အခန်း (၄၂)
ရှန်းထင်ရွှမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော်ငြား တစ်စုံတစ်ယောက်ကမူ အိပ်မပျော်နိုင်ပေ။
ဝမ်ချန့် ညွှန်ကြားတာ ခံရသော မစ္စတာရှဲ့က ဆေးရုံကုတင်ပေါ်၌ လှဲနေပြီး သူက ညပေါင်းများစွာ အိပ်မပျော်နိုင်ဖြစ်ခဲ့၏။ သူက မအိပ်ချင်တာကြောင့် မဟုတ်ဘဲ သူ မျက်လုံးမှိတ်ထားသရွေ့ အိပ်မက်ဆိုး မက်လာသောကြောင့် ဖြစ်သည်။
သူက အိပ်ငွေ့ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့မိသားစုထဲရှိ လူတိုင်းက သူ ထိုကဲ့သို့ အရာမျိုး ပြုလုပ်ရလောက်သည်အထိ ပိုက်ဆံအတွက် လောဘကြီးလွန်းသည်ဟု ဆိုခဲ့ကြသည်။ သူနှင့် လူနာဆောင်ခြင်း တူသည့် လူက ရှန်းထင်ရွှမ်းအတွက် ပြောပေးခဲ့ပြီး ထိုကဲ့သို့သော အရာမျိုး ပြုလုပ်ခဲ့ခြင်းကြောင့် ဝဋ်လည်လိမ့်မည်ဟု ဆိုခဲ့သည်။
သူသည် မှောင်မည်းနေသော လူနာဆောင်ကို ကြည့်ပြီး သူ့ဘာသာသူ တွေးလိုက်၏။ တကယ် ဝဋ်လည်တာလား။
ရှဲ့သည် အိပ်မပျော်နိုင်တာအပြင် ချင်ယွဲ့ကျီ၏ ပရိသတ်ကြီး စစ်မိုင်တုံကလည်း အိပ်မပျော်နိုင်ပေ။ သူမသည် ချင်ယွဲ့ကျီနောက် နှစ်ပေါင်းများစွာ လိုက်ခဲ့၏။ လူတစ်ယောက်အတွက် Weibo ပို့စ် တင်ပေးသည်ကို သူမတစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူသည် မင်းသမီးတစ်ဦးနှင့် ကောလာဟလ သတင်းထွက်ခဲ့စဉ်ကတောင် Weibo ပေါ်၌ ဖြေရှင်းချက် တစ်ခုမှ မတင်ခဲ့ပေ။
မွေးနေ့ပွဲအတွက် ချင်ယွဲ့ကျီသည် ရှင်းယွမ်ရှန်၏ သစ်သီးကို ရွေးချယ်ခဲ့တာကို သူ နားလည်ပေးနိုင်၏။ ဆိုရလျှင် ရှင်းယွမ်ရှန်၏ သစ်သီးများက အရသာရှိသည်။ သူမကလည်း ချင်ယွဲ့ကျီကို ကယ်တင်ပေးခဲ့၏။
သို့သော် ယခု ရှင်းယွမ်ရှန် တစ်စုံတစ်ခု ဖြစ်လာချိန် ကိစ္စကို မစစ်ဆေးရသေးခင် ချင်ယွဲ့ကျီက ရှင်းယွမ်ရှန်အတွက် ဦးစွာ ပြောပေးခဲ့၏။ ရှင်းယွမ်ရှန်၏ သစ်သီးများက အမှန်တကယ် ပြဿနာရှိနေလျှင် မည်သို့ လုပ်မည်နည်း။
စစ်မိုင်တုံသည် တစ်ရက်လုံး စဉ်းစားနေခဲ့သော်ငြား မထုတ်ဖော်နိုင်ဖြစ်နေရာ အိုက်မင်ကို နောက်ဆုံး၌ စာတစ်စောင် ပို့လိုက်တော့သည်။ အိုက်မင်သည် စစ်မိုင်တုံပို့ပေးသည့် စာကို မြင်ပြီးနောက် သက်ပြင်းချလိုက်လေ၏။ ချင်ယွဲ့ကျီက ထိုသို့ပြောလိုက်သည့် အကြောင်းအရင်းမှာ ရှန်းထင်ရွှမ်း၏ ဘဝအတွေ့အကြုံကြောင့် ဖြစ်လောက်သည်။
