Ch 8
Viewers 2k

အခန်း(8)


ဟယ်ချင်းက ဝှီးချဲကို တွန်း၍ ဗိုလ်ချုပ်၏အိမ်ပတ်ပတ်လည်ကို လှည့်ပတ်ကာ ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး ကြည့်နေခဲ့သည်။


 ထို့နောက် နေ့လယ်စာ မစားမှီ ဗိုလ်ချုပ်သွမ့်အား အိမ်တော်ထဲသို့ ပြန်ခေါ်လာပေးခဲ့လေ၏။ 


ဟယ်ချင်း ဗိုလ်ချုပ်၏အိမ်တော်သို့ ရောက်ရှိပြီးနောက်ပိုင်း စားလိုက်သောက်လိုက်နှင့် ကိုယ်အလေးချိန်များပင် တက်လာသလို ခံစားရသည်။ 


သူတို့၏ မင်္ဂလာပွဲရက် နီးကပ်လာချိန်တွင် ဟယ်မိသားစုမှာ မနေနိုင်တော့ဘဲ သူ့အား ဆက်သွယ်လာခဲ့ပေပြီ။ 


ဟယ်ချင်းက ထိုကိစ္စကို အိမ်တော်ထိန်းအား ပြောပြလိုက်သည်။  


“ကျွန်တော် ဒီနေ့ အိမ်ပြန်မလို့” 


အိမ်တော်ထိန်းမှာ အခြေအနေကို ချက်ချင်းနားလည်သဘောပေါက်သွား၏။ 


“ကျွန်တော် ဗိုလ်ချုပ်ကို ပြောပြလိုက်ပါ့မယ်” 


“မပြောပါနဲ့၊ ကျွန်တော် တစ်ယောက်တည်းပဲ ပြန်လိုက်ပါ့မယ်” 


ဟယ်ချင်းမှ ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။ 


“ပြီးတော့ ဗိုလ်ချုပ်က အရမ်း အလုပ်များတဲ့သူဆိုတော့ ကျွန်တော်ကြောင့်နဲ့ အနှောင့်အယှက်ဖြစ်တာမျိုး မလိုချင်ဘူး” 


အိမ်တော်ထိန်းက သူ့အား ကြည့်၍ ပြန်ပြောလာခဲ့လေ၏။ 


“ဒါဆို မစ္စတာဟယ် ပြန်တဲ့အချိန်ကျရင် ယူသွားဖို့ လက်ဆောင် ပြင်ဆင်ပေးလိုက်ပါ့မယ်၊ စတိုခန်းထဲက အပြာရောင်ကျောက်က အကောင်းဆုံး လက်ဆောင်ဖြစ်မယ်လို့ ထင်တယ်” 


“လက်ဆောင် ပြင်ဆင်ပေးစရာ မလိုပါဘူး၊ ကျွန်တော့်စိတ်ထဲမှာ ဘာပေးရမလဲဆိုတာ တွေးထားပြီးသားပါ” 


ဟယ်ချင်း ထပ်မံငြင်းဆန်လိုက်ပြန်သည်။ 


အိမ်တော်ထိန်းမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်သွားတော့၏။ 


ထို့နောက် ဟယ်ချင်းက ပန်းခြင်းကိုကိုင်၍ ရေကန်သို့ ထွက်လာပြီး ကြာခွက်များကို ဆွတ်ခူးရန် လှေငယ်လေးပေါ်သို့တက်လိုက်သည်။ 


အိမ်တော်ထိန်းမှာမူ လှော်တက်ကို ကိုင်ထားရင်းဖြင့် လှေပေါ်တွင် လှုပ်ယမ်းနေသည့် ဟယ်ချင်းအား စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ရ၏။ 


“မစ္စတာဟယ် ကျွန်တော် ကူညီပေးပါ့မယ်” 


အိမ်တော်ထိန်းက ဟယ်ချင်းအား ရေကန်ထဲပြုတ်ကျသွားမည်ကို စိုးရိမ်ပြီး ပြောလာသည်။ 


“ရပါတယ်၊ ကျွန်တော် ကိုယ်တိုင် ခူးမှ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ကို ဖော်ပြနိုင်မှာလေ” 


