Ch 10
Viewers 2k

အခန်း(10)


သွမ့်ချန်ဟွေ့က အောက်ထပ်တွင် အိမ်တော်ထိန်းနှင့် မင်္ဂလာပွဲအတွက် လိုအပ်သည်များကို ဆွေးနွေးနေရင်းဖြင့် ရုတ်တရက် အပေါ်ထပ်သို့ အကြည့်ရောက်သွားခဲ့သည်။ 


ဟယ်ချင်းက သူ့ထံသို့ လက် ဝှေ့ယမ်းပြလိုက်၏။ 


“ဗိုလ်ချုပ်၊ အကူအညီတစ်ခုခု လိုလို့လား” 


“မလိုဘူး” 


သွမ့်ချန်ဟွေ့ တည်ငြိမ်စွာဖြင့် ငြင်းဆန်လိုက်လေ၏။ ဟယ်ချင်းက အဖြူရောင်နှင့် အစိမ်းရောင်တို့ကို နှစ်သက်ကြောင်း သူသိထားသော်လည်း ဤသည်မှာ မင်္ဂလာပွဲသာဖြစ်ပြီး ဈာပနအခမ်းအနား မဟုတ်‌ချေ။ 


သွမ့်ချန်ဟွေ့က အလှဆင်ပစ္စည်းများကို ကြည့်ရှုပြီးနောက် နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ရာ ဟယ်ချင်းက ထိုနေရာတွင် မရှိတော့ကြောင်းကို တွေ့လိုက်ရသည့်အတွက် လက်ကောက်ဝက်ပေါ်ရှိ နာရီကို ကြည့်လိုက်သည်။ ဤအချိန်မှာ ဟယ်ချင်း တရားထိုင်ချိန်ဖြစ်ပေ၏။ 


ဟယ်ချင်းက တရားထိုင်ခြင်းနှင့် ဂါထာရွတ်ဖတ်ခြင်းများကို အမြဲတစေ အချိန်မှန်မှန် ပြုလုပ်လေ့ရှိသည်။ 


သွမ့်ချန်ဟွေ့က မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများကို စိတ်တိုင်းကျ စီစဉ်ပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့၏။ ထိုအချိန်တွင် ဒေါက်တာကျန်းထံမှ မက်ဆေ့ချ်တစ်စောင် ဝင်လာလေသည်။ 


[ဗိုလ်ချုပ်၊ မနက်ဖြန် မြို့တော်ကြယ်စုမှာ လေလံပွဲတစ်ခုရှိတယ်၊ အဲဒီမှာ ကျွန်တော်တို့ရှာနေတဲ့ ရှားပါး ဆေးဖက်ဝင်အပင်တွေ ရနိုင်မယ်လို့ သတင်းရထားတယ်] 


[ငါကိုယ်တိုင် သွားမယ်] 


[ဒါပေမဲ့... ပွဲက မနက် သုံးနာရီ စမှာ] 


[ရတယ်၊ ငါ အချိန်မီ ပြန်လာမယ်] 


သွမ့်ချန်ဟွေ့က ဖုန်းပြောပြီးနောက် သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်၏။ လက်ရှိတွင် သူ့အတွက် မျှော်လင့်ချက်များက အလွန်နည်းပါးနေသည်ဆိုလျှင်တောင် သူ လုံးဝလက်လျှော့လိုက်မည်မဟုတ်ပေ။ 


ဒေါက်တာကျန်းအနေဖြင့် ယခင်က အင်းဆက်မိခင်၏အဆိပ်ကို နှိမ်နင်းရန် လိုအပ်သော ဆေးဝါးတစ်မျိုးကို မြေအောက်လေလံပွဲတစ်ခုတွင် ရှာတွေ့ခဲ့သော်လည်း လေလံပွဲပြီးဆုံးသွားသောအချိန်တွင် ရောင်းချသူများအား လိုက်လံရှာဖွေ၍ မရခဲ့ချေ။ 


နောက်တစ်နေ့တွင် သွမ့်ချန်ဟွေ့က ယန်ဖန်နှင့်အတူ ထွက်ခွာလာခဲ့သည်။ 


သူ မသွားခင် ကြာကန်နံဘေး၌ ငြိမ်သက်စွာ ငါးစားကျွေးနေသော ဟယ်ချင်းကို မြင်လိုက်ရ၏။ 


သူ နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ယာဉ်ပျံပေါ်သို့ တက်လာခဲ့လေသည်။ 


ယန်ဖန်က ယာဉ်ပျံအား မောင်းနှင်ရင်း တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် မေးလာသည်။ 


“တကယ်လို့ တစ်ချိန်ချိန်မှာ မစ္စတာဟယ် သဘောကျလာတဲ့သူမျိုး ရှိလာရင် ဗိုလ်ချုပ် ဘယ်လိုလုပ်မှာလဲ?” 