ချင်ယွဲ့ကျီ ငယ်စဉ်က သူ၏မိဘများသည် စီးပွားရေးကိစ္စများဖြင့် အလုပ်များနေပြီး သူနှင့်အတူရှိတာ ရှားပါး၏။ အသက်ဆယ်နှစ်အရွယ်တွင် ချင်ယွဲ့ကျီ၏ မိဘများက မတော်တဆ ဆုံးပါးသွားခဲ့သည်။ သူ့မိဘများ၏ ကာကွယ်စောင့်ရှောက်မှု မရှိဘဲ ကြီးပြင်းရသည့် ခရီးလမ်းက ကြမ်းသည်။ တခြား ကလေးများထက် အမြဲတမ်း ပိုခက်ခဲခဲ့သည်။
ရှန်းထင်ရွှမ်းတွင် မိဘရှိသော်ငြား မရှိသည့်အတိုင်းသာ ဖြစ်နေ၏။ ချင်ယွဲ့ကျီသည် ရှန်းထင်ရွှမ်းဆီ၌ သူ့ကိုယ်သူ ပြန်မြင်ယောင်နေတာ ဖြစ်လောက်သည်။
မနက်ငါးနာရီ၌ တာဝန်က အချိန်ဇယားအတိုင်း ရောက်လာတော့သည်။
“ကျေးဇူးပြုပြီး ၄၈ နာရီအတွင်း ဟင်းခတ်အမွှေးအကြိုင် အမျိုးလေးဆယ်ကို စိုက်ပျိုးပါ “
“ဟင်းခတ်အမွှေးအကြိုင်လား “ ရှန်းထင်ရွှမ်းက သူမ၏ ဆံပင်ကို ဆုပ်ကိုင်လိုက်မိသည်။
“ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ “ စနစ်က ပြော၏။
ငရုတ်ကောင်းမျိုးစုံကို စိုက်ပျိုးလာခဲ့သော ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ပင်တွေမှာ ဟင်းခတ်အမွှေးအကြိုင် ဘယ်နှမျိုးရှိလဲ “
“နှစ်မျိုး “ စနစ်က ပြော၏။
ထိုအတိုင်းသာဆိုလျှင် ဖြေရှင်းရလွယ်ကူပြီး ရှန်းထင်ရွှမ်းက ထိုမျိုးစေ့အားလုံးကို ရုတ်တရက် စဉ်းစားလိုက်၏။
ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို စိုက်ပျိုးထားသည်ကိုပါ ထည့်ပေါင်းလိုက်သည့်အပြင် ငရုတ်ကောင်းလေးမျိုးရှိ၏။ ရှန်းထင်ရွှမ်းသည် လက်ချောင်းများချိုးရေလိုက်၏။
“သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ပင်စိမ်း၊ တရုတ်နံနံ၊ ငရုတ်၊ ကရဝေး၊ စီချွမ်းငရုတ်ကောင်း၊ ငရုတ်ကောင်း၊ ချင်း၊ ပူစီနံ၊ လေးညှင်းပွင့်၊ တရုတ်သစ်ကြံပိုးခေါက်နဲ့ စမုံစပါးတွေပဲ “
ရှန်းထင်ရွှမ်းသည် ယခင်က ရတနာဆိုင်ကနေ ဝယ်ယူခဲ့ဖူး၏။ သို့သော် သူတို့က ပြီးပြည့်စုံမှုမရှိပေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ယနေ့ မြို့ထပ်တက်ရဦးပေမည်။ သို့သော် စူပါမောအတွက် သစ်သီးများ ပြင်ဆင်ရမည်။
လုမင်ဟွေ့ထွက်သွားပြီးသည်နှင့် ယန်ကျန်ချင်းနှင့် ဝေ့ရိုရိုက ရောက်လာ၏။ “ဝမ်ချန်းကို ကျွန်တော်တို့ ဖမ်းလိုက်ပြီ “ သူတို့နှစ်ယောက်လုံးက ယခုအချိန်တွင် ရှန်းထင်ရွှမ်းကို ပြောပြလိုက်ပြီး ရှန်းထင်ရွှမ်းကို တတ်နိုင်သမျှ မြန်မြန် အကြောင်းလာကြားကြ၏။ ထို့ကြောင့် သူတို့သည် ယနေ့မနက်၌ ရဲစခန်းသို့ မသွားဘဲ ရှန်းထင်ရွှမ်းဆီ တန်းလာတာပဲ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ပြောလိုက်၏။