ဟယ်ချင်း ကြာခွက်တစ်ခုကို ခူးရင်း ပြန်ဖြေလိုက်၏။ 


“သူတို့ ကြိုက်မှာ သေချာတယ်” 


ထိုစကားကိုကြားလျှင် အိမ်တော်ထိန်းဘက်မှ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ကြာခွက်များမှာ တန်ဖိုးရှိပြီး ရှားပါးသည်မှာ မှန်သော်လည်း အဖိုးတန်ကျောက်များနှင့် နှိုင်းယှဉ်ပါက အသေးအဖွဲမျှသာ ဖြစ်၏။


 ကြာခွက်များက အတွင်းမှ အစေ့အဆံများကိုသာ စားသုံးလို့ရပေသည်။ 


အပေါ်ထပ်မှ သွမ့်ချန်ဟွေ့တစ်ယောက် ပြတင်းပေါက်မှတဆင့် အောက်သို့ငုံ့၍ ကြာကန်ထဲတွင် ကြာခွက်များ ခူးယူနေသော ဟယ်ချင်းအား ကြည့်နေခဲ့၏။ 


ဟယ်ချင်း၏အသားအရည်မှာ ဖြူဖွေးလွန်းနေပြီး၊ ဆံပင်အနက်ရောင်များနှင့် လိုက်ဖက်ညီစွာ ကြည်လင်ရှင်းသန့်နေပြီး သူ၏အသွင်အပြင်ကို ပို၍ ကြည့်ကောင်းစေသည်။ 


သွမ့်ချန်ဟွေ့မှာမူ ထိုမြင်ကွင်းကို ခဏမျှ စိုက်ကြည့်ပြီးနောက် သူ့၏အလုပ်ကိုသာ ဆက်လုပ်နေခဲ့၏။ 


ဟယ်ချင်း နောက်ထပ် ကြာခွက်တစ်ခုကို ထပ်ချိုးယူပြီး အပေါ်ရှိ ပြတင်းပေါက်သို့ မော့ကြည့်လိုက်သည်။ 



ထို့နောက် သူ့ရင်ဘတ်ပေါ်မှ ပုတီးစေ့များကို လက်ဖြင့် အလိုအလျောက် ပွတ်သပ်လိုက်၏။ အကယ်၍များ တစ်စုံတစ်ရာ အမှားအယွင်းဖြစ်ခဲ့ပါလျှင် သွမ့်ချန်ဟွေ့ သေချာပေါက် သိသွားမည်ပင်။



 ထိုလူနှင့် တစ်အိမ်တည်း နေထိုင်ရခြင်းမှာ အန္တရာယ်ရှိကြောင်းကို သူသိ၏။ 


သို့သော်လည်း တဖက်ကတွေးကြည့်လျှင် ယခုအခြေအနေမှာ သူ့အတွက် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံမျိုးလည်း ဖြစ်နေသေးသည်။ 


ဟယ်ချင်းက ကြာခွက်များထည့်ထားသော ခြင်းတောင်းကို ငုံ့ကြည့်လိုက်၏။ ကြာခွက်များမှာ ခြင်းတစ်ဝက်ခန့် ရှိနေပြီပင်။ 


“ဒီလောက်ဆို ရလောက်ပါပြီ၊ ပြန်ကြရအောင်” 


ထိုမှသာလျှင် အိမ်တော်ထိန်းကြီးမှာ စိတ်သက်သာရာ ရသွားခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက် မိလေသည်။ 


ထို့နောက် လှေငယ်လေးကို ကမ်းစပ်နားသို့ ပြန်လှည့်လာခဲ့၏။ 


ဟယ်ချင်းက အိမ်တော်ထိန်းအား ကျေးဇူးတင်စကားဆိုကာ ခြင်းကို သယ်ဆောင်၍ သူ့မိသားစုအိမ်သို့ ပြန်လာခဲ့သည်။ 