သွမ့်ချန်ဟွေ့က ခေါင်းကို အောက်သို့ ငုံ့ထားကာ  အင်္ကျီလက်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေခဲ့သည်။ 


“ဟယ်ချင်းဘက်က ထွက်သွားဖို့ ဆန္ဒရှိရင် သွားခွင့်ပြုမယ်၊ တကယ်လို့ သူ့ဘက်က ကွာရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ငါ သူနဲ့ တစ်သက်လုံး ဒီတိုင်းဆက်နေသွားမယ်” 


ယန်ဖန် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။ 


သွမ့်ချန်ဟွေ့အနေဖြင့် တစ်စုံတစ်ယောက်အား မည်သည့်အချိန်တွင်မှ သဘောကျလာမည်မဟုတ်ပေ။ အကယ်၍ ရှိလာခဲ့လျှင်ပင် သူ၏အိမ်ထောင်ရေးကို တည်မြဲအောင်သာ ထိန်းသိမ်းထားမည်ဖြစ်သည်။ သူသည်က စည်းမျဉ်းစဉ်းကမ်းနှင့် တာဝန်ယူမှုကို အားလုံးထက် ပိုလေးစားပေသည်။ 


ဤသည်မှာ သစ္စာရှိသော စရိုက်လက္ခဏာလား သို့မဟုတ် သွေးအေးတဲ့ အမူအကျင့်လားဆိုသည်ကို ယန်ဖန် မခွဲခြားနိုင်ပေ။ 


သူတို့ လေလံပွဲသို့ ရောက်သောအချိန်တွင် ယန်ဖန်ကည ယာဉ်ကို မရပ်တန့်ပဲ မြေအောက်မြို့တော်ထဲသို့ တိုက်ရိုက် မောင်းဝင်လာခဲ့သည်။


 အစိမ်းရောင် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်သန်းပြီးနောက် နီယွန်မီး ရောင်များအောက်တွင် သက်ဝင်လှုပ်ရှားနေသည့် မြို့တစ်မြို့က သူတို့ကို ကြိုဆိုနေခဲ့သည်။ 


သွမ့်ချန်ဟွေ့ အပြင်ဘက်ကို ကြည့်လိုက်သည်။ ဤနေရာရှိ ဖျော်ဖြေရေးအဆောက်အအုံများပ မြေပြင်ရှိ အဆောက်အအုံများထက် ပို၍ခမ်းနားနေခဲ့သည်။ 



ရောင်စုံမီးများ၊ ကြီးမားလှသည့် ကြော်ငြာဆိုင်းဘုတ်များ၊ လေထဲတွင် ဖြတ်သန်းတည်ဆောက်ထားသည့် လမ်းများသည်က ဤနေရာကို နိမ္ဗာန်ဘုံတစ်ခုလို ခံစားရစေသည်။ 


တလတ်လတ် တောက်ပနေသော မီးရောင်များကြောင့် သွမ့်ချန်ဟွေ့ အနည်းငယ် မျက်စိကြိမ်းသွားရသည်။ 


“အောက်ကို ဆင်းလိုက်တော့” 


“ကောင်းပါပြီ ဗိုလ်ချုပ်” 


ယန်ဖန် ယာဉ်ကို ထိန်းညှိရင်း မြေပြင်နှင့်နီးကပ်စွာ ဆင်းချလိုက်သည်။ 


ထိုအချိန်တွက် ရုတ်တရက် ၎င်းတို့၏ရှေ့တွင် ရုတ်ရုတ်သဲသဲဖြစ်နေသည့် အခြေအနေနှင့် ကြုံလိုက်ရသည်။ 


“အင်းဆက်ကြီး! အင်းဆက်တွေက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတာလဲ? !” 


“မသေချင်ရင် ပြေးကြ!!” 


“ဗိုလ်ချုပ်!” 