“ကျွန်မ သူ့ကို သွားတွေ့လို့ရမလား “
ရှန်းထင်ရွှမ်းသည် အငြိုးအတေးနှစ်ခု ထားခဲ့သည်။ ပထမတစ်ခုက ချင်ယွဲ့ကျီ၏ အနက်ရောင် ပရိသတ်ဖြစ်သည်။ ဆိုရလျှင် ထိုလူသည် ရက်ပေါင်းများစွာ အိပ်မက်ဆိုးများမက်ပြီး မျက်တွင်းများ အလွန်ချောင်ချနေ၏။ ဒုတိယတစ်ခုက ရှဲ့ဟု အမည်ရသူပေါ်တွင် ဖြစ်သည်။ ထိုနေ့က ဆေးရုံတွင် သူ့ကို အငြိုးကြီးဝိညာဉ်လွှတ်ကာ ရှဲ့ကို အမှန်အတိုင်း ပြောအောင် လုပ်ခဲ့၏။ ရှဲ့သည် ထိုစိတ်နှလုံးမည်းညစ်သည့်ပရိသတ်ထက် ပိုဆိုးရွားသည့်အရာကို ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။
ထိုသူသည် သစ်သီးများကို ခိုးယူပြီး သူမကို စော်ကားခဲ့၏။ သို့သော် ရှဲ့က သူမကို ချောက်ချခဲ့ကာ ရှန်းထင်ရွှမ်းကို သစ်သီးများရောင်းချမှုကို ထိခိုက်မှုရှိစေပြီး သူမတာဝန်ပြီးမြောက်မှုကိုလည်း သက်ရောက်စေခဲ့၏။ သူမ ဝိညာဉ် သွေးကြောများ ပြန်မကောင်းလာအောင် ဟန့်တားသည်ဟုလည်း ဆိုနိုင်သည်။
ယင်းက လုံလောက်သည့်ထိခိုက်မှု ဖြစ်စေခဲ့၏။ ထို့ကြောင့် ဤအချိန်၌ သူ့ကို မကျေမချမ်း ဖြစ်သောကြောင့် သူ့ကို အငြိုးအတေးများ ပိုပေးချင်၏။ သူ့ကို စွပ်စွဲသူအတွက်မူ ရှန်းထင်ရွှမ်းက အငြိုးအတေးများကို ပိုတောင် ဆွပေးရန် ရည်ရွယ်ထား၏။ သူမက မကောင်းသည့် သူတစ်ယောက်ကို ရင်ဆိုင်ပြီး အငြိုးအတေးဖွဲ့ခဲ့မိလျှင် ရှန်းထင်ရွှမ်းသည် လူကောင်းတစ်ယောက်ဖြစ်လာမည်ဟု ခံစားမိ၏။ ထို့ကြောင့် ဝမ်ချန့်ကို သူမ လက်စားချေချင်သည်။
“ရတယ်လေ “ ဝေ့ရုံရုံက ပြော၏။
ယန်ကျန်ချင်းက ပြောသည်။ “ဒါဆို သစ်သီးတွေ အရင်ဝယ်သွားရအောင် “ ဖရဲသီးကို သူမည်မျှ ထပ်စားချင်နေမှန်း ဘုရားသခင်သာ သိပေလိမ့်မည်။ မနေ့တုန်းက သူဝယ်သွားချင်သော်ငြား ရှဲ့ပေးခဲ့သည့် သတင်းက အရေးပါလွန်းနေ၏။ သူတို့က အမှုဆောင်ရွက်ရဦးမည်။
ရှန်းထင်ရွှမ်းက ပြောသည်။ “ရှင်တို့ ရွေးလိုက်ပါ “