ဗဟိုအစိုးရမှ မျိုးရိုးစဉ်ဆက် ဘွဲ့ထူးဂုဏ်ထူးများကို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်းတွင် ဟယ်မိသားစု၏ အခြေအနေမှာ ယိမ်းယိုင်သွားခဲ့ပြီး ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ချေ။ 


သို့သော်လည်း “သစ်ကုလားအုပ်တစ်ကောင်မှာ မည်မျှပင် ပိန်းချုံးသွားပါစေ မြင်းထက် ပိုကြီးနေဆဲဖြစ်သည်”ဟူသည့်စကားပုံအတိုင်းပင် မိသားစု၏စံအိမ်ကြီးမှာ ဟယ်မိသားစုအား ခံတပ်တစ်ခုကဲ့သို့ မားမားမတ်မတ် ကာကွယ်ပေးထားပြီး ခမ်းနားထည်ဝါမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲပင်။ 


ဟယ်ချင်း စဉ်းစားလိုက်၏။ 


ဒါ သစ်ကုလားအုပ် မဟုတ်ဘူး…ဝေလငါးပဲ။ ပိန်နေတဲ့ ဝေလငါးက သစ်ကုလားအုပ်ထက်တောင် ကြီးသေးတယ်။ 


ဟယ်မိသားစု စံအိမ်သို့ရောက်ချိန်တွင် ဟယ်ချင်းကို ကျယ်ဝန်းသော ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားပြီး ရှည်လျားလှသည့် စားပွဲကြီး၏ အစွန်တွင် နေရာချပေးထားခဲ်ကြသည်။ 


သူ ခြင်းကို စားပွဲပေါ်သို့တင်လိုက်ပြီး တစ်ဖက်ခြမ်းတွင် ထိုင်နေသော ဦးလေးနှင့် ဝမ်းကွဲများကို ကြည့်လိုက်၏။


အနေအထားကို ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် တရားရင်ဆိုင်နေရသကဲ့သို့ ခံစားလာရသည်။ 


“အားလုံးပဲ မင်္ဂလာရှိတဲ့နေ့လေးပါ”  


ဟယ်ချင်းက နှုတ်ဆက်လိုက်၏။ 


သို့သော် မည်သူမှ တုံ့ပြန်လာခြင်း မရှိချေ။ 


ထို့အစား အစာငတ်ပြတ်နေသော ဝံပုလွေများကဲ့သို့ စူးရှသောအကြည့်များသာ သူထံသို့ ကျရောက်လာသည်။ 


အရှေ့မှ အဖြူရောင်ဆံပင်နှင့်အဖိုးအိုသည် သူ့ဘက်သို့ ခေါင်းကို အနည်းငယ်ညိတ်ပြကာ သူရောက်ရှိနေခြင်းကို အသိအမှတ်ပြုကြောင်း ပြသလာ၏။ 


ဟယ်ချင်းက ဟန်ဆောင်၍ ပြုံးပြကာ မျက်လုံးများကို မှိတ်ပြီး သူ့စိတ်ဝိဉာဏ်အား တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ 


အဘိုးအိုက သူ၏ မျက်ခွံများကို ပင့်တင်လိုက်ပြီး ပြောလေ၏။ 


“ငါတို့ မင်းကို ဒီအသက်အရွယ်ထိ ပြုစုပျိုးထောင်ခဲ့ရတာ၊ အခု မင်းဘက်ကနေ မိသားစုကို ပြန်ပြီး အကျိုးပြုရမဲ့ အချိန်ရောက်ပြီ” 


အဘိုးအို၏ စကားစပြောလာသည်နှင့် တစ်ပြိုင်နက် အခြား ဦးလေးများနှင့် ဝမ်းကွဲများပါ စကားဝိုင်းထဲသို့ ပါဝင်လာကြသည်။ 


