အခန်း (၄၃)
ရှန်းထင်ရွှမ်းက လုမင်ဟွေ့ကို ခေါ်ပြီး သူမကို ယွမ်ခုနစ်သိန်းကြိုပေးနိုင်မလားဟု မေးခဲ့သည်။ လုမင်ဟွေ့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေ၏။
“မစ္စချန်း ပိုက်ဆံလိုလို့လား “
ရှန်းထင်ရွှမ်းက ပြောသည်။
“အင်း မနက်ဖြန်ကျ စူပါမောကို သစ်သီးတွေ ပိုပို့ပေးပါ့မယ် “ ထိုသစ်သီးများကို ယနေ့ ကြိုတင်ငွေပေးချေမှုအတွက် အသုံးပြုနိုင်၏။ ယွမ်ခုနစ်သိန်းက အသေးအမွှားမဟုတ်ပေ။
နည်းပါးသည့်ပမာဏ မဟုတ်သောကြောင့် လုမင်ဟွေ့သည် ရှန်းထင်ရွှမ်း အလိမ်ခံရမှာကို စိုးရိမ်နေမိ၏။
“အဆင်ပြေမယ်ဆိုရင် ဒီပိုက်ဆံတွေကို ဘာအတွက်လိုမလဲဆိုတာ မေးလို့ရမလား “
ရှန်းထင်ရွှမ်းက ကွယ်ဝှက်ထားရန် ရှက်ရွံ့မနေဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ကျွန်မ ကားတစ်စီး ဝယ်ချင်လို့ တံဆိပ်နဲ့ မော်ဒယ်ကို ရွေးပြီးပြီ၊ အဲ့ဒါကို ဝယ်ချင်တာ “
ထိုအကြောင်းအရင်းကို သူကြားသောအခါ လုမင်ဟွေ့က ပြောလိုက်၏။
“ခဏလေးစောင့်ပါ၊ ကျွန်တော်အခုချက်ချင်း အကြောင်းပြန်ပေးမယ် “ လိမ်လည်တာမဟုတ်သရွေ့ အဆင်ပြေ၏။ သို့သော် ရှန်းထင်ရွှမ်းသည် ထိုကဲ့သို့ စျေးကြီးသည့်ကားကို ဝယ်သည့်အတွက် လုမင်ဟွေ့ နားလည်နိုင်သေးသည်။ ဆိုရလျှင် ရှန်းထင်ရွှမ်းက ရှန်းမိသားစုမှ ဖြစ်၏။
လုမင်ဟွေ့က ဖေးဝမ်ရှုဆီ တန်းသွားလိုက်၏။ ဖေးဝမ်ရှုက လုမင်ဟွေ့နှင့် တူညီသည့် သဘောထားရှိသည်။ ရှန်းထင်ရွှမ်းက ထိုမျှများပြားသည့် ပိုက်ဆံများ ရုတ်တရက် တောင်းရသည့်အကြောင်းရင်းကို သူသိချင်သည်။ ရှန်းထင်ရွှမ်း ကားတစ်စီးဝယ်ချင်နေကြောင်း ကြားပြီးနောက် သူ ပြောလိုက်တော့၏။ “ကောင်းပြီလေ၊ သူ့ကို ပေးလိုက် “
“ဟုတ်ပါပြီ “ လုမင်ဟွေ့က ဘဏ္ဍာရေးဌာနသို့ သွားလိုက်၏။ သူက တံခါးဆီသို့ လျှောက်သွားတော့မည့်အချိန်၌ ဖေးဝမ်ရှုက တားလိုက်လေ၏။ “ရှန်းထင်ရွှမ်းက မနက်ဖြန် သစ်သီးတွေ ပိုပို့တဲ့အခါ ဖေးအိမ်ကို ပိုပို့ရမယ် “
ခုနတုန်းက လုမင်ဟွေ့ သတင်းသွားပို့လိုက်ရာ ရှန်းထင်ရွှမ်းသည် မနက်ဖြန် သစ်သီးအချို့ ပိုပို့လာမည်ဟု ဆိုခဲ့သည်။ ယွမ်ခုနစ်သိန်းတန် သစ်သီးက များပြားလွန်းမည်ဟု သူတွေးမိသည်။ ရှန်းထင်ရွှမ်းသည် စူပါမောသို့ တိုက်ရိုက်တင်သွင်းနေသော်ငြား ပမာဏက မများပေ။ သူက နေ့စဉ်နေ့တိုင်း ကတ်တီအနည်းငယ်သာ ယူသွားလေရာ အောက်ခြေရှိ ဝန်ထမ်းများက အလွန်စိတ်ဓာတ်ကျနေပြီ ဖြစ်သည်။ မနက်ဖြန် ရှန်းထင်ရွှမ်းက သစ်သီးများ ပိုပို့ပေးမည်ဖြစ်၏။ ထို့ကြောင့် သူ များများယူလျှင် အဆင်ပြေလိမ့်မည်။