ယန်ကျန်ချင်းက အားမနာတော့ပေ။ သူက အားလုံးကို တစ်ကတ်တီခန့်ယူလိုက်၏။ သခွားမွှေးသီးနှင့် ဖရဲသီးကို တစ်လုံးအပြည့်ယူလိုက်၏။ တွက်ချက်ပြီးနောက် ယန်ကျန်ချင်းက မက်မွန်သီးလည်း ပိုယူလိုက်၏။ ဝေ့ရုံရုံကလည်း သစ်သီးအချို့ဝယ်လိုက်သည်။ ဖြတ်သန်းသွားလာသည့် ရွာသားများက မြင်သောအခါ ပြောလိုက်သည်။ “မင်းတို့က ရဲတွေလား” ဤရက်များအတွင်း သူတို့က ဤနေရာ၌ သစ်သီးများ လာမဝယ်ရဲပေ။ သို့သော် သူတို့က အရသာကိုမူ တပ်မက်နေကြသည်။
ယနေ့တွင် တစ်ယောက်ယောက် သစ်သီးလာဝယ် မဝယ် စစ်ဆေးကြည့်အချိန် ရဲများကို တွေ့လိုက်ရ၏။ ဝေ့ရုံရုံနှင့် ယန်ကျန်ချင်းက တညီတညွတ်တည်း ဖြေလိုက်၏။ “ဟုတ်ပါတယ် “
“ရှင်းယွမ်ရှန်ရဲ့သစ်သီးတွေက တစ်ခုခု အမှားရှိတယ် မဟုတ်ဘူးလား “ ရွာသားတစ်ယောက်က အသံတိုးတိုးဖြင့် မေးလိုက်၏။
ဝေ့ရုံရုံ။ “အဲဒါက ကောလာဟလပဲ “
ယန်ကျန်ချင်းကလည်း ရှင်းပြလိုက်သည်။
“ဒီသစ်သီးက သိပ်ကောင်းတာ၊ အရင်တုန်းက ဖရဲသီးတစ်လုံးဝယ်ခဲ့တယ်၊ ကျုပ်တို့စခန်းက လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက နာရီဝက်မပြည့်မီမှာ စားလိုက်တာ “ ထိုအကြောင်းကို စဉ်းစားပြီးနောက် သူက ထပ်ထည့်ပြောလိုက်သည်။ “သူတို့အားလုံးက ရဲနဲ့ ရဲမေတွေပဲ “
ရွာသားတစ်ယောက်က ပြောသည်။ “ငါပြောသလိုပဲ ဒီလောက်အရသာရှိတဲ့ သစ်သီးမှာ ဘယ်လိုပြဿနာရှိမှာလဲ “ ကျန်သည့်သူက ပြော၏။
“ဟုတ်တယ် ကောလာဟလဖြန့်တဲ့သူက သိပ်ကို မုန်းဖို့ကောင်းတာပဲ၊ ဖမ်းမိကြပြီလား “
ဝေ့ရုံရုံ။ “အဲ့ဒီလူကို ဖမ်းပြီးပြီ၊ အပြစ်ပေးဖို့ စီစဉ်နေပါပြီ “
ရွာသားများသည် သူတို့ လှည့်စားခံရတာကို ခံစားမိ၏။ ကျန်သည့်သူများက ပြဿနာရှိသည်ဟု ပြောချိန်၌ သူတို့က ကြောက်လန့်ပြီး မဝယ်ရဲခဲ့ကြပေ။
ထိုသစ်သီးက ပြဿနာရှိသည်ဟု ကောလာဟလများက ထွက်ပေါ်လာသည်။ ရှောင်ဖုန်းက အဆင်ပြေကြောင်း ပြောသော်ငြား ရွာသားများက မယုံခဲ့ပေ။ သို့သော် ရဲများလာဝယ်ပြီး အဆင်ပြေကြောင်း ပြောလျှင် ရွာသားများက ယုံကြည်မှာ သေချာ၏။ သူတို့က ရဲများကိုသာ မယုံလျှင် သူတို့ အရူးများသာ ဖြစ်နေလိမ့်မည်။
ရလာဒ်အနေဖြင့် ရွာသားများက သစ်သီးများ ပြန်စဝယ်တော့သည်။ သို့သော် မကြာခင်၌ သစ်သီးများများစားစား မရနိုင်ကြောင်း တွေ့လိုက်ရပြီး အပြင်လူများစွာက သူတို့ဆီကနေ လုနေလေ၏။
ယန်ကျန်ချင်းနှင့် ဝေ့ရုံရုံက သစ်သီးများရွေးပြီး ရှန်းထင်ရွှမ်းက ရဲစခန်းသွားရန် သူတို့နောက်မှ လိုက်သွား၏။
ဝေ့ရုံရုံ။ “ဝမ်ချန့်ကို အထဲမှာ ထိန်းသိမ်းထားတယ် “