“မင်းရဲ့ဝမ်းကွဲက အခု စစ်တပ်မှာ အမှုထမ်းနေပြီ၊ သူ့ကို ကူညီစောင့်ရှောက်ပေးဖို့ ဗိုလ်ချုပ်ကို ပြောလိုက်ပါ” 


“မင်းရဲ့ အကြီးဆုံးဦးလေးက သူ့လုပ်ငန်းကို ချဲ့ထွင်ဖို့ လုပ်နေတယ် ဒါပေမဲ့ အထက်က ခွင့်ပြုချက် ပေး မပေးမသေချာဘူး၊ သေချာအောင် အတွင်းရေးအချက်အလက်တစ်ချို့ လိုချင်နေတယ်” 


“မင်း မကြာသေးခင်က ဒဏ်ရာရခဲ့တယ်လို့ ကြားတယ်၊ ငါ လေလံပွဲမှာ ပိုက်ဆံတော်တော်များများသုံးပြီး မင်းအတွက် ဆေးတစ်မျိုး ဝယ်ထားတယ်၊ ဒီဆေးကိုသုံးရင် ဗိုလ်ချုပ်အတွက် သားလေး မွေးပေးနိုင်မှာ သေချာတယ်” 


အားလုံးမှာ ဆက်တိုက်ဆိုသလို သူတို့ လိုချင်သည့်အချက်ကို ပြောနေကြပြီး  ပြောနေသည်များမှာလည်း သွမ့်ချန်ဟွေ့အား ဦးတည်ကာ အကူအညီတောင်းရမည့် ကိစ္စများသာဖြစ်နေ၏။ 


သို့သော်လည်း သိပ်မကြာလိုက်ချေ။ ဟယ်ချင်း၏ မလှုပ်မယှက် ငြိမ်သက်နေပြီး လျစ်လျူရှုထားသော  ပုံစံကို သူတို့ သတိထားမိလာကြသည်။ 


“မင်း ဘာလို့ ဘာမှဝင်မပြောတာလဲ၊ မင်းမှာ ပါးစပ်မပါဘူးလား၊ အ,နေတာလား” 


အကြီးဆုံးဝမ်းကွဲက ဒေါသတကြီး ပြောလိုက်၏။ 


“ဗိုလ်ချုပ်က မင်းလို အသုံးမကျတဲ့ အလှပန်းအိုးကို ကြိုက်မှာ မဟုတ်ဘူး၊ အဲဒါကို သူ သဘောကျလာအောင် မင်းက ဘာလို့ အရမ်းတွေ ကြိုးစားနေရတာလဲ” 


ဟယ်ချင်းအား သဘောမကျဘဲ အမြဲလိုလို တိုက်ခိုက်နေတတ်သော ဒုတိယဝမ်းကွဲက ပြောလိုက်ခြင်းဖြစ်သည်။ 


သူ့ညီငယ်‌လေးမှာ အိုမီဂါတစ်ယောက်ဖြစ်ပြီး ဟယ်ချင်းထက်ပင် ပိုပြီး သာ၏။ 


ဒါပေမဲ့ ဘာလို့ ဗိုလ်ချုပ်က သူ့ညီလေးကိုမရွေးဘဲ ဒီပျော့ညံ့ပြီး အသုံးမကျတဲ့ ဟယ်ချင်းလို အရူးတစ်ယောက်ကို ရွေးခဲ့ရတာလဲ။ 


အကယ်၍ ထိုနေရာတွင် သူ့ညီလေးသာ ဖြစ်နေခဲ့လျှင် သူ့၏စကားကို သေချာပေါက် နာခံလိမ့်မည်။ 


ဟယ်ချင်း တရားထိုင်၍ ပြီးသွားချိန်တွင် မျက်လုံးများကို ဖွင့်ပြီး ထရပ်လိုက်၏။ 


“အောမီထောဖော၊ ပြောစရာရှိသေးလား မရှိတော့ဘူးဆိုရင် ကျွန်တော် သွားတော့မယ်” 


“ဟယ်ချင်း ပြန်ထိုင်စမ်း!၊ ငါတို့ မင်းကို မေးနေတယ်လေ!” 