လုမင်ဟွေ့က ရှုံ့မဲ့သွားမိသော်ငြား ပြောလိုက်သေးသည်။ “ကောင်းပါပြီ ဥက္ကဌဖေး “
ရှန်းထင်ရွှမ်း၏ အကောင့်ထဲသို့ ပိုက်ဆံလျင်မြန်စွာ လွှဲပေးလိုက်သည်။
ရှန်းထင်ရွှမ်းက လီလီကို ပြောလိုက်၏။ “ကောင်းပြီ၊ ကျွန်မအခုပေးလို့ရပြီ “
လီလီက ပြုံးနေသေးပြီး ပြောလိုက်၏။ “ဘယ်တစ်စီးလိုချင်လဲ “
“ဆယ့်သုံးသိန်းတန်ဟာ “
အနားရှိလူများက မှင်တက်သွားသည်။ အဆင့်မြင့်ကားကို ငွေပေးချေမှုအပြည့်နဲ့ ဝယ်တယ်လား။
ငွေပေးချေမှုစာ ရောက်လာသည်အထိ လီလီက ကြက်သေသေနေဆဲ ဖြစ်သည်။ ကားတစ်စီးကို လူများစွာ ဝယ်လေ့ရှိသော်ငြား သူတို့သည် အတည်မပြုခင် အခေါက်ခေါက်အခါခါ ကြည့်၏။ ယနေ့တွင်မူ ဤအမျိုးသမီးက မော်ဒယ်များစွာကို မစမ်းကြည့်ဘဲ တစ်စီးကို တိုက်ရိုက် တန်းဝယ်လိုက်၏။
“အခုလိုင်စင်နံပါတ်အတွက် လျှောက်ထားတော့မလား “
“အင်း “ မြို့တော် B အတွက် လိုင်စင်ပြားက ပို့ဆောင်ရေးစီမံမှုအတွက် လျှောက်ထားရန် လိုအပ်၏။ လီလီက ရှန်းထင်ရွှမ်းကို လိုက်ပါလျှောက်ထားပေး၏။
သူတို့နှစ်ယောက် ထွက်သွားချိန်၌ လုပ်ဖော်ကိုင်ဖက်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ “လီလီက တကယ်ကြီး ရောင်းလိုက်တာလား “
“ဘုရားရေ ဆယ့်သုံးသိန်းနော် “
“လီလီကတော့ ရာသက်ပန် အလုပ်ခန့်ခံရတော့မှာပဲ “ သာမန်ဝတ်စားထားသည့် မိန်းကလေးက သူတို့၏ ကားကို ဝယ်သွားလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။
လိုင်စင်ပြားအတွက် လျှောက်ထားခြင်းက ခဏတာ အချိန်ယူရ၏။ ရှန်းထင်ရွှမ်းသည် ယခုအချိန်တွင် ယာယီလိုင်စင်သုံးနေပြီး လီလီနှင့်အတူ X သို့ ပြန်လာ၏။
စတိုးရှိဝန်ထမ်းက ရှန်းထင်ရွှမ်း၏ ကားသစ်ကို ရိုက်ယူနေပြီဖြစ်သည်။ သို့သော် ကုန်တင်ကားလေးရှိနေသေးရာ လီလီက ပြောလိုက်တော့သည်။
“ဒီကားလေးကို ပြန်မောင်းပို့ဖို့ ကူညီပေးရမလား “
“ဟုတ်ပြီလေ “