ရှန်းထင်ရွှမ်းသည် အကျဉ်းသားများကို ထိန်းသိမ်းထားသည့် နေရာဆီသို့ သွားရန် ဝေ့ရုံရုံနောက် လိုက်သွား၏။ ဝမ်ချန့်သည် မိတ်ကပ်ထူထူများ လိမ်းနေကြဖြစ်၏။ ယနေ့တွင် သူမ မိတ်ကပ်မပါဘဲ ရှန်းထင်ရွှမ်း ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဖြစ်၏။ မျက်လုံးဝိုင်းကြီးများက တြိဂံမျက်လုံးဖြစ်လာပြီး သူမမျက်နှာကို ကြည့်ရုံဖြင့် လူကောင်းတစ်ယောက် မဟုတ်မှန်း သိသာနေသည်။
ဝမ်ချန့်က ရှန်းထင်ရွှမ်းကို တွေ့သွားသည်။ “နင် ငါ ဒုက္ခခံစားနေရတာကို တွေ့ဖို့ လာတာမလား “ ရှန်းထင်ရွှမ်း “ဟုတ်တယ် “
ထိုသို့ ပြောပြီးနောက် ရှန်းထင်ရွှမ်းသည် ဝမ်ချန့်ကို မကြည့်တော့ဘဲ ဝေ့ရုံရုံဘက်လှည့်ကြည့်လိုက်၏။
“ကျွန်မ ပြီးသွားပြီ၊ အရင် ပြန်သွားတော့မယ်၊ ကျေးဇူးတင်ပါတယ် “ ရှန်းထင်ရွှမ်းက လှည့်ထွက်သွားတော့၏။
ဝေ့ရုံရုံက ဖြည်းဖြည်းချင်း မေးလိုက်တော့သည်။ “ဘာမှားလို့လဲ “
အတွင်းရှိ ဝမ်ချန့်က ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။
“ရှန်းထင်ရွှမ်း လာလေ၊ ဘာတွေ ဟန်ဆောင်နေတာလဲ၊ ငါ့ကို ဒီလိုပုံတွေ့တာ ပျော်တယ်မလား “
အော်သံက ကျယ်လွန်းသောကြောင့် ဝေ့ရုံရုံသည် လျှပ်စစ်တုတ်ဖြင့် သံတိုင်ကို ရိုက်ချလိုက်၏။ ဝမ်ချန့်က ဒေါသထွက်နေ၏။ သူမနားရှိ ရုတ်တရက် အရာအားလုံးမှောင်မည်းလာပြီး အရိပ်များစွာ မြင်နေရသကဲ့သို့ ခံစားမိသည်။
ရဲစခန်းထဲ၌ အငြိုးကြီးဝိညာဉ်များစွာ ရှိသည်။ သို့သော် ရဲဝန်ထမ်းများ ထုတ်လွှင့်နေသည့် အပြုသဘော စွမ်းအင်များကြောင့် ထိုအငြိုးကြီးဝိညာဉ်များက ထွက်မလာရဲတာပဲ ဖြစ်သည်။
ရှန်းထင်ရွှမ်းသည် ဝမ်ချန့်ကို တွေ့ရန် ဤနေရာသို့ ရောက်လာတာမဟုတ်ပေ။ သို့သော် ဝမ်ချန့်ကို အငြိုးတေးတချို့ပေးရန် ရှဲ့ထက်ပိုတောင် ခံစားရစေရန် ဖြစ်သည်။
နှစ်ပေါင်းထောင်ချီနေထိုင်လာသော ဂျင်ဆင်းဝိညာဉ်အနေဖြင့်တောင် ဝမ်ချန့်သည် သူမအတွက် သေးနုပ်နုံဖျင်းပြီး မထင်ရှားသည့်ရောဂါဖြစ်သော်ငြား လက်စားချေတာက အလွန် မှန်ကန်သည့် လုပ်ရပ်ဟု ခံစားနေရသေးသည်။
ဝမ်ချန့်ဆီ သွားရောက်လည်ပတ်ပြီးနောက် ရှန်းထင်ရွှမ်းက ဟင်းသီးဟင်းရွက်စျေးသို့ သွားလိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်မျိုးစေ့များအပြင် ရှန်းထင်ရွှမ်းက ဟင်းသီးဟင်းရွက်မျိုးစေ့များစွာလည်း ဝယ်လာ၏။ ကုန်တင်ကားလေး၌ ပစ္စည်းများ ပြည့်သွားတော့သည်။