နောက်ဆုံးတွင် အဘိုးအိုက အားမာန်အပြည့်ဖြင့် ဒုတိယအကြိမ် စကားပြောလိုက်သည်။ 



သူ့ကား ဤမိသားစု၏အကြီးအကဲတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော လူငယ်တစ်ယောက်ထံမှ လျစ်လျူရှုခံရခြင်းမျိုး တစ်ခါမျှ မကြုံရဖူးချေ။ 


ဟယ်ချင်းက အဘိုးအိုအား ဦးညွှတ်ကာ ရိုရိုသေသေဖြင့် အလေးပြုလိုက်ပြီးနောက် အကြီးဆုံး ဝမ်းကွဲဘက်သို့ လှည့်လာကာ နွေးထွေးသော အပြုံးဖြင့် တုံ့ပြန်လိုက်၏။ 


“ဝမ်းကွဲအစ်ကို၊ တကယ်လို့ မင်းရဲ့ စိတ်စွမ်းအားက B အဆင့်ထိ ရောက်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ဆီမှာ သေချာပေါက် မင်းအတွက် အကြံပြုပေးပါ့မယ်၊ မင်း ကြိုးစားပါ” 


ဝမ်းကွဲအစ်ကိုမှာ ဟယ်ချင်း၏တုံ့ပြန်ပုံကို ကြည့်၍ နဖူးပေါ်ရှိ သွေးကြောများထောင်တက်လာသည်။ 


အခု သူရဲ့ စိတ်စွမ်းအင်က D အဆင့်ပဲ ရှိသေးတာလေ၊ ဒါ သူ့ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ လှောင်ပြောင်လိုက်တာလား။ 


ဟယ်ချင်းမှာ ထပ်၍ ဦးလေး ဖြစ်သူဘက်သို့ လှည့်ကာ ပြောပြန်၏။ 


“ဦးလေး၊ စီးပွားရေးနဲ့ နိုင်ငံရေးကို ရောထွေးတာ အရမ်း အန္တရာယ်များတယ်၊ တကယ်လို့များ ဖော်ထုတ်ခံရရင် အကုန်လုံး တရားရုံးကို ရောက်သွားလိမ့်မယ်” 


ထိုစကားကိုကြားလိုက်ရသည်နှင့် ဦးလေးဖြစ်သူ၏မျက်နှာမှာ နီရဲတွက်သွားပြီး ပြန်ပြောလာသည်။ 


“ငါက ဒီတိုင်း သတင်းအချက်အလက် လိုချင်ရုံပဲ၊ အန္တရာယ်ဖြစ်စေမဲ့ အရာမျိုး မလုပ်ဘူး!” 


ဟယ်ချင်း လျစ်လျူရှုကာ ဆေးပုလင်းကိုင်ထားသော တတိယအဒေါ်ဘက်သို့ လှည့်လိုက်၏။ 


“ကျွန်တော့်အတွက် စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ပျော့ညံပြီး အားနည်းတဲ့ဆိုတော့ ဒီဆေးဒဏ်ကိုခံနိုင်မှာမဟုတ်ဘူး၊ ဒီဆေးကို သောက်မိရင် နှစ်ခါသေသလို ဖြစ်သွားလိမ့်မယ်” 


“မင်း ဘာကိုဆိုလိုချင်တာလဲ” 


ဟယ်ချင်း၏ စကားကိုကြားသည်နှင့် တတိယအဒေါ်လည်း တဆက်ဆက်တုန်ကာ ဒေါသထွက်သွားပြန်သည်။ 


“ဒီဆေးအာနိသင်က ပျော့ပါတယ်၊ ငါက မင်းကို အဆိပ်တိုက်နေတယ်လို့ ထင်နေတာလား” 


“အိုး...ကျွန်တော် အဲလို မထင်ရဲပါဘူး” 


ဟယ်ချင်းက လက်အုပ်ကိုချီ၍ အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။ 


တတိယဦးလေးမှာ စားပွဲကို ခပ်ကြမ်းကြမ်း ထုရိုက်လိုက်ပြီး ဒေါသတကြီး ထလာသည်။


“ရိုင်းစိုင်းလိုက်တာ၊ မင်း လူကြီးတွေကို လုံးဝလေးစားမှုမရှိဘူး၊ မိသားစုစည်းမျဉ်းအရ မင်းကို ကြိမ်ဒဏ်ဆယ်ချက်ပေးပြီး အိမ်တော်ထဲမှာ သုံးရက်တိတိ ဒူးထောက်ခိုင်းမယ်!” 