လီလီသည် ရှန်းထင်ရွှမ်းနောက်မှ ကုန်တင်ကားလေးကို မောင်းပြီး ထိုကားလေးအရှိန်က နှေးလွန်းနေရာ ရှန်းထင်ရွှမ်းသည် ကားသစ်နှင့်လည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရသေး၏။ ထို့ကြောင့် သူတို့ မြန်မြန် မမောင်းခဲ့ပေ။ တစ်နာရီကျော်ခန့်ကြာပြီးနောက် နှစ်ယောက်လုံးက ရှင်းယွမ်ရှန်သို့ ရောက်သွား၏။
သူမ ကျေးဇူးတရားကို ဖော်ပြရန် ရှန်းထင်ရွှမ်းသည် လီလီကို သစ်သီးတစ်အိတ်အပြည့်ပေး၏။ လီလီက ၎င်းကို ပျော်ရွှင်စွာ ယူပြီး ထွက်သွားတော့၏။
ရှန်းထင်ရွှမ်း ပြန်ရောက်ပြီးနောက် သူမက ဟင်းခတ်အမွှေးအကြိုင်များကို စတင် စိုက်ပျိုးတော့သည်။ ဟင်းခတ်အမွှေးအကြိုင်ပင် လေးဆယ်က များသည်ဟု ထင်ရသော်ငြား ဟင်းခတ်အမွှေးအကြိုင်အပင်များသည် ရေသိပ်လောင်းရန် မလိုအပ်ပေ။ ထို့ကြောင့် သူတို့က မြန်မြန်ဆန်ဆန် ပေါက်ရောက်နိုင်၏။ ဤတောင်ပေါ်၌ စိုက်ထားပြီးသား ဟင်းခတ်အမွှေးအကြိုင်အချို့က ရှိနေသေးသည်။
ညဆယ်နာရီတွင် အပင်က ပုံပေါ်လာပြီး ရှန်းထင်ရွှမ်း၏ တာဝန်က တစ်ရက်အတွင်း ပြီးမြောက်သွား၏။ သူမက ပေါက်ပြားသွားယူပြီးနောက် ခြံဝန်းထဲပြန်လာသည်။
နေ့လယ်ဘက်က X အော်တိုမိုဘိုင်းအကြောင်း ပြန်ပြောကြဦးစို့။
လီလီသည် သစ်သီးများသယ်လာပြီး စတိုးသို့ တက္ကစီငှားပြီးပြန်လာလေ၏။ သူမက ရောက်လာချိန်တွင် လုပ်ဖော်ကိုင်ဖက်အချို့က အချဉ်တူးသည့် စကားများပြောတော့သည်။
“လီလီ နင် သိပ်ကံကောင်းတာပဲ “
“ဟုတ်တယ် အဲဒီအမျိုးသမီးက အတော်လေးကောင်းတယ် “ လီလီက ပြုံးရုံသာ ပြုံးပြီး ကျန်တာမပြောပေ။
“ဒါပေမဲ့ ဝယ်သူက အမြှောင်မယားတစ်ယောက်ပဲကို “
“ဟုတ်တယ်၊ ဒီလောက်ငယ်ရွယ်တာ၊ မဟုတ်ရင် ဒီလိုတန်ဖိုးကြီးတဲ့ ကား ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ “
Xကားက အလွန်ကောင်းမွန်သော်ငြား စျေးကြီးလွန်းသည်။ အောင်မြင်ကျော်ကြားသူများသာ ဝယ်နိုင်၏။
လီလီက မျက်မှောင်ကြုတ်သွားသည်။ သူမလုပ်ဖော်ကိုင်ဖက်များ၏စကားကို ရင်ထဲ၌ သဘောမတွေ့သော်ငြား သူမက ဗျူဟာကျကျ ပြန်ပြောလိုက်သေး၏။
“အဲဒီအမျိုးသမီးက အမြှောင်မယားမဟုတ်ဘူး၊ သူက တောင်ကြီးတစ်တောင် ပိုင်ဆိုင်တာ “
လူတိုင်းက မှင်တက်သွား၏။ “တောင်တစ်တောင်လား “
လီလီသည် သစ်သီးအိတ်ကို စားပွဲပေါ်တင်လိုက်သည်။ “ဟုတ်တယ်လေ၊ ဒါက သူ့ရဲ့တောင်ပေါ်က သစ်သီးတွေ “
“ဖာ့ခ် သူက ဒေသခံအာဏာရှင်တစ်ယောက်ရဲ့ သမီးများလား “