ရှန်းထင်ရွှမ်းက ဤကာလအတွင်း မည်သည့် တိုက်ရိုက်ထုတ်လွှင့်မှုမှ မကြည့်ခဲ့ပေ။ ပိုက်ဆံအတော်လေး စုဆောင်းမိ၏။ သူမသည် လွန်ခဲ့သည့်ရက်က မျိုးစေ့များစွာ ဝယ်ခဲ့သော်ငြား ရှန်းထင်ရွှမ်း၏ အကောင့်ထဲ၌ ခြောက်သိန်းခုနစ်သောင်းကျော် ရှိနေသေး၏။
ဤကုန်တင်ကားလေးက နှေးလွန်းနေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက ကားတစ်စီးဝယ်ချင်၏။ တစ်မိနစ်မပြည့်မီ၌ ရှန်းထင်ရွှမ်းက ဆုံးဖြတ်ချက်ချပြီး ကားဝယ်ရန် ချက်ချင်း သွားလိုက်သည်။ သူမက ထိုအကြောင်းကို မသိပေ။ သို့သော် ချင်ယွဲ့ကျီ၏ X ကားကို တွေးလိုက်မိ၏။ ထိုညက ကားထဲတွင် ထိုင်လိုက်ရသည်က အတော်သက်သောင့်သက်သာ ရှိသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းသည် သွားလာရေးလမ်းကြောင်းကို ဖွင့်ပြီး အနီးရှိ X အော်တိုမိုဘိုင်းဆိုင်သို့ သွားလိုက်၏။ X က များသည်။ အနည်းဆုံး ငါးသိန်းမှ စတင်၏။ ထို့ကြောင့် ရှန်းထင်ရွှမ်းသည် ကုန်တင်ကားလေး မောင်းလာသည့်အချိန်တွင် သူတို့ဆိုင်ဝင်ပေါက်ရှိ လုံခြုံရေးတားတာ ခံလိုက်ရ၏။
“မစ္စ ဒီကို ဘာကြောင့် ရောက်လာတာလဲ “
ရှန်းထင်ရွှမ်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
“ကားဝယ်ဖို့လေ “ ကားဝယ်ဖို့မဟုတ်ရင် သူ ဒီကို ဘာကြောင့် ရောက်လာမှာလဲ။
လုံခြုံရေးဝန်ထမ်းသည် ရှန်းထင်ရွှမ်းက ကြည့်ကောင်းသော်ငြား ကောင်းကောင်းမွန်မွန် မဝတ်စားထားသည်ကို မြင်လိုက်ရ၏။ ကုန်တင်ကားလေးဖြင့် ဤနေရာရှိကားများကို ဝယ်ရန် ပိုက်ဆံလုံလုံလောက်လောက်ရှိသူတစ်ယောက်အနေဖြင့် သူမကို တွေ့ဖို့က ခက်ခဲလှသည်။
“ဘေးက ကားကတော့ ခင်များအတွက် ပိုအဆင်ပြေလောက်တယ် “
ရှန်းထင်ရွှမ်းက ပြော၏။ “ဒါပေမဲ့ ကျွန်မမှ အဲ့ဒီက ကားတွေ မဝယ်ချင်တာ “
လုံခြုံရေးဝန်ထမ်းက ပြောလိုက်၏။ “ဒါဆို အပြင်ဘက်မှာ ကားရပ်ဖို့ နေရာရှာပြီး ပြန်လာခဲ့ပါ “
“ဟုတ်ပြီလေ “ ရှန်းထင်ရွှမ်းက ကားပြန်ကွေ့တော့မည့်အချိန်တွင် နောက်ကနေ ဝတ်စုံဖြင့် မိန်းကလေးတစ်ဦးက ထွက်လာပြီး ရှန်းထင်ရွှမ်းကို နှုတ်ဆက်လိုက်၏။ “ရှင် ကားတစ်စီးဝယ်ချင်နေတယ်လို့ ကြားတယ်၊ ဟုတ်ရဲ့လား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။
ထိုမိန်းကလေးက သူမကိုယ်သူမ မိတ်ဆက်လာသည်။ “မင်္ဂလာပါ ကျွန်မက လီလီပါ၊ ဒီက ဝန်ထမ်းတစ်ယောက်ပါ၊ ကားကြည့်ဖို့ ခေါ်သွားပေးလို့ရမလား “
