်ပို့ပေးပါ့မယ်”
သွမ့်ချန်ဟွေ့က ခေါင်းကိုအနည်းငယ်ငုံ့ကာ လေးစားသမှုပြုလိုက်ပြီး ထွက်သွားခဲ့လေသည်။
ဟယ်ချင်းလည်း ထိုအတိုင်း ပြုမူကာ သူ့ပန်းခြင်းလေးအား ကိုင်လျက် အနောက်မှ လိုက်သွားခဲ့၏။
ထို့နောက်တွင် နှစ်ယောက်က ခြံဝင်းထဲတွင် အသင့်စောင့်ဆိုင်းနေသည့် ယာဉ်ပျံထဲကို ဝင်လိုက်ကြသည်။
ဟယ်ချင်းက ယာဉ်ပျံထဲမှ ခေါင်းထွက်၍ လိုက်ပို့ပေးသူများကို လက်ပြနှုတ်ဆက်လိုက်၏။
“အားလုံးပဲ နှုတ်ဆက်ပါတယ်”
တတိယဝမ်းကွဲက ဟယ်ချင်းလက်ထဲရှိ ပန်းခြင်းကို လှမ်းကြည့်လိုက်သည်။
“ခဏလေး၊ ဒါ ဟယ်ချင်း ယူလာတဲ့ လက်ဆောင် မဟုတ်လား၊ ကြည့်ရတာ အသေးအဖွဲဆိုပေမဲ့ အနည်းဆုံးတော့ စွပ်ပြုတ်လုပ်ရင် ထည့်သုံးလို့ရတာပေါ့”
“ဟယ်ချင်း၊ ဒါဆို…”
စကားပင် မဆုံးသေးခင် သွမ့်ချန်ဟွေ့၏ ယာဉ်ပျံမှာ ကောင်းကင်ပေါ်ပျံတက်သွားပြီး ပျောက်ကွယ်သွားလေ၏။
တတိယဝမ်းကွဲမှာ သူ့လက်ကို လေထဲတွင် ဆန့်ထုတ်ရင်း တန်းလန်းကြီး ကျန်ရစ်ခဲ့လေသည်။
ဟယ်ချင်းက ခြင်းထဲရှိ ကြာခွက်များကို ညင်သာစွာ ထိကြည့်ပြီး သွမ့်ချန်ဟွေ့အား ပြုံးကာ ပြောလိုက်၏။
“ဗိုလ်ချုပ်၊ သူတို့က ကျွန်တော့်လက်ဆောင်ကိုမကြိုက်တဲ့ပုံပဲ၊ ဒါတွေကို အိမ်ပြန်ယူပြီး စွပ်ပြုတ်လုပ်သောက်ကြရအောင်”
“ကောင်းပြီ”
သွမ့်ချန်ဟွေ့တစ်ယောက် ဟယ်ချင်းလက်ထဲရှိ ကြာခွက်များကို ကြည့်ရင်း အနည်းငယ်ပြုံးလိုက်မိသည်။
ဟယ်ချင်းက ဘယ်လိုလုပ်ပြီး ရိုးရှင်းတဲ့ အလှပန်းအိုးတစ်လုံး ဖြစ်နိုင်မှာလဲ။
ဟယ်ချင်းက အလှပန်းအိုးဆိုသည်ထက် ပွင့်လန်းနေသည့် နူးညံသိမ်မွေ့သော ကြာပန်းဖြူတစ်ပွင့်ဖြစ်ပြီး သူ၏ စစ်မှန်သော အလှတရားများကို ကွယ်ဝှက်ထားခြင်းသာ ဖြစ်လေ၏။
“ဒါနဲ့ စကားမစပ်၊ ဗိုလ်ချုပ် ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ”
ဟယ်ချင်းက ပေါ့ပေါ့ပါးပါးသာ မေးလိုက်ခြင်းဖြစ်သော်လည်း သူ့စိတ်ထဲတွင်တော့ သိုလှောင်လက်စွပ်အကြောင်းကို စဉ်းစားနေခဲ့သည်။
“ငါ မင်းကို ပေးထားတဲ့ သိုလှောင်လက်စွပ်ထဲမှာ တည်နေရာပြတဲ့ကိရိယာ ထည့်ထားတယ်”
သွမ့်ချန်ဟွေ့မှ တုံ့ဆိုင်းမနေဘဲ အဖြေကို ချက်ချင်း ဖြေလိုက်ပြီး သူ၏ တုံ့ပြန်လာမှုအား အကဲခတ်နေလိုက်သည်။
“ကျွန်တော် အန္တရာယ်တစ်ခုခု ဖြစ်မှာကို စိုးရိမ်လို့လား၊ ကျွန်တော် အဲပစ္စည်းကို သေချာဂရုစိုက်ပါ့မယ်”
ဟယ်ချင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး သွမ့်ချန်ဟွေ့၏လုပ်ရပ်အတွက် စိတ်ဆိုးခြင်းမရှိသည့်အပြင် ကတိပါပေးလိုက်သေး၏။
“သေချာဂရုစိုက်ထားလိုက်၊ တကယ်လို့ ပျောက်သွားခဲ့ရင် မင်း တာဝန်ယူရမယ်”
သွမ့်ချန်ဟွေ့က မျက်ခုံးကို အသာပင့်၍ ပြောလိုက်လေသည်။
သူက ဟယ်ချင်းကို စောင့်ကြည့်နေကြောင်းနှင့် သူ့၏အိမ်တော်မှ အလွယ်တကူ ဝင်၊ထွက်သွားလာရန် ခွင့်မပြုနိုင်ကြောင်းကို ဆိုလိုလိုက်ခြင်းပင်။
“ကောင်းပါပြီ၊ ဗိုလ်ချုပ်”
ဟယ်ချင်းသည်လည်း နာခံစွာဖြင့် အဖြေပြန်ပေးခဲ့၏။