လုပ်ဖော်ကိုင်ဖက်တစ်ဦးက အိတ်အတွင်းမှ တောကြက်မောက်သီးတစ်လုံးကို ယူလိုက်သည်။ “လီလီ ငါ ဒါကို စားလို့ရမလား “
လီလီက ပြုံးပြီး ပြောလိုက်တော့၏။ “ကြိုက်တာစား “
“ကျေးဇူးပါ “
တောကြက်မောက်သီးက ကြီးသော်ငြား အသားသိပ်မထူပေ။ ခွာလိုက်ပြီးနောက် ဖြူဖွေးနေသော အသားကို မြင်ရသည်။ တစ်ကိုက်ကိုက်ကြည့်ပြီးနောက် လုပ်ဖော်ကိုင်ဖက်က ထုတ်ပြောမိသွားသည်။ “ဒီသစ်သီးက အရသာရှိလိုက်တာဟယ် “
နောက်ထပ်လုပ်ဖော်ကိုင်ဘက်တစ်ဦးက မက်မွန်သီးစားပြီးနောက် သူက ရုတ်တရက် မေးလိုက်တော့သည်။ “ဒါနဲ့ အဲဒီဝယ်သူက ရှင်းယွမ်ရှန်ကလား “
လီလီက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် သူက အဲ့ဒီကလေ “
ထိုလူက ရုတ်တရက် တုံ့ပြန်တော့၏။ “ဒါကြောင့် သူ့ကို ဒီလောက် ရင်းနှီးနေတာကိုး၊ သူက တကယ်ပဲ အမြှောင်မယားမဟုတ်ဘူး၊ လယ်စိုက်တဲ့အားရွှမ်းအကြောင်း Weibo မှာ သွားရှာလို့ရတယ်၊ အဲဒါ သူပဲ၊ အား အပြင်မှာ တော်တော် လှတာကိုး “
ရှန်းထင်ရွှမ်းသည် စနစ်၏ အချက်ပေးသံမြည်လာချိန်၌ လေးနာရီခန့်သာ အိပ်လိုက်ရသည်။
မနေ့တုန်းက ကားသွားဝယ်ခဲ့သောကြောင့် ဖေးလုပ်ငန်းစုနှင့် လုမင်ဟွေ့ကို ယွမ်ခုနစ်သိန်း ကြိုတင်တောင်းခံခဲ့၏။ သူတို့က သူမကို ယုံကြည်သည်။ သို့သော် ရှန်းထင်ရွှမ်းက တစ်ပါးသူကို အကြွေးတင်ရသည်ကို သဘောမကျပေ။ ထို့ကြောင့် သူမက သစ်သီးခူးရန် စောစောထတာပဲ ဖြစ်၏။
“စနစ် ဒီနေ့ ငါ့ရဲ့တာဝန်က ဘာလဲ “
စက်ရုပ်သံက အလွန်လျင်မြန်စွာ ပြန်ဖြေ၏။ “တာဝန်က နှစ်ရက်အတွင်း ထုတ်ပြန်ထားတာပါ၊ သင်က အရင်တာဝန်တွေကို အချိန်ဇယားမစေ့ခင်မှာ ပြီးစီးသွားတယ်၊ ဒီနေ့တာဝန်မရှိဘူး၊ နောက်ထပ်တာဝန်က မနက်ဖြန်မှ ရှိမှာ “
လုမင်ဟွေ့သည် ခုနစ်နာရီတွင် ရောက်လာသောအခါ ရှန်းထင်ရွှမ်းစောင့်နေသည်ကို သူတွေ့လိုက်ရ၏။
ယင်းက ရှန်းထင်ရွှမ်းသည် သူတို့၏ ကုန်တင်ကားထဲ ပစ္စည်းအပြည့်ဖြည့်ပေးထားတာကို မြင်ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။
တရုတ်ဆီးသီးနှစ်ထောင်ကတ်တီ ယွမ်နှစ်သောင်း၊ မက်မွန်သီးနှစ်ထောင်ကတ်တီ ယွမ်နှစ်သောင်း၊ ဖရဲသီးနှစ်ထောင်ကတ်တီ ယွမ်တစ်သောင်း၊ ပါးရွဲ့ကွာနှစ်သောင်း ယွမ်ခြောက်သောင်း။