“ရတယ် ကျေးဇူးပါ “ ရှန်းထင်ရွှမ်းက လက်ခံလိုက်၏။
လီလီက တံခါးဖွင့်ပေးရန် လုံခြုံရေးဝန်ထမ်းကို ပြောလိုက်တော့သည်။
“ရှင့်ကားကို ဒီမှာ ရပ်လို့ရတယ်“
လီလီက X တွင် အလုပ်သင်တစ်ဦးဖြစ်သည်။ သူမက နှိမ့်ချတတ်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆက်ဆံရေးကောင်းတစ်ခုရှိ၏။ လီလီ ထိုသို့ပြောတာကို မြင်သောအခါ လုံခြုံရေးဝန်ထမ်းကလည်း သံတံခါးကို ဖွင့်ပေးလိုက်သည်။ X ကဲ့သို့ နေရာမျိုးတွင် ကုန်တင်ကားလေးတစ်စင်း ပါကင်ထိုးခြင်းက ထူးဆန်းနေ၏။ ရှန်းထင်ရွှမ်းက ကားရပ်ပြီးနောက် လီလီနှင့်အတူ ဆိုင်ထဲဝင်သွားလိုက်သည်။ လီလီက လမ်းလျှောက်နေစဉ် မေးလိုက်၏။ “ကားအတွက် အထူးတလည် လိုအပ်တာတွေ ရှိလား “
“တောင်တက်လမ်းပေါ် မောင်းနိုင်ရမယ်၊ ဝင်ဆန့်မှုများပြီး သက်သောင့်သက်သာရှိရမယ် “ ခဏတာ စဉ်းစားပြီးနောက် ရှန်းထင်ရွှမ်းက နောက်တစ်ခွန်းထပ်ပြောလိုက်၏။
“အနက်ရောင်က အကောင်းဆုံးပဲ “
လီလီက ရှန်းထင်ရွှမ်းကို အထဲသို့ ခေါ်သွားလိုက်သည်။ “ဒီ SUV ကို တစ်ချက်ကြည့်ကြည့်ပါ၊ ဒါက နောက်ဆုံးပေါ် SUV ပါ “
ရှန်းထင်ရွှမ်းသည် စမ်းကြည့်လိုက်ပြီး သို့သော် ထိုတစ်စီးကို သိပ်သဘောမတွေ့ပေ။ လီလီက မလောဘဲ သူမကို ကျန်သည့်မော်ဒယ်များ စမ်းခိုင်းလိုက်၏။ ရှန်းထင်ရွှမ်းက မကျေနပ်သေးပေ။
“ခဏလေး “ လီလီသည် ဂန္ဓမာလက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ တစ်ဖက်ရှိ လုပ်ဖော်ကိုင်ဖက်များက သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် လီလီက လက်ဖက်ရည်ငှဲ့ပေးနေစဉ် ကျန်သည့်သူများထဲမှ တစ်ယောက်က ပြောတော့၏။ “အဲဒီမိန်းမက သူ့ရဲ့သွင်ပြင်အရ ငါတို့ကားတွေကို ဝယ်နိုင်မှာမှ မဟုတ်တာ၊ သူ့ကို ခေါ်မနေနဲ့တော့ နင် အချိန်ကုန်တာပဲ အဖတ်တင်တယ် “
လီလီက ထူးမခြားနား ပြောလိုက်၏။ “ကိစ္စမရှိပါဘူး၊ ကားအကြောင်း ပိုကောင်းကောင်း သိရအောင်လို့ လေ့ကျင့်တဲ့အနေနဲ့ မှတ်ယူထားတယ် “
“ဒါက ဂန္ဓမာပန်းလက်ဖက်ရည်ပါ၊ အာစွတ်စေတာပေါ့၊ ပြီးရင် ထပ်ပြပါမယ် “
ရှန်းထင်ရွှမ်းသည် ချင်ယွဲ့ကျီ၏ ကားကို ပြလိုက်သောအခါ လီလီက ပြောလိုက်သည်။ “ဒီကားကို လူတော်တော်များများ သုံးကြတယ်၊ အတော်လေးတော့ နိမ့်တာပဲ၊ ဒါပေမဲ့ လုပ်ဆောင်ချက်ကတော့ ကောင်းတယ် “