ယန်ဖန် ယာဉ်ပျံကို ချက်ချင်းရပ်တန့်လိုက်သည်။ 


သွမ့်ချန်ဟွေ့က ယာဉ်ပျံထဲမှ ထွက်လာပြီး ကောင်းကင်ပေါ်တွင် ပျံဝဲနေသည့် ဧရာမအင်းဆက်ကြီး ကို မော့ကြည့်လိုက်သည်။ 


ထိုအကောင်ကြီး၏ ပုံပန်းသဏ္ဌန်မှာ ထူးဆန်းနေပြီး  ညိုညစ်ညစ်အရောင်အဆင်းရှိကာ ဆယ်မီတာခန့်ရှိသောတောင်ပံများကိုပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ 


သို့သော်  ဤဧရိယာထဲတွင် လက်နက်နှင့်မက်ခါများကို အသုံးပြုခွင့်မရှိပေ။


သွမ့်ချန်ဟွေ့ မျက်မှောင်များကို စုကြုတ်ထားရင်း ထိုအကောင်ကြီးကို စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့၏မျက်လုံးထဲတွင် ဖျက်ခနဲ အလင်းတန်း တစ်ခု ဝင်ရောက်လာပြီး  ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အင်းဆက်ကြီးက ရေပန်း၏အလယ်တည့်တည့်သို့ ပြုတ်ကျသွားခဲ့ကာ ကိုယ်မှအရညာများက နေရာအနှံ့ လွှင့်စင်သွားသည်။ 


သွမ့်ချန်ဟွေ့တစ်ယောက် သူ့ရှေ့သို့ လွှင့်စင်ကျလာသော ရေစက်များကို ကြောင်အစွာကြည့်နေပြီးမှ အရှေ့သို့ အလျင်အမြန်ပြေးသွားလိုက်လေ၏။ ထို့နောက်တွင် အင်းဆက်ကြီးကို မတုန်မလှုပ် စိုက်ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ 


“3S အဆင့် စိတ်စွမ်းအားလား?”  


 

သွမ့်ချန်ဟွေ့ သတိအနေအထားဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေရင်း မရေမရာဖြင့် သုံးသပ်လိုက်သည်။


 သူ့အနေဖြင့် တစ်ဖက်လူဒ စိတ်စွမ်းအင် တုန်ခါမှုကို အာရုံခံနိုင်ခြင်းမရှိပေ။ 


“ဗိုလ်ချုပ်သွမ့်၊ ကျွန်တော် မင်းရဲ့အကြောင်းတွေ ကြားဖူးတယ်” 


ထိုလူသည် သွမ့်ချန်ဟွေ့ဘက်သို့ လှည့်လာခဲ့သည်။ သူ၏ ဖြူစွက်နေသောဆံပင်များမှာ ခါးအထိ ရှည်လျားနေပြီး အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကာ မျက်နှာကိုလည်း မျက်နှာဖုံးတပ်ထားခဲ့သည်။


သူ၏ ကြည်လင်တောက်ပနေသော အစိမ်းရောင်မျက်လုံး နှစ်စုံသာ ဖော်လှစ်ပြသထားလေသည်။


သူ၏ မျက်တောင်မွှေးများမှာလည်း အဖြူရောင်ဖြစ်နေပြီး ထိုသူ၏ အသွင်အပြင်မှာ အရောင်ပါသော မျက်ကပ်မှန်တပ်ဆင်ထားသည့် အယ်လ်ဘီနို* တစ်ယောက်နှင့်တူနေသည်။ 


သွမ့်ချန်ဟွေ့တစ်ယောက် တခဏတာ အံ့ဩမင်သက်သွားခဲ့သည်။ သူ့၏မျက်စိရှေ့ရှိမှ အမျိုးသားက အင်ပါယာအတွင်း 3S အဆင့်ရှိသူကြောင်းကို သိရှိသော်လည်း အဖြူရောင်ဆံနွှယ်များနှင့် အစိမ်းရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသည်ကိုတော့ သူ မသိထားခဲ့ပေ။ 


“မင်းက သင်္ဘောပေါ်က တစ်ယောက်လား?” 