ကျန်ရှိသည့် သစ်သီးခြောက်မျိုးကိုမူ ကတ်တီတစ်ထောင်စီ ခူးထား၏။ ယခင် တောကြက်မောက်သီးတစ်ကတ်တီကို ယွမ်သုံးဆယ်၊ ကီဝီသီးတစ်ကတ်တီကို ယွမ်နှစ်ဆယ်၊ တရုတ်ဘယ်ရီတစ်ကတ်တီကို ယွမ်သုံးဆယ်၊ စပျစ်သီးတစ်ကတ်တီကို ဆယ့်ငါးယွမ်၊ တတိုင်းမွှေးဘယ်ရီတစ်ကတ်တီကို ယွမ်သုံးဆယ်၊ သခွားမွှေးသီးတစ်ကတ်တီကို ဆယ်ယွမ် စီကျသင့်ပြီး ထိုသစ်သီးအမျိုးအစားဆယ်မျိုး ပေါင်းလိုက်ပြီး သုံးသိန်းနှစ်သောင်း ငါးထောင်ယွမ် ဖြစ်သွားတော့သည်။
လုမင်ဟွေ့၏မျက်လုံးများတောက်ပလာကာ သူ၏အပြုံးများသည် ရှန်းထင်ရွှမ်း တောင်အောက်သို့ ဆင်းလာပြီး သစ်သီးများကို သူတို့၏ ကုန်တင်ကားပေါ်တင်ပြီးသည်အထိ ပြုံးနေသည့် ပါးစပ်က ပြန်မစေ့တော့ပေ။
ရှန်းထင်ရွှမ်းက ပို့ဆောင်ပြီးနောက် ပြောလိုက်တော့သည်။
“နေ့လယ် ၁၁ နာရီကျ ထပ်လာဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ၊ ကျန်တဲ့ သစ်သီးတွေ ပို့ပေးမယ် “
လုမင်ဟွေ့က ထိုစကားကို ကြားလိုက်ရသောအခါ အလွန်ပျော်ရွှင်သွား၏။ “ပြဿနာမရှိဘူး “
ယွမ်ခုနစ်သိန်းကြိုတင်ပေးချေထားမှုက သူတို့ကို ယနေ့သစ်သီးများစွာ ရစေခဲ့ပြီး နောက်ထပ် ထပ်ရလာဦးမည်။ လုမင်ဟွေ့က ရှန်းထင်ရွှမ်းကို နေ့စဉ်နေ့တိုင်း ငွေပို့ပေးဖို့ မစောင့်နိုင်တော့ပေ။
ရှန်းထင်ရွှမ်းသည် စူပါမော၏ ကုန်တင်ကားပေါ်သို့ နောက်ဆုံးကတ်တီထောင်ချီတင်ပို့ပြီးသည့်အချိန်၌ သူမသည် မနေ့တုန်းက ယွမ်ခုနစ်သိန်းကြိုထုတ်ထားသည့် ပေးချေမှုအတွက် အပြည့်အဝ ပြန်ချေပြီးသွားပြီ ဖြစ်သည်။
“မနက်ဖြန်ကျ သစ်သီးတွေခူးတာ ရပ်လိုက်ဖို့လိုလား “ ရှန်းထင်ရွှမ်းသည် ယနေ့တွင် သစ်သီးများစွာ ပေးခဲ့၏။ တချို့သော သစ်သီးများကို ရက်အနည်းငယ်ကျော်ကြာအောင် ရောင်းနိုင်ပေ၏။ အချို့သော သစ်သီးများကမူ ခူးပြီးသည့်နေ့တွင် ရောင်းချသည်က အကောင်းဆုံးဖြစ်၏။ ရှန်းထင်ရွှမ်းက စူပါမောသည် တစ်ရက်အတွင်း အားလုံးကို ရောင်းမကုန်မှာ စိုးရိမ်နေ၏။
လုမင်ဟွေ့က ချက်ချင်း ငြင်းလိုက်တော့သည်။ “မလိုပါဘူး “
ရှန်းထင်ရွှမ်းသည် ကားထဲရှိ သစ်သီးများကို ကြည့်လိုက်၏။ “ဒီလောက်များတဲ့ သစ်သီးတွေ ရောင်းမထွက်မှာ ကျွန်မစိုးရိမ်မိတယ် “