“ဘယ်လောက်လဲ “ ရှန်းထင်ရွှမ်းက စမ်းကြည့်ပြီးနောက် သူမက ကျေနပ်သွားသည်။
လီလီက ပြော၏။ “စံသတ်မှတ်ထားတာကတော့ ၁၁ သိန်းပါ၊ အလယ်အလတ်ဆိုရင် ၁၂သိန်း၊ ထိပ်တန်းကတော့ ၁၃သိန်း “ ရှန်းထင်ရွှမ်းက သူမ၏ အလီပေးကို ကြည့်လိုက်ရာ ၆၇၈၃၉၁ ယွမ်ပဲရှိ၏။ မလုံလောက်ပေ။ လီလီ၏ လုပ်ဖော်ကိုင်ဖက်များက ရုတ်တရက် မေးလိုက်တော့သည်။
“မစ္စ ပိုက်ဆံမလုံလောက်ဘူးလား “
ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ် “
လုပ်ဖော်ကိုင်ဖက်က လီလီကို ကြည့်ပြီးနောက် သူမ ခန့်မှန်းပြီးသားဆိုသည့် အမူအရာမျိုး ပြလာ၏။ လီလီက ပြောလိုက်သည်။ အခု ကားဝယ်လိုက်ရင် ၅၀ % ငွေပေးချေပြီး ကျန်တာကို အရစ်ကျပေးလို့ရပါတယ် “
“ခဏလေး “ အာမခံထားခြင်းက ရှုပ်ထွေးလွန်းသည်ဟု ခံစားမိသည်။ ပိုက်ဆံရှာရန် တစ်စုံတစ်ယောက်ကို ရှာတာက ပိုကောင်းလိမ့်မည်။
လီလီက ပြော၏။ “ဟုတ်ပါပြီ “
ရှန်းထင်ရွှမ်းက ဖုန်းသွားခေါ်သည့် အချိန်တွင် လီလီဘေးရှိ လုပ်ဖော်ကိုင်ဖက်များက ပြောတော့၏။
“သူက တစ်ယောက်ယောက်ရဲ့ အပျော်မယားဖြစ်မယ်၊ ဖုန်းခေါ်ပြီး အဲဒီလူကို ပိုက်ဆံတောင်းတာနေမှာ၊ ဒါမှ သူ ဝယ်နိုင်မှာပေါ့ “
သူ့ဘေးရှိ လုပ်ဖော်ကိုင်ဖက်ကလည်း ထောက်ခံလိုက်၏။
“သူ့ကြည့်ရတာ သိပ်လှတာပဲ၊ ဒီလိုဖြစ်ရမယ် “
နောက်တစ်ယောက်က ထပ်ပြောသည်။
“ဒါပေမဲ့ သူက သိပ်ကြမ်းတာပဲနော်၊ တစ်ခါတည်း ၁၁ သိန်းတန် ကားကို ဝယ်လိုက်တာ “
ရတနာဆိုင်ရှိ ရောင်းချမှုသည် ဝယ်သူက ပြေစာကို အတည်ပြုပြီးမှ ရှန်းထင်ရွှမ်း၏ အကောင့်ထဲ ငွေလွှဲပေးတာ ဖြစ်သည်။ ထို့ကြောင့် ငွေပေးချေမှုအချို့ မရောက်သေးပေ။ သူမက စောင့်ဆိုင်းနေရသည့် ပေးချေမှုများစွာ ရှိသော်ငြား ယခုအချိန်တွင် ဝယ်နိုင်သည့် ငွေကြေးအနည်းအကျဉ်းလည်း ဖြစ်သည်။
...
စာရေးသူမှာ ပြောစရာရှိပါတယ်။
အိုက်ချီက အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ ဟာသတစ်ခုကို သတိရသွားတယ်။
မိန်းမလှလေးတစ်ယောက်က Minicooperကို စီးလာတာလေ။ ပြီးတော့ မီးပွိုင့်မိတဲ့အချိန် ဖြတ်သွားတဲ့ သူတစ်ယောက်က တစ်ချက်ကြည့်ပြီး ဒီမိန်းမက အမြှောင်မယားဖြစ်မှာပဲလို့ ပြောတယ်။
ဒါနဲ့ ကားမောင်းသွားတဲ့ မိန်းမလှလေးက ပြောတယ်။
“အလုပ်သွားဖို့ မနက် ၇နာရီ ထတဲ့ မယားငယ်ကို တွေ့ဖူးလား “ တဲ့။
…