“ဒီဆေးကို အရင်တိုက်လိုက်ရအောင်၊ ဗိုလ်ချုပ်မှာ သားသမီးရှိလာခဲ့ရင် သူ ငါတို့ကို ကျေးဇူးတင်သွားမှာပဲ” 


တတိယအဒေါ်၏မျက်နှာမှာက ကောက်ကျစ်သောအမူအရာအဖြစ် ပြောင်းလဲသွား၏။ 


“ဒီဆေးကို ငါကိုယ်တိုင် စမ်းသပ်ထားတာ” 


“ကျွန်တော် သူ့ကို ချုပ်ထားပေးမယ်” 


ဒုတိယဝမ်းကွဲက စိတ်အားထက်သန်စွာဖြင့် ပြေးလာခဲ့သည်။ 


ဟယ်ချင်း နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လက်ထဲရှိ ပန်းခြင်းကို မြှောက်ပြီး ပြောလိုက်လေ၏။ 


“ဗိုလ်ချုပ်က မင်းတို့ကို ကြည့်နေတယ်နော်” 


“?!!!” 


လူတိုင်း ပြတင်းပေါက်ဘက်သို့ ပြိုင်တူလှမ်းကြည့်လိုက်ကြပြီးနောက် သူတို့ လှည့်စားခံလိုက်ရခြင်းကို သတိထားမိသွားသည်။ 


“သူ ငါတို့ကို လှည့်စားနေတာ” 


အကြီးဆုံးဝမ်းကွဲက ဒေါသတကြီးဖြင်ါ့ အရှေ့သို့ ပြေးထွက်လာသော်လည်း လမ်းတဝက်တွင် ခြေချော်ကာ လဲကျသွားလေ၏။ 


“အား!” 


နာကျင်စွာ အော်ဟစ်လိုက်သံသော သူ့အသံမှာ အလွန်စိတ်မချမ်းမြေ့စရာကောင်းသဖြင့် လူတိုင်း မျက်နှာရှုံ့မဲ့သွားကြသည်။ ဒုတိယဝမ်းကွဲက အစ်ကိုဖြစ်သူ၏ ကံဆိုးမှုကို ဝမ်းသာစွာဖြင့် ကြိတ်ရယ်နေလေ၏။ 


ဟယ်ချင်းလည်း ခပ်တိုးတိုး လှောင်ရယ်လိုက်ပြီး ပုတီးစေ့များကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ လှိမ့်နေခဲ့သည်။ 


“ဦးလေးတို့သာ ကျွန်တော့်ကို ခိုးပြီး အပြစ်ပေးတာကို ဗိုလ်ချုပ်သိသွားရင် အရမ်းစိတ်ဆိုးသွားမှာနော်၊ ကျွန်တော်က ဦးလေးတို့အတွက် ပြောနေတာပါ” 


“ဒါက ဟယ်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းပဲ” 


“မင်းကို အပြစ်ပေးမယ်လို့ ဘယ်သူပြောတာလဲ” 


အသံနှစ်ခုက တစ်ပြိုင်နက် ထွက်လာပြီးနောက် သူတို့၏ အနောက်ရှိ တံခါးမှာ ပြင်းပြင်းထန်ထန် တွန်းဖွင့်ခံလိုက်ရလေသည်။


 စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် အလင်းရောင်အား နောက်ခံထား၍ ခြေလှမ်းကျဲတို့ဖြင့် ဝင်ရောက်လာခဲ့၏။ 


*