လုမင်ဟွေ့က ပြုံးလိုက်၏။ “ခင်များစိုက်ထားတဲ့အသီးတွေ ဘယ်လောက်နာမည်ကြီးလဲ မသိတာနေမှာ၊ ဝယ်ယူမှုကန့်သတ်ထားတာတောင် လူအများကြီး လာဝယ်နေသေးတုန်းပဲ၊ ဒီမနက် ပထမအသုတ်သစ်သီးတွေကို စူပါမားကတ်အသီးသီးဆီ ဖြန့်ထားပြီးပြီ၊ သူတို့အခု ရောင်းထွက်သွားပြီတဲ့၊ ထပ်တိုးသစ်သီးတွေက အလွန်ဆုံးမှ နောက်နေ့နေ့လယ်ထိပဲ ခံမှာ “
“ဒီလောက်လူတွေ အများကြီး ဝယ်တယ်လား “ ရှန်းထင်ရွှမ်းက အတော်အံ့ဩသွား၏။ သူမစိုက်ပျိုးထားသည့် သစ်သီးများက အရသာရှိကြောင်း သိသော်ငြား ထိုမျှများပြားသည့်လူများ ဝယ်လိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိချေ။
“ခင်များရဲ့ သစ်သီးတွေက အရသာရှိပြီးသား၊ သရုပ်ဆာင်ချင်ယွဲ့ကျီက ပစ္စည်းတွေကို ထောက်ခံပေးတယ်၊ သရုပ်ဆောင်ချင်ရဲ့ အရည်အချင်းကလည်း ခိုင်မာလွန်းသကိုး “
ရှန်းထင်ရွှမ်းသည် ချင်ယွဲ့ကျီကို ထောက်ခံပေးရန် မတောင်းဆိုခဲ့သော်ငြား ချင်ယွဲ့ကျီက စာတစ်စောင် တင်ပေးခဲ့၏။ ထိုသက်ရောက်မှုက အလွန်ကြီးမားသည်။ လတ်တလောတွင် သူ၏ ပရိတ်သတ်များက သစ်သီးဝယ်ရန် နေ့စဉ်နေ့တိုင်း တန်းစီစောင့်နေပြီး ကျန်သည့်လူများစွာကလည်း ဝယ်ရန် ရောက်လာကြသည်။
တစ်ရက်လျှင် နှစ်ဆယ့်လေးနာရီဖွင့်သည့် စူပါမော၏ အခွဲများရှိသော်ငြား သူတို့ထဲမှ အများစုသည် ယနေ့နံနက်တွင် ကိုးနာရီမှ ဖွင့်ကြသည်။ သစ်သီးများဝယ်ရန် ရောက်လာသည့် ဝယ်သူအားလုံးနီးပါးက စူပါမော၏ သစ်သီးများ ရောင်းရန်အချိန်မှန် သိသည်။ နှစ်ဆယ့်လေးနာရီဖွင့်သည့်အခွဲများသည် ကိုးနာရီမှ သစ်သီးဝယ်နိုင်ပြီး ကျန်သည့် အခွဲများက စတိုးဆိုင်ဖွင့်သည်နှင့် ဝယ်နိုင်၏။ သို့သော်ငြား တန်းစီစောင့်နေရလျှင် သူတို့ဝယ်နိုင်လောက်မှာ မဟုတ်ပေ။
လုမင်ဟွေ့ကို လိုက်ပို့ပေးပြီးနောက် ရှန်းထင်ရွှမ်းသည် ယနေ့တာဝန်မရှိသည့်တိုင် အေးအေးလူလူ မနေရဲပေ။
သူက ညနေစောင်း၌ ညနေငါးနာရီထိုးသည်အထိ စိုက်ပျိုးနေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့သည်။
[အစ်မလေး ကျွန်တော်တို့ ဒီမှာပါ။ ကောက်ကျစ်တဲ့သူ အဖမ်းခံလိုက်ရပြီ သိပ်ပျော်တာပဲ။]
[အစ်မလေး လတ်တလောဘယ်လိုလဲ။]
ရှန်းထင်ရွှမ်းသည် မင်္ဂလာပါဟု နှုတ်ဆက်စကားတောင် မပြောရသေးခင် ဂရုတစိုက် မေးမြန်းသောမှတ်ချက်များက ပေါ်လာ၏။
“ကျွန်မအဆင်ပြေပါတယ်၊ ဒီနေ့က နည်းနည်းအလုပ်များနေရုံပဲ “
[မမလေး ဆိုင်ပေါ်ကို သစ်သီးတွေ ဘယ်ချိန်ကျမှ ပြန်တင်မှာလဲ။]