သွမ့်ချန်ဟွေ့၏ ခေါင်းထဲတွင် ထိုအဖြစ်အပျက်ကိုသာ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ 


“ဗိုလ်ချုပ် ဘာကိုပြောနေလဲဆိုတာ  ကျွန်တော် မသိဘူး၊ ကျွန်တော်မှာ စိတ်စွမ်းအားလည်း မရှိဘူး” 


ဟယ်ချင်း ထိုသို့ပြောပြီးသည်နှင့် နောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်လိုက်လေသည်။ သူသည်က ဝိဉာဉ်စိတ်စွမ်းအားကို အသုံးပြုပြီး သွမ့်ချန်ဟွေ့ သတိထားမိခြင်း ရှိ မရှိကို ဆန်းစစ်နေခဲ့သည်။ 


“ငါ ခံစားလို့မရဘူးဆိုရင်တောင် မင်းရဲ့စွမ်းအားက 3S အဆင့် စိတ်စွမ်းအားနဲ့ တူတယ်” 


ထိုသူက တခြားလူမျိုးစုမှ ဖြစ်နိုင်လောက်သည်ဟု  သွမ့်ချန်ဟွေ့ မှန်းဆလိုက်သည်။ 


“ကျွန်တော်က အန္တရာယ်ပေးမဲ့ သူမဟုတ်ဘူး” 


သွမ့်ချန်ဟွေ့က လျှို့ဝှက်ဆန်းကြယ်သည့် သူစိမ်းတစ်ယောက်နှင့် တွေ့ရချိန်တွင် လိမ်မာပါးနပ်သောနည်းလမ်းဖြင့် ချဉ်းကပ်လိုက်သည်။ 


သွမ့်ချန်ဟွေ့ ထိုသူ၏အေးဆေးတည်ငြိမ်သော အစိမ်းရောင်မျက်လုံးများကို မျက်ခြေမပြတ် စိုက်ကြည့်နေခဲ့သည်။ 


ဟယ်ချင်း နောက်ထပ်ခြေလှမ်းတစ်လှမ်းထပ်ဆုတ်လိုက်ပြီး ပြောလာလေ၏။



“ကျွန်တော့်မှာ အရေးတကြီးလုပ်စရာလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်” 


သူ လှည့်ထွက်လိုက်ပြီး နောက်ထပ် ပတ်သတ်လိုခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။ 



သွမ့်ချန်ဟွေ့ : “ငါတို့ နောက်မှ တွေ့ကြတာပေါ့” 


ဟယ်ချင်း၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီးမှ ထွက်ခွာသွားလေသည်။ 


သွမ့်ချန်ဟွေ့ တစ်ဖက်လူ၏ နောက်ကျောကိုသာ စိုက်ကြည့်နေခဲ့အြီး အနောက်မှ လိုက်မသွားခဲ့ပေ။ 3S အဆင့် စိတ်စွမ်းအင် ရှိသည့် လူတစ်ယောက်နှင့် သူ ထိပ်တိုက်ရင်ဆိုင်ရန် အစီစဉ်မရှိပါချေ။ အထူးသဖြင့် ထိုသူ၏ အရင်းအမြစ်ကို မသိသောကြောင့်ပင်။ 


ယန်ဖန် ပြေးလာခဲ့သည်။


  “ဗိုလ်ချုပ်! ဘာလို့ သူ့ကို ဖမ်းချုပ်မထားလိုက်တာလဲ?” 


“သူက ဒီက မဟုတ်ဘူး၊ အပြင်ဘက်က ဖြစ်နိုင်တယ်” 


“ဒါပေမယ့် ဒီလို စိတ်စွမ်းအင်ကြီးတဲ့ လူတစ်ယောက်က သူ့ရဲ့အထောက်အထားတွေကို ကွယ်ဝှက်ပြီး မြို့တော်ကြယ်စုမှာ ပုန်းခိုနေတာ အန္တရာယ်မများဘူးလား?” 


ယန်ဖန် စိုးရိမ်စွာဖြင့် မေးလိုက်သည်။ 


“သူတို့က အင်ပါယာနဲ့ စစ်တိုက်ချင်တာမဟုတ်ရင် တခြားဘာဖြစ်မလဲ?” 


သွမ့်ချန်ဟွေ့ မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ရင်း အင်းဆက်ကောင်ကြီးကို လှမ်းကြည့်လိုက်သည်။ 


“အဲဒီကောင်က အခု သတိလစ်နေတုန်းပဲ၊ ဒါကို ဖြေရှင်းလိုက်” 


“ကောင်းပါပြီ၊ ဗိုလ်ချုပ်” 


ယန်ဖန်က နာခံစွာဖြင့် ချက်ချင်းပင် ဒေသခံစောင့်ရှောက်ရေးတပ်ဖွဲ့များကို ဆက်သွယ်လိုက်သည်။ 


ဟယ်ချင်းတစ်ယောက် လူအုပ်ထဲမှ ပြန်ထွက်လာပြီးနောက် သူ့၏မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ထိလိုက်လေသည်။ ဤနေရာရှိ လူများက ဝိဉာဉ်စွမ်းအားကို ထောက်လှမ်းနိုင်ခြင်း မရှိကြောင်းကို သူ အတည်ပြုနိုင်ခဲ့သည်။