သွမ့်ချန်ဟွေ့က ဟယ်ချင်းအား ခဏမျှ အကဲခတ်ကြည့်လိုက်သည်။
သူ၏ အမူအရာမှာ တစ်စုံတစ်ရာကို မကျေမနပ်ဖြစ်နေခြင်းမျိုး မတွေ့ရချေ။
ဟယ်ချင်းက သူ့၏အကြိုက် မဟုတ်သော်လည်း ဤဇာတ်လမ်းတွင် သူတို့က တစ်ယောက်ကို တစ်ယောက် လေးစားမှုရှိရှိနှင့် သူတို့၏ဇာတ်ရုပ်များကို ကောင်းမွန်စွာကစားကြမည်ပင်။
သူတို့က သရုပ်ဆောင်သည့်အခန်းကဏ္ဍတွင် လိုက်ဖက်ညီသော တွဲဖက်များသာ ဖြစ်ကြပေ၏။
**
အိမ်သို့ ပြန်ရောက်ပြီးနောက် သူတို့နှစ်ယောက်က ကြာခွက်နှင့်လီလီစွပ်ပြုတ်ကို နေ့လည်စာအဖြစ် စားသုံးလိုက်ကြပြီး သူတို့၏ ယဉ်ကျေးသော်လည်း သူစိမ်းဆန်သော ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ကြသည်။
တစ်နေ့ ဟယ်ချင်းတစ်ယောက် StarNet ကို ပေါ့ပေါ့ပါးပါး လှန်လောကြည့်နေစဉ် လူအတော်အများ အပူတပြင်း ဆွေးနွေးနေကြသည့် နောက်ဆုံးထွက် ဥပဒေတစ်ခုကို သတိထားလိုက်မိ၏။
[ငါတော့ ဗိုလ်ချုပ်ရဲ့ရည်ရွယ်ချက် အောင်မြင်မယ်လို့ထင်တယ်၊ အဲဒီလိုလူတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်၊
တချို့မိသားစုဆို လူသေတဲ့အထိကို ရိုက်နှက်တာလို့ ငါကြားဖူးတယ်၊
အခုက ကြယ်တာရာခေတ်ထဲကို ရောက်နေပြီ ဒါက လုံးဝကို လူ့အခွင့်အရေးချိုးဖောက်တာပဲ!]
[တချို့ မိသားစုတွေဆို ရှေးခေတ်တွေကထက်တောင် ပိုပြီး အာဏာရှင်ဆန်နေသေးတယ်]
[ဟူး...သာမာန်မိသားစုမှာပဲ မွေးဖွားလာလို့ တော်သေးတယ်]
[ဒါကို တထစ်ချ ယုံကြည်လို့မရဘူး၊ သာမာန်မိသားစုတွေမှာလည်း ပြင်းပြင်းထန်ထန် အိမ်တွင်း အကြမ်းဖက်တဲ့ ဖြစ်စဉ်တွေ ရှိတတ်တယ်၊
ယုတ်မာတဲ့လူတွေက ချမ်းသာတဲ့ ပတ်ဝန်းကျင်အပြင် ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာလည်း တွေ့ရတက်တယ်]
ထိုနောက်ဆုံးမှတ်ချက်မှာ လူအများအပြားကို လှုံဆော်နိုင်ခဲ့ပြီး မကြာမီမှာပင် အွန်လိုင်းစကားဝိုင်းက အိမ်တွင်းအကြမ်းဖက်သူများအား ရှုံ့ချသည့်ဘက်သို့ ဦးတည်သွားလေသည်။
ဟယ်ချင်းက StarNetကို ကြည့်ပြီးနောက် သွမ့်ချန်ဟွေ့.ကို လှမ်းကြည့်လိုက်၏။
အွန်လိုင်းပေါ်တွင် သူ့အား ချီးကျူးပြောဆိုသူများလာလေ သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းမှာ ပို၍ တောက်ပလာလေဖြစ်သည်။
ဟယ်ချင်း သွမ့်ချန်ဟွေ့အား ဝန်းရံထားသည့် ရွှေရောင်အလင်းတန်းများကို ကြည့်ရင်းဖြင့် မေးထောက်ကာ နက်နက်နဲနဲစဉ်းစားလိုက်လေ၏။
ဤလူသည်က လူသားတစ်ဦးပင်ဖြစ်သော်လည်း ရွှေရောင်အလင်းတန်းများ ဝန်းရံနေခြင်းနှင့် လူအများ၏ ယုံကြည်လေးစားမှုရရှိခြင်းဟူသော အချက်များကြောင့် သာမာန်လူတစ်ယောက်တော့ မဖြစ်နိုင်ချေ။
သို့သော် ယခုအချိန်တွင် သူ၏ကိုယ်ပိုင်ဖြစ်မနေသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။ သူတို့တွင် စိတ်ဝိဉာဏ်အမြစ်များ မရှိကြသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ကို မလျှောက်လှမ်းနိုင်ကြပေ။
*