အင်တာနက်အသုံးပြုသူများသည် စင်ပေါ်ရှိသစ်သီးများအကြောင်း အလွန်စိုးရိမ်ပူပန်နေခဲ့သည်။ စူပါမောသည် လွန်ခဲ့သည့် နှစ်ရက်က သူတို့စင်ပေါ်၌ သစ်သီးများစွာ ရှိနေခဲ့သော်ငြား သူတို့က မြို့တော် B တွင် မရှိလျှင် သစ်သီးများကို မဝယ်နိုင်ပေ။
ကျန်သည့်မြို့များရှိ စူပါမောအခွဲများကလည်း ရှန်းထင်ရွှမ်း၏ သစ်သီးများ တင်သွင်းရန် သူတို့အတွက် ဌာနချုပ်များဆီသို့ စာတစ်စောင် ပို့ပြီးသားဖြစ်သည်။ ထိုအရ လုမင်ဟွေ့သည် ရှင်းယွမ်ရှန်က ပို့ပေးသည့် သစ်သီးများသည် မြို့တော် B ရှိ အခွဲများအားလုံးကို ဖြန့်ဖြူးပေးရန်တောင် မလုံလောက်ဟု ဆိုနိုင်၏။ ကျန်သည့်မြို့များ၊ စီရင်စုများ၊ ခရိုင်များအတွက်မူ သူတို့က ရှန်းထင်ရွှမ်းတင်ပို့သည်အထိ စောင့်ရန်လိုအပ်သည်။ ပြီးတော့မှ သူတို့က တင်ပို့မှုကို ခွဲဝေပြီး ကျန်သည့် အခွဲများဆီသို့ မျှပေးနိုင်မှာပဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ပြော၏။
“ရက်အနည်းငယ်အတွင်းပေါ့၊ စျေးဆိုင်ပေါ်တင်ပြီဆိုရင် Weibo မှာ အားလုံးကို အကြောင်းကြားပါ့မယ် “
ရှန်းထင်ရွှမ်းက ခဏတာ စကားပြောပြီးနောက် ပြောလိုက်တော့၏။ “ကျွန်မမနေ့တုန်းက ဟင်းခတ်အမွှေးအကြိုင်ပင်တွေ တော်တော်များများ စိုက်ထားတယ်၊ ဒါကြောင့် ရှင်တို့အားလုံးကို ပြမလို့ “
[မုကျန်းကျီဆိုတာဘာလဲ။ ငရုတ်ကောင်းနဲ့တူသလိုပဲနော်။]
“ဒီဟင်းခတ်အမွှေးအကြိုင်က သိပ်အရသာရှိပြီး ကြက်သွန်ဖြူ၊ ငရုတ်တို့နဲ့ တွဲဖက်လို့ရတယ်၊ ပြီးရင် အချဉ်ရေအဖြစ်သုံးလို့ရတယ် “ ရှန်းထင်ရွှမ်းက ရှင်းပြလိုက်၏။
[အွီး၊ တစ်ခုခုမှာ ကြက်သွန်ဖြူပါနေတယ်ဆိုရင် ငါမစားချင်ဘူး။]
[မိန်းမပျိုလေးရဲ့သစ်သီးတွေက အရသာရှိပေမဲ့ ဒီဟင်းခတ်အမွှေးအကြိုင်တွေကိုတော့ သံသယ ဝင်မိတယ်။ ကြက်သွန်လည်းမကြိုက်ဘူး။ ချင်းတို့ ကြက်သွန်ဖြူတို့ကို ငါမကြိုက်ဘူး။]
မိုဘိုင်းဖုန်းရှေ့ရှိ ရှောင်ဖုန်းက ထိုအကြောင်းကို တွေးလိုက်၏။ ထိုလူများသည် ရှန်းထင်ရွှမ်း၏ ဟင်းခတ်အမွှေးအကြိုင်များကို တစ်ခါမှ မမြည်းဖူးကြသောကြောင့်သာ ဖြစ်သည်။ ယခင်က ရှန်းထင်ရွှမ်းသည် သူ့ကို ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်တို့ပါသည့် ဟင်းသီးဟင်းရွက်တစ်အိတ် ပေးခဲ့၏။ ထိုစဉ်က သူ၏ မိခင်သည် ချင်းကို အသုံးမပြုခဲ့ပေ။