 ဤသည်က သူ ဆက်ပြီး လုပ်ဆောင်မည့် လှုပ်ရှားမှုများအတွက် များစွာ လွယ်ကူသွားစေလိမ့်မည်ဖြစ်သည်။ 


ထို့နောက် သူ ကျင်းရီနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ကျင်းရီက သီးသန့်အခန်းတွင် ထိုင်ကာ လက်ဖက်ရည်သောက်နေလေသည်။ 


အဖြူရောင်ရှပ်အင်္ကျီနှင့် ဘေးဘောင်မပါသော မျက်မှန်ကို တပ်ဆင်ထားသည့် ကျင်းရီ၏ အသွင်အပြင်မှာ ရုပ်ရည်ချောမောသော်လည်း ဆိုးသွမ်းသည့်လူတစ်ယောက်နှင့် တူနေခဲ့သည်။ 


“မစ္စတာဟယ်၊ မင်း ဒီမှာနေရတာ အရမ်းပျော်ပြီး ထွက်မသွားချင်တော့ဘူးမလား?” 


ကျင်းရီ စနောက်လိုက်သည်။ 


“ငါ အခုပဲ ဗိုလ်ချုပ်နဲ့ ပက်ပင်းတိုးလာတာ”


ဟယ်ချင်းက မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ၏ချောမောခန့်ငြားသော ရုပ်ရည်ကို လှစ်ဟလိုက်ရင်း  ပြန်ပြောလိုက်သည်။ 


“ဒါပေမဲ့ သူ ငါ့ကို မမှတ်မိတာ ကံကောင်းသွားတယ်” 


ကျင်းရီက မျက်မှန်ကို ပင့်တင်ရင်း လိမ်မာပါးနပ်သောအပြုံးဖြင့် ပြောလိုက်သည်။ 


“သူ သိသွားရင် အကြီးအကျယ်ရှော့ခ် ရသွားမှာ သေချာတယ်” 


“သူသိသွားရင် ငါလည်းလန့်သွားရမှာပဲ” 


ဟယ်ချင်းက ပုံစံပြောင်းဆေးလုံးကိုမျိုချကာ မျက်နှာကိုပွတ်သပ်ရင်း ရုပ်ဆိုးဆိုး ပုံစံအဖြစ် ပြောင်းလဲလိုက်ပြန်သည်။ 


ကျင်းရီသည် သူ၏ ပြောင်းလဲသွားသော အသွင်အပြင်ကို ကြည့်ရင်း မရယ်မောဘဲမနေနိုင်တော့ချေ။ 


“ဟားဟား၊ ဗိုလ်ချုပ်သာ အခု မင်းကို မြင်သွားရင် အလန့်တကြားဖြစ်သွားလိမ့်မယ်၊ ဗိုလ်ချုပ်က အလှလေးတွေပဲ ကြိုက်တာဖြစ်နိုင်တယ်” 


“အောမီထောဖော၊ အလှအပဆို အပေါ်ယံတွေပဲ” 


“စကားပြောတာ တော်လောက်ပြီ၊ အထဲကိုဝင်ကြရအောင်၊ လေလံပွဲစတော့မယ်” 


ကျင်းရီ မတ်တပ်ရပ်လိုက်သည်။ 


“ဒါနဲ့ မင်း ဗိုလ်ချုပ်နဲ့ ဘယ်လိုတွေ့လာတာလဲ?” 


သူတို့ လေလံပွဲခန်းမဆီသို့ လျှောက်လာရင်း ဟယ်ချင်းမှ ဖြစ်ပျက်သမျှကို ပြောပြလိုက်သည်။


ထို့နောက် သူတို့ “အထောက်အထားအတု” များဖြင့် စာရင်းသွင်းကာ ဝင်ရောက်လာခဲ့လေသည်။ 



ဟယ်ချင်းက “မစ္စတာဟယ်” ဟူသော အမည်ကိုသုံးစွဲခဲ့သည်။ 




*


T/n : အယ်လ်ဘီနို _ Albino  ဆိုတာက အရေပြား၊ ဆံပင်၊ မျက်လုံးတွေမှာ အရောင်ပေးတဲ့ mmelani မရှိသလောက်နည်းတဲ့ အခြေအနေကို ပြောတာပါတဲ့ နမူနာကို ပုံမှာပြထားပါတယ်