နောက်တစ်နေ့တွင် ကျန်သည့်ဟင်းများချက်ပြုတ်သည့်အချိန်က သူ့မိခင်က ထိုချင်းကို ထည့်ခဲ့သည်။ ပွက်ပွက်ဆူနေသည့် အသားထဲ ပိုင်းထည့်ထားသော ချင်းကို ထုတ်ယူကာ သူတို့အညီအမျှ ခွဲစားစေသည်အထိ ဖြစ်သွားစေသည်။
ဟင်းခတ်အမွှေးအကြိုင်ပင် ဆယ်မျိုးကျော်ကို မိတ်ဆက်ပေးပြီးနောက် ရှန်းထင်ရွှမ်းက အချိန်တစ်ချက် ကြည့်လိုက်သည်။ “ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လူဆယ်ယောက်ကို သခွားမွှေးသီးတစ်လုံးစီ ပို့ပေးမယ် “
[အား ငါလိုချင်လိုက်တာ။]
[ခက်ခဲလွန်းတယ်။ အနိုင်ရသူက ဆယ်ယောက်ပဲ။]
[မိန်းကလေးက အနိုင်ရသူတစ်သောင်းအတွက် မက်မွန်သီးတစ်လုံးစီ ရွေးပေးတဲ့အချိန်ကို တကယ်လွမ်းမိတယ်။]
[အပေါ်ထပ်ကလူတော်လောက်ပြီ။ အတိတ်အကြောင်းတွေ ပြန်တွေးမနေနဲ့။ ဒါက ငါ့ကို အချိန်အတော်ကြာကြီး ကုန်လွန်သွားတယ်လို့ တွေးမိစေတယ်။]
ရှန်းထင်ရွှမ်းသည် ယနေ့ မဲနှိုက်ပြီးနောက် အနိုင်ရသူများကို လိပ်စာများချန်ခဲ့ရန် သတိပေးလိုက်၏။ ပြီးနောက် နှုတ်ဆက်စကားပြောကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တော့၏။
အချိန်စောနေသေးသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက ရေချိုးပြီး ဖျာပေါ်တွင် မှီကာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တော့၏။
ဗီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှု အတော်အတွင်း ရှန်းထင်ရွှမ်းက ခဏတာ ကြည့်နေကာ ဗီဗီသည် အခန်းထဲသို့ နာမည်ကြီးတစ်ယောက်ကို ဖိတ်ကြားလာတာကို တွေ့လိုက်ရသည့် ရှန်းထင်ရွှမ်းသည် အတော်ကြာကြာ ကြည့်လိုက်၏။
ဆိုရလျှင် ချင်ယွဲ့ကျီကို နောင်ကျ ဖိတ်ရန်အတွက် ပြင်ဆင်ထားရမည်။ တိုက်ရိုက်ထုတ်လွှင့်နေစဉ် အတောအတွင်း တစ်စုံတစ်ခုကို ပြောရမည်။ ထို့ကြောင့် သူမ သင်ယူရန် လိုအပ်၏။
နာမည်ကြီးကြယ်ပွင့်က တစ်နာရီခန့်ရောက်လာပြီး ထွက်သွားတော့၏။ ရှန်းထင်ရွှမ်းသည် မစားရသေးသော မုန့်အချို့ကိုလည်း ဝယ်လာလိုက်၏။ လျော့ရဲရဲရှပ်လက်တို၊ အားကစားဘောင်းဘီ၊ ရှူးဖိနပ်တစ်စုံကို ရှန်းထင်ရွှမ်းက ဝတ်ထားလေ၏။ ကြည့်ရှုပြီးနောက် ရှန်းထင်ရွှမ်းက အိပ်သွားတော့သည်။
စာရေးသူမှာ ပြောစရာရှိတယ်။
တာဝန်သစ်က မကြာခင်လာတော့မယ